Latest Post
Showing posts with label ထားဝယ်သမိုင်းနှင့်ယဉ်ကျေးမှု. Show all posts
Showing posts with label ထားဝယ်သမိုင်းနှင့်ယဉ်ကျေးမှု. Show all posts

ထားဝယ်သည် လူမျိုးတစ်မျိုးဖြစ်သည်

Written By လွင့်မောင်မောင် on Thursday, October 3, 2013 | 8:48 PM

ဆရာ ဇော်သူရ

၂၇.၉.၂၀၁၃ရက်က တနင်္သာရီတိုင်းဒေသကြီးအစိုးရအဆောက်အဦးမှာ လွှတ်တော်ဥက္ကဌကြီးဦးစီးပြီး ဆွေးနွေး ပွဲတစ်ခုလုပ်ပါသည်။ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ရေးဆွဲထားတဲ့ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေကြမ်းကို ဆွေးနွေးကြပါသည်။
ပါတီများ၊ ၈၈မျိုးဆက်၊ တိုင်းဒေ သကြီးလွှတ်တော်အမတ်တွေ၊ တရားသူကြီးချုပ်၊ ရှေ့နေချုပ်၊ ဥပဒေချုပ်တွေသာမက ထွေ/အုပ်ဝန်ထမ်းတွေ၊ အစိုးရအဖွဲ့တွေ၊ လူထုအခြေပြုအဖွဲ့တွေတက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

ဒီဥပဒေကြမ်း အခန်း(၁) ပုဒ်မ(၂) အပိုဒ်(င)မှာ တိုင်းရင်းသားလူမျိုးများဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ကို ပင်ရင်းနိုင်ငံအဖြစ်သတ်မှတ်၍ စဉ်ဆက်မပြတ်နေထိုင်ခဲ့သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ရှမ်းလူမျိုးများနှင့် ယင်းတို့၏ မျိုးနွယ်စုများကို ဆိုသည်။ ယင်းစကားရပ်တွင် နိုင်ငံသားပြုခွင့်ရသူများ နှင့် ဧည့်နိုင်ငံသားများ မပါဝင်။ ဟု ဖော်ပြထားပါသည်။

ကျွန်တော်တို့ ထားဝယ်လူမျိုးတွေ တိုင်းရင်းသား ဟုတ်မဟုတ် စဉ်းစားကြည့်ပေါ့။

နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ဒေသခံတိုင်းရင်းသားဆိုတဲ့သတ်မှတ်ချက်ကိုလည်း
 လေ့လာစေချင်ပါသည်။
ILO ၏ အဆိုအရ နိုင်ငံတစ်နိုင်ငံရှိ အခြားသောလူမှုအဖွဲ့အစည်းများနှင့် မတူညီသော လူမှုရေး၊ ယဉ်ကျေးမှု၊ စီးပွါးရေးအခြေအနေရှိသည့်အပြင် ကိုယ်ပိုင် ဓလေ့ထုံးတမ်းများ၊ ဥပဒေများကို ကျင့်သုံးနေထိုင်သည့် လူများ ဟု ဖော်ပြသည်။
ထို့ပြင် နိုင်ငံ၏ နယ်နမိတ်အတွင်း နိုင်ငံသားများအဖြစ်သတ်မှတ်ခြင်းခံထားရသည့် နေထိုင်သူ များမှ ဆင်းသက်ပေါက်ဖွါးလာသူများဖြစ်ပြီး ပထ၀ီဒေသအလိုက် ကိုယ်ပိုင်ယဉ်ကျေးမှု၊ လူမှု ရေး၊ စီးပွါးရေး နှင့် နိုင်ငံရေး ဆောင်ရွက်နေသော လူများကို ဒေသခံတိုင်းရင်းသားများ (သို့)
 ဌာနေတိုင်းရင်း သားများဟု ဆိုပါသည်။

ပညာရှင်တစ်ဦး၏ လေ့လာမှု ( Mortinez Cobo study )အရ လူမျိုးတစ်ဦး၏ ကိုယ်ပိုင်သမိုင်းကြောင်း၊ ရှေးအစဉ်အဆက်နေထိုင်ရာဒေသ၊ လူမျိုးတစ်ခုအဖြစ်သတ်မှတ်ခြင်း၊ ယခုအချိန်တိုင် ယင်းသတ်မှတ်ချက်များ တည်ရှိနေသေးခြင်းစသော အချက်များကို ဖော်ပြထားပါတယ်။

အများအားဖြင့် ဒေသခံတိုင်းရင်းသားများ(သို့) ဌာနေတိုင်းရင်းသားများဖြစ်ကြောင်းကို အောက်ဖော်ပြပါ အချက်အလက်များဖြင့် သတ်မှတ်နိုင်ပါသည်။
(၁) နိုင်ငံတစ်ခု၏နယ်မြေအတွင်း နှစ်ပေါင်းများစွာ (သို့)အစဉ်အဆက်လက်ခံထားပြီး ယခုအချိန်တိုင် တည်ရှိနေသော နိုင်ငံသားအဖြစ်လည်းကောင်း၊ လူမျိုးတစ်မျိုးအဖြစ်လည်းကောင်း သတ်မှတ်ခံထားရသူများမှ ဆင်းသက်ပေါက်ဖွါးလာသူများ၊
(၂) ပထ၀ီအနေအထားအရ ကိုယ်ပိုင်ဒေသအဖြစ်သတ်မှတ်ခံရပြီး ယင်းဒေသအတွင်းနေထိုင်သူများ၊
(၃) ကိုယ်ပိုင်သမိုင်းကြောင်းရှိခြင်း၊
(၄) ကိုယ်ပိုင်ဓလေ့ထုံးတမ်း၊ ယဉ်ကျေးမှုနှင့် စီးပွါးရေးလုပ်ငန်းများရှိခြင်း။
  *******************************************************************
ထားဝယ်သည် သီးခြားနယ်မြေဖြစ်သည်။
ပထ၀ီအနေအထား
ထားဝယ်ဟူသည် လူမျိုးကို လည်းကောင်း၊ ဒေသကိုလည်းကောင်း ရည်ညွှန်းခေါ်ဆိုသော အမည်ဖြစ်သည်။ အများအားဖြင့် ထားဝယ်ဒေသဆိုသည်မှာ ထားဝယ်ခရိုင်ကို ဆိုလိုပါသည်။ ထားဝယ်ခရိုင်သည် တနင်္သာရီတိုင်းဒေသကြီးအတွင်းတည်ရှိပါသည်။
ထားဝယ်ခရိုင်သည် ဧရိယာစတုရန်းမိုင် ( ၅၄၀၇.၀၉ )မိုင် ကျယ်ပြီး အရှေ့ဘက်တွင် ထိုင်းနိုင်ငံ၊ အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်၊ မြောက်ဘက်တွင် မွန်ပြည်နယ် နှင့် တောင်ဘက်တွက် မြိတ်ခရိုင်တို့က ၀န်းရံထားသည်။
ထားဝယ်ခရိုင်ကို ထားဝယ်မြို့နယ်၊ရေဖြူမြို့နယ်၊သရက်ချောင်းမြို့နယ်၊ လောင်းလုံးမြို့နယ်နှင့်
 မေတ္တာ မြို့နယ်ခွဲ၊ကလိန်အောင်မြို့နယ်ခွဲတို့ဖြင့် ဖွဲ့စည်းထားတယ်။မိုင်(၁၂၀)ကျော်ရှည်သော ထားဝယ်မြစ်တည်ရှိပြီး ယင်းမြစ်ဝှမ်းဒေသတွင် ထားဝယ်လူမျိုးများ အခြေချနေထိုင်ကြပါသည်။
၂၀၁၂ခုနှစ် ထားဝယ်ခရိုင်ပြန်တမ်းအရ ထားဝယ်ခရိုင်အတွင်း လူဦးရေ (၈)သိန်းခန့်နေထိုင်ကြ၏။

အစောဆုံး ထားဝယ်ဒေသအပိုင်းအခြားကို စမ္ဗူဒီပဥဆောင်းကျမ်း ( ၂ ၊၂၊ ၁၆၃၈ ) အရ
အရှေ့ကိုလားသော် ထားရိုက်က ကျသည့်မြစ် ( တနင်္သာရီမြစ်)
တောင်ကိုလားသော် တနင်္သာရီမြေနှင့် ကျောခိုင်း ( ပြည်ခြားကျေးရွာ)
အနောက်ကိုလားသော် ရှင်သူငယ်မော် မောင်းမကန် အနောက်ပင်လယ်
မြောက်ကိုလားသော် ငှက်ရိုးတော ( မလွဲတောင် )
ဟူ၍ ဖော်ပြပါသည်။ ယခုခေတ် ထားဝယ်ခရိုင်ဖွဲ့စည်းပုံ ခန့်ကျယ်ဝန်းပါသည်။

(၁)အလောင်းစည်သူမင်းလက်ထက် ပြည်ထောင်(၂၀)ရှိသည့်အနက် စစ်သည်အင်အား(၂)သိန်းပြုရ သည့်တိုင်းပြည်အဖြစ်လည်းကောင်း၊ (၂)မှန်နန်းရာဇ၀င်ဟံသာဝတီဆင်ဖြူရှင်လက်ထက်ပြည်ကြီး(၅၀)စာရင်းတွင်ဒါးဝယ်ဟူ၍ လည်းကောင်း၊
(၃) ကောဇာသက္ကရာဇ် ( ၁၁၃၀ခု) (ခရစ် ၁၇၃၈နှစ်)ကုန်းဘောင်ခေတ်ဆင်ဖြူရှင်မင်းရေးထိုးခဲ့သော ပုဂံရွှေစည်းခုံ ထီးတော်တင်ကျောက်စာပါ ပြည်ကြီး(၁၈)ပြည်တွင် ဒ၀ယ်ပြည်ဟူ၍ လည်းကောင်း၊ စသည်ဖြင့် တိုင်းကြီးပြည်ကြီးအဖြစ် ဖော်ပြခဲ့ပါတယ်။

ထားဝယ်တိုင်းရင်းသားများသည် အသက်မွေးဝမ်းကြောင်းမှုအတွက် ကုန်သွယ်လယ်လုပ်၊ ယာခုတ်၊ ဥယျာဉ်စိုက်ခြင်း၊ ငှက်သိုက်၊ဆီအုန်း၊ သီဟိုဠ်စေ့၊ ရာဘာ၊ကြိမ်၊ရေလုပ်ငန်းနှင့် သတ္ထုတွင်းလုပ်ငန်းများကို လုပ်ကိုင်ကြ၏။
ထားဝယ်သည် လူမျိုးတစ်မျိုးဖြစ်သည်။
ထားဝယ်တိုင်းရင်းသားများသည် တိဗက်ဗမာအုပ်စုမှ မြန်မာလူမျိုးအုပ်စုဝင်ဖြစ်တယ်။ မြန်မာတို့နှင့် ကိုးကွယ်ယုံကြည်မှု ဓလေ့ ယဉ်ကျေးမှု ၀တ်စားဆင်ယင်မှုတို့တွင် တူညီကြသည်။
 ရှေးဗမာဟန်ကို ထိန်းသိမ်း ခဲ့ကြ၏။

အာဒိကပ္ပကျမ်း တွင်
သက်နှင့်ရခိုင်၊ နှိုင်းပြိုင်တောင်သူ၊ ပြူ ကမ်းယံယော၊ ထားဝယ်နှောက၊ မျိုးသတ္တ ဟုဖော်ပြ၏။
လောကဟိတရာသီကျမ်း တွင်
လူမျိုး(၁၀၁)ပါးစာရင်းအရ မြန်မာ(ရ)မျိုး
(၁) မြန်မာ၊ (၂)ပြူ၊ (၃)ကမ်းယံ၊ (၄)ယော၊ (၅)ရခိုင်၊ (၆)တောင်သူ၊ (၇)ထားဝယ်ဟုလည်း ဖော်ပြထားသေး၏။

မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း(ဒုတိယပိုင်း) တွင်
 မြန်မာ(၇)မျိုးစာရင်း (မူကွဲ ၅ မျိုး ရှိ၏)
၁။ မုံ့ရွေးဆရာတော်အမှတ်အသား
(၁)ဗြဟ္မာသက်၊ (၂)ရခိုင်၊ (၃)ထားဝယ်၊ (၄)ပြရယ်၊ (၅)တောင်သူ၊ (၆)မြုံသက်၊ (၇) ကမ်းယံ။
၂။ ဘေးရွှေတောင်ဝန်မင်းကြီး မဟာမင်းထင်ရာဇာ အမှတ်အသား
(၁)ဗြဟ္မာသက်၊ (၂)ရခိုင်၊ (၃)ထားဝယ်၊ (၄)ပြော့၊ (၅)တောင်သူ၊ (၆)ပြူသက်၊ (၇) ကမ်းယံ။
၃။ ဘေးငစဥ့်ကူး ထောင်အင်းစား အသုံးစာရေး မဟာမင်းလှသင်္ခယာ အမှတ်အသား
(၁)မြန်မာကြီး(ရခိုင်)၊ (၂)မြန်မာငယ်(ပြူ)၊ (၃)ထားဝယ်၊ (၄)ပရယ်၊ (၅)တောင်သူ၊
(၆)ပြုံးသက်၊ (၇) ကမ်းယံ။
၎။ နိုင်ငံခြားဝန်ထောက်မင်းအမှတ်အသား
(၁)မြန်မာ၊ (၂)ရခိုင်၊ (၃)ထားဝယ်၊ (၄)မြုံ၊ (၅)တောင်သူ၊ (၆)ပြူ၊ (၇) ကမ်းယံ။
၅။ စဗ္မူတံဆိပ်နှင့် စွယ်စုံကျော်ထင်အဖြေအရ
(၁)မြန်မာ၊ (၂)ရခိုင်၊ (၃)ထားဝယ်၊ (၄)ထရသ်၊ (၅)တောင်သူ၊ (၆)ပြော့၊ (၇) ကမ်းယံ။ ဟု ဖော်ပြတယ်။

ကရင်ပြည်နယ် ဘားအံမြို့တွင် ကျင်းပသော
 (၁၈)ကြိမ်မြောက် ပြည်ထောင်စုနေ့ ( ၁၉၆၅ခုနှစ် ) ပြည်ထောင်စုနေ့အခမ်းအနားလမ်းညွှန်စာအုပ်မှ တိုင်းရင်းသား(၆၉)မျိုးစာရင်းတွင် (၃၇)ဗမာထားဝယ်လို့ဖော်ပြတယ်။

၁၉၉၈ခုနှစ် ပြန်ကြားရေးဝန်ကြီးဌာနအဆိုအရ မြန်မာ ( ၉)မျိုးမှာပါတယ်။

 နိုင်ငံခြားသားပညာရှင် ( ဒေါက်တာအဲလီဇဘက်မိုး၊ လန်ဒန်တက္ကသိုလ်)နှင့် နိုင်ငံသား ပညာရှင်၊သုတေ သီများ၏ လေ့လာတွေ့ရှိ ချက်များအရ ထားဝယ်ဒေသ ( ထားဝယ်ခရိုင် ) အတွင်း ကျောက်ခေတ်သစ်၊ ပျူခေတ်၊ ပုဂံခေတ်မှစတင်ကာ သမိုင်းတစ်လျောက် သမိုင်းဦးမှယနေ့တိုင်အောင် လူနေထိုင်ရာဒေသဖြစ်တယ်။
ထားဝယ်လူမျိုးများတွင် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများရှိသည်။ ကိုယ်ပိုင်နက္ခတ်၊ တာရာရှိသည်။
ထားဝယ်ဒေသရှေးရိုးရာအကများမှာ (၁)ရမ်းအက၊ (၂)ဒိန်း(ယိန်း)အကနှင့် အိုးစည်အကဆိုပြီး ရှိခဲ့တယ်။ ယခုအခါ ပျောက်ကွယ်လုလုဖြစ်နေသော ထားဝယ်ရိုးရာ ရမ်းအကကို ထားဝယ်ကျေးလက်ဒေသ အချို့တွင် နတ်ပွဲများတွင်သာတွေ့ရှိနိုင်တယ်။ ထားဝယ်ရိုးရာရေအိုးရွက်အကကို ပြည်ထောင်စုနေ့အခမ်း အနား များနှင့် သင်္ကြန်ကာလများတွင် ကပြလေ့ရှိတယ်။
ထားဝယ်ရိုးရာတေးများကို မြန်မာလိုဒိန်းဟုဆိုသည်။
ထားဝယ်တိုင်းရင်းသားများက ဒီးချင်းဟုခေါ်ပါ တယ်။

အခြေခံပညာကျောင်းသုံးစာအုပ်များတွင် ထားဝယ်တေး၊ ကျေးလက်ရိုးရာတေး၊ ထားဝယ်ဒိန်းသံဟု ဖော်ပြတယ်။ ယင်းဒီးချင်းများနှင့် တွဲဖက်တီးရသောခတ် မိချောင်းစောင်း၊ တယောများလည်းရှိတယ်။ ရှေးမင်းများလက်ထက်တွက်ထားဝယ်တေး၊ထားဝယ်အကဟူ၍ဖော်ပြတယ်။ ထားဝယ်တိုင်းရင်သားများပြောဆို နေကြသောထားဝယ်စကားကိုဒေသိယစကားအဖြစ် ပညာရှင်များက သတ်မှတ်တယ်။ ထို ဒေသိယစကားတွင် ပေါရာဏ၊ မြန်မာ၊ရှမ်း၊ မွန်စကားများရောစပ်လျက်ရှိတယ်။ သို့ရာတွင် မည်သည့် လူမျိုးများနှင့်မျှ မဆက်စပ် သော ထားဝယ်စကားစစ်စစ် စကားလုံးများလည်းတွေ့ရတယ်။
ထို့ပြင် ထားဝယ်ဒေသအတွင်း ရှေးကျသည့် နတ်ကိုးကွယ်မှု၊ မွေးဓလေ့၊ သေဓလေ့၊ မင်္ဂလာဆောင် ဓလေ့များ ပြုမူဆောင်ရွက်နေဆဲဖြစ်တယ်။ ထားဝယ်ဒေသအတွင်း ဘာသာရေးပွဲတော်များ၊ လူမှုရေးပွဲတော် များ၊ ရိုးရာဓလေ့ပွဲတော်များ ကျင်းပလေ့ရှိတယ်။
ထို့ကြောင့် ထားဝယ်သားတို့သည် မြန်မာနိုင်ငံအတွင်းနှစ်ပေါင်များစွာ နေထိုင်ရှင်သန်ခဲ့သည့် တိုင်းရင်းသားလူမျိုးတစ်မျိုးဖြစ်ပြီး ကိုယ်ပိုင်နယ်မြေ၊ ဒေသ၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများရှိသည့် မြန်မာနိုင်ငံသားများဖြစ်တယ်။
သို့ဖြစ်ပါ၍ ထားဝယ်ဒေသ ( ထားဝယ်ခရိုင် ) အတွင်း နေထိုင်ကြသော ထားဝယ်များသည် ဒေသခံတိုင်းရင်သားများ(သို့) ဌာနေတိုင်းရင်းသားများဖြစ်ကြပါတယ်။
                                                                                      ဆရာဇော်သူရ

စဉ်းအိုးသောင်းလောင်း ဗေသောင်းလောင်း(ထားဝယ်ရိုးရာ ကလေးကစားနည်း)

Written By လွင့်မောင်မောင် on Thursday, September 26, 2013 | 9:13 PM


စဉ်းအိုးသောင်းလောင်း ဗေသောင်းလောင်း
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
(ကစားနည်း)
စဉ်းအိုးသောင်းလောင်း၊ ဗေသောင်းလောင်း၊
လောင်း--ဇာဂ၊ ရေထဲ က္လ၊
ဘဲငန်းဝန်းဇာဝ။
ဘဲငန်းဂလဲစားမကူ၊ ဖွားရှင်မဂိုလှူ၊
ဖွားရှင်မဂ၊ စိကောက်ကောက်၊
နွန်မဲလပ်သီးဆောက်၊
နွန်ကြာရာဂစိမကွန်း၊ ဒေါက်--တို--ဂီး--န--ထွန်း---။ ။

ယင်းကစားနည်းသည် ထားဝယ်မြို့၌ ယခုအခါ လုံးဝနည်းပါး ပျောက်ကွယ်နေပါပြီ။ ကျနော်တို့တောင် ငယ်စဉ်က သရက်ချောင်း၊ လောင်းလုံး၊ ထားဝယ် သုံးမြို့စလုံးခွပြီးကြီးပြင်းလာသောကြောင့် မှတ်မိနေသည်။ ယင်ကစားနည်းသည် လူနှစ်ယောက်မှ သုံးလေးယောက်ကစားရသည်။ နှစ်ယောက်တည်းလည်းကစားနိုင်ပါသည်။ ကစားရာတွင်-- ဥပမာ လူနှစ်ယောက်တည်းဖြစ်ပါက တစ်ယောက်က လက်နှစ်ဖက်စလုံးကို လက်သီးဆုပ်၍ တစ်ခုခုပေါ်တွင်ထားရသည်။ ကျန်တစ်ယောက်က လက်နှစ်ဖက်စလုံးကို လက်သီးဆုပ်၍ တစ်ဖက်က ပထမလူလက်သီးနှစ်လုံးနှင့်ပေါင်းပြီးထားရသည်။ ကျန်လက်တစ်ဖက်ဖြင့် လက်သီးဆုပ်သုံးလုံးကို ညီညီမျှမျှ၊ မနာတနာထုရသည်။ အထက်ဖေါ်ပြပါ တေးကို အသံတစ်သံလျှင် တစ်ချက်ထုရသည်။ နောက်ဆိုး တစ်သံချင်း၊ တစ်ချက်ချင်းတဖြည်းဖြည်း - “ နွန်--ကြာ--ရာ--ဂ--စိ--မ--ကွန်း-- ဒေါက်----၊ တို----၊ ဂီး------၊ န-----၊ ထွန်း” ဟူ၍ နောက်ဆိုးအချက်၌ အရှိန်ပြင်းပြင်း ထုရသည်။ ထူခံရသောလက်သည် တော်တော်ကံဆိုးသောလက်ပင်ဖြစ်သည်။ ထုခံရသူသည် ငိုရမလိုလို ၇ယ်ရမလိုလိုဖြစ်ပြီး တစ်ချက်တော့အီသွားရှာပေမည်။ မျက်လုံးထဲတွင်လည်း မီးပွင်ါလုမတတ်ခံခဲ့ရပေတော့သည်။ သို့သော်ထိုသူသည် ဇွဲမလျှော “ငါ့အလှည့်တော့ကြည့်ထားဆိုပြီး အံခဲ၍ဆက်ကစားပြန်သည်။ ထူခံထိသောလက်သည် အောက်ချလိုက်ရသည်။ ကျန်သောလက်သီးနှစ်လုံးကိုပငိ တလှည့်စဟီ ထုရပြန်ပါသည်။ ကလေးတို့၏အမူအယာနှင့် လူတို့၏ စရိုက်သဘာဝကို ဤနေရာတွင်ရှာတွေ့နိုင်ပါသည်။ ထုသောသူသည် သူတစ်ပါးကို နာနာကြင်ကြင်ထုသလား၊ သနားညှာတာပြီး ထုသလား၊ မိမိထုရသော အလှည့်တုန်းက သာသာယာယာထုပြီး သူတစ်ပါးအလှည့်ကျတော့ အကြောင်းပြပြီး ထွက်ပြေးတတ်သလားစသော စရိုက်သဘာဝကို ငယ်စဉ်ကလေးဘ၀ကတည်းက သိနိုင်ပေသည်။ သည်းခံတတ်ခြင်း၊ အနစ်နာခံတတ်ခြင်း၊ သနားညှာတာတတ်ခြင်းစသော သူတော်ကောင်းတို့၏ စရိုက်သဘာစများ၊ အနိုင်ယူတတ်ခြင်း၊ အခွင့်အရေးယူတတ်ခြင်း၊ အခွင့်အရေးရတုန်းက အခွင့်ရေး တိုင်းထက်လွန်အောင်ယူတတ်ပြီး၊ မိမိအရေးနိမ့်ကျဆင်းလာပါက တာဝန်မယူတတ်ဘဲရှောင်တိမ်းတတ်သည့် စရိုက်သဘာဝများကို တွေ့ရတတ်ပါသည်။ ထို့ကြောင့် ထားဝယ်ရိုးရာကစားနည်းများကို ကစားခိုင်း၍ လူငယ်တို့၏ စိတ်နေစိတ်ထားကို မှန်ဆနိုင်ကြပါစေ။ ။
(၂၇-၈-၂၀၁၃)
တောင်ထားပယ်ဗိုလ်

ဖိုးရှင်ခေ (ထားဝယ်ရိုရာသားချော့တေး)

Written By လွင့်မောင်မောင် on Tuesday, September 24, 2013 | 10:18 PM

Photo- Win Bo


ဖိုးရှင်ခေ (ထားဝယ်ရိုရာသားချော့တေး)

သယ်ခေသယ်ခေ---ဖယ်သူ့ခေ---ဖိုးရှင်ခေ---
ဖိုးရှင်ဟှယ်သွား၊ သစ်တတ်သီး ကွတ်စားသွား---
သစ်တတ်သီးဟှယ်မာ၊ တောထဲမာ---
တောဟှယ်မာ၊ မီးနရှို့ပစ်လိုက်ပီ---
မီးဟှယ်မာ၊ ရေနဖြန်းသတ်လိုက်ပီ---
ရေဟှယ်မာ၊ ဆင်ဂီးဆင်ငယ်သွတ်ဆွန်သွားပီ---
ဆင်ဟယ်မာ၊ တောထဲတွန်ထဲမာ---
တောဟှယ်မာ၊ မီးနရှို့ပစ်လိုက်ပီ---
မီးဟှယ်မာ၊ ရေနဖြန်းသတ်လိုက်ပီ---
ရေဟှယ်မာ၊ ဆင်ဂီးဆင်ငယ်သွတ်ဆွန်သွားပီ---
ဆင်ဟယ်မာ၊ တောထဲတွန်ထဲမာ---
တောဟှယ်မာ၊ မီးနရှို့ပစ်လိုက်ပီ---
မီးဟှယ်မာ၊ ရေနဖြန်းသတ်လိုက်ပီ---
ရေဟှယ်မာ၊ ဆင်ဂီးဆင်ငယ်သွတ်ဆွန်သွားပီ---
ဆင်ဟယ်မာ၊ တောထဲတွန်ထဲမာ---
တောဟှယ်မာ၊ မီးနရှို့ပစ်လိုက်ပီ---
မီးဟှယ်မာ၊ ရေနဖြန်းသတ်လိုက်ပီ---
ရေဟှယ်မာ၊ ဆင်ဂီးဆင်ငယ်သွတ်ဆွန်သွားပီ---
ဆင်ဟယ်မာ၊ တောထဲတွန်ထဲမာ---
တောဂီးလော်--တောသား---တောသား---တောသား---တောသား--- --- --- ---

လူမျိုးတိုင်း လူမျိုးတိုင်းတွင်ရိုးရာဓလေ့ရှိတတ်ကြစမြဲဖြစ်သည်။
 မြန်မာပြည်တောင်ဘက်စွန်းတွင်နေတိုင်ခဲ့ကြသော ထားဝယ်ဝယ်လူမျိုးသည် ရှေးပဝေသဏီကတည်းက မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုဖြင့် ရပ်တည်နေထိုင်လာခဲ့သော လူမျိုးစုတစ်ရပ်ပင်ဖြစ်သည်။
ရှေးမြန်မာနန်းတွင်း(ပဒေသရာဇ်)ခေတ်က ဧချင်းစာပေများတစ်ခန်းတစ်ရပ်ပေါ်ပေါက်ခဲ့ဖူးသည်။ ဧချင်းဆိုသည်မှာ ဘိုးတော်၊ ဘေးတော်၊ ခမည်းတော်တို့၏ ဘုန်းတန်ခိုးတို့ကို နောင်လာနောင်သားများ အတုယူမှတ်သားတတ်စေရန်ရည်ရွယ်၍ ရေးဖွဲ့ခဲ့ကြသော သားတေးတစ်မျိုးပင်ဖြစ်သည်။ တစ်နည်းအားဖြင့် ဇာတိမာန်ကဗျာဟုလည်းခေါ်နိုင်ပါသည်။ ဘုရင့်သားတော်၊ သမီးတော်များ ပုခက်တင်မင်္ဂလာ ဆင်ယင်ကျင်းပပြုလုပ်ရာတွင် သီဆိုရသော သားချော့တေးပင်းဖြစ်သည်။
မိခင်များသည် မိမိတို့၏ သားသမီးများကို ပုခက်အတွင်း၌လည်းကောင်း၊ ကိုယ်ပေါ်တွင်ချီ၍လည်းကောင်း ချော့သိပ်ကြစမြဲဖြစ်သည်။ ရွှေလမှာ---ယုန်ဝပ်လို့---ဆန်ဖွတ်သည့် အဘိုးအို---ဟောကြည်ပါဆို---ဟူသောသီချင်းသည် ကိုယ်ပေါ်တွင်မချီ၍ချော့သိပ်သော သီချင်းပင်မဟုတ်ပါလော။ မောင်လေးရယ်---အိပ်ပါတော့---ရောင်နီလာလှပေါ့---တစ်ကြောနှစ်ကြောတေးကိုသီ---ငှက်ကျားနှုတ်ပလီ---ဟူသောသီချင်းသည် ပုခက်အတွင်း၌ ချော့သိပ်သောတေးကဗျာပင်မဟုတ်ပါလော။
ထားဝယ်လူမျိုးတို့သည်လည်း မိမိတို့၏ ရိုးရာတေးကဗျာများဖြင့် သားသမီးများကို ချော့သိပ်လာခဲ့ကြသော လူမျိုးတစ်ရပ်ပင်ဖြစ်ပါသည်။ အထက်ဖေါ်ပြပါ “ဖိုးရှင်ခေ”တေးကဗျာသည် ထားဝယ်ရိုးရာသားချော့တေးတစ်မျိုးပင်ဖြစ်သည်။
ပုခက်အတွင်း၌ ခြေနှစ်ဖက် တွဲလျှားချ၍ အိပ်နေသောကလေး ပြန်နိုးလာသောအခါ မိခင်ဖြစ်သူက မိမိ၏သား အိပ်ရေးမ၀မှာစိုးသောကြောင့် သားငယ်၏ ခြေနှစ်ဖက်ကိုကိုင်လျှက် သီဆိုချော့သိပ်သောကဗျာပင် မဟုတ်ပါလော။
ယင်းသီချင်းကိုသီဆိုကြည့်ကြပါ။ အဘယ်တော့မှ မဆုံးနိုင်ပါ။ ကလေးအိပ်မပျော်မချင်း ဆက်လက်သီဆိုနေမည်ပင်ဖြစ်သည်။
Photo- Win Bo

ယင်းသီချင်းကိုပင် ထားဝယ်သူ၊ ထားဝယ်သား ကလေးငယ်များက “ဖိုးရှင်ခေ” ကစားနည်ဟူ၍ ကစားခဲ့ကြသေးသည်။ ယင်းကစားနည်းကို ကစားရန် လူသုံးယောက်(သို့)လေးယောက် ကစားနိုင်သည်။ လူမပြည့်ပါက နှစ်ယောက်တည်းလည်း ကစားနိုင်ပါသည်။ ကစားပုံမှာ အချင်းချင်း ကျောချင်းကပ်လျှက် ခြေတစ်ဖက်စီကို အချင်းချင်းချိတ်ပြီး ကျန်သောခြေတစ်ဖက်စီကို မြေပြင်ပေါ်တွင်ရပ်လျှက် နောက်ပြန်အနေအထားဖြင့် လက်ခုပ်လက်ဝါးတီးပြီး သီဆိုကစားရသော ကစားနည်းပင်ဖြစ်သည်။ ကစားရာတွင် မိမိတို့တစ်ဖွဲ့တည်းဖြင့်လည်းကောင်း၊ အဖွဲ့အချင်းချင်းပြိုင်၍လည်းကောင်း ကစားကြပါသည်။ (ကစားပုံကို အလျှင်းသင့်သောအခါ ဖော်ပြပါမည်။)
ထားဝယ်ဒေသတွင် “ဖိုးရှင်ခေ” ဟူသောစကားသည် ဗန်းစကားအနေဖြင့်လည်း သုံးပြုလာခဲ့ကြသည်။ “ဖိုးရှင်ခေ” ဟူသောစကားသည် စကားအပြောများသောသူကိုလည်းကောင်း၊ စကားပြောရာတွင် ဆင်ခြေဆင်လက်များသောသူကိုလည်းကောင်း၊ အလုပ်လပ်ရာတွင် ဆင်ခြေ၊ဆင်လက်များသောသူကိုလည်းကောင်း အခြေအနေအချိန်အခါ၊ အကြောင်းအရာပေါ်မူတည်၍ ပြောဆိုသုံးပြုခဲ့ကြသည်။

သို့ဖြစ်၍ ဘုရားပွဲတော်တွင်ရောင်းချနေသော သစ်တတ်သီး(သစ်ချသီး)ကိုမြင်ရာမှ ရှေးခေတ် ထားဝယ်လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုဆီသို့ အတွေးအမြင်တမ်းမိလေတော့သည်။

တောင်ထားဝယ်ဗိုလ်(၁၄-၈-၂၀၁၃)
------------------------------------------------------------------------------------------

ထားဝယ်မြို့လယ် ယနေ့ရှာပုံတော် (တောင်ထားဝယ်ဗိုလ်)

Written By လွင့်မောင်မောင် on Saturday, September 21, 2013 | 11:06 AM

ဈေးတောင်ဘက်လမ်း၊ဆောက်လုပ်ရေးရုံးဝင်း။-ဓာတ်ပုံ-Win Bo

(18-9-2023)
ယခုတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝင်းသည် တစ်ချိန်က ဘုရားကုန်းဟု ထားဝယ်ရာဇဝင်အရသော်လည်းကောင်း၊ ရှေးလူကြီးများပြောကြားချက်အရသော်လည်းကောင်း မှတ်သားဖူးပါသည်။
 ၎င်းအဝင်း၏တောင်ဘက် ဆောက်လုပ်ရေးရုံး၏အရှေ့ဘက်မြေကွက်လပ်တွင် ဝန်ထမ်းအိမ်ယာဆောက်လုပ်ရန်
မြေများတူးနေသည်ကို ကျနော်သတိထားမိနေသည်မှာ ၁၀ ရက်ခန့်ရှိလေပြီဖြစ်သည်။ ရှာပုံတော်ခရီးသွားနေခြင်းကြောင့်လည်းကောင်း၊
ဌာနဆိုင်ရာနေရာဖြစ်နေခြင်းကြောင့်လည်းကောင်း လေ့လာ၍မဖြစ်ခဲ့ပေ။ ယနေ့ နေ့လည်ပိုင်းက ကိုGet Boyysရောက်လာသောကြောင့် နှစ်ယောက်သား သွားစပ်စုခဲ့ကြသည်။
အဆောက်အဦအသစ်ဆောက်လုပ်မှုတွင် သက်ဆိုင်ရာ တာဝန်မှူးထံတွင် အကျိုးအကြောင်းပြော၍လေ့လာခွင့်တောင်းခဲ့သည်။
အုတ်မြစ်ချရန်တူးထုတ်ထားသောမြေများနှင့်ရောပုံထားသောအုတ်များကိုလေ့လာကြည့်သောအခါ အရွယ်အစားသုံးလေးမျိုးလောက်တွေ့ရသည်။
၎င်းတို့ထဲတွင် အထု ၃ လက်မ၊ အလျှား၁၅လက်မ၊ အနံ၉လက်မအုတ်ချပ်ကြီးများတွင် ဗြဟ္မီအက္ခရာအမှတ်အသား (ဌ၊ ထ၊ ဗ၊ ရ)တို့ကိုတွေ့ရသည်။
ထို့နောက် အထု ၄လက်မ၊ အလျှား၁၂လက်မ၊ အနံ ၆.၅လက်မရှိသောအုတ်ချပ်များတွင်လည်း လက်ရေးစင်းများကိုတွေ့ရသည်။
ကျန်သောအုတ်ချပ်ကြီးများမှာ စာမတွေ့ရပေ။ ယင်းနေရာသည် (၁၁၁၆) သာယာဝတီနန်းတော်မတည်ခင်ကတည်းက ထားဝယ်သူ/သားများ ရှိနေပြီး
 ယင်းကုန်းပေါ်တွင် ဘုရားများ အဆင့်ဆင့်တည်ထားကိုးကွယ်ခဲ့ရာ တစ်ခေတ်တစ်ခါသို့ရောက်သော် ပြန်လည်တိမ်မြုပ်ခဲ့သည်ဟုတွေးယူစရာရှိပေသည်။
ဓာတ်ပုံ-Win Bo


ဓာတ်ပုံ-Win Bo


 ယခုတူးထုတ်ထားသောမြေကျဉ်းထဲမှ အုတ်တန်းများသူ့အလိုလိုရှိနေသေးသည်ကိုတွေ့ရပေမည်။

 အချို့မှာ ၃ပေခန့်၊ အချို့မှာ ၅ပေခန့်အနက်မှာ အုတ်တန်းကြီးများရှိနေသည်ကိုတွေ့ရသည်။ အပေါ်ယံကြည့်လျှင် မြေကုန်းဟုထင်နေကြသော်လည်း
မြေသားတစ်ပေ၊ နှစ်ပေခန့်တူးချလိုက်လျှင်ရှေးအုတ်ချပ်များ အစအနထွက်နေသည်မှာ စိတ်ဝင်စားစရာပင်မဟုတ်ပါလော။ ကျနော်တို့လေ့လာခြင်းသည်
 စာပေရှုထောင့်မှ ရာဇဝင်ပြန်ဖော်ပေးသော သုတေသနဖြစ်သည်။ ကိုယ်တိုင်ကိုယ်ကျတူးဖော်ခြင်းမဟုတ်ဘဲ အဆောက်အဦဆောက်ရန်တူးဖော်နေသော၊
 တူးဖော်ထားသောနေရာများမှ ထွက်ရှိလာသောအုတ်ချပ်အကျိုးအပဲ့များကိုသာလျှင် လေ့လာရခြင်းပင်ဖြစ်သည်။ ယင်းနေရာသည်ဌာနဆိုင်ရာ
နေရာဖြစ်နေသောကြောင့် အဆောက်အဦတစ်ခါပြန်လည်တည်ဆောက်မှုမျိုးနှင့်ကြုံကြိုက်မှ
လေ့လာခွင့်တစ်ကြိမ်ရရှိမည့်နေရာလည်းဖြစ်သောကြောင့် သွားရောက်လေ့လာခြင်းဖြစ်သည်။

 တောင်ထားဝယ်ဗိုလ်

ရှင်မုတ္ထီးသို့ ရှာပုံတော်ခရီး (တောင်ထားဝယ်ဗိုလ်)

Written By လွင့်မောင်မောင် on Friday, September 20, 2013 | 5:49 AM















(14-9-2013) ယနေ့ရှာပုံတော်ခရီးအနေအဖြင့် ရှင်မုတ္ထီးအနီးအနားတဝိုက်သွားလေ့လာခဲ့ပါသည်။ ရှင်မုတ္ထီးတွင် လေ့လာစရာများလွန်းသောကြောင့် တစ်နေ့ခရီးပင်မလောက်ပေ။ ရှင်မုတ္ထီးဘုရားသမိုင်း၊ နပ်စာရီတောင်(ကျွဲခရမ်းတောင်)သမိုင်း၊ ဂျောဘုရားသမိုင်း၊ ရွှေဂူတောင်ဘုရားသမိုင်း၊ နန်းတော်ရာဟောင်း၊ အရူးပျောက်ဘုရားသမိုင်း၊ ဘုရားပုပုရွှေဆင်းတုသမိုင်း စသော သမိုင်းများစွာကိုလေ့လာရပေမည်။ယင်းဘုရားသမိုင်းများနှင့်ဆိုင်သည့်နေရာများကိုသွားရောက်လေ့
လာခြင်းပင်ဖြစ်သည်။ ရှင်မုတ္ထီးဘုရား တာဝန်ခံ ဂေါပကလူကြီးများ၊ အရူးပျောက်ဘုရားဂေါပကလူကြီးများ၊ ရှင်မုတ္ထီးကျောင်းကြီးဆရာတော်ဘုရား၊ ရှင်မုတ္ထီးတိုက်ကျောင်းဆရာတော်၊ ရှင်မုတ္ထီးကျေးရွာ အုပ်ချုပ်ရေးမှူး၊သက်ဆိုင်ရာရပ်မိရပ်ဖများနှင့် တွေ့ဆုံခြင်းများ၊ လေ့လာခွင့်တောင်းခံခြင်းများပြုလုပ်ခဲ့သည်။
 လေ့လာရာတွင် ထုံးစံအတိုင်း လမ်းခင်းထားသောနေရာ၊ ပန်းခြံဝိုင်းများ၊ အုတ်အဟောင်းပုံများလေ့လာရပါသည်။ လေ့လာတွေ့ရှိမှုသည်များစွာတွေရှိသောကြောင့် ဆိုင်ရာဆိုင်ရာဆရာတော်များ၊ ဂေါပကလူကြီးများ၊ အုပ်ချုပ်ရေးမှူးတို့ကို ဆက်လက်ထိန်းသိမ်းပေးရန်အသိပေးခဲ့ပါသည်။ မည်သည့် အမှတ်အသားက မည်သည်ကိုဆိုလိုကြောင်းရှင်းပြပေးခဲ့ပြီး ကျနော့လက်ထဲတွင်ကိုင်ဆောင်ထားသော အက္ခရာပြောင်းလဲပုံမိတ္တူကိုပါ ပေးခဲ့ပါသည်။ ရှင်မုတ္ထီးတစ်ဝိုက်တွင် ဗြဟ္မီအက္ခရာနှင့် ပျူအက္ခရာပါအုတ်ချပ်များသည် တစ်ချပ်တစ်လေမဟုတ်ပေ။ တောင်ပေါင်းများစွာဖြစ်သည်။ သို့ဖြစ်၍ ကျနော်တို့လေ့လာတွေရှိချက်များဖြစ်သောအုပ်များသည် မည်သည့်နေရာတွင် မည်သည့်အက္ခရာတွေ့ရကြောင်း တစ်ခါတည်းပြောပြခဲ့ပါသည်။ ရှင်မုတ္ထီးလေ့လာမှုသည် မိုးအေးအေးလေးနှင့် တစ်နေကုန်ဆုံးသွားသော်လည်း လေ့လာမှုက မပြီးချေ။ ဆက်လက်သွားရောက်လေ့လာရပါဦးမည်။ ကြိုးစားပါဦးမည်။ -----------
 
ယနေ့ရှင်မုတ္ထီးမှရရှိသော ဗြဟ္မီ/ပျူအက္ခရာပါအုတ်ချပ်များပုံ




















 
 တောင်ထားဝယ်ဗိုလ်
 
***************************************************************
 

မှီအုံးတောင် သို့ရှာပုံတော်ခရီး

Written By လွင့်မောင်မောင် on Thursday, September 19, 2013 | 6:11 AM


မှီအုံးတောင်ဘုရား ၊ ဓာတ်ပုံ - Win Bo (Facebook)

ဓာတ်ပုံ - Win Bo (Facebook)
ယနေ့ရှာပုံတော်ခရီးအနေအဖြင့် ထားဝယ်မြို့မြောက်ဘက်(၈)မိုင်ခန့်ကွာသော ထားဝယ်ရေး ကားလမ်းအရှေ့ဘက်ရှိ မှီအုံးတောင်ဘုရားသို့သွားခဲ့သည်။

“ထားဝယ်ရာဇဝင်တော်ကြီးအရ မြတ်စွာဘုရား၏ ဗျာဒိတ်တော်အတိုင်း နရုတိမင်းမြတ်သည် ဇင်းမယ်ဘုရင်၊ ယိုးဒယားဘုရင်၊ ယွန်းဘုရင်တို့နှင် မင်းလေးပါးစုပေါင်းပြီး သက္ကရာဇ် ၆၇ခုနှစ်တွင် ဣသိန္ဒြတောင်(မှီအုံးတောင်)၌ စေတီတော်ကို စတင်တည်တော်မူသည်။”

၎င်းစေတီတော်သည် သက္ကရဇ် ၆၉ခုနှစ်၊ တန်ခူးလဆန်း(၁၀)ရက်၊ နေ့၌ ပြီးစီးအောင်မြင်တော်မူလေသည်။ ဟူ၍ ဖော်ပြထားသည်။

“နောင်ရာဇဝင်များတွင်- မှီအုံးတောင်ဟုခေါ်ရခြင်းမှာ ဒေါင်းဖမ်းရန်ထွက်လာသော မုဆိုးငနွားသည် ဒေါင်းမရ၍ အကျွတ်တရားရကာ
ဂေါဝိန္ဒရသေ့အမည်ဖြင့် ရသေ့ပြုသွားကြောင်း၊ ထို့နောက် ရှင်တောင့်ပုံစေတီတော်ကိုတည်ခဲ့ကြောင်း
 နောင်အခါ တရားအားထုတ်ရန် ဣသိန္ဒြတောင်သို့လာခဲ့ကြောင်း၊ ယင်းတရားအားထုတ်သောတောင်သည် မှီအုံးတောင်တွင်ခဲ့ကြောင်း ဖော်ပြထားသည်။ ”


မှီအုံးတောင်တွင်လေ့လာကြည့်သောအခါ ပြန်လည်ပြုပြင်ထားခြင်းကြောင့် စာပါသောအုတ်တစ်လုံးတစ်လေတောင်ရှာမတွေ့ပေ။
ကျနော်တို့လေ့လာသောနေရာများမှာ ထုံးစံအတိုင်း လမ်းခင်းထားသောနေရာများ၊ ပန်းပင်ခြေရင်းများ၊ စေတီအနီးအနားအုတ်ဟောင်းများသာလျှင်ဖြစ်ပေသည်။
 နောင်ပြန်လည်ပြုပြင်မှုမျိုးနှင့် တိုက်ဆိုင်မှ ရပေမည်။ မှီအုံးတောင်တွင် အနှစ်(၃၀)ကျော်ကတည်းက သတင်းသုံးနေသော ဆရာတော်ကိုယ်တိုင် လိုက်လံပြသပေးခဲ့သော ကျောက်ကူပေါ်တွင် ရသေ့၏ ကျောက်ကုလားထိုင်၊ ရှင်ဇောရှင်ခံ ကစားရာနေရာ၊
အိပ်မက်အရ ပြန်လည်တည်ထားသောစေတီငယ်များကိုသာ ဖူးမြော်ရင်း၊ မှတ်တမ်းယူရင်းသာပြန်လာခဲ့ရသည်။

ဆက်လက်ရှာဖွေလေ့လာသုတေသနပြုပါဦးမည်။

တောင်ထားဝယ်ဗိုလ်

ထားဝယ်မြေမှ ပျူသက်သေ(``ရ´´ကောက်ပြောင်းလဲပုံ)

Written By လွင့်မောင်မောင် on Sunday, September 15, 2013 | 9:04 AM


မြန်မာစာပေကို လေ့လာလိုက်စားသူတို့အတွက် ရကောက်ပြောင်းလည်းပုံကို အကျဉ်းတင်ပြလိုက်ပါသည်။
ကျနော်တို့ငယ်စဉ်ကတည်းက မြန်မာအက္ခရာပြောင်းလဲပုံကို သင်ကြားခွင့်ရရှိခဲ့သော်လည်း ဆရာကြီးဦးသာမြတ်ကြိုးစားအားထုတ်ခဲ့သောပုံဖော်အက္ခရာများကိုသာ လေ့လာသင်ကြားခွင့်ရရှိခဲ့ပါသည်။
 ယနေ့ တက္ကသိုလ်ဝင်တန်းပြဋ္ဌာန်းချက်စာအုပ်တွင်လည်း အရုပ်ပြပုံများဖြင့်သာ သင်ကြားနေပါပေသည်။
 မည်သို့မည်ပုံ ပြောင်းလဲကြောင်းကို လက်တွေကျကျသင်ကြားခွင့်မရရှိခဲ့ပါ။ ထို့ကြောင့် ကျောင်းသား/သူများအနေဖြင့် ယနေ့ကျက်၊ နောက်တစ်နေ့ပြန်မေ့ဖြစ်ခဲ့ရသည်မဟုတ်ပါလော။
 စိတ်မျက်စိ၊ စိတ်အာရုံတွင်သာ မှန်းဆပြီးသင်ယူခဲ့ရသည်မှာ ယနေ့မျက်မြင်ကိုယ်တွေ့ပင်ဖြစ်သည်။

ထားဝယ်ဒေသတွင် ထားဝယ်လူမျိုးများသည် ရှေးနှစ်ပေါင်းတစ်ထောင်ကျော်ကတည်းက
 နေထိုင်ခဲ့သည်ဟု တစ်ခေတ် တစ်ခါက လက်ခံခဲ့သော်လည်း
ယနေ့ဘာ့အတွက်ကြောင် လက်မခံခဲ့သနည်း။ 

ထိုကဲ့သို့ ထားဝယ်ဒေသတွင်နေထိုင်သော ထားဝယ်တိုင်းရင်းသားများမရှိပါက
အဘယ့်တွက်ကြောင့် ရှေးနှစ်ပေါင်း တစ်ထောင်ကျော်က ပျူလူမျိုးများ စာပေစတင်ရေးသားခဲ့သော ဗြဟ္မီအက္ခရာနှင့် ပျူအက္ခရာများ
 ထားဝယ်ဒေသတွင် အဘယ်တွက်ကြောင့် ရှိနေရသနည်း။ ယင်းမေးခွန်းနှစ်ခုသည် အဖြေပင်ဖြစ်ပါသည်။

ထားဝယ်ဒေသတွင် ထားဝယ်လူမျိုးများသည် ရှေးနှစ်ပေါင်း တစ်ထောင်ကျော်ကတည်းကနေထိုင်ကြပြီး ဗြဟ္မီအက္ခရာနှင့် ပျူအက္ခရာတို့ကို
တွင်တွင်ကြယ်ကြယ် သုံးစွဲနေခဲ့ပြီဖြစ်သည်။ ယင်းလူမျိုးတို့သုံးစွဲခဲ့သော အက္ခရာများက ယနေ့မြန်မာစာပေကိုများစွာ အထောက်အကူပြုပေလိမ့်မည်မှာအမှန်ပင်ဖြစ်သည်။

ထားဝယ်လူမျိုးကို သာမန်လူမျိုးစုတစ်ခုထဲသို့ တည့်သွင်းပါက လူမျိုးစုကို အထင်သေးရာ၊ တန်ဖိုးမထားရာရောက်ပေလိမ့်မည်။
 နိုင်ငံတော်က အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေး၊ ယဉ်ကျေးမှုအမွေအနစ်များ၊ အမျိုးသားရေး လက္ခဏာရပ်များမပပြောက်အောင်ထိန်းသိမ်းစောင့်ရှောက်ရေးဟူသည့်
 လူမှုရေးဦးတည်ချက်များကို အမှန်တကယ် တန်ဖိုးထားပါက ထားဝယ်လူနည်းစုကိုလည်း တသီးတခြား လူမျိုးစုတစ်ရပ်အနေဖြင့် ထိန်းသိမ်းတန်ဖိုးထားသင့်ပြီတင်သည်။
 ထားဝယ်ဒေသတွင် ထာဝယ်လူမျိုးတို့သည် မိမိတို့တတ်အပ်သော ဗြဟ္မီစာ၊ ပျူစာပေများဖြင့် အမှတ်အသားပြုခဲ့သည်မှာ ယခု သက်သေခိုင်ခိုင်မာမာပြသထားပြီးဖြစ်သည်။
အထက်ပြန်မာပြည်တစ်ခွင်လုံးရှာဖွေခဲ့သော်လည်း တစ်စုတစ်ဝေးတည်းမရှိနိုင်သော ဗြဟ္မီအက္ခရာ၊ ပျူအက္ခရာတို့သည် ယနေ့ထားဝယ်ဒေသတွင် တောင်ပုံယာပုံ တွေနေရပြီဖြစ်သည်။
 ထိုကဲ့သို့ သမိုင်းတစ်ခေတ်ရဲ့အမွေအနစ်များရှိသောထားဝယ်ဒေသကို တိုင်းတစ်ပါးသားတို့ကလည်း စီးပွားရေးဈေးကွက်အရသော်လည်းကောင်း၊
 ရှေးဟောင်းယဉ်ကျေးမှုအမွေအနစ်များကိုစုံမက်မော၍သော်လည်းကောင်း မျက်စိကျနေကြသည်မှာလည်း ယခုမျက်မြင်ဖြစ်သည်။
 နိုင်ငံတော်၏ စီးပွားရေးအရ ထားဝယ်ဒေသ၌အချို့နေရာများတွင် စီးပွားရေးအဆောက်အဦများ လာရောက် အရင်းအနှီုးမြှုပ်နှံခဲ့သော်လည်း
 ထားဝယ်လူမျိုးများနှင့် ၎င်းတို့၏ ယဉ်ကျေးမှုနယ်မြေများကို ကမ္ဘာတည်သရွေ့ ထိန်းသိမ်းထားသင့်ပြီထင်သည်။



















အထက်ပါဖေါ်ပြထားသော (ရ)အက္ခရာတစ်လုံးတည်းသာလျှင်မဟုတ်ဘဲ အခြား အက္ခရာများသည်လည်း အမျိုးအစားစုံလင်အောင် ယခုမတွေရှိခဲ့ရသေးသော်လည်း
အက္ခရာတစ်ခု၌ နှစ်မျိုး၊ သုံးမျိုးလောက်ရှာဖွေတွေ့ရှိထားပြီးဖြစ်သည်။
 ကျန်ရှိနေသေးသော အက္ခရာများကို ဆက်လက်သုတေသနပြုလုပ်အားထုတ်ကြိုးစားပါဦးမည်။

                                                                    တောင်ထားဝယ်ဗိုလ်
                                                                         (7-9-2013)

လူမျိုးစကားနဲ့ စာပေ (သို့မဟုတ်) သမိုင်းကို ပြန်လည်ခံစားခြင်း အပိုင်း (၂)

Written By လွင့်မောင်မောင် on Tuesday, June 4, 2013 | 7:57 AM

ထားဝယ်မှာသမိုင်းရှိတယ်

စာရေးသူ – ဦးဉာဏ၀ရ
  လူမျိုးတစ်မျိုးမှာ သမိုင်းဆိုတာ ရှိစမြဲပါ။ သမိုင်းမရှိရင် အဲဒီလူမျိုးကို လူမျိုးတစ်မျိုးလို့ သတ်မှတ်ရတာ အတော့်ကို ခက်မှာ သေချာပါတယ်။ မြန်မာနိုင်ငံသမိုင်းမှာ ထင်ရှားခဲ့တဲ့ ဗိဿနိုး သရေခေတ္တရာတို့ သမိုင်းဟာ ပျူတို့ရဲ့ အခြေအနေကို ဖေါ်ပြနေသလို မြန်မာ (ဗမာ) လူမျိုးတို့ရဲ့သမိုင်းအစကိုတော့ ပုဂံနဲ့ မှတ်တမ်းတင်ခဲ့ပါတယ်။ ပုဂံကို အနော်ရထာ တည်ထောင်ခဲ့တယ်လို့ အသိများနေပေမဲ့ တကယ်တော့ ဘုရင်အနော်ရထာ အရင်ပုဂံကို တည်ထောင်ခဲ့တဲ့မင်းက ပျဉ်ပြားမင်းပဲ့ဖြစ်ပါတယ်။
 
   ပျူနိုင်ငံတော် ပျက်စီးသွားပြီးနောက် ပုဂံကို ပထမဆုံး မြန်မာနေပြည်တော်အဖြစ် အေဒီ (၈၄၉) ခုမှာ တည်ထောင်ခဲ့တာပါ။ မြန်မာတစ်နိုင်ငံလုံးစည်းလုံးအောင် ပူးပေါင်းပြီး ပထမမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့တာကတော့ ဘုရင်အနော်ရထာပေါ့။ အဘိသိက်ခံတဲ့နှစ် အေဒီ (၁၀၄၄)ပါ။ ဘုရင်အနော်ရထာရဲ့ကျေးဇူးကြောင့် မြန်မာများ ဗုဒ္ဓဘာသာကို တရားဝင် ကိုးကွယ်ခွင့်ရခဲ့သလို သူ့ရဲ့အမြော်အမြင် ကောင်းမှုကြောင့် အေဒီ (၁၁) ရာစုမှာ မြန်မာများ မြန်မာစာကို ကိုယ်ပိုင်စာအဖြစ် စတင်သုံးစွဲခွင့်ရပြန်ပါတယ်။ မြန်မာစာကို စာအနေနဲ့ ပထမဆုံးမှတ်တမ်းတင်ခဲ့တာကတော့ ရာဇကုမာရ် ကျောက်စာ (ခေါ်) မြစေတီကျောက်စာပါပဲ။ ဒီနေရာမှာ သတိထားမိတာလေးတစ်ခုက စာပေတစ်ခုကို အများသုံးအဖြစ်တီထွင် ရတာ ပြည်သူအများ အသိအမှတ်ပြုအောင် လုပ်ရတာဟာ နှစ်အတော်များများအချိန်ယူခဲ့ရတယ်ဆိုတာကိုပါ။ ဘုရင်အနော်ရထာလက်ထက်ကတည်းက မွန်၊ ပျူ ပါဠိကို အခြေခံပြီး တီထွင်ခဲ့တဲ့ မြန်မာစာကို ဘုရင်အနော်ရထာ နောက်မင်းဖြစ်လာတဲ့ စောလူးဘုရင်နဲ့ ဘုရင် ကျန်စစ် (မင်းကျန်စစ်) တို့ လက်ထက်မှာတောင် ကျွမ်းကျင်စွာအသုံးပြုခဲ့တာကို မတွေ့ခဲ့ဖူးဘူးဆိုရမှာပါ။

ဘာဖြစ်လို့လဲဆိုတော့ ရာဇကုမာရမင်းသားရဲ့ မြစေတီကျောက်စာက မင်းကျန်စစ် နတ်ရွာမစံခင်လေးမှ ပေါ်ပေါက်လာတာမို့ပါ။ ဘုရင်အနော်ရထာနဲ့ မင်းကျန်စစ်ရဲ့ ကျေးဇူးတရားများ နှလုံးသားထဲမှာ ပဲ့တင်ထပ်နေတုန်းပါပဲ။ သူတို့ရဲ့ ကျေးဇူးတွေကြောင့်ပဲ မှန်ကန်တဲ့ဘာသာနဲ့ စာပေများကို လေ့လာခွင့်ရခဲ့တာပဲ့လေ။ အခုလိုမျိုး လေ့လာခွင့်ရတာ ထားဝယ်သမိုင်းကို ဖတ်နိုင်တာဟာ သူတို့ရဲ့ကျေးဇူးကြောင့်ဆိုတာ ဘယ်လိုမှ မငြင်းနိုင်ပါဘူး။ မြန်မာလူမျိုးရဲ့ သမိုင်းဟာ ရှည်လျားတယ်ဆိုရမှာပါ။ ပုဂံပြည်ကြီး ပျက်စီးသွားပြီးနောက် ခေတ်အမျိုးမျိုးကို မြန်မာလူမျိုးနဲ့ မြန်မာပြည်သူများ
 ဖြတ်သန်းကျော်လွှားခဲ့ရပါတယ်။ မြန်မာတွေရဲ့ ခေတ်အဆက်ဆက်ကို ဒီလိုလေး မှတ်သားရဖူးပါတယ်။ ပုဂံ၊ ပင်းယ၊ အ၀ (အင်းဝ)၊ ဟံသာဝတီ၊ တောင်ငူ၊ ရွှေဘို၊ ကုန်းဘောင်၊ စစ်ကိုင်း၊ အမရပူရ၊ ရတနာပုံဆိုပြီးတော့ပေါ့။ မြန်မာများရဲ့ နောက်ဆုံးမင်းကတော့ ရတနာပုံမင်းနေပြည်စံ ဘုရင်သီပေါပါပဲ။

      ပျူလူမျိုးများ မြန်မာ့သမိုင်းပေါ်က ပျောက်သွားပြီးနောက် အစားထိုး ၀င်ရောက်လာတဲ့လူမျိုးကတော့ မြန်မာ (ဗမာ) လူမျိုးများပါ။
 မြန်မာလူမျိုးမှာ တိကျတဲ့သမိုင်းရှိသလို ထားဝယ် လူမျိုးမှာလဲ သမိုင်းရှိခဲ့တာပါပဲ။
 လူနည်းစုရဲ့ သမိုင်းကို လူအများစုလေ့လာဖို့ဆိုတာ ခက်ခဲသလို လူနည်းစုကိုယ်တိုင်က ကိုယ့်သမိုင်းကိုလေ့လာဖို့ မေ့လျော့နေတော့ ထင်ရှားတဲ့ သမိုင်းတစ်ခုဟာ မှေးမှိန်သွားရတယ်ဆိုရင် မှားမယ်မထင်ပါဘူး။ မှေးမှိန်သွားရုံပဲရှိတာပါ။ ပျောက်ပျက်သွားတာ မဟုတ်ပါဘူး။

ထားဝယ်လူမျိုးရဲ့ သမိုင်းကို တစ်ချက်လောက်ငဲ့စောင်းကြည့် လိုက်တော့ ဒီလိုလေးတွေ့ရပါတယ်။
ထားဝယ်လူမျိုး ထားဝယ်သမိုင်းကတော့ ကောဇာ (၁၁၃) အေဒီ (၇၅၁) မှာ စတင်ခဲ့တယ်ဆိုရမှာပါ။ သာဂရ နန်းတော် စတည်တဲ့ခုနှစ်ကိုပဲ အခြေတည်စတင်ယူလိုက်တာပါ။ သာဂရမြို့မတည်ခင် ဒူရကတိုင်း၊ ကလိန်အောင်မြို့ စတဲ့ မြို့များတည်ရှိခဲ့တာမှန်ပေမယ့် စာဖတ်သူများေ၀၀ါးစွာနဲ့ လက်ခံဖို့ခက်ခဲနေမှာစိုးတာကြောင့် တရားဝင်ထုတ်ခွင့်ရခဲ့တဲ့ စာအုပ်ထဲမှ သမိုင်းများကိုပဲ စာဖတ်သူများကို မြည်းစမ်းခွင့်ပေးလိုက်တာပါ။
သာဂရမြို့တည် သမန္တမင်း လောင်းလျာကို သက္ကရာဇ် (၉၇) ခုနှစ် ဦးတန်းခူးလပြည့်ကျော် () ရက် သောကြာနေ့ မနက် ()နာရီကျော်မှာ ဖွားမြင်ခဲ့တာပါ။ ဖခမည်းတော်ရဲ့အမည်တော်ကတော့ ဆင်ဖြူရှင် မဟာနရိန္ဒမင်း မြတ်ပဲဖြစ်ပါတယ်။ မင်းစည်းစိမ် (၂၃) နှစ် စံစားပြီး သက်တော် (၇၀) မှာ နတ်ရွာစံတဲ့မင်းတစ်ပါးပါ။ နတ်ရွာမစံခင် ကြုံရတဲ့အဖြစ်လေးတွေ ကြောင့် သားတော် သမန္တကို စောစောစီးစီး ထီးနန်းအပ်ခဲ့သူပါ။ ကြုံရတာလေးက ဒီလိုပါ။ သမန္တမင်းသားငယ် သက်တော် (၇)နှစ်အရွယ်မှာ စာပေကိုသင်ကြားရင်းအချိန်တွေကို ကုန်လွန်စေခဲ့ပါတယ်။

တစ်နေ့ ထူးခြားတဲ့အဖြစ်က ထင်ရှားဖြစ်ပေါ်လာခဲ့ပါတယ်။ ဘူမိဒေ၀နဂရမြို့ရဲ့ ညတစ်ညမှာ ကြာသပတေး ကြယ်တံခွန်ကြီးတလုံး တစ်လခွဲလောက်ကြာကြာ ပေါ်ပေါက်လာပါသတဲ့။ ကြာလွန်းတဲ့ ကြယ်တံခွန်ရဲ့ နိမိတ်အကြောင်းကို ဆင်ဖြူရှင် ဘုရင် မဟာနရိန္ဒမင်းကြီးက ပညာရှိအမတ်များကို မေးကြည့်တဲ့အခါ အဖြေက ဒီလိုထွက်လာပါတယ်။ ကြယ်တံခွန်ရဲ့အတိတ်နိမိတ်ကို ထောက်မျှော်ကြည့်မယ်ဆိုရင် ဘုရင်မင်းမြတ်ရဲ့ ဘေးကြုံရမယ့် ကိန်းဖြစ်တယ်ဆိုတာကို လျှောက်တင်ကြတော့ ဘေးမကြုံခင် ကုသိုလ်ခွင်မှာ ပျော်စံနေနိုင်စေဖို့ ဘုရင်နှင့်အမတ်များ အောင်သာဂရရွာမှ ပြောင်းရွှေ့လာကာ ယခုညင်းထွေးရွာအနီး တောင်ကုန်းတစ်ခုမှာ စခန်းချကြပါတယ်။ စခန်းချတဲ့အချိန်က ၀ါဆိုခါနီးမို့ ၀ါဆိုအမှတ်အသားအဖြစ် ကျောင်းဆောက်လုပ်ကြပါတယ်။ အမိန့်တော်အရ (၇)ရက်အတွင်း ဆောက်လုပ်ပြီးစီးတာနဲ့ ရသေ့၊ ရဟန်းများကို လှူဒါန်းကာ ရေစက်သွန်းချအမျှပေးဝေခဲ့ပါတယ်။
(အဲဒီနေရာကို အခုထိ ၀ါဆိုကုန်းလို့ ခေါ်ဆိုနေကြတုန်း ပါပဲ)။ လှူဒါန်းပြီးနောက် သားတော် သမန္တမင်း သားကို ထီးနန်းကိုခဏလွှဲအပ်ပြီး ကိုယ်တော်တိုင် ဥပုသ်ဆောင်ဝင်တော်မူပါတယ်။ သက်တော်(၇၀)မှာ ဘုရင်မင်းမြတ် နတ်ရွာစံကံတော်ကုန်သလို မိဖုရားကြီး စုမဒ္ဒီလည်း ဘုရင်နတ်ရွာစံပြီး (၂)နှစ်အကြာမှာ ဘ၀ပြောင်း ကြွေစုတေခဲ့ပါတယ်။
(ဘူမိဒေ၀နဂရမို့တော်ဆိုတာ ထားဝယ်မို့မှ (၁၀) မိုင်အကွာ မှိုင်းကာရီမြို့(ယခု ပကာရီ ရွာ) ကိုခေါ်ပါတယ်။ စတင်တည်ထောင်သူကတော့ ရန်တပို မင်းခေါ် ရာဇာတဗိုလ်မင်း တည်ထောင်ခဲ့တာပါ။ မင်းကီးဟာ ဘုန်းတော်အလွန်ကီးခဲ့တာမို့ ပထမနာမည်ပျောက်ပီး ဆင်ဖြူတော်ကိုပါ ရရှိခဲ့တာကြောင့် ဆင်ဖြူရှင် မဟာနရိန္ဒလို့ ကျော်ကြားခဲ့သူပါ။)
ရန်တပိုမင်း ရဲ့ အမည်ရင်း မှာ အာလောတက်ညွန့် ဖြစ်ပါသည်။
နန်းစံဘုရင် သမန္တမင်းက ဘူမိဒေ၀နဂရမြို့ဟာ မြေခံမကောင်းဘူးလို့ယူဆမိတာကြောင့် ပညာရှိအမတ်များနဲ့ တိုင်ပင်ကာ နန်းတော်အသစ်တည်ဆောက်ဖို့ မြေကိုရွေးကြပါတယ်။

 မြေကိုရှာဖွေတွေ့ရှိပြီးနောက် သာဂရနေ ပြည်တော် ဆိုတဲ့ နန်းသစ် မြို့သစ်ကိုတည်ဆောက်ကာ ထားဝယ်သမိုင်းရဲ့အစကို ဖွင့်လှစ်ခဲ့ပါတယ်။
ထားဝယ်မြစ်ရဲ့ အနောက်ဖက်ခြမ်းကို မေးတင်လျက် (ယခု မြို့ဟောင်းရွာ) တောင်ဖက်တွင် ပဒက်ချောင်း၊ မြောက်ဖက်တွင် ဆင်ပုန်းချောင်းတို့ကို ကျုံးအနေအရံအတားပြုကာ မြေသားမြို့ရိုး မြို့တာ နှစ်ထပ်ကာရံပြီး မြို့ဝန်းအကျယ် တာ (၇၄၀) တံခါးပေါက် ()ပေါက်၊ လမ်းမ ()သွယ်နဲ့ သက္ကရာဇ် (၁၁၃)မှာ တည်ထောင်ခဲ့တဲ့ သာဂရမင်း နေပြည်တော်မှာ သမန္တမင်းဟာမင်းအဖြစ် စိုးစံခဲ့ပါတယ်။  
သူဟာထားဝယ်သားအားလုံးရဲ့သမိုင်းအစဖြစ်တာမို့မြန်မာများအတွက် အနော်ရထာဘုရင်ဟာမြန်မာရဲ့စံထားရာဘုရင်တစ်ပါးဖြစ်ခဲ့သလိုသမန္တမင်းကြီးဟာလဲ ထားဝယ်သားများရဲ့စံထားရာမင်းတစ်ပါးပါပဲ။ 
 (အေဒီ (၇၅၁) မှာ တည်ထောင်ခဲ့တဲ့ သာဂရနန်းတော်ရဲ့ ခုနှစ်နဲ့ အေဒီ (၈၄၉) မှာ စတင်ခဲ့တဲ့ ပျဉ်ပြားမင်းကီးရဲ့ မင်းနေပြည်တော် ပုဂံ ခုနှစ်ကို နိင်းယှဉ်ကြည့်ဖို့ မမေ့ပါနဲ့) 

  စာဖတ်သူများ အနေနဲ့ ဝေး၀ါးလို့ မသွားရအောင် ထားဝယ်သမိုင်းမှာ နေရာယူစိုးစံ ခဲ့တဲ့ ဘုရင်များကိုလည်း ဆက်လက်ဖတ်ရှုပါဦး။ မြန်မာသမိုင်းမှာ ရာဇ၀င်နဲ့ မင်းအဆက်ဆက်သမိုင်းဆိုတာရှိသလို ထားဝယ်သမိုင်းမှာလဲ ရှိတယ်ဆိုတာကိုပါ သိသွားပါလိမ့်မယ်။
သာဂရမြို့ကို သက္ကရာဇ် (၁၁၃)မှာ တည်ခဲ့ပြီး သက္ကရာဇ် (၂၇၀)မှာ မြို့ပျက်ခဲ့ပါတယ်။

သာဂရမြို့ မင်းဆက်များ
၁။ သမန္တမင်း (၁၁၃-၁၂၈)
၂။ ဗညားဗလ (၁၂၈-၁၉၀)
၃။ ဗညားရံ ( ၁၉၀-၂၀၅)
၎။ ဗညားတေဆ ( ၂၀၅-၂၂၁)
၅။ ဗညာရံကင်း ( ၂၂၁-၂၄၁)
၆။ ဗညားရံစော ( ၂၄၁- ၂၅၄)
၇။ ဗညားဒိပ္ပ ( ၂၅၄-၂၇၀)

      ဒုတိယအကြိမ်မြို့တည် ဇလွန်မြို့ (၃၅၇-၄၃၈)
 ထိုသာဂရ မြို့ဟောင်းကို မြို့ရိုးမြို့ကာ ထပ်မံပြုပြင်၍ ဟံသာဝတီ ဗညားဦးသည်
ဇလွန်မြို့ဟု အမည်သစ်ဖြင့် ထပ်မံမြို့တည်စေခဲ့ပါတယ်။
ဇလွန်မြို့ မင်းဆက်များ
၁။ ဗညားရံဆက် (၃၅၇-၃၇၃)
၂။ ဗညားတော်ခံ (၃၇၃-၃၉၅)
၃။ ဗညားရံစော (၃၉၅-၄၁၅)
၎။ ဗညားကင်းထော (၄၂၈-၄၃၈)
ထို ဇလွန်မြို့ကိုပဲ ထပ်မံပြုပြင်ပြီး တတိယအကြိမ် မြို့သစ်တည်ဆောက်ခဲ့ပါတယ်။


      တတိယအကြိမ် မြို့တည် ဇလွန်မြို့ (၉၂၄-၁၁၀၅) မင်းဆက်များ
၁။ မြသပိုက် (၉၂၄-၉၂၆)
၂။ ငထွေးညို (၉၂၄-၉၃၀)
၃။ စလင်းမင်း (၉၃၀-၉၃၄)
၎။ သီပေါမင်း (၉၃၄-၉၃၇)
၅။ ရန်ကုန်မင်း (၉၃၇-၉၄၀)
၆။ နန္ဒကောဒေဘရ (၉၄၀-၉၅၅)
၇။ ဥဒိန်ဘရ (၉၅၅-၉၈၅)
၈။ တောင်ကြားမင်း (၉၈၅-၉၉၇)
၉။ စက္ကရောတ (၉၉၇-၉၉၉)
၁၀။ သမန္တရာဇ (၉၉၉-၁၀၀၅)
၁၁။ ရာဇသူ (၁၀၀၅-၁၀၁၉)
၁၂။ ဒုရင်နန္ဒသူ (၁၀၁၉-၁၀၅၃)
၁၃။ ဇေရဘ (၁၀၅၃-၁၀၅၆)
၁၄။ ရာဇသင်္ကြန် (၁၀၅၆-၁၀၅၇)
၁၅။ ပုံကြိုင်စား (၁၀၅၇-၁၀၉၉)
၁၆။ ပဘူ (၁၀၉၉-၁၁၀၂)
၁၇။ ဒုရင်စန္ဒ (၁၁၀၂-၁၁၀၂)
၁၈။ ငနဲလှ (၁၁၀၂-၁၁၀၅)
           ထားဝယ်များက ဥသြအော်သည် ထားဝယ်တည်
ထားဝယ်မြို့ရဲ့အရှေ့ခြမ်းကိုမေးတင်ပြီး တောင်ဖက်ဘုမ္မော်ချောင်းနှင့် မြောက်ဖက်  
မြောင်းပုလဲချောင်းတို့ကို ကျုံးကာရံပြီး ပတ်လည်အကျယ်အ၀န်း တာ (၂၈၄)တာ သူရဲခို (၂၅၈၃) လုံး တံခါး () ပေါက် ဗဟိုလမ်းမ ( ) သွယ် အုတ်မြို့ရိုး မြေအ၀င် () ပေခွဲ မြို့ရိုးအမြင့် () ပေ မြို့ရိုးအလယ်ဗဟိုတွင်ဇိနသိရိဘုရားကုန်းတော်နှင့် တန်ဆောင်းတော်ကြီး  တောင်တံခါးအနီး ဒက္ခိဏရာမတိုက် မြောက်တံခါးဝ မနီးမဝေး၌ သီပေါတိုက်၊ သီပေါတိုက်အနောက် မနီးမဝေးတွင် အနောက်တိုက်အပါဝင် မြို့တော်ကို သာယာဝတီလို့ နာမည်ပေးပြီး သက္ကရာဇ် (၁၁၁၆) မှာ ထားဝယ်မြို့ကို စတုတ္ထအကြိမ် တည်ခဲ့ပါတယ်။ ဒါကို ထားဝယ်များက ဥသြအော်သည် ထားဝယ်တည်လို့ ကဗျာနဲ့မှတ်သားခဲ့ပါတယ်။

စတုတ္ထအကြိမ် သာယာဝတီ ထားဝယ်မြို့တည် (၁၁၁၆-၁၁၈၆) မင်းဆက်များ
၁။ မင်းနဲလှ (၁၁၁၆-၁၁၂၁)
၂။ ရေ၀န်ဒေ၀ဒိဗ္ဗ (၁၁၂၁-၁၁၂၂)
၃။ မင်းရှင်ဇော် (၁၁၂၂-၁၁၂၈)
၎။ မဟာနော်ရထာ (၁၁၂၈-၁၁၂၉)
၅။ ရာဇသူရကျော် (၁၁၂၉-၁၁၃၀)
၆။ နေမျိုးဇေယျသူ (၁၁၃၀-၁၁၃၈)
၇။ နေမျိုးလက်ျာဇေယျ (၁၁၃၈-၁၁၄၄)
၈။ မက္ခရာဗိုလ် (၁၁၄၄-၁၁၄၇)
၉။ ပျံချီသူရ (၁၁၄၇-၁၁၄၈)
၁၀။ ဦးမြတ်ဖြူ (၁၁၄၈-၁၁၄၉)
၁၁။ ကုလားဝန် ( ၁၁၄၉-၁၁၄၉)
၁၂။ ပျံချီသူရ (၁၁၅၀-၁၁၅၁)
၁၃။ ဦးမြတ်ဖြူ (၁၁၅၁-၁၁၅၄)
၁၄။ နတ်မီးလင်း (၁၁၅၄-၁၁၆၀)
၁၅။ မြို့ဝန်ဘဦး (၁၁၆၀-၁၁၆၆)
၁၆။ စစ်ရဲကျော် (၁၁၆၆-၁၁၆၇)
၁၇။ မြို့ဝန်ဘဦး (၁၁၆၇-၁၁၆၉)
၁၈။ ဒိုင်းဝန်မင်း (၁၁၆၉-၁၁၇၃)
၁၉။ နေမျိုးမင်းကျော် (၁၁၇၄-၁၁၇၅)
၂၀။ နေမျိုးနော်ရထာ (၁၁၇၄-၁၁၇၅)
၂၁။ ရွှေတောင်စန္ဒသူ (၁၁၇၅-၁၁၈၃)
၂၂။ မင်းကြီးကျော်စည်သူ (၁၁၈၃-၁၁၈၆)
(ဦးရွှေလုတ် မှတ်တမ်းကို အခြေပြုရေးသည်။ ထားဝယ်ဒေသဖြစ်ရပ်စဉ်များ စာမျက်နှာ ၁၁)

စာဖတ်သူများရဲ့ ထားဝယ်သားစစ်ကြောင်း ထားဝယ်လူမျိုးစစ်ကြောင်းကို သမိုင်းကပြောပြနေပါပြီ။ သက္ကရာဇ် (၁၁၃)ကနေ (၁၁၈၆) ထိ အုပ်ချုပ်မင်းလုပ်ခဲ့တဲ့ ထားဝယ်ဒေသ မင်းစုစုပေါင်းဟာ (၅၁) ပါးရှိခဲ့ပါတယ်။ သမန္တမင်းရဲ့ ခမည်းတော် မဟာနရိန္ဒ မင်းကိုပါ ထည့်မယ်ဆိုရင် (၅၂) ပါး ရှိခဲ့တယ်ဆိုရမှာပေါ့
စာဖတ်သူများရဲ့စိတ်ကို ဝေး၀ါးစေမယ့် အချက်များဟာ ထားဝယ်မင်းများသမိုင်းမှာ ရှိနေတယ်ဆိုတာကို စာရေး သူသိပါတယ်။ ထားဝယ်မင်းဆက်များကို ကြည့်လိုက်ရင်
 မွန် နာမည်များနဲ့တူတယ်လို့ယူဆရတဲ့ နာမည်ပိုင် မင်း များ ပါနေတာကိုတွေ့ရမှာပါ။
တကယ်တော့ နာမည်ဟာ နာမည်ပါပဲ။ မွန်ပိုင် မြန်မာပိုင်ဆိုတာ မရှိလောက်ပါဘူး လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော်လောက်က မွန်နာမည်နဲ့ပေးတယ် မြန်မာနာမည်နဲ့ပေးတယ်ဆိုတာမျိုးလဲရှိမှာ မဟုတ်ပါဘူး။

တစ်ခုတော့ ရှိပါတယ်။ အေဒီ (၁)ရာစုလောက်ကတည်းက သရေခေတ္တရာနဲ့ အပြိုင်စာရေးအတတ်ကိုပါ ကျွမ်းကျင်နေတဲ့ မွန်များကို အတုယူပြီး ထားဝယ်သားများရဲ့နာမည်ကို မွန်နာမည်အတူ ပေးခဲ့မယ်ဆိုရင်တော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ လူရဲ့သဘာဝကို လေ့လာကြည့်မယ်ဆိုရင် ကိုယ်နဲ့နီးစပ်ရာ နာမည်ကြီးသူများကို အတုယူ ကိုယ်သဘောကျသူရဲ့ နာမည်များကို ယူပြီး ကိုယ့်သားသမီးများကို နာမည်ပေးတတ်တာတွေ့ရတတ်ပါတယ်။ စာပေတစ်ခုကို လေ့လာရင်း နာမည်ပေးတာနဲ့ပတ်သက်ပြီး သိရှိရတဲ့အချက်လေးကိုမျှပါရစေဦး။  နာမည်ပေးတဲ့အခါ မိဘကိုရိုသေလေးစားလို့ ပေးတဲ့နာမည်မျိုးလည်းရှိတတ်သလို အဘိုးအဘွားစတဲ့ ရှေးလူကြီးများရဲ့အလုပ်အကိုင်နဲ့ပတ်သက်ပြီး နာမည်ရှေ့မှာ တပ်ရင်း ပေးထားတဲ့နာမည်မျိုးလဲ ရှိပါတယ်။ ပြီးတော့ ကိုယ်အားကျ အတုယူရသူများကို မှီပြီး သားသမီးများကို နာမည်ပေးတာမျိုးလဲရှိပါတယ်။ ဒါကိုတော့ အင်္ဂလိပ်မှာ Stage Names လို့ သုံးတာတွေ့ရပါတယ်။ စာရေးတဲ့အခါ ကိုယ့်နာမည် သူများမသိစေချင်လို့ နာမည်ဝှက် သုံးတာမျိုးလဲရှိသလို ခေါ်ရလွယ်အောင် နာမည်ပြောင်ပေးတာမျိုးလဲ ရှိပါတယ်။ အခုခေတ်မှာဆိုရင် အင်တာနက်သုံးတာနဲ့ သုံးနေကျနာမည်ဆိုပြီးရိုက်ရတာကိုပါ တွေ့ရပါလိမ့်မယ်။ ဒါကြောင့် နာမည်နဲ့ပတ်သက်ပြီး အငြင်းပွားစရာ မရှိလောက်ဘူးလို့ပဲ ယုံကြည်ပါတယ်။

 အေဒီ (၁)ရာစုမှာ ကြီးပွားနေတဲ့ မွန်များရဲ့ သြဇာလွှမ်းမိုးခံရမယ့် အဖြစ်ကိုလဲ စာရေးသူလက်ခံပါတယ်။ အင်အားကြီးသူကို အင်အားနဲသူက အားကျရ မှီခိုရတာ ထုံးစံတစ်ခုပဲ့မို့ လား။ ပြီးတော့ အနော်ရထာမင်းကိုယ်တိုင် အနိရုဒ္ဓလို့ နာမည်ကို ပြောင်းခဲ့သေးတာမို့လား။
ဥသြအော်မည် ကုန်းဘောင်တည်လို့ ကုန်းဘောင်မြို့တည်တာနဲ့ ပတ်သက်ပြီး မှတ်ရလွယ်အောင် ကဗျာလေး စပ်ဆိုထားတာကို စာဖတ်သူတို့ ရဖူးကြမှာပါ။ ကုန်းဘောင်ခေတ်ကို သက္ကရာဇ် (၁၁၁၅) မှာတည်ခဲ့တာကို မှတ် တမ်းပြုထားတဲ့ ကဗျာလေးပါ။ အဲဒီ ကဗျာလေးနဲ့ အသံတူ ကဗျာလေးက ဥသြအော်သည် ထားဝယ်တည်ပါတဲ့။ ကုန်းဘောင်ခေတ်နဲ့ ထားဝယ်မြို့တည်တာ (၁) နှစ်ပဲကွာတာကို ဖေါ်ပြနေတယ်ဆိုတာကိုလဲ စာဖတ်သူ အားလုံးသိကြမှာပါ။ ဒါပေမယ့် စာဖတ်သူများ မသိပဲ အလွယ်တကူလက်ခံလိုက်တဲ့ အဖြစ်လေးတစ်ခုလဲ စာဖတ် သူများကြားမှာ တိုးပွားသွားတယ်ဆိုတာကိုရော သတိထားမိကြပါရဲ့လား။ ဥသြအော်သည် ထားဝယ်တည်ဆိုတဲ့ ကဗျာလေးကို ရတဲ့အချိန်ကစပြီး ထားဝယ်များရဲ့စိတ်ထဲစွဲသွားတာကတော့ ထားဝယ်များပေါ်ပေါက်လာတာဟာ သက္ကရာဇ် (၁၁၁၆) ခုနှစ်ပဲဖြစ်တာမို့ ထားဝယ်လူမျိုးဆိုတာမရှိဘူး ထားဝယ်လူမျိုးဆိုတာ မြန်မာလူမျိုးထဲမှာ ပါတယ်လို့ပါပဲ။ သမိုင်းမရှိခဲ့ဘူး သမိုင်းမသိခဲ့ဘူးဆိုရင်တော့ လက်ခံစရာပါ။ ဒါပေမယ့် ဥသြအော်သည် ထားဝယ်တည် ဆိုတဲ့ကဗျာဟာ ထားဝယ်လူမျိုးရဲ့အစဖြစ်ပေါ်လာတာကို ကိုယ်စားပြုတာမဟုတ်ပဲ ထားဝယ်မြို့ တည်ခုနှစ်ကိုပဲကိုယ်စားပြုတာပါ။ 
 ပြီးတော့သက္ကရာဇ် (၁၁၁၅)ခုနှစ်မှာမင်းပြုပြီးထားဝယ်မြို့ (သာယာဝတီ)ကိုအုပ်ချုပ်ခဲ့တဲ့မင်းနဲလှဆိုတာထားဝယ်လူမျိုးကိုကိုယ်စားပြုတဲ့ 
နောက်ဆုံးမင်းတစ်ပါးဆိုတာကိုလဲစာဖတ်သူများရဲ့ရင်ထဲထည့်ထားသင့်ပါသေးတယ်။

ဘာကြောင့် ဒီလိုပြောတယ်ဆိုတာကို စာဖတ်သူများ အတိအကျသိချင်ပါသလား။ အပေါ်မှာ ဖေါ်ပြခဲ့တဲ့အတိုင်း ထားဝယ်လူမျိုးများရဲ့သမိုင်းကို သက္ကရာဇ် (၁၁၃)မှာ နန်းတည်ခဲ့တဲ့ သမန္တမင်းက စတယ်ဆိုတာကို စာဖတ်သူများမှတ်မိမှာပါ။ ကုန်းဘောင်မင်းနဲ့ ခေတ်ပြိုင် နန်းပိုင်ခဲ့တဲ့ မင်းနဲလှ ဟာ ကုန်းဘောင်မင်းလောက် ဘုန်းမတောက်ခဲ့တာကတော့ အမှန်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အယုဒ္ဓယတို့ ဟံသာဝတီနေပြည်တော်မှာ ထင်ရှားခဲ့တဲ့ ရန်ကုန် (ဒဂုံ)တို့ ကုန်းဘောင်မင်းပိုင်ဖြစ်လာတာကို ထောက်ဆခဲ့မိလို့ပါ။ ဒါကြောင့်လဲ ပဲ ကုန်းဘောင်မင်းဆက်ဖြစ်တဲ့ အလောင်းမင်း ဦးအောင်ဇေယျကို တတိယမြန်မာနိုင်ငံတည် မင်းတစ်ပါးအနေနဲ့ သတ်မှတ်ခဲ့တာပဲ့မို့လား။ အယုဒ္ဓယ ထိတောင်ပိုင်ဆိုင်ခဲ့တဲ့ ကုန်းဘောင်မင်းဟာ သေးငယ်တဲ့ ထားဝယ်ကို ပိုင်မသွားခဲ့ဘူးဆိုရင် မှားတဲ့သမိုင်းပဲဖြစ်မှာပဲ့လေ။
 (အယုဒ္ဓယဆိုတာ ယခုလက်ရှိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ဆို ကားစီးသွားရင် ၃ နာရီလောက် စီးရပါတယ်။ ထိုင်းနိုင်ငံရဲ့ သမိုင်းဝင်မြို့တစ်မြို့ပါ။ အဲဒီမြို့ကို အရင်က မြန်မာဆိုရင် ၀င်ခွင့်မပေးဘူးတဲ့။ မကြာခင်ကာလကမှ ၀င်ခွင့်ပေးတဲ့ မြို့တစ် ဖြစ်ကြောင်းသိရပါတယ်။ ကုန်းဘောင်မင်း တန်ခိုးထွားခဲ့တဲ့ အခြေအနေလေးကို ပြန်သုံးသပ်ကြည့်ဖို့ပါ။)

ကုန်းဘောင်မင်းလက်ထက်မှာ ထားဝယ်မင်းများ ကိုယ့်ထီးကိုယ်နန်း ကိုယ့်ကျငှန်းနဲ့နေဖို့၊ ထားဝယ်လူမျိုးကို ကိုယ်စားပြုတဲ့ ထားဝယ်မင်းတစ်ပါးသီးသန့်ဖြစ်ဖို့ဆိုတာ စိတ်မကူးကောင်းတဲ့အဖြစ်တစ်ခုဆိုရင် စာဖတ်သူများ လက်ခံနိုင်ပါ့မလား။ မင်းသက်(၅)နှစ်ပဲရှည်ခဲ့တဲ့ မင်းနဲလှ (ထားဝယ်လူမျိုးရဲ့နောက်ဆုံးမင်း) အဖြစ်ကို ကြည့်ရင် သိသာလွန်းတယ်ထင်ပါတယ်။ ထားဝယ်လူမျိုးရဲ့နောက်ဆုံးမင်း သက္ကရာဇ်ကိုယူပြီး

ဥသြအော်သည် ထားဝယ်တည်လို့ ထားဝယ်များယူငင်သုံးစွဲနေသရွေ့ ထားဝယ်များဟာ မြန်မာလူမျိုးထဲပါတယ်လို့ ယူဆပြောဟောနေသရွေ့ ထားဝယ်သားများဟာ သမိုင်းမကျေသူ၊ ထားဝယ်လူမျိုးတစ်မျိုးရယ်လို့ ဖြစ်လာအောင် စတင်တည်ထောင်ခဲ့တဲ့ ဆင်ဖြူရှင် မဟာနရိန္ဒမင်း (သမန္တမင်း၏ ခမည်းတော်) နဲ့ ထားဝယ်လူမျိုးများ ရှေးလူကြီးလူကောင်းပါလို့ သိအောင် သက္ကရာဇ်ကို တိကျစွာပြနိုင်အောင် မှတ်တမ်းချန်ခဲ့ပေးတဲ့ သမန္တမင်းကို သစ္စာမစောင့်သိရာရောက်နေဦးမှာပါပဲ။ လူသားနဲ့ သစ္စာဆိုတာ တထပ် တည်းသွားနေတာပဲ့မို့လား။ မြတ်နိုးစရာ နှစ်သက်စရာကောင်းတဲ့ သစ္စာတရားကို လက်ကိုင်ထားပြီး ထားဝယ်လူမျိုးပါလို့ ပြောလိုက်ရင် စာဖတ်သူမှာ သိက္ခာကျစရာများဖြစ်သွားရောလာ။ သိက္ခာကျခဲ့မယ်ဆိုရင်တောင် သစ္စာကိုလက်ကိုင်ပြုပြီး ဂုဏ်ရှိစွာ သိက္ခာအကျခံလိုက်ပါ။

သစ္စာတရားဆိုတာ လူသားကိုဘယ်တော့မှ သစ္စာမဖေါက်တဲ့ တရားတစ်ခုပဲ့ဆိုတာကို စာဖတ်သူသိသွားခဲ့မယ်ဆိုရင်…….။ ခုနှစ်နဲ့ အဖြစ်တွေကိုတွေးကြည့်မိတိုင်း နှစ်ထောင်ပေါင်းမက အချိန်တွေက ကျောင်းသွားရင်း စကားပြောသံ၊ အလှူပေးရင်း သာဓုခေါ်သံ၊ လယ်ထဲသွားရင်း မိတ်ဆွေများ အော်ဟစ်သံ၊ ကျူးကျော်သူများကို တွန်းလှန်းရင်း မာန်တင်းသံ စတဲ့ စတဲ့ အသံများကို ကြားယောင်မိပြန်ပါတယ်။ ကြားမိတိုင်းလဲ သစ္စာသိ မျိုးချစ် ထားဝယ်လူကြီးများရဲ့ သတ္တိနဲ့ မျိုးချစ်စိတ်ကိုမှန်း ကြည့်ရင်း ကြက်သီးပါထမိတယ်။ လူနည်းစုဖြစ်တဲ့ ထားဝယ်လူမျိုးများဟာ (၁၁၃) ခုနှစ်ကတည်းကနေ (၁၁၂၁) နောက်ဆုံးမင်း မင်းနဲလှ ထိ လူမျိုးတစ်မျိုးအဖြစ်ရပ်တည်နိုင်အောင် တွန်းလှန်ရုန်းကန်ခဲ့တဲ့ ထားဝယ်သွေးအစစ်ကိုလဲ အားကျမိရဲ့။ တိုင်းရင်းသား လူမျိုးများ အုပ်စိုးခံရတဲ့အချိန်မှာတောင် ကိုယ့်ယဉ်ကျေးမှု၊ ကိုယ်ဘာသာ၊ ကိုယ်စကား မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်ခဲ့တဲ့ ဇာတိမာန်ကိုလဲ ချီးကျူးမိပါရဲ့။ 
 သစ္စာစောင့်သိခြင်း၊ ကိုယ့်ယဉ်ကျေးမှုကို မြတ်နိုးခြင်း၊ ကိုယ့်စကားကို ထိန်းသိမ်းနိုင်ခြင်း စတဲ့ဂုဏ်များဟာထားဝယ်လူမျိုးများရဲ့သင်္ကေတတစ်ခုပဲဆိုရင်စာဖတ်သူများငြင်းလေးမလားပဲ။

သမိုင်းဆိုတာ လူမျိုးတစ်မျိုးရဲ့ အသက်သွေးကြောပဲ့မို့ ကိုယ့်အသက်နဲ့ သွေးကြောကို မစတေးမိဖို့နဲ့ မဖေါက်မိဖို့ တကယ်အရေးကြီး တယ်ဆိုတာ စာဖတ်သူနဲ့
 (ထားဝယ်သူ ထားဝယ်သားအားလုံးကိုဆိုလို) နောင်မျိုးဆက်သစ်များကို အသိပေးချင်ပါတယ်။ ရှေးထားဝယ်လူကြီးများ သစ္စာစောင့်ရင်း အမျိုးဂုဏ်ကို စောင့်ထိန်းခဲ့တာမို့ အခုထားဝယ်များ ရှေး ဟောင်းစကားကို သီးသန့်သင်စရာမလိုပဲ အလိုလိုတတ်နေတာကို ဂုဏ်ယူလိုက်ပါ။ ပြီးတော့ နောက်လာမယ့် မျိုးဆက်သစ် များကလဲ စာဖတ်သူများကိုအတုယူရင်း သမိုင်းဆက်ထိန်းသူများဖြစ်အောင် အသိပေးခဲ့ဖို့ဟာ စာဖတ်သူများရဲ့ တာဝန်တစ်ခုပေမို့ တာဝန်သိလို့ တာဝန်ကျေသူများဖြစ်စေချင်ပါတယ်။ နောက်မျိုးဆက်သစ်များ ထားဝယ်သမိုင်းကိုဖတ်ပြီး စာဖတ်သူများဟာ သူတို့ရဲ့အတုယူစရာ ဂုဏ်ယူစရာ ရှေးလူကြီးများအဖြစ်ခံယူ ထိုက်အောင်ကြိုးစားစေချင်ပါတယ်။
သမိုင်းပေးတာဝန်ကျေသူများဖြစ်ပါစေ။
စာရေးသူ – ဦးဉာဏ၀ရ (၂၈၊ ၀၉၊ ၂၀၁၂)
 http://www.tavoyanvoice.com/?p=972 မှတိုက်ရိုက်ကူးယူဖော်ပြသည်။
                 ဆရာတော်အားကျေးဇူးတင်စွာ အကြိမ်ကြိမ်ဦးခိုက်ပါသည်ဘုရား
                                           လွင့်မောင်မောင်(ထားဝယ်)

လူမျိုးစကားနဲ့ စာပေ (သို့မဟုတ်) သမိုင်းကို ပြန်လည်ခံစားခြင်း အပိုင်း (၁)

Written By လွင့်မောင်မောင် on Monday, June 3, 2013 | 10:28 PM

ထားဝယ်မှာသမိုင်းရှိတယ်။
သာဂရမြို့ဟောင်း
စာရေးသူ – ဦးဉာဏ၀ရ 
မြန်မာနိုင်ငံမှာ လူမျိုး  (၁၃၅) မျိုးရှိကြောင်း မှတ်သားရပါတယ်။ စာရေးသူအနေနဲ့ အမှန်အတိုင်းဝန်ခံရမယ်ဆိုရင်တော့ (၁၃၅) မျိုးလုံးကို ရေပြပါဆိုရင် မရေတတ်ဘူးလို့ပဲပြောရမှာပါ။ ဒါပေမယ့် လူမျိုးကြီးအုပ်စုကိုတော့ မြန်မာ၊ ကရင်၊ ကယား မွန်၊ ချင်း၊ ရခိုင် စသည်ဖြင့် ငယ်ငယ်က ကြားဖူးထားတာမို့ ရေးတတ်နေပါတယ်။ ဒါဆို ထားဝယ်ဆိုတဲ့ လူမျိုးကိုရော ဘယ်အုပ်စုထဲထည့်ရမှာပါလိမ့်? မေးသင့်တဲ့မေးခွန်းလေးပါပဲ။ များသောအားဖြင့် ထားဝယ်အတော်များများဟာ ထားဝယ်လူမျိုးဆိုတာ မြန်မာထဲမှာပါတာပေါ့လို့ ပြောမှာကို ကြားယောင်နေပါသေးတယ်။ စာရေးသူကိုယ်တိုင် ငယ်ငယ်က ထင်ခဲ့ဖူးတဲ့ အထင်မျိုးပါပဲ။ ဒါကလဲ အမှားများလို့ အမှန်ထင်ခဲ့တဲ့ အထင်တစ်ခုပါ။

“ထားဝယ်လူမျိုးများသည် ရှေးကျသော တိုင်းရင်းသားတစ်မျိုးဖြစ်သည်၊ ရှေးပဝေသဏီကပင် တိုင်းပြည် မြို့ပြ ထီးနန်းနှင့်တကွ ထားဝယ်စကားပြောသည့် ထားဝယ်လူမျိုးဟူ၍ ရှိနေသည့်အဖြစ်ကြောင့် ထားဝယ်စကားဟု တစ်ဘာသာ မြန်မာစကားနှင့် လုံးလုံးကွဲ၍လည်းကောင်း စကားတူအသံဝဲ၍လည်းကောင်း ယနေ့တိုင်ပြောနေကြသည်” ဟု
၁၉၇၁ ခုနှစ်ထုတ် မြန်မာ့စွယ်စုံကျမ်း အတွဲ (၅) စာမျက်နှာ(၂၀၂) ဖေါ်ပြချက်ကို သိရတော့မှ ထားဝယ်လူမျိုးများဟာ မြန်မာအုပ်စုထဲမှာ မပါတဲ့ ထားဝယ်တိုင်းရင်းသား
စစ်စစ်ဖြစ်တယ်ဆိုတာကို သိရပါတော့တယ်။

အရင်က အမှားကို အမှန်ထင်ခဲ့တဲ့အရာဟာ မြန်မာ့စွယ်စုံကျမ်းကြောင့် ပျက်ပျယ်သွားပြီဆိုရင်လဲ မှန်မယ်ထင်ပါတယ်။ အမှားကိုပယ် အမှန်ကိုတကယ်သိခွင့် ရလိုက်တဲ့အတွက် ရင်မှာဖြစ်ပွားရတဲ့ ပီတိကတော့ အတိုင်းအဆမဲ့ပါပဲ။ သူများအပြောနဲ့ အမှောင်ကျခဲ့တဲ့ အသိကို အခုတော့ အလင်းနဲ့ဖွင့်ခွင့်ရလိုက်လို့ ၀မ်းသာလို့ မဆုံးခဲ့ဘူးဆိုရင်ကော မှားမယ်တဲ့လား။ ဒါဆိုရင် ထားဝယ်လူမျိုးဆိုတာ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတစ်မျိုးအဖြစ် နှစ်ပေါင်းများစွာ တည်ရှိခဲ့တယ်ဆိုတာ လုံးဝသေချာနေပြီပေါ့။ အမေရိက ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားလေးကလဲ တအားတက်စေပါတယ်။ ပြောတာလေးက ဒီလိုပါ။

 မြန်မာနိုင်ငံဟာလူမျိုးစုံတိုင်းရင်းသားတွေနဲ့တည်ထောင်ထားတဲ့
 ပြည်ထောင်စုကြီးတစ်ခုဖြစ်ပါကြောင်း၊
 မြန်မာကတော့ အုပ်စုကြီးတဲ့ တိုင်းရင်းသားတစ်မျိုးပင်ဖြစ်ကြောင်း ပြောခဲ့တာပါ။
ဒါဟာလဲ မသိပဲ ရမ်းပြောတဲ့ စကားမဟုတ်လောက်ဘူးဆိုတာကိုလဲ ယုံကြည်နေပါတယ်။ ယုံကြည်မှုတွေပိုမို ခိုင်မာလာအောင် သမိုင်းလေးကို တချက်လောက်ငဲ့ကြည့်စေချင်ပါတယ်။

 ပေါ့လို့ လျော့ခဲ့ရသလို ပေါ့လို့ ပျက်ခဲ့ရတဲ့အဖြစ်တွေဟာလဲ မြန်မာသမိုင်းမှာ အထင်အရှားရှိနေပါတယ်။ မြန်မာအရင်ပေါ်ခဲ့တဲ့ ပျူနဲ့ သရေခေတ္တရာ အကြောင်းလေ့လာရင် သိသွားရမဲ့အဖြစ်ပါ။ စာရေးသူအနေနဲ့ ရဲရဲကြီးပြောနိုင်တာကတစ်ခုတော့ ရှိပါတယ်။ ဒါက မြန်မာနိုင်ငံမှာ တည်ရှိနေတဲ့ လူမျိုးတွေထဲမှာ ထားဝယ်လူမျိုး ထားဝယ်တိုင်းရင်းသားဆိုတာ အရင်ကလဲရှိခဲ့ကြောင်း အခုလဲရှိနေဆဲဖြစ်ကြောင်းပါပဲ။ မြန်မာထဲမှာ ပါဝင်တဲ့ လူမျိုးတစ်မျိုးမဟုတ်ဘူးဆိုတာကိုလဲ သေသေချာချာကြီးသိနေပါတယ်။

စာဖတ်သူများရော ဘယ်လိုထင်ပါသလဲ? လေ့လာကြည့်ပါ။

 ပြောတဲ့အတိုင်း ယုံကြည်ရမယ်လို့ မဆိုလိုပါဘူး။

 ခေတ်မီတဲ့ ကာလမှာ မွေးဖွားလာသူများဟာ ပြောစကားကို အရမ်းယုံရမဲ့အခြေအနေ မရှိတော့ပါဘူး။ သိအောင်လုပ်ဖို့နဲ့ အမှန်ကို ရဲရဲယူတတ်ဖို့ပဲရှိပါတယ်။ ဘာဖြစ်လို့ ထားဝယ်လူမျိုးများဟာ လူမျိုးတစ်မျိုး တိုင်းရင်းသားတစ်မျိုးအဖြစ် တည်ရှိနေတယ်ဆိုတာကို ပြောရဲတယ်ထင်ပါသလဲ?

စာဖတ်သူများသာ ထားဝယ်စစ်စစ်ဆိုရင် သာဂရမြို့ဟောင်း (ယခု မြို့ဟောင်းရွာ) ကို ရောက်ဖူးသင့်တယ်ထင်ပါတယ်။ ပြီးတော့ သာဂရမြို့ဟောင်းမှာ ရှင်ဇလွန် စေတီတစ်ဆူရှိတယ်ဆိုတာကိုပါ ကြားဖူးကြမှာပါ။  

စေတီ တော်ရဲ့ခေါင်းလောင်းပုံပတ်လည်မှာ အင်္ဂတေနဲ့ပုံဖေါ်ထားတဲ့ သီရိဝစ္ဆ အမှတ်အသားများကို သတိထားဖူးပါသလား? အဲဒီအမှတ်အသားများဟာ အိန္ဒိယနိုင်ငံမှာ ထွန်းကားခဲ့တဲ့ ဗြဟ္မဏ၀ါဒ၊ ဗုဒ္ဓ၀ါဒ၊ ဇိန (ဂျိန်း)၀ါဒတို့တွင် အထွတ်အမြတ် ထားသော ဘာသာရေးဆိုင်ရာ အမှတ်အသားတစ်ခုပဲ ဖြစ်ပါတယ်။ ရှေးကျတဲ့အမှတ်အသားနဲ့ တည်ငြိမ်စွာ ရပ်ပြီး အေးချမ်းတဲ့အရိပ် နူးညံ့တဲ့အသိများကို ပေးနေတဲ့ ရှင်ဇလွန်စေတီကို အေဒီ (၇၈၈) မှာ တည်ထားခဲ့တယ်ဆိုတဲ့ သက်သေတစ်ခုက ထားဝယ်လူမျိုးများ ကိုယ်ပိုင်ယဉ်ကျေးမှုကို ပိုင်ဆိုင်ပြီး ဗုဒ္ဓဘာသာကိုစောစွာ ကိုးကွယ်ခဲ့တယ်ဆိုတာကိုပါ ပြောပြလျက်ရှိပါတယ်။ ဒါ့တင်ပဲ့လား။ အေဒီ () ရာစုမှ အထိမ်းအမှတ်များကို ထိန်းသိမ်းထားပါတယ်ဆိုတဲ့ ကော့ဂွန်းဂူတွင် လှူဒါန်းထားတဲ့ မြေပုံဘုရားတွင်ပါရှိတဲ့ ဒါယကာ ဒါယိကာမများ အမည်၌ ယိခီ ထ၀ယ်စားသံဗျင်နှင့် ထားဝယ်မြို့စားလို့ မှတ်တမ်းတင်ထားတာကိုက ထားဝယ်လူမျိုးများ မြန်မာနိုင်ငံ၌ စောစွာခြေချခဲ့သူများဆိုတာကိုပါ ထပ်ဆင့်အသိပေးလျက်ရှိပါတယ်။ စာဖတ်သူများ လက်ခံဖို့ခက်ခဲနေတုန်းပဲ့လား။ ဆက်လက်ဖတ်ရှုပါဦး။ ထန်မင်းဆက် သမိုင်းတွင်းပါရှိတဲ့ အေဒီ (၇၅၆) နှောင်းပိုင်း၏ ပျူခေတ် ကာလအခြေအနေကို ဖေါ်ပြတဲ့နေရာမှာ ဒီလိုလေးပြောပြထားပါသေးတယ်။ ထော်ဝမ်၏ ရှေးဟောင်းအသံ ထွက်သည် Da-Van နှင့် နီးစပ်ပါသည်။ ထိုနေရာသည် ဒွါရာဝတီနှင့် ဆက်စပ်သည် ဟုဆိုထား၍ ဒ၀ယ် (ထားဝယ်) ဟုဆိုလျင် သင့်မည်ထင်ပါသည်။ စွေမင်းဆက်သမိုင်းကလည်းကောင်း ထန်မင်ဆက်သမိုင်းကလည်းကောင်း ခမာသည် စမ္ပါနှင့် ထော်ဟွမ် (ထားဝယ်) တို့နှင့် အကြိမ်ပေါင်းများစွာ စစ်ဆင်ခဲ့သည် ဆိုသည်ဟု ပါရှိခဲ့သည်။
 နောက်တစ်နေရာတွင် အနိရုဒ္ဓနှင့် မင်းအဆက်ဆက်တို့ အနီးအပါးကိုချဲ့ထွင်သိမ်းသွင်းသည့်အခါမှ ပေါ်ပေါက်ရာအကျယ်အ၀န်းကား  
မြောက်  ကောင်စင်မှ တောင်တလိုင်သရေနှင့် ထ၀ဲ အထိဖြစ်သည်ဟု ဖေါ်ပြထားခြင်းပင်။ ဒီသမိုင်းမှတ်တမ်းများဟာ မြန်မာ့မြေပေါ်မှာ လူမျိုးတစ်မျိုးဖြစ်ရပ်တည်ခဲ့ရုံမက ကိုယ်ပိုင်စကားနဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုကိုပါ ထိန်းသိမ်းထားနိုင်သူတို့အဖြစ် ဖေါ်ပြလျက်ရှိပါတယ်။ 
 ဒါကြောင့် မြန်မာနဲ့မတူ ထားဝယ်လူမျိုးများ တကယ်ရှိခဲ့တယ်ဆိုတာကို ပြောရဲခဲ့တာပါ။ ထားဝယ်လူမျိုးများကရော ကျနော်တို့ဟာ ရှေး ကျလွန်းမက ရှေးကျတဲ့ ရှေးဟောင်းစကားများကို သမိုင်းစဉ်လာမပျက်ပြောနေတဲ့ ထားဝယ်သားများပါဗျာလို့ ပြော ရဲတဲ့သတ္တိ မရှိကြဘူးလား။ ထားဝယ်လူမျိုးပါလို့ရော လူရှေ့မှာ ပြောရမှာ ရှက်ကြောက်နေတုန်းပဲ့လား။ သမိုင်းမရှိလို့ ရှက်ကြောက်နေတယ်ဆိုရင် လက်ခံနိုင်ပေမယ့် သမိုင်းအတိအကျရှိလျက်နဲ့ ရှက်နေတယ် ကြောက်နေတယ်ဆိုရင်တော့ စာဖတ်သူဟာ ထားဝယ်စကားပြောတဲ့ ထားဝယ်သားတော့ မဟုတ်လောက်ပါဘူး။ မြန်မာစကားပြောတဲ့ မြန်မာများပဲဖြစ်မှာပါ။ ကိုယ်ပိုင်ယဉ်ကျေးမှု ကိုယ်ပိုင်စကားကို တန်ဖိုးမထားသူရယ်လို့ ရှိမယ်မ ထင်ပါဘူးလေ။ သမိုင်းအခိုင်အမာရှိနေတဲ့ လူမျိုးတစ်မျိုးဖြစ်နေတာမို့ ထားဝယ်သားပါလို့ ထားဝယ်စကားနဲ့ ရဲရဲကြီးပြောပြလိုက်ပါ။ အထင်သေးစကားနဲ့ ပြောလာခဲ့မယ်ဆိုရင်လဲ ပြောသူကို သမိုင်းမသိသူတစ်ယောက်အဖြစ် စာနာစွာနဲ့ နားလည်ပေးလိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ စာဖတ်သူကိုယ်တိုင် ရှေးဟောင်းလူကြီး ဖြစ်နေလို့ပါပဲ။ လူကြီးဖြစ်ရင် လူကြီးလူကောင်းပီသဖို့ လိုအပ်လို့ပါ။
လူမျိုးရယ်လို့ဖြစ်လာပြီဆိုရင် စကားဟာ အဓိကအခန်းကဏ္ဍမှာရှိနေတယ်ပြောရင် စာဖတ်သူများလက်ခံနိုင်ပါ့မလား? စကားမရှိပဲ လူမျိုးဖြစ်လာတဲ့လူဆိုတာ ကမ္ဘာမှာရှိနိုင်ပါ့မလား။ ခေတ်နဲ့အညီမွေးဖွားပြီး ပြေးလွှားနေတဲ့ လူသားများအတွက် လေ့လာဖို့ အခွင့်အရေးအများကြီးရှိတယ်ဆိုတာ မမေ့ပါနဲ့။ ထားဝယ်လူမျိုးများဟာ မြန်မာတိုင်းရင်းသားတွေ မသုံးတဲ့ အသုံးအနှုံး မပြောတဲ့စကားလုံးကို ရှေးခေတ်မှသည် အခုထိ ပြောနေတယ်ဆိုတကို ထားဝယ်သားတစ်ယောက်ဖြစ်တဲ့ စာရေးသူကောင်းကောင်းကြီးသိပါတယ်။ လေ့လာလို့သိရတာပါ။ စကားတစ်ချို့တူရုံနဲ့ လူမျိုးတူသွားရတဲ့အဖြစ်ဆိုတာ မရှိလောက်ပါဘူး။ အဲလိုသာဖြစ်သွားခဲ့မယ်ဆိုရင် မြန်မာတစ်မျိုးလုံး အင်္ဂလိပ်လူမျိုးဖြစ်သွားမှာ အသေအချာပါပဲ။ စာဖတ်သူ မျက်စိလည်သွားပါသလား? တစ်ချက်လောက် အာရုံစိုက်ပြီးဖတ်ကြည့်ပါဦး။
မြန်မာလူမျိုးများပြောနေတဲ့စကားထဲမှာ ကွန်ပျူတာ၊ ဖုန်း၊ ကား၊ ဆိုင်ကယ် စတဲ့ စကားတွေပါနေပါတယ်။ ဒါဟာ ကိုယ့်စကားမှာမရှိတဲ့ စကားတစ်ခုကို အလွယ်တကူမွေးစားတဲ့ သဘောတစ်ခုပါပဲ။ ဘာသဘောမှမဟုတ်ပါဘူး။ ဆိုပါစို့။ ကွန်ပျူတာ ဆိုတဲ့အင်္ဂလိပ်စကားကို မွေးစားတာမျိုးမလုပ်ပဲ မြန်မာလိုနဲ့ တိုက်ရိုက်ဘာသာပြန်ကြည့်ပါ။ အတော်ခက်တာကို စာဖတ်သူများတွေ့ရပါလိမ့်မယ်။ မွေးစားပြီးပြောရုံနဲ့ အဲဒီ လူမျိုးဖြစ်သွားတယ် လူမျိုးထဲမှာ ပါတယ်ပြောရင် စာဖတ်သူအပါအ၀င် ဘယ်သူမှလက်ခံမှာမဟုတ်ပါဘူး။ ဒါပေမယ့် သမိုင်းကိုမလေ့လာတဲ့ ထားဝယ်များကတော့ တစ်မျိုးတွေးတာကို ၀မ်းနည်းစွာတွေ့ရပါတယ်။ ထားဝယ်လူမျိုးဆိုတာ မြန်မာစကားကို အသံမပီပဲပြောတဲ့ လူတွေမို့ မြန်မာထဲမှာပါတယ်ဆိုတဲ့အတွေးကို ဘိုးဘွားလက်ထက်ကတဲကယူလာတာမို့ မျိုးဆက်သစ်လူသားများဟာလဲ အလွယ်တကူပဲ လက်ခံသွားပါတော့တယ်။ တစ်ချက်လောက် လေ့လာကြည့်ပါ ထားဝယ်တို့။

ကိုယ်ပိုင်စကားကို အရင်သုံးခဲ့သူများဟာ ဘယ်သူတွေလဲဆို တာကိုပါ။ ၁၉၆၀၊ ၁၉၆၁ ခု တက္ကသိုလ်နှစ်ပတ်လည် မဂ္ဂဇင်းမှာ ဖေါ်ပြချက်လေးကို ဖတ်ကြည့်လိုက်ပါဦး။
 မြန်မာနိုင်ငံတွင် ပထမဆုံးမြို့ပြ ထီးနန်းများ တည်ထောင်ခဲ့ကြသော ပျူများ၏ ယဉ်ကျေးမှုအဆင့်အတန်းကို ဒီလိုဖေါ်ပြထားပါတယ်။  
ဘာသာစကားအနေဖြင့် တိဗက်-မြန်မာ (Tibeto-Burma) စကားဖြစ်ကြောင်း ရဲရဲ ပြောနိုင်သည်၊ မြန်မာနှင့် အမျိုးနီးစပ်ဟန်ရှိသည်။ တစ်သံလျှင် သဘောအဓိပ္ပါယ်တစ်မျိုးတည်းဟူသော ဘာသာစကားဖြစ်၍ ၀ဏ္ဏသံပိတ်ကိုပင် အတွဲမခံချေ၊ အသံနိမ့်မြင့်ထင်ရှား၍ စာရေးသားရာ၌ အသံအလေးအပေါ့ညွှန်းရန် (၀ိသဇ္ဇနီ)များကို သုံးသည်။ အထူးသဖြင့် သင်္သကရိုက်သက် အမျိုးခြားစကားလုံးများကို ယူငင်သုံးစွဲကြောင်း သိရသည် ထိုအခါ မြန်မာ့စွယ်စုံကျမ်းအတွဲ ()တွင် ဖေါ်ပြသော ထားဝယ်လူမျိုးသည် တိဗက်-မြန်မာအစုမှ မြန်မာလူမျိုးအစုဝင်ဖြစ်သည် ဟူသောဖေါ်ပြချက်နှင့် ဆရာမောင်လေးတင့်၏စာတမ်းပါ (ယနေ့ မြန်မာစကား စာအရေးသားတို့တွင် လုံးဝမရှိသော ()ဆွဲသံများ (အော)သရနောက် သတ်သံများသည်များသည် ထားဝယ်စကား၌ ယနေ့တိုင်သုံးစွဲနေဆဲဖြစ်ပြီး ထိုအသံ စာလုံးပေါင်းများသည် မြန်မာထက်စော၍ ပေါ်ခဲ့သည်ဟု ပညာရှင်များခန့်မှန်းအဆိုပြုထားသည့် ပျူစာတွင် ရှိနေခြင်း (မြစေတီကျောက်စာ လေးဘာသာ၊ နိုင်ငံတော်ပြတိုက်၊ ယဉ်ကျေးမှုဗိမာန်၊ ၁၉၅၄) ဟူသောဖေါ်ပြချက်ဟာ ထားဝယ်လူမျိုးများ မြန်မာနိုင်ငံမှာ ဘယ်လောက် စောစောပေါ်ခဲ့တယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ် 
 စာဖတ်သူများ သိသာအောင် (လ)ဆွဲသံ (အော)သရနောက် နသတ်သံနဲ့ သုံးစွဲနေတဲ့ ထားဝယ်စကားများအကြောင်းကို တင်ပြပါရစေဦး။

ထားဝယ်စကားထဲမှာ မြန်မာနိုင်ငံသားအားလုံးမသုံးနိုင်တဲ့စကားဖြစ်တဲ့
 ပ္လပ် (ညာတာ၊ လိမ်တာ)။  ပ္လီး (ပိန်း)။  ပ္လေါန်း (ပြောင်း)။  ပ္လေး (ပြေး) ။ က္လောန်း (ကျောင်း)
 က္လီး (ကျီးကန်း)။ စတဲ့စကားများပါပဲ။

ဒီလို စကားမျိုးနဲ့ အသံကို မြန်မာနိုင်ငံသားအားလုံး ထားဝယ်သူ ထားဝယ်သားမှလွဲရင် ဘယ်သူမှ မပြောနိုင်ဘူးဆိုတာ ရဲရဲကြီးပြောရဲပါတယ်။

 ပြီးတော့ (အော)သရနောက် န သတ်အသံများကတော့.....
 ကောန်း (ကောင်းတယ်)။  အောန်း (မျက်စိစွေ)။
 တောန်း (တောင်းသည်) ။
 ဆောန်း (ဆောင်းထားသည်)။ စတဲ့စကားလုံးများကိုပါ ကိုယ်ပိုင်အသံအနေနဲ့ သုံးစွဲနေတာပါ။ ဒါ့တင်ပဲလားဆိုတော့ မြန်မာစကားနဲ့ လုံးဝကွဲလွဲတဲ့ စကားလုံးများကိုပါပြောဆိုနေတဲ့ လူမျိုး တစ်မျိုးဖြစ်တယ်ဆိုတာကိုပါ ယုံထားပါ။ စာဖတ်သူများ အခုရေးပြလိုက်တဲ့စကားများကိုတွေ့ရင် သိသွားပါလိမ့်မယ်။
 ဖောတ်သန်းခ္လေးချောတ် (ပုတ်သင်ညို)
ရှိးဂိုသီး (သဘောင်္သီး) စတဲ့စကားတွေပါ။ ဘာသာဗေဒအနေနဲ့ သေသေချာချာ လေ့လာချင်တယ်ဆိုရင် တောနယ်များကိုသွားပြီး
 လေ့လာသင့်ပါတယ်။ ထားဝယ်များ ရှေးကျလွန်းတဲ့စကားကို မြတ်မြတ်နိုးနိုးအခုထိ သုံးစွဲနေတယ်ဆိုတာကို အံ့သြစွာတွေ့ရပါလိမ့်မယ်။ ရှေးကျတဲ့စကားပြောရလို့ ရှက်နေတာလား။ ရှက်စရာလို့ ထင်ရင် အမျိုးကို သစ္စာဖေါက်ရာရောက်တယ်ဆိုတာကိုရော စာဖတ်သူများသိပါရဲ့လား။ သစ္စာဖေါက်သူအတွက် တန်ပြန်အကျိုးအနေနဲ့ ရောက်လာမှာကတော့ ဘယ်သူမှ လူရာသွင်းမှာမဟုတ်သလို လူမျိုးများကြားမှာလဲ မျက်နှာသာပေးခံရမှာ မဟုတ်ပါဘူး။ ထားဝယ်လူမျိုးဆိုတာ အေဒီ (၈)ရာစုလောက်ကတည်းက ရှေးစကားကိုပြောပြီး အမျိုးကိုစောင့်ရှောက်ခဲ့သူအဖြစ် ရှေးကျလွန်းတဲ့စကားကို အခုထိပြောရင်း လူမျိုးနဲ့ သိက္ခာကို စောင့်ထိန်းထားဆဲပါ။
သမိုင်းကို ကျောခိုင်းချင်တဲ့ အသိမဲ့ ခေတ်ပေါ်လူငယ်များကြောင့် ရှေးစကားကို နှစ်ထောင်နဲ့ချီပြီး ထိန်းသိမ်းခဲ့တဲ့ ရှေးထားဝယ်လူမျိုးများကို သစ္စာဖေါက်ရာ ရောက်မနေဘူးလား။ 
 ရှေးရှေးက ကိုယ့်စကား ကိုယ့်ယဉ်ကျေးမှုကို ထိန်းသိမ်းရင်း ကိုယ့်နေရာဒေသကိုကာကွယ်ခဲ့တဲ့ ရှေးထားဝယ်ကြီးများကို ကျေးဇူးအထပ်ထပ် တင်နေမိတယ်။ တွေးရင်းနဲ့ မျက်ရည်ဝဲမိတယ်။ လူအနည်းစုဖြစ်ပေမယ့် ကိုယ်ပိုင်စကားနဲ့ ကိုယ့်လူမျိုးကို နှစ်များစွာ ထိန်းထားနိုင်ခဲ့တဲ့ အစွမ်းနဲ့ သတ္တိကိုလဲ ချီးကျူးမိပါရဲ့။

ထားဝယ်ဟာ မြန်မာလူမျိုးထဲမှာပါတယ်လို့ သမိုင်းကို ကျောခိုင်းတဲ့ လူတွေကြောင့် ရှေးထားဝယ်လူကြီးများကို မျက်နှာပူမိပါရဲ့။ 

သမိုင်းကို သေသေချာချာလေ့လာရင် ကိုယ့်အဆင့်အတန်း ကိုယ့်အခြေအနေ ဘယ်လိုရှိခဲ့တယ် ဘယ်လိုဆက်ထိန်းသွားရမယ်ဆိုတာကိုပါ သိသွားပါ လိမ့်မယ်။ သမိုင်းစာအုပ် ဘယ်မှာလဲ အဲဒီသမိုင်းကရော မှန်မှာတဲ့လား စတဲ့သံသယမေးခွန်းများနဲ့ ဒီစာကိုဖတ် ခဲ့မယ်ဆိုရင်……………..ပြောလိုက်ပါရစေဦး… ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ဦးသန့်အကြောင်းကို တရားဝင် ထုတ်ခွင့်ရခဲ့တာတောင် အမှန်တွေဘယ်လောက်ပါပါ သလဲ။ စာဖတ်သူများလေ့လာကြည့်ရင် သိမှာပါ။ ဒါဆို ထားဝယ်သမိုင်းကိုရော ထုတ်ခွင့်ရခဲ့မယ်ဆိုရင် အမှန်ဘယ်လောက် ပါမယ်ထင်ပါသလဲ။ သိမ်းထားတဲ့စာအုပ်ကို ချကိုက်လို့ ဟေတုပစ္စယောမှ ဟေတပစ္စယောပြောင်းသွားတာကို ဟေတုများဖြစ်နိုင်ကောင်းပါရဲ့
လို့ပြင်ခွင့်ရပေမယ့် ဆင်ဆာထိထားတဲ့ စာအုပ်မှာပါတဲ့ စာကြောင်းများကို ဘယ်လိုများပြင်ခွင့်ရမှာတဲ့လဲ။ ပြင်ခွင့်မရမဲ့အတူတူ တရားဝင် မထုတ်တာဟာ ပိုကောင်းမယ်လို့ တွေးမိတဲ့ သမိုင်းပညာရှင်များ လက်ရေးနဲ့ရေးထားတဲ့ သမိုင်းစာအုပ်ကို စာဖတ်သူများ ဖတ်ခွင့်မရတာနဲ့ သမိုင်းမရှိတော့ဘူးလို့ ယူဆတော့မှာလား။ သမိုင်းစာအုပ်မရှိခဲ့ဘူးဆိုရင်တောင် ဖြစ်ပျက်ခဲ့တဲ့နေရာမှာ သမိုင်းကိုပြောပြနေတဲ့ သက်သေတွေ လူမျိုးများပြောနေတဲ့ စကားက သမိုင်းကိုပြောပြနေတယ်ဆိုတဲ့ သက်သေတွေကိုရော မေ့ထားလိုက်တော့မှာလား။ စာအုပ်ကိုပဲ သမိုင်းလို့ယူဆရမှာလား? သို့မဟုတ် နေရာဒေသမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့အရာများ၊ တင်ခဲ့တဲ့မှတ်တမ်း သက်သေများကိုပဲ သမိုင်းလို့ ယူဆရမှာလား? လူမျိုးတစ်မျိုးရဲ့ သမိုင်းကိုလေ့လာမယ်ဆိုရင် တည်ရှိနေတဲ့လူမျိုးတို့ရဲ့နေရာနဲ့ ပြောနေတဲ့ စကားများကိုလေ့လာတာဟာ သမိုင်းကို ပိုမိုတိကျစေမယ်လို့ယုံကြည်ပါတယ်။
လူမျိုးတစ်မျိုးလို့ သတ်မှတ်ခံရဖို့ ဆိုရင်
၁။ ကိုယ်ပိုင်ဘာသာစကား
၂။ ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့
၃။ ကိုယ်ပိုင်စာပေရှိရမယ်လို့ မှတ်သားခဲ့ဖူးပါတယ်။
တကယ်ရော ဒီမူတွေဟာ လူမျိုးတစ်မျိုးကို သတ်မှတ်တဲ့နေရာမှာ တိကျတဲ့စံတစ်ခုဖြစ်ရဲ့လား? ဒါပေမယ့် လူမျိုးမရှိပေမယ့် စာပေရှိနေတဲ့အဖြစ်တွေကိုရော စာဖတ်သူများ ဘာမှတ်ချက်တွေပေးချင်ပါသလဲ။ ဆိုပါစို့ ပါဠိ ဆိုတဲ့စာပေနဲ့ လက်တင်စာပေတို့ဟာ လူမျိုးရယ်လို့မရှိပါဘူး။ စာပေကတော့ အခုထိရှင်သန်နေဆဲပါပဲ။

 ပြီးတော့စာပေနဲ့လူမျိုးပါရှိခဲ့တဲ့ပျူများ မြန်မာ့မြေပေါ်က ပျောက်သွားရတဲ့အဖြစ်ကိုရောမှတ်ချက်
မပေး နိုင်တော့ဘူးလား
(မွန်၊ မြန်မာ၊ ပါဠိ၊ ပျူနဲ့ရေးခဲ့တဲ့ မြစေတီကျောက်စာကို ကိုးကား)။
တကယ်တော့ မူဆိုတာ ယူသင့်မှ ယူရတယ်ဆိုတာကို အထက်ကအဖြစ်အပျက်တွေက သက်သေပြနေပါတယ်။

ထားဝယ်စကားကို ပထမဆုံးလေ့လာသုတေသနပြု မှတ်တမ်းတင်ပေးခဲ့တဲ့ ဘာသာဗေဒပညာရှင် ဆရာကြီး ဦးဖေမောင်တင် အဆိုအမိန့်က ထားဝယ်လူမျိုးနဲ့ ထားဝယ်စကားများ ယဉ်ကျေးမှုနဲ့ပြည့်စုံနေတယ်ဆိုတာကို ညွှန်းဆိုနေပြန်ရော။ အဆိုအမိန့်က ဒီလိုပါ။
ရှေးဟောင်း ပုဂံကျောက်စာများနှင့် ပြိုင်သော ထားဝယ်စကားသည် တိုးတက်လျက်ရှိသော ယခု မြန်မာစကားထက် နှစ်ပေါင်း (၈၀၀) ခန့်စော၍ ယဉ်ကျေးမှုသက်သေခံလျက်ရှိသည်။ ထို့ကြောင့် ကျွန်ပ်တို့သည် မြန်မာနိုင်ငံရှိ ဒေသန္တရစကားများကို တတ်အားသမျှလေ့လာကြရာ၏။ ယဉ်ကျေးမှုမဲ့သည်ဟု အထင်ခံရသော ထားဝယ်စကားသည် ယဉ်ကျေးမှုနှင့်ပြည့်ဝလျက်ရှိကြောင်း သိရသကဲ့သို့  ကျန်ဒေသန္တရဘာသာ စကားများ၌လည်း ယဉ်ကျေးမှု အချက်အလက်တွေ့ရလိမ့်မည်  တဲ့။

ရိုးသားတဲ့ ထားဝယ်လူမျိုးများမှာ ကိုယ်ပိုင်စာပေမရှိခဲ့ဘူးလား? မေးဖို့ကောင်းတဲ့ မေးခွန်းတစ်ခုပါပဲ။ တကယ်လို့သာ ကိုယ်ပိုင်စာမရှိခဲ့ဘူးဆိုရင် ထားဝယ်မှာ ရှေးကျတယ်လို့သတ်မှတ်ခံရတဲ့ သာဂရမြို့ဟောင်းတူးဖေါ်တုန်းက ရရှိခဲ့တဲ့မှတ်တမ်းတွေကိုရော ဘာစာများနဲ့ မှတ်တမ်းတင်ခဲ့ပါလိမ့်။ မြန်မာစာ မြန်မာစကားနဲ့ မှတ်တမ်းတင်ခဲ့ တယ်ပြောရင်တော့ စာရေးသူအနေနဲ့ လက်ခံဖို့ငြင်းရပါလိမ့်မယ်။ ဘာဖြစ်လို့ပါလဲ။

သမိုင်းပညာရှင် ဒေါက်တာ သန်းထွးန်ရဲ့မှတ်တမ်းလေးကို ခဏလောက်ဖတ်ကြည့်လိုက်ပါ။ 
 ပျူနဲ့ မွန်တွေက မြန်မာတွေကို ဗုဒ္ဓဘာသာနဲ့ စာရေးနည်းပညာကို သင်ပေးခဲ့လို့ မြန်မာတွေ ခရစ်နှစ် (၁၀)ရာစုလောက်ကပဲ ဗုဒ္ဓဘာသာဝင်တွေဖြစ်လာပြီး ခရစ် (၁၁) ရာစုနှစ်မှာ စာရေးတတ်ပြီလို့ ပြောလို့ပြောနိုင်ပါတယ်။ ဒီမှာ ကျနော်ဆိုလိုတာက ယနေ့မြန်မာနိုင်ငံလို့ခေါ်တဲ့ ဒေသမှာနေကြတဲ့ ပျူတွေဟာ ခရစ်နှစ် တစ်ရာစုကစပြီး စာရေးနည်းတတ်ပြီး မွန်တွေလဲ ပျူတွေနဲ့ တန်းတူ စာရေးနည်းပညာကိုတတ်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ပျူရော မွန်ပါ ဗုဒ္ဓသာသနာဝင်မဖြစ်မီက ဗြဟ္မဏ သာသနာဝင်တွေဖြစ်ခဲ့တယ်လို့ ရှေးဟောင်းသုတေသန (Archaelogy) အများကြီးပြနိုင်ပါတယ် လို့ဆိုခဲ့တာ ကြောင့်ပါ။

ရှင်ဇလွန်ကို အေဒီ (၇၈၈)မှာ တည်ခဲ့တယ်ဆိုတဲ့မှတ်တမ်းကို ရေးခဲ့တာဟာ မြန်မာစာနဲ့ မဟုတ်တာတော့ လုံးဝသေချာသွားပါပြီ။ ဒါဆို ထားဝယ်စာ သို့မဟုတ် ပျူစာ သို့မဟုတ် မွန်စာနဲ့များ မှတ်တမ်းတင်ခဲ့လေ မလားပဲ။ မသေချာတဲ့ အတွေးတစ်ခုက စိတ်ကိုေ၀၀ါးစေပါတယ်။ သေချာတာကတော့ မှတ်တမ်းကျန်ခဲ့တယ် ဆိုတာပါပဲ။ ဘာဖြစ်လို့ ထားဝယ်လူမျိုးများမှာ စာပေမရှိတော့တာလဲ။ တကယ်ရော စာပေမရှိခဲ့တာလား။ စာပေမရှိ ပညာမတတ်ပဲနဲ့ ဘယ်လိုများ ကိုယ်ပိုင်စကားနဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုကို ထိန်းခဲ့ပါသလဲ။ ဒါဆို ကိုယ်ပိုင်စာပေက ဖျက်ဆီးခံလိုက်ရတာလား သို့မဟုတ် ကွယ်ပျောက်သွားတာလား။ ဒီမေးခွန်းများကတော့ စာရေးသူရဲ့ စိတ်ထဲနဲ့ နှလုံးသားထဲမှာ ထာဝရရှင်သန်နေမဲ့ အရာတွေပါပဲ။

       လက်လှမ်းမီသလောက် အတွေးကိုဆွဲဆန့်ကြည့် မိတော့ စာပေမရှိပဲနဲ့ လူမျိုးလို့ သတ်မှတ်ခံရသူများ။ လူမျိုးသတ်မှတ်ပြီးမှ စာပေပေါ်ခဲ့သူများ ကမ္ဘာမှာ ရှင်သန်နေတာကိုတွေ့ရပြန်ပါတယ်။ အရှေ့တောင်အာရှမှာ စီးပွားရေး အင်အားကြီး နိုင်ငံဖြစ်တဲ့ စင်္ကာပူဟာ မလေးရှားက ခွဲထွက်ထားတဲ့နိုင်ငံဆိုတာ သမိုင်းသိသူများလက်ခံမယ်ထင်ပါတယ်။ စင်္ကာပူနိုင်ငံဆိုတာ မလေးနဲ့ တရုတ်တို့ အုပ်စိုးတဲ့နိုင်ငံဆိုရင်လဲ မှားမယ်မထင်ပါဘူး။
၁၉၅၀ ထိ စင်္ကာပူနိုင်ငံနဲ့ စင်္ကာပူလူမျိုးဆိုတာ ကမ္ဘာမှာမရှိသေးပါဘူး။ ဒါပေမယ့် ပြောင်းလဲချင်တဲ့စိတ်နဲ့တည်ဆောက်ထားတဲ့ လူသားများဖြစ်လို့ ပြောင်းလဲရင်းနဲ့ အခုဆိုရင် ကမ္ဘာမှာ စင်္ကာပူလူမျိုးရယ် ပြီးတော့ စင်္ကာပူစာရယ်လို့ ပေါ်ပေါက်နေပြီလေ။
မလေးရှားလူမျိုးလဲ ထိုနည်းလည်း ကောင်းပါပဲ။ စာပေမရှိတဲ့လူမျိုးပါ။
  စာပေမရှိလို့ အင်္ဂလိပ်စာကို အသံထွက်နဲ့ ရေးနည်းကိုထွင်ခဲ့တာမို့ အခုဆိုရင် မလေးစာဆိုတာကိုပါ ကမ္ဘာကလက်ခံနေပြီလေ။ စာပေမရှိလို့ လူမျိုးဆိုတာ လက်ခံစရာမလိုဘူးလို့ စာဖတ်သူ တွေးနေတုန်းပဲ့လား။ စာပေဆိုတာ လူမျိုးရှိမှ ပေါ်တဲ့အရာ လူတွေက အသံထွက်သင်္ကေတနဲ့ သတ်မှတ်ထားတဲ့ အရာဆိုတာကို စာဖတ်သူလက်ခံမယ်ထင်ပါတယ်။ စာပေမရှိပေမယ့် မလေးရှားလူမျိုး စင်္ကာပူလူမျိုးလို့ လက်ခံ သတ်မှတ်ထားတဲ့ စာဖတ်သူဟာ စာပေမရှိသေးပေမယ့် လူမျိုးနဲ့ စကားဆိုတာ အခုထိပြောဆိုရှင်သန်နေတဲ့ ထားဝယ်လူမျိုးများကို လူမျိုးမရှိဘူး ယဉ်ကျေးမှုမရှိဘူးလို့ ဘာလို့များ စွေစောင်းတဲ့ အသိနဲ့ကြည့်နေရတာလဲ။ ကမ္ဘာကြီးဟာ နေ့စဉ်နဲ့အမျှ ပြောင်းလဲနေပါတယ်။ ပြောင်းလဲမှုနဲ့အတူ ပြောင်းလဲဖို့ကြိုးစားနေတဲ့ သူတွေထဲမှာ လူတွေပါနေတယ်ဆိုတာကို စာဖတ်သူများငြင်းနိုင်မယ်မထင်ပါဘူး။

 ခေတ်နဲ့အညီ ပြေးလွှားနေတဲ့ စာဖတ်သူလူ သားများဟာ သမိုင်းတိကျတဲ့ အဖြစ်တစ်ခုကို လက်ခံဖို့ငြင်းဆန်နေဦးမယ်ဆိုရင်တော့ စာဖတ်သူဟာ ခေတ်နဲ့ အညီနေပြီး ခေတ်ကိုလက်ခံသူတစ်ယောက်မဟုတ်ဘူးလို့ပဲ ယူဆရလိမ့်မယ်ထင်ပါရဲ့။ အသိတွေနဲ့ ပြည့်စုံရုံမက ခေတ်နဲ့ပါ အညီနေနိုင်တဲ့ စာဖတ်သူများဟာ သမိုင်းနဲ့ ပြည့်စုံခြင်းမက ပြည့်စုံလွန်းလှတဲ့ ကိုယ်ပိုင်စကား ကိုယ်ပိုင်ယဉ်ကျေးမှု ကိုယ့်လူမျိုးများကို ဘာလို့တန်ဖိုးမထားနိုင်ရမှာလဲ။

 ခေတ်တွေ ဒီရေလို စီးဆင်းပြီး အမြဲပြောင်းလဲသွားပေမယ့် ဘော၊ ဘောင် ၊ဘင်၊ ဘီ၊ ဘေး ၊ဘိုး၊ ဘ ကတည်းက စောင့်ထိန်းခဲ့တဲ့ အမျိုးသားယဉ်ကျေးမှုနဲ့ ကိုယ်ပိုင် ဘာသာစကားများကို စာဖတ်သူများရဲ့ သား၊ မြေး၊ မြစ် ၊တီ ၊တွတ်၊ ကျွတ်၊ ကျွတ်ဆက်၊ ဆိုတဲ့ ဆွေခုနစ် ဆက် မျိုးခုနစ်ဆက်ထိ မပြောင်းမလဲ ဆက်လက်စီးဆင်းသွားအောင်လုပ်ဖို့က စာဖတ်သူရဲ့လက်ထဲမှာရှိနေ တယ်ဆိုတာကို မမေ့ပါနဲ့။ စာဖတ်သူဟာ သမိုင်းတစ်ခေတ်ထူထောာင်သူဆိုတာကို သို့မဟုတ် ဆွေခုနစ်ဆက် မျိုးခုနစ်ဆက်ရဲ့ သမိုင်းပေးတာဝန်ကို ဆက်လက်သယ်ဆောင်သူဆိုတာကို မမေ့ဘူးဆိုရင် တာဝန်သိစိတ်နဲ့ ဆက်လက်တာဝန်ယူသွားဖို့ပါပဲ။
သမိုင်းပေးတာဝန်ကျေသူများဖြစ်ပါစေ။ ။
 စာရေးသူ – ဦးဉာဏ၀ရ  (၂၅၊ ၉၊ ၂၀၁၂)
http://www.tavoyanvoice.com/?p=951 မှတိုက်ရိုက်ကူးယူဖော်ပြသည်။
ဆရာတော်အား ကျေးဇူးတင်စွာ အကြိမ်ကြိမ်ဦးခိုက်ပါသည်ဘုရား...
                                      ပြန်လည်ဝေမျှသူ...လွင့်မောင်မောင် (ထားဝယ်)

နဘုလယ်ရဲ့ ထင်ရှားတဲ့ပုံပြင်

Written By လွင့်မောင်မောင် on Sunday, July 22, 2012 | 10:35 AM

ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်း ကြောင့် မြန်မာသိ၊ ကမ္ဘာသိ ဖြစ်လာတဲ့ နဘုလယ် ဒေသဟာ ထားဝယ် ခရိုင် အတွင်းမှာ ထူးခြားတဲ့ ကျေးရွာ အုပ်စုကြီး (တိုက်နယ်) တစ်ခု ဖြစ်ပါတယ်။ ဒေသိယ စကားပြောတဲ့ ထားဝယ် ဒေသအတွင်း မှာတင် ထားဝယ် ဒေသိယ စကားရဲ့ မျိုးကွဲ ဒေသိယ စကားလို့တောင် ပြောရလောက်တဲ့အထိ လေယူလေသိမ်း၊ ဝေါဟာရ အသုံးအနှုန်း ကအစ ကွဲပြားပါတယ်။ နဘုလယ် ဒေသိယ စကားဟာ ထားဝယ် အချင်းချင်းတောင် နားလည်ဖို့ ခက်တဲ့ ဒေသတွင်း မျိုးကွဲ ဒေသိယ စကားတစ်ခုပါ။ ထားဝယ်သူ၊ ထားဝယ်သား ၀န်းကျင်မှာ မိတ်ဆွေ သူငယ်ချင်း နဘုလယ် သားတွေနဲ့ တွေ့ရင် ‘ကျွဲနှင့်ကြွက် လဲပုံပြင်’ ကိုပြောပြီး နဘုလယ် သားတွေကို ချစ်စနိုးနဲ့ ကျီစယ် ပြောဆို တတ်ကြပါတယ်။ နဘုလယ် သားတွေကို ‘ကျွဲနှင့်ကြွက်’ အလဲခံ တဲ့အထိ ရိုးအလွန်း သူတွေလို့ ကျီစားလိုက် တာပါ။

တစ်ပတ်အတွင်းဒိုင်ယာရီ

 
Support : Copyright © 2011. လွင့်မောင်မောင်(ထားဝယ်) - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger