Latest Post

ငါသေသွားသော်

Written By လွင့်မောင်မောင် on Monday, May 26, 2014 | 7:35 AM



သာတစ်ခေါက် ကျောင်းဆယ်ခေါက်တဲ့။ ကျုပ်ဖြင့် တစ်ရက်ထဲနဲ့  တင် လူတွေအကြောင်း အတော်သိလိုက်ရတယ်။ သွား လေသူက ကျုပ်ရဲ့ သူငယ်ချင်းအရင်းခေါက်ခေါက် ငယ်ပေါင်းတစ်ယောက်။ နောက်ပြီး သီဟက သိပ်ကိုအေးဆေးတဲ့သူ၊ အရက်မ သောက်၊ ကွမ်းမစား၊ ဆေးလိပ်တောင် မသောက်တတ်တဲ့သူ။ ဒါပေမဲ့ ဒီလိုလူစားမျိုးအတွက် မရဏပြည်ကို ၀င်ဖို့  ၀င်ခွင့်ကျလာတဲ့ ပါမစ်လက်မှတ်ကတော့ အသည်းကင်ဆာတဲ့။ ဘယ်လောက်များ မတရားလိုက်ပါသလဲ။ ကျုပ်တို့ အပေါင်းအသင်းတွေ ထဲမှာ အရက် နဲ့  မျက်နှာသစ်ပြီး အရက်နဲ့ အိပ်ရာဝင်နေတဲ့သူတွေ အများကြီး။ ဒီလိုလူစားမျိုးတွေကြတော့ အသည်းကင်ဆာမပြောနဲ့ ။ အသည်း ရောင် အသားဝါတောင် မဖြစ်ကြဘူး။
လောကကြီးက မမျှမတ ရယ်ချင်စရာလည်းကောင်းပါရဲ့။ သီဟ အသက်က ခုမှ (၃၉)နှစ်ပဲ ရှိသေးတယ်။ သူ့ ရောဂါကို ကင်ဆာလို့  သိရချိန် မှာ ကျန်ရစ်ခဲ့ရှာမယ့် လူလားမမြောက်သေးတဲ့ သမီးလေး၃ယောက် နဲ့ သူ့ ဇနီးကို စိတ်မချတာကလွဲလို့ သူ့ ရဲ့ နောက် ဆုံးနေ့ ရက်တွေ ကို သွေးအေးအေးနဲ့ အပြုံးမပျက် ရင်ဆိုင်ဖြတ်ကျော်ခဲ့သူ။ သူ ဖြစ်ချင် တာကတစ်ခုထဲ။ သူသေရင် သူ့ အသုဘကို စည်စည်ကားကားလေး ဖြစ်စေ ချင်တယ်တဲ့။
သီဟ မဆုံးခင်မှာ သူငယ်ချင်းတွေကို တွေ့ သွားချင်တယ် ဆိုတာကြောင့် သီဟနဲ့ ရော ကျုပ်နဲ့ ပါခင်တဲ့ သူငယ်ချင်းတွေကို အကြောင်း ကြားပေးခဲ့တယ်။ ကျုပ်ရော သီဟပါ ပရဟိတအလုပ်တွေကို အချိန်အတော် ကြာ တွဲလုပ်ခဲ့ကြတာဆိုတော့ သူ မဆုံးခင်မှာ ညနေတိုင်း သူအနား မှာနေပေးရင်း အရင်ကအတူလုပ်ခဲ့ကြတဲ့ ကုသိုလ်ကောင်း မှုလေးတွေပြန်ပြောပြရင်း သူ့ နာကျင်ချိန်တွေ ကို မေ့ လျော့နိုင်အောင်၊ နောက်ဆုံးအချိန်မှာ သူ ကုသိုလ်ပြုလုပ်ခဲ့ တာလေးတွေ စိတ်ထဲမှာ အာရုံပြုသွားနိုင်အောင် ကျုပ်တို့ ကြိုးစားခဲ့တယ်။
စိတ်ကောင်းစေတနာကောင်းတွေရဲ့ အကျိုးဆက်လို့ ပဲ ပြောရမယ် ထင်ပါရဲ့။ သူ့ ကိုယ်ထဲက အဆုတ်တို့  အသည်းတို့ ပျက်စီးနေပြီ။ နောက်ဆုံး အချိန်အတွက် ကြိုတင်ပြင်ဆင်ထားပါလို့  ဆရာဝန်တွေကလက်လျှော့တော့ မယ့်စကားပြောတဲ့အချိန်အထိ သူဟာ တခြား ကင်ဆာရောဂါ သည်တွေလောက် လူးလိမ့်နေအောင် အော်ဟစ် မခံစားခဲ့ရ ဘူး။ သူ့ ရဲ့ နောက်ဆုံးထွက်သက်ကို ညင်သာစွာနဲ့ ပဲ အဆုံးသတ် ထွက်ခွာသွားခဲ့ပါတယ်။
ပြသနာက သူ ကွယ်လွန်ချိန်မှ စတယ်ဆိုရမှာပါပဲ။ တကယ်တော့ သီဟတို့ မိသားစုဟာ စီးပွားရေး သိပ်မပြေလည်ကြရှာ ဘူး။ ရရစားစား မရှိမရှားထဲကပဲ။ ကျန်းမာရေးမကောင်းလို့  သူဆေးရုံတက်ရချိန် မှာတော့ ပြေလည်တဲ့ သီဟမောင်နှမတွေက ဆေးရုံ စရိတ်တွေကို အကုန်အကျခံပေးခဲ့တယ်။ သူမဆုံးခင် ၃ပတ်လောက် အထူးကုဆေးရုံကြီးတစ်ခုမှာ တက်ရောက် ကုသခဲ့ရတယ်ဆို တော့ သူ သေဆုံးချိန်မှာ ဆေးရုံကုသစရိတ်က ၁၅သိန်း သိန်း၂၀နီးပါးလောက် ဖြစ်နေပြီ။ ဒါပေမဲ့ ဒီလောက်ပမာဏက သီဟတို့  အတွက်ခဲယဉ်းပေမဲ့ သူ့ မောင်နှမတွေအတွက်တော့ ပြောပလောက်အောင် မခဲယဉ်းပါဘူး။
မိုးဦးကာလရဲ့ မနက်ခင်းလေးတစ်ခုမှာ သူ လောကကြီး ကို ကျောခိုင်းထွက်ခွာသွားခဲ့ပြီ။ သူဆုံးပြီဆိုပြီး သူတို့ လှမ်းဖုန်းဆက် ချိန်ထဲက ကျုပ်က သီဟရဲ့အမျိုးသမီးနဲ့ အတူရှိနေခဲ့တာ။ ဆုံးပြီဆိုတာနဲ့ သူ့ အလောင်းကို ဆေးရုံရဲ့ ရေခဲတိုက်ထဲထည့် ကုန်ကျစရိတ် အကုန်ရှင်းပေးပြီး ကျုပ်တို့ တွေ အိမ်ပြန်လာကြတော့ မနက်၇နာရီခွဲ ရုံပဲရှိသေးတာ။
အိမ်ရောက်တော့ ဘယ်နှစ်ရက်ထားမလဲဆိုတာ သူတို့ မိသားစုတွေ တိုင်ပင်ကြပါတယ်။ သူ့ အိမ်က ဒီနေ့ ပဲ သင်္ဂြိုလ်မယ်။ သေမယ်မှန်း ကြိုသိထားပြီးသား ရောဂါပဲဟာ။ မထူးပါဘူးတဲ့။ ဒီစကားကိုစကြားရထဲက ကျုပ်ရင်ထဲကို ဘာမှန်းမသိတဲ့ အစိုင်အခဲတစ် ခု စတင်ဝင်ရောက်လာခဲ့တာ။
သီဟဇနီးကိုကြည့်လိုက်တော့လည်း ပူဆွေးနေတဲ့ကြားကနေ မျက်လုံးအ၀ိုင်းသားနဲ့ ငေးကြည့်နေတယ်။ မတတ်နိုင်ဘူးလေ။ သူတို့ က အသုဘရှင်တွေပဲ။ သူတို့  စီစဉ်တဲ့အတိုင်းပေါ့။ ခုမှ မနက် ၈နာရီပဲရှိသေး တာမို့  နေ့ ချင်းချဖို့ စီစဉ်မယ်ဆိုရင်တောင် အချိန်aတွ အများကြီး ရပါသေးတယ်။ ချက်ချင်းချမယ်ဆိုတာ သေချာသွားတော့ ရပ်ကွက် ရ၀တရုံးမှာ သေစာရင်း Dead Certificate သွား လုပ်ရပါတယ်။ ဒီစာရွက် ရတော့မှ ဆေးရုံမှာအလောင်း Dead Body သွားထုတ်ရမှာပါ။ အလောင်း ကို ဆေးရုံကနေ ရေဝေးကို သယ်ဖို့  နာရေးကူညီမှုအသင်း နဲ့ လှမ်းချိတ်ပြီးပြီ။ ၁နာရီထိုးရင် သူတို့  နာရေးကူညီမှု ကားနဲ့ အလောင်းသယ်လာမှာလေ။
နာရေးမှာသုံးဖို့ ဆိုပြီး ဓာတ်ပုံလိုက်ရှာတော့ သူ့ အိမ်မှာ သီဟငယ်ငယ်ကပုံလေးတွေပဲရှိတယ်။ ခုနောက်ပိုင်းရိုက်ထားတဲ့ သီဟဓာတ်ပုံတွေက ကျုပ်ဆီမှာရှိနေတာမို့  အသုဘချချိန်မှာသုံးဖို့  ဓာတ်ပုံအကြီးထုတ်ဖို့  ကျုပ်မြို့ ထဲကိုပြန်လာခဲ့တယ်။ မနက်ဆယ် နာရီမှာတော့ အိမ်မှာဘုန်းကြီးပင့်ပြီး သက်ပျောက်ဆွမ်းကပ်ဖို့  သူ့ မိသားစုတွေ စီစဉ်လုပ်ကိုင်နေကြတယ်။
နောက်ပြီး သီဟဆုံးတယ်ဆိုတာသိသိချင်းမှာ Facebook မှာ Status တင်ပြီး ပြောထားတာမို့ သူငယ်ချင်းအတော်များများ လည်းသိကုန်ကြပြီး ဘယ်နေ့ သဂြိ င်္ုလ်မှာလည်း လှမ်းမေးကြ တယ်။ နေ့ ချင်းသဂြိ င်္ုလ်မယ် ဆိုတဲ့အကြောင်းကိုလည်း ပို့ စ်ထပ်တင်ပြီး အသိပေးလိုက်တယ်။ အသုဘကားတွေ နေအိမ်ကနေ နေ့ လည် (၂)နာရီမှာ စတင်ထွက် ခွာပြီး ရေဝေးသုသာန်မှာ နေ့ လည် (၃)နာရီ မှာ မီးသဂြိ င်္ုလ် မယ်ပေါ့။ (စကားမစပ် Facebook က အဲလိုဆိုတော့လည်း အဆင်ပြေသား။ အချိန်တိုတိုအတွင်းမှာ အတော်များများ ကို အသိပေးပြီးသားဖြစ်သွားတယ်) တစ်ချို့ အွန်လိုင်းနဲ့ မနီးစပ်တဲ့သူငယ်ချင်းတွေကိုတော့ ဖုန်းဆက် အကြောင်းကြားပေးကြတယ်။
နောက်ပြီး သူ့ အတွက် ၀ိုင်းဝန်းရေးသားထားကြတဲ့ ၀မ်းနည်းကြေ ကွဲခြင်း စာစုတွေကိုစုပြီး လက်ကမ်းစာစောင်လုပ်ဖို့  အပြေး အလွှား သွားစီစဉ်ကြတယ်။ နေ့ လည်၁နာရီလောက်မှာ နာရေးမှာဝေမဲ့ လက်ကမ်း စာစောင်တွေရယ်၊ သီဟရဲ့ဓာတ်ပုံရယ်၊ အသုဘကား မှာ ကပ်မဲ့စာတွေရယ် သယ်ဆောင်ပြီး ကျုပ်တို့ ပြန်ရောက်လာ တယ်။ ကျောင်းတုံးက အခြားသူ ငယ်ချင်းတစ်ချို့ လည်း အိမ်ကိုရောက် နေကြပြီ။ ဆွေမျိုး နီးစပ် မိသားစုဝင် အချို့ က သူ့ ရဲ့ Dead Body ကိုလည်း သွားထုတ်နေကြပြီ။ အသုဘပို့ လာတဲ့ သူငယ်ချင်းတွေနဲ့  သွားလေသူရဲ့ နောက် ဆုံးနေ့ ရက်တွေအကြောင်း၊ သူနဲ့ ပတ်သက်ပြီး အမှတ်ရစရာ၊ ရှေးဟောင်းနှောင်းဖြစ်တွေ ထိုင်ပြောနေဖြစ် တယ်။ သူက ခပ်အေးအေးနဲ့  ဘယ်သူ့ ကိုမဆို ကူညီတတ်သူဖြစ်တာကြောင့် လူချစ်လူခင်ပေါတယ်လေ။
သူ လုပ်ကိုင်ကူညီနေတဲ့ ပရဟိတအဖွဲ့ တွေက မိတ်ဆွေတွေ လည်း ရောက်လာကြတယ်။ ၁နာရီခွဲလောက်လည်းရောက်ရော ကိုယ့်အချင်းချင်း စကားပြောနေတာကိုရပ်ပြီး သူတို့ ရဲ့ အစီအစဉ်ကိုမေး မယ်ဆိုပြီး သူ့ အကိုနဲ့  ကျုပ်စကားသွားပြောဖြစ်တယ်။ ပြဿ နာက အဲဒီကစတော့တာပဲဗျို့ ။
“ခန်းမ ငှားထားပြီးပြီလားအကို”
“မငှားတော့ဘူးလေ။ ချက်ချင်းတန်းချမှာပဲ။ မလိုပါဘူး။”
“မဟုတ်ဘူးလေ အကို။ ချက်ချင်းချတာတော့ မှန်တာပေါ့။ ဒါပေမဲ့ ဆေးရုံကသယ်လာတဲ့အလောင်းကို ပြန်ပြီးပြင်ဆင်ရအုံး မယ်။ သရဏဂုံတင်ရအုံးမယ်။ အသုဘလာပို့ တဲ့ ပရိသတ်အသုဘရှုရင်း ထိုင်ဖို့ ခုံတွေလိုတယ်။ အနည်းဆုံးတော့ ဘုန်းကြီးပင့်ပြီး သရဏဂုံတင်ဖို့  အခန်းတော့ မဖြစ်မနေလိုလိမ့်မယ်”
“မလိုလောက်ပါဘူး။ မနက်တုံးက သက်ပျောက်ဆွမ်းကျွေးရင်း တစ်ခါထဲ သရဏဂုံတင်ပြီးသား။သင်္ချိုင်းမှာ ဘာမှထပ်လုပ်စ ရာ မလိုတော့ဘူး”
“မဟုတ်ဘူးနော် အကို။ မနက်က ဘုန်းကြီးပင့်တာက သက်ပျောက် ဆွမ်းသွတ်တာလေ။ သရဏဂုံတင်တာ မဟုတ်သေးဘူး။ နောက်ပြီး များသောအားဖြင့် သရဏဂုံကို သင်္ချိုင်းကျမှ တင်ကြတာပဲ။ ဒီအတွက် ဘုန်းကြီးတစ်ခါထဲ ပင့်သွားရမယ်။ သရဏဂုံတင်ဖို့  လုပ်ရမယ်။ ဒီအတွက် အခန်းတော့ မဖြစ်မနေ ငှားမှဖြစ်မယ်။ နောက်ပြီးလာကြမဲ့ သူ့ သူငယ်ချင်း အသိုင်းအ၀ိုင်းတွေ အကိုတို့ မိတ် ဆွေတွေလည်း ရှိအုံး မှာလေ”
သီဟအကိုနဲ့  ကျုပ် စကားပြောနေရင်းနဲ့  သီဟမိန်းမမျက်နှာကို လှမ်းကြည့်လိုက်တော့လည်း ဘာတွေစီစဉ်ထားမှန်း သိပုံ မရဘူး။ သူ့ ခမျာမ လည်း ယောက်ျားတစ်ယောက်လုံးဆုံးရှုံးရတဲ့အပူမီးနဲ့ တင် လောင်မြှိုက်နေတာ။ ကျန်တာတွေ ဘယ်ခေါင်းထဲထည့် ထားနိုင်ပါ့မလဲ။
သီဟအကိုကတော့ ကျုပ်ကို ပြောချင်တာစွတ်ပြောနေတာပဲဆိုတဲ့ ရုပ်နဲ့  ဘုကြည့်ကြည့်တယ်။ ကျုပ်လည်းဆက်မပြောတော့ ဘူး။ ကိုယ့် ဘာသာပဲ အရင်သွားနှင့်ပြီး ကြိုစီစဉ်လိုက်တော့မယ်။ ကျုပ်နဲ့  သီဟအကို အတင်အချစကားပြောနေတာကို ၀ိုင်းကြည့် နေကြတဲ့ သူငယ်ချင်းတွေကို မျက်ရိပ်ပြလိုက်တယ်။ သူတို့ အရင်ထထွက်သွားတယ်။
“ဒါဆို ကျွန်တော်တို့ အရင်သွားပြီး စီစဉ်ထားလိုက်မယ်။ အကို တို့ နောက်က အချိန်ကြမှ လိုက်ခဲ့လိုက်တော့”
ပြောပြောဆိုဆို ထထွက်လာခဲ့တယ်။ ကျုပ်နောက်ကို သီဟအမျိုးသမီး အပြေးအလွှားလိုက်လာတယ်။
“ကိုလွင်ရယ် အဆင်ပြေအောင် ကြည့်စီစဉ်ပေးပါနော်။ အကိုက သိပ်ပြီး သပ်သပ်ရပ်ရပ်ကြိုက်တာ။ သူ့ နောက်ဆုံးအချိန် လေးမှာ သပ်သပ်ရပ်ရပ်နဲ့ စည်စည်ကားကားလေး ဖြစ်သွားစေချင်တယ်”
“မပူနဲ့ မမျိုး။ စိတ်အေးအေးနေ။ ကျွန်တော် ကြည့်စီစဉ်လိုက်မယ်”
ဘယ်နဲ့ ဗျာ။ လူတစ်ယောက်ကို သေသွားပြီဆိုပြီး တန်ဖိုး မထားတာ မျိုး ကျုပ်လုံးဝ လက်မခံနိုင်ဘူး။ နောက်ပြီး ဒါဟာ ပကာ ဿန အနေနဲ့  ချဲ့ ထွင်ပြီး အလွန်အကျွံလုပ်နေတာလည်း မဟုတ်ဘူး။ လူသေရင် အသုဘ ချခါနီး သရဏဂုံတင်တာ၊ အသုဘပို့ လာတဲ့ သူတွေထိုင်ဖို့  ခန်းမငှားတာ၊ ဒါတွေဟာ မဖြစ်မနေလုပ်ရတဲ့ကိစ္စထက် ဘာမှမပိုခဲ့ဘူး။ သူတို့ အခြေအနေ ကလည်း ဒီလောက်လေးကို မတတ်နိုင်တော့လောက်အောင် ဆိုးဆိုးဝါးဝါး ဆင်းရဲမွဲတေ မနေပါဘူး။ ဆွေမျိုးအသိုင်းအ၀ိုင်းတွေ တောင့်တင်းပြီးသားပါ။
ကျုပ်နဲ့ အခြားသူငယ်ချင်း၃ယောက် ကားတစ်စီးနဲ့  ရေဝေးကို အရင်ထွက်ခဲ့ကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သီဟဆန္ဒကို ကျုပ် ဖြည့် ဆည်းပေးချင်မိတယ်။ ဒါကြောင့် သူငယ်ချင်းတစ်ယောက်ကို ဘုန်းကြီး တစ်ခါထဲဝင်ပင့်လာပြီး ရေဝေးကို လိုက်လာခိုင်းလိုက် တယ်။ မိန်းကလေး သူငယ်ချင်းတွေကိုတော့ ကျန်ရစ်တဲ့ သီဟဇနီး ကိုဖေးမပြီး ခေါ်လာခဲ့ဖို့  မှာခဲ့တယ်။
လမ်းမှာ ကိုယ်သိတဲ့ဖုန်းနံပါတ်တွေနဲ့  ရေဝေးမှာ ခန်းမငှားဖို့  လှမ်းမေးတော့ နာ/ကူ (နာရေးကူညီမှုအသင်း)က ဖုန်းနံပါတ် တစ်ခုပေး တယ်။ အဲဒီလူကတစ်ဆင့် ခန်းမလှမ်းငှားတယ်။ ခန်းမတွေက ကြိုယူ ထားကြတာမို့  ခုချိန်မရနိုင်တော့ဘူး။ ညနေ၅နာရီ နောက်ပိုင်းမှ ရမယ်တဲ့။ ဒါတော့မဖြစ်သေးဘူး။ Dead Body ကလည်း သယ်လာနေပြီ။ နေအိမ်က ကားတွေကလည်း ထွက်လာဖို့  ပြင် နေပြီ။ ဘယ်လိုလုပ်ရင်ကောင်းမလဲ ဆိုတော့ သူတို့ ကလာခဲ့လိုက်ပါ အဆင်ပြေအောင် တစ်ခုခု ကြည့်စီစဉ်ပေးပါ မယ်တဲ့။ ဒီတော့ လည်း ရေဝေးကိုသာ အမြန်မောင်းပေါ့။
အဲ… လာရင်းနဲ့ မှ သတိရတယ်။ အခေါင်း…… အခေါင်း....... အခေါင်း။ အခေါင်းဝယ်ပြီးပြီ ထင်ပါရဲ့။ သေချာအောင် လှမ်းမေး အုံးမှပါ။ မပြောချင်ပေမဲ့ သီဟအကိုဆီ ဖုန်းထပ်ဆက်ရပြန်တယ်။
“အကိုရေ။ ကျွန်တော်တို့ ရေဝေးကို ရောက်ခါနီးပြီ။ ခန်းမကိစ္စကတော့ အဆင်ပြေအောင် ကြည့်လုပ်ထားလိုက်မယ်။ ဒါနဲ့  အကို အခေါင်းဝယ်ပြီးပြီ လား။ အခေါင်းကိစ္စကို ဘယ်လိုစီစဉ်ထားလဲ။”
“အခေါင်းမလိုဘူးလေ”
“ခင်မျာ… ဘယ်လို ….. ဘယ်လို …… အခေါင်းမလိုဘူး ဟုတ်လား အကို။ အခေါင်းမပါပဲ ဘယ်လိုလုပ် အသုဘချမှာလဲ။”
“အလောင်းကို နာ/ကူအသင်းက ကားနဲ့ သယ်လာမှာလေ။ ရောက်ရင် ကားပေါ်ကချပြီးတာနဲ့  မီးသင်္ဂြိုလ်စက်ထဲ တန်းသွင်း လိုက်ရုံပဲ။ ဘာမှ မလိုဘူး။ အခေါင်းမပါလည်းရတယ်။ သူတို့ ကိုမေးတော့လည်း မ၀ယ်ချင် ရင်လည်း ရပါတယ်တဲ့။”
ဘုရားရေ။ ရက်စက်လိုက်ကြတာ။ သူငယ်ချင်းရေ မင်းသိရင် ဘယ်လို များနေလိမ့်မလဲ။ လူတစ်ယောက်ရဲ့ နောက်ဆုံးခရီးမှာ ဆွေမရှိ မျိုးမရှိလို့  အရပ်ကကူချသလို၊ တာဝန်ယူမဲ့သူမရှိလို့  စည်ပင်က အမြင်မတော်လို့  ချပေးရသလိုမျိုး စောင်ပတ် ဖျာလိပ်ပတ် ပြီးတော့များ ချမလို့ လား။ မင်းအစား ရင်နာလိုက်တာကွာ။
သူတို့ နဲ့  ဆက်မပြောချင်တော့ လို့ ဖုန်းချလိုက်တယ်။ သူငယ် ချင်းတွေကို လှည့်ကြည့်လိုက်တော့ စိတ်မကောင်း နာကျင်ခြင်း မျက်ဝန်းများနဲ့ ။
မထူးပါဘူး။ ကျုပ်ပဲ အသုဘရှင်လုပ်ပြီး အကုန်လိုက်စီစဉ်လိုက်တော့ မယ်။ သူတို့ မကျေနပ်လည်း မတတ်နိုင်ဘူး။ ကိုယ့်သူငယ်ချင်း မျက်နှာ ပဲကြည့်တော့မယ်။ ကျုပ်တို့ တွေ ရေဝေးမီးသင်္ဂြိုလ်စက်ကို မရောက်ခင် မလှမ်းမကမ်းမှာရှိတဲ့ နာ/ကူရုံးခန်းကိုအရင် ၀င်ဖြစ်ခဲ့တယ်။
နာ/ကူရုံးခန်းရှေ့ မှာ အခေါင်းရောင်းတဲ့ဆိုင်ကလေး။ ဆိုင်အတွင်းမှာ အခေါင်းတွေကိုသေတ္တာတွေလို အမျိုးအစားတူရာ စုပြုံ ထပ်ထားတယ်။ ကျုပ်ရဲ့သက်တမ်းတစ်လျှောက်မှာ တစ်ခါမှ အခေါင်းဆိုင်မရောက်ဖူးသလို အခေါင်းလည်း မ၀ယ်ဖူးဘူး။ ဒါကြောင့် ဘယ်လို ၀ယ်ရမှန်းလဲ မသိဘူး။ ကျန်တဲ့သူငယ်ချင်းတွေလည်း ဒီအတိုင်းပဲ။
“အခေါင်းဘယ်လိုရောင်းသလဲ အကို”
ကျုပ်အသံနဲ့ ကျုပ်မေးခွန်းကို စိတ်ညစ်နေတဲ့ကြားကတောင် ရယ်ချင်မိတယ်။
“ဘယ်လောက်တန် လိုချင်လို့ လဲ အကို။”
“ဘယ်လောက်တန်တွေ ရှိလဲဗျ”
“ဒီအခေါင်းဆိုရင် မီးသင်္ဂြိုလ်ခအပါအ၀င် လေးသောင်းပါ။ သူက နည်းနည်းပိုတောင့်တယ်။ ဒီအခေါင်းကတော့ မီးသင်္ဂြိုလ်ခ အပါ နှစ်သောင်း ခွဲပါ။ သူကတော့ အသက်သာဆုံးပဲ။ ကျန်တာတွေကတော့ ဒါထက် ပိုဈေးကြီးတယ်။ အကိုတို့ ဘယ်လောက်တန် လောက်မှန်းသလဲ။”
“အခေါင်းဝယ်ရင် ဘာတွေလုပ်ပေးသေးလဲအကို။ မသိလို့ မေးတာပါ”
“ဟုတ်ကဲ့။ ရပါတယ်။ ဒါမျိုးဆိုတာ လူတိုင်းမသိနိုင်ဘူး။ အခေါင်းဝယ် ရင် အခေါင်းဘေးမှာ သေသူနဲ့ နာမည်နဲ့ အသက်ကို စာလုံးရေးပေးတယ်။ အလောင်းအတွက် မီးသင်္ဂြိုလ်ခကို စည်ပင်ကို ကျွန်တော်တို့ ကသွင်းပေး တယ်။ ပုံမှန် နာ/ကူက ချပေးတဲ့ အလောင်းဆိုရင်တော့ မီးသင်္ဂြိုလ်ခကို သူတို့ သွင်းပေးတယ်။ ကျွန်တော်တို့ အခေါင်းဆိုင်က ၀ယ်တဲ့အခေါင်းမျိုးဆို ရင်တော့ သူတို့  မသွင်းပေးတော့ဘူး။ ကျွန်တော်တို့ အခေါင်းဆိုင်က သွင်းပေးရတယ်”
“မီးသင်္ဂြိုလ်ခက ဘယ်လောက်ပေးရလဲဗျ။ ဗဟုသုတအနေနဲ့  သိချင်လို့ မေးကြည့်တာပါ”
“မီးသင်္ဂြိုလ်ခက နှစ်ထောင်ပါ”
“အော် သိပ်တော့မများပါဘူး။ ဟုတ်ပြီ။ ဒါဆို နှစ်သောင်းခွဲတန်ပဲ ယူမယ်။ စာရေးပေးပါ။ နောက်ပြီး ကျွန်တော်တို့ ကို ခန်းမ ငှားဖို့ ကိစ္စ လည်းစီစဉ်ပေးပါအုံး”
“ခန်းမက အခန်းတော့မရဘူး။ ဒါပေမဲ့ အကိုတို့ လိုချင်ရင် အပြင်ဘက် မှာ ခုံချပြီး ပြင်ဆင်ပေးမယ်။ စင်္ကြန်လမ်းတစ်လျှောက် မှာခုံခင်းပေးမယ်။ အဲဒါက ရှစ်ထောင်ကျမယ်။ အကိုတို့ လုပ်မယ်ဆိုရင် ရုံးခန်းကိုလိုက်ပြောပေး မယ်။ ကျွန်တော့်နောက်ကလိုက်ခဲ့ပါ။”
ဘာပဲဖြစ်ဖြစ် လုံးဝမရတာထက်စာရင် တော်ပါသေးရဲ့ဆိုပြီး အပြင်မှာပဲ ခုံခင်းပေးဖို့ ငွေသွင်းလိုက်ပါတယ်။ လိုက်ပို့ ပေးတဲ့ အခေါင်းဆိုင်ပိုင်ရှင်က
“အကိုတို့  သရဏဂုံတင်ဖို့ ဘုန်းကြီးရော အဆင်သင့်ပါရဲ့လား။ လိုအပ်ရင် ပင့်ပေးလို့ ရပါတယ်။ နောက်ပြီး သရဏဂုံတင်ချိန် ဘုန်းကြီးတရားနာချိန်မှာ ဘုန်းကြီးထိုင်ဖို့ မိသားစုထိုင်ဖို့ ကော်ဇောလည်း ငှားလို့ ရပါတယ်။”
“အော် …. ဘုန်းကြီးလည်း ပင့်ပေးလို့ ရတာပဲလား။ ဘုန်းကြီးကတော့ မလိုတော့ပါဘူး။ ကျွန်တော်တို့ လူတွေပင့်လာနေပြီ။ ကော်ဇောငှားမယ်။ ဘယ်လောက်လဲ။”
“ကော်ဇောက လေးထောင်ပါအကို။ နောက်ပြီး လွမ်းသူ့ ပန်းခြင်းရော ငှားအုံးမလား။”
“ဟေ ပန်းခြင်းလည်း ငှားလို့ ရတာပဲလား။ ကောင်းကွာ။ အသုဘအခမ်းအနားကတော့ သီဟဖြစ်စေချင်သလို စည်စည်ကား ကားလေး တကယ်ဖြစ်ပြီပဲ။ ငှားမယ်ကွာ။ ပန်းခြင်းတစ်ခြင်းပေးကွာ။ တတ်နိုင်သလောက် အလှဆုံးတော့ ဖြစ်ပါစေ”
“ပန်းခြင်းက သုံးထောင်ကျတယ် အကို။ စိတ်ချပါ။ အလှဆုံးပန်းခြင်း ကျွန်တော်စီစဉ်ပေးမယ်”
ကျုပ်တို့ အဲဒါတွေ လိုက်စီစဉ်နေတုံးမှာပဲ စာတမ်းရေးပြီးသားအခေါင်း ကလည်း စက်ဘီးနဲ့ လာပို့ ပေးသွားပြီ။ ကျုပ်တို့ ပိုက် ဆံချေပြီးတာနဲ့  ခုံတွေ ကော်ဇောတွေတန်းပြီး ခင်းပေးတော့တာပဲ။ မီးသင်္ဂြိုလ်စက်ရဲ့ အ၀င်ဝ ဘေးဘက်မလှမ်းမကမ်းမှာ ဘေးတိုက်ခုံတွေစီပြီး ချပေးထား တယ်။ ကော်ဇောခင်းပေးတယ်။ ဘုန်းကြီးထိုင်ဖို့  ခုံခင်းပေးတယ်။ နောက်ပြီး ပန်းခြင်းလာချပေးတယ်။ ပန်းခြင်း ကလည်း ခန့် ခန့် ထည်ထည် အကြီးကြီး။ သုံးထောင်ကတော့ အတော်တန်သွားပြီ။ ဒါပေမဲ့ စာတန်းကတော့ တစ်ကြောင်းထဲ။
“လွမ်းသူ့ ပန်းခွေ”တဲ့။
" တစ်ခြားဘာစာမှ မပါဘူးလား”
“မပါဘူးလေ အကိုရဲ့။ ဒါမှ ဘုံသုံးလို့ ရမှာပေါ့” တဲ့။ သူပြောတာလည်း ဟုတ်သား။
“အကို့ သူငယ်ချင်းနာမည်လေးရေးပေးကွာ။ လက်ရေးနဲ့  ပဲဖြစ်ဖြစ်ပေါ့။ ဘယ်လောက်ထပ်ပေးရမလဲ”
ကောင်လေးက လက်နှစ်ချောင်းထောင်ပြတယ်။
“အိုကေ။ အမြန်လေးလုပ်ကွာ”
၂မိနစ်အတွင်းမှာပဲ ကောင်လေးပြန်ရောက်လာတယ်။ အိုကေ။ ကျုပ်တို့ ဘက်ကတော့ အားလုံးအဆင်ပြေ ချောမွေ့ စွာ ပြီး သွားခဲ့ပြီ။ Dead Body သယ်ဆောင်လာတဲ့ နာ/ကူအသင်းရဲ့ကားလည်း ရောက်လာပြီ။ ဒီတော့အလောင်းကို ကျုပ်တို့  အဆင်သင့် ၀ယ်ထားတဲ့ အခေါင်းထဲထည့် အပေါ်က ပန်းတွေဘာတွေ ချွေချနဲ့  အလောင်းပြင်ဆင်ပြီးစီးချိန်မှာပဲ အိမ်ကနေ ထွက်လာတဲ့ကားတွေ ရောက်လာသလို သရဏဂုံတင်ပေးမဲ့ ဆရာတော်ပါ ကြွလာခဲ့ပြီ။ သီဟဇနီးက သူ့ ယောကျာ်းရဲ့ အလောင်း ကိုကြည့်ပြီး တမ်းတစွာ ငို ကြွေးလိုက်သံက အားလုံးရဲ့ နှလုံးသား ကိုနာကျင်စေပါတယ်။ သူ့ ကို နှစ်သိမ့်ဖေးမကြရင်း သရဏဂုံတင် ဖို့  ပြင် ဆင်ပါ တယ်။ စောစော က စီစဉ်တဲ့အထဲမှာ ကန်တော့ပွဲ ပါမလာခဲ့ဘူး။ ဒါကိုလည်း ဒီမှာဝယ်လို့ ရတယ်ဆိုတာနဲ့  ပိုက်ဆံလည်းပေးလိုက်ရော ၃မိနစ်အတွင်း ရောက်လာပါတယ်။
ပိုက်ဆံပေးရင်ရတယ်ဆိုပေမဲ့ ဘာပဲဖြစ်ဖြစ် လိုချင်တာကို ချက်ချင်း ရစေတဲ့အတွက် သူတို့ ကို ကျေးဇူးတင်ရပါတယ်။ ကျုပ် တို့  ချည်းသာဆို ဒီလောက်အချိန်တိုအတွင်းမှာ ဒီလိုစည်စည်ကားကားဖြစ်နိုင်ဖို့  မလွယ်လှဘူးလေ။ အိမ်မှာကျန်နေခဲ့တဲ့ သူငယ်ချင်း မက ခုမှ လိုက်လာရတာမို့  ရောက်ရောက်ချင်း ကျုပ်ကို လက်ကုတ်ပြီး လူရှင်းရာ ဆွဲခေါ်လာတယ်။
“နင်ဘယ်လို စီစဉ်လိုက်တာလဲ။ ဒီလောက်အချိန်တိုအတွင်းမှာ ဒီလောက်မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်အောင် စီစဉ်နိုင်တာ တော် လိုက်တာဟယ်။ ပန်းခြင်းကြီးကလည်း အကြီးကြီးပဲ။ ဒီခြင်းမျိုးဆို အနည်းလေး ၆သောင်း ၇သောင်းလောက်ပေးရမှာ ငါသိတယ်။ ပန်း တွေကလည်း သစ်ခွပန်းတွေနဲ့ အကောင်းစားတွေချည်းပဲ။ ဘာပဲပြောပြော သူ့ အသုဘလေးကိုစည်ကားအောင် ဒီလောက်အချိန်တို နဲ့  ရအောင် စီစဉ်ပေးတဲ့ နင့်ကို ကျေးဇူးတင်လိုက်တာဟာ”
ကျုပ်သူငယ်ချင်းရဲ့ အထင်ကြီးမျက်လုံးတွေကို မြင်လိုက်ရတယ်။ သီဟရဲ့ဇနီးကလည်း ၀မ်းနည်းစွာငိုကြွေးနေတဲ့ကြားကနေ ကိုလွင် ရယ် ကျေးဇူးတင်လိုက်တာလို့ လာပြောသေးတယ်။ နောက်တော့ သူ့ မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေစုပြီး သရဏဂုံတင်၊ သူ့ အတွက် တရားနာ အမျှဝေပြီး သူ့ ကို နောက်ဆုံးနှုတ်ဆက်လိုက်ကြပါတယ်။ သွားတော့ သူငယ်ချင်းရေ သွားတော့။ မာယာများ တဲ့ လောကအလယ်မှာ မင်းမိန်းမနဲ့ မင်းရဲ့သမီးလေးတွေကို စိတ်မချပေမဲ့ စိတ်ချလက်ချထားပြီး သွားပါတော့။
“မင်းရဲ့နောက်ဆုံးခရီးမှာ မင်းနဲ့ ဇနီးသည်နဲ့ အပြိုင် ၀မ်းနည်းစွာ ငိုကြွေးနေတာ မင်းရဲ့မိသားစုဝင်တွေမဟုတ်ပဲ မင်းနဲ့ ငါ့ရဲ့ အချစ်ဆုံး သူငယ်ချင်း မေတစ်ယောက်ပဲရှိတယ်ဆိုတာ မင်း သိမသွားပါနဲ့ တော့။ မင်းရဲ့အသုဘကို လိုက်မပို့ တဲ့ မင်းရဲ့အဖေအမေနဲ့  မင်းညီမ လေးကိုလည်း စိတ်မဆိုးပါနဲ့ တော့။ မင်းသေဆုံးသွားချိန်မှာ သေတယ်ဆိုတာ ဘာမှန်းမသိရှာပဲ ကလေးသဘာဝ ပျော်ရွှင်မြူးတူးစွာ ဆော့ကစားနေတဲ့ မင်းရဲ့ သမီးလေးနှစ်ယောက်ကိုလည်း နားလည်ပေးလိုက်ပါ။ အသည်းရောဂါ စီပိုး၊ အသည်းကင်ဆာဆိုတာ ကူးစက် တတ်တယ်ဆိုပြီး ဆေးရုံကို တစ်ရက်မှ လာမကြည့်ခဲ့တဲ့၊ အသုဘချတဲ့နေ့ မှာ မဖြစ်မနေမို့  လိုက်လာရပေမဲ့ ယောင်လို့ တောင် မင်းရဲ့ အလောင်းနားမကပ်တဲ့ မင်းအကိုနဲ့ အမကိုလည်း မနာကြည်းလိုက်ပါနဲ့ ။
ဘယ်သူတွေ ဘယ်လိုအခြေအနေမှာရှိရှိ မင်းဟာသူတော်ကောင်းပါ။ သမိုင်းတွေ ရာဇ၀င်တွေကို နောင်လာနောင်သားတွေ သိအောင် ချပြပေး ခဲ့တဲ့ သမိုင်းဆရာတစ်ယောက်ပါ။ နောက်ပြီး လိုအပ်တဲ့နေရာတွေမှာ အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ ပရဟိတ အလုပ်တွေလုပ်ပြီး လိုအပ်နေ တဲ့ နေရာတွေက ကွက်လပ်တွေကို ဖြည့်ဆည်းပေးခဲ့သူတစ်ယောက်ပါ။ အခုဘ၀မှာ သက်ဆိုးမရှည်ခဲ့ပေမဲ့ ကိုယ်ပြုခဲ့တဲ့ ကောင်းမှု ကုသိုလ် စေတနာ အကျိုးတွေကြောင့် မင်းရှေ့ ဆက်ရမဲ့ သံသရာခရီး အေးချမ်းမယ် လို့  မျှော်လင့်ပါတယ်။”
ခေါင်းတိုင်ဖြူဖြူပေါ်ကထွက်လာတဲ့ မီးခိုးမည်းမည်းတွေကြားမှာ မင်းကို ကျုပ်တို့ ထားခဲ့ရပြီ။ သွားနှင့်တော့ သူငယ်ချင်းရေ။ သွားနှင့်တော့ … ဘယ်တော့မှန်းမသိတဲ့ နေ့ စွဲတစ်ခုမှာတော့ မင်းဆီကို ကျုပ်တို့  လိုက်လာကြအုံးမယ်။ ဘယ်သူတားတားပေါ့ …..
ကျုပ်သူငယ်ချင်းရဲ့ အသုဘမှာ လူတွေအကြောင်းကို ကျုပ် အတော်လေးလည်း နားလည်လာမိသွားသလို တရားလည်းကျ မိပါတယ်။ လူဆိုတာ အသက်ရှင်စဉ်က ဖြစ်တည်ခဲ့တဲ့ တန်ဖိုးတွေဟာ သေဆုံးပြီး နာရီပိုင်း မိနစ်ပိုင်းအတွင်းမှာ တစ်စစီပြိုကွဲသွား တော့တာပါလား။ ငါဆိုတာ ဘာကောင်ကြီးဖြစ်နေနေ ငါ့ကိုတော့ ဘယ်လိုလုပ် ဘယ်ဝါလုပ်၊ ဘာခေါင်းနဲ့ ထည့် ဘာကားနဲ့ ပို့ ဆိုတဲ့ ကိစ္စတွေကို ဘာမှ မလုပ်ဆောင်နိုင်တော့ ပါဘူး။ ဘယ်လောက်ချမ်းသာတဲ့သူပဲဖြစ်ဖြစ်၊ ဘယ်လောက်ဆင်းရဲတဲ့သူပဲဖြစ်ဖြစ် နောက် ဆုံးမှာတော့ မလွဲမသွေ အသုဘကားကိုပဲ စီးရတာပါ။
ကိုယ်ဘာပဲဖြစ်ချင်ဖြစ်ချင် ကျန်ရစ်သူတွေရဲ့ဆန္ဒနဲ့  လုပ်ကိုင်ခြင်း အပေါ်မှာသာ ကျေနပ်သည်ဖြစ်စေ၊ မကျေနပ်သည်ဖြစ်စေ ခံယူရတာပါလား။ သူများစီစဉ်ပေးသလိုသာ ကိုယ့်ရဲ့နောက်ဆုံးခရီးကို သွားချင်ချင် မသွားချင်ချင် သွားရတာပါလားလို့ လည်း သံဝေဂ အကြီးကြီး ရမိပါတယ်။
ရှေးလူကြီးတွေစကားသိပ်မှန်တာပဲ။
“မသာတစ်ခေါက် ကျောင်းဆယ်ခေါက်” တဲ့။ ကျုပ်ကတော့ လူတစ်ယောက်ကို သက်ရှိ ထင်ရှားရှိချိန်မှာသာ အလေးထားပြီး သေဆုံး ချိန်မှာ ရက်ရက်စက်စက် တန်ဖိုးမဲ့ပြုမူတတ်တဲ့ သွားလေသူရဲ့ မိသားစုကြောင့် ဒီနေ့ မှာ အတွေ့ အကြုံ တွေရော ဗဟုသုတတွေပါ ရလိုက်ပါတယ်။ သီဟအသုဘကိုကြည့်ရင်း အပြန်လမ်းမှာ ကျုပ် တစ်ခုစဉ်းစားမိပါတယ်။ ကျုပ်သေရင်ရော ကျုပ်ကို ဘယ်သူတွေက ဘယ်လိုနည်းနဲ့ များ ပို့ ကြအုံးမှာလဲလို့ ။
  မေဇူး (2014 ခုနှစ် ဧပြီလ မဟေသီမဂ္ဂဇင်း)

တစ်ပတ်အတွင်းဒိုင်ယာရီ

 
Support : Copyright © 2011. လွင့်မောင်မောင်(ထားဝယ်) - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger