Latest Post
Showing posts with label ဗိုလ်ချုပ်အောင်ဆန်း. Show all posts
Showing posts with label ဗိုလ်ချုပ်အောင်ဆန်း. Show all posts

ဗိုလ်ချုပ်အောင်ဆန်း အိမ်သို့ (မင်းယုဝေ)

Written By လွင့်မောင်မောင် on Friday, June 21, 2013 | 10:54 PM

ရန်ကုန်မြို့ တာဝါလိန်း အမှတ်(၂၅)ရှိ ဗိုလ်ချုပ်အောင်ဆန်းနေထိုင်ခဲ့သော အိမ်ကို ယဉ်ကျေးမှုဌာနက ‘ဗိုလ်ချုပ်အောင်ဆန်းပြတိုက်’ အဖြစ် ဖွင့်လှစ်ထားသည်။

ထို့ကြောင့် ရုံးအားရက် တရက်တွင် ကျနော်သည် ဗိုလ်ချုပ်အိမ်သို့ သွားရောက် ကြည့်ရှုမိသည်။
ဗိုလ်ချုပ်အိမ်သည် ကျယ်ဝန်းသော ခြံဥယျာဉ်ထဲရှိ တောင်ကုန်းငယ်ပေါ်တွင် တည်ရှိသည်။ ခြံဥယျာဉ်သည် သစ်ပင်ပန်းမန်များဖြင့် ဝေေ၀ဆာဆာရှိ၏။ အိမ်မှာလည်း ခန့်ညားလှပပေ၏။ ဗိုလ်ချုပ်သာ အသက်ထင်ရှားရှိလျှင် သည်ခြံသည်အိမ်ကို ကြည့်ရသည်မှာ ပျော်ရွှင်ချမ်းမြေ့ဘွယ်ရာ ကောင်းပေမည်။ ယခုကား လွမ်းစဘွယ် ကောင်းနေပေတော့သည်။
သည်အိမ်တွင် ဗိုလ်ချုပ်သည် ဇနီး သားသမီးများနှင့် အတူ ၂နှစ်ကျော်နေထိုင်ခဲ့သည်။ ၁၉၄၅ခု မေလမှ ၁၉၄၇ခု ဂျူလှိုင်လ ကွယ်လွန်ချိန်အထိ နေခဲ့သည်။ အိမ်သည် နှစ်ထပ်အိမ်ဖြစ်သည်။ အောက်ထပ်တွင် ဧည့်ခန်းနှင့် ထမင်းစားခန်းရှိသည်။ အထက်ထပ်တွင် ကလေးအိပ်ခန်း၊ အထူးစည်းဝေးခန်း၊ စာဖတ်ခန်း၊ အိမ်ခန်း၊ ဘုရားရှိခိုးခန်းတို့ရှိသည်။ သည်အခန်းတို့ကို ဗိုလ်ချုပ်နေထိုင်စဉ်က အတိုင်းပင် အိမ်ထောင်ပရိဘောဂ ပစ္စည်းပစ္စယအစုံအလင်ဖြင့် လက်ရာခြေရာမပျက် ထားရှိပေသည်။
ရှေးဦးစွာ အောက်ထပ်ရှိ ထမင်းစားခန်းကို ကျနော်ဝင်ကြည့်သည်။ အခန်းအလယ်တွင် အရှင်ကင်းမဲ့နေသော စားပွဲရှည်တလုံးနှင့် ကုလားထိုင်များကို တွေ့ရသည်။ သည်စားပွဲတွင် တခါက ဗိုလ်ချုပ်သည် ဇနီး သားသမီးစုံစုံလင်လင်ဖြင့် စားသောက်ခဲ့ပေသည် တကား။
သည်စားပွဲကို တွေ့ရသောအခါ ထမင်းစားပွဲနှင့် ပတ်သက်၍ ဗိုလ်ချုပ်ပြောစကားကို ကြားယောင်မိသည်။ ဂျာပန်ခေတ်တွင် မြန်မာ့လွတ်လပ်ရေးအတွက် အရေးဆိုရန် ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါက်တာဘမော်၊ သခင်မြတို့ ဂျပန်ပြည်သို့ သွားခဲ့ကြသည်။ မြန်မာနိုင်ငံသို့ ပြန်အရောက်တွင် သူတို့ကို ကုန်သည်ကြီးများအသင်းက ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းကျွေးမွေးကြသည်။ ထိုအခါ ဗိုလ်ချုပ်အောင်ဆန်းက ‘ကျနော် ထမင်းစားပွဲ၊ ဧည့်ခံပွဲများကို တက်ရန် ၀ါသနာမပါခဲ့ပါဘူး။ အခုမနေသာလို့ တက်ရောက်ပါတယ်။ ကျနော် ဒီထမင်းကို မစားသင့်ဘူး။ ဒီထမင်းကို စားလောက်အောင် မြန်မာပြည် အတွက်ရော၊ မြန်မာလူမျိုးအတွက်ရော ကျနော်ဘာမှ မလုပ်နိုင်ခဲ့သေးဘူး’ ဟု ပြောခဲ့သည်။
ထို့ပြင် ကျနော်သည် အစားအသောက်နှင့် ပတ်သက်၍ ရိုးသားလှသော သူ့စိတ်ဓာတ်ကို ဖော်ပြသည့် စာကလေးတစောင်ကိုလည်း အမှတ်ရမိသည်။ ထိုစာမှာ ဗိုလ်ချုပ်က ဇနီးဖြစ်သူ ဒေါ်ခင်ကြည်ထံ ပေးသောစာဖြစ်သည်။ 

စားပွဲတွင် ‘ကြည်။ ပဲပြုတ်နှင့် နံပြားရရင် စားချင်တယ်’ဟု ရေးထားလေသည်။
ထို့နောက် ဧည့်ခန်းကို ကျနော်ဝင်ကြည့်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တနိုင်ငံလုံး၊ တမျိုးသားလုံး၏ ခေါင်းဆောင်ကြီးဖြစ်သည့်ပြင်၊ ကမ္ဘာသိခေါင်းဆောင်လည်းဖြစ်သည်။ သို့ရာတွင် သူ့အိမ်အိပ်ခန်းကား ၀င့်ကြွားထယ်ဝါခြင်းမရှိ။ သူလိုငါလို လူတန်းစားတဦး၏ ဧည့်ခန်းမျိုးပင်ဖြစ်သည်။
ဧည့်ခန်းတွင် ဗိုလ်ချုပ်၏ ဓာတ်ပုံကြီးများကို ချိတ်ဆွဲထား၏။ ယင်းတို့အထဲတွင် ဂျင်းဖော အ၀တ်အစားဖြင့် ဗိုလ်ချုပ်ပုံသည်၎င်း၊ တိုင်းရင်းသားလူမျိုးများဖြင့် တွဲရိုက်ထားသော ဗိုလ်ချုပ်ပုံသည်၎င်း အပေါ်လွင်ဆုံးဖြစ်သည်။ သည်ပုံများကို မြင်ရသောအခါ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ဦးစားပေး၍ ကြိုးပမ်းဆောင်ရွက်ခဲ့သော သူ၏ ကြိုးပမ်းမှုတို့ကို ပြန်လည် သတိရမိ၏။ ‘မြန်မာက တမျိုး၊ ကရင်ကတဖုံ၊ ရှမ်း၊ ကချင်၊ ချင်း၊ ရခိုင်တို့က တခြား၊ အကွဲကွဲအပြားပြားလုပ်နေကြရင် အကျိုးရှိမှာမဟုတ်ဘူး။ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မယ်။ လုပ်ကြည်မှလဲ အကျိုးရှိကြောင်း သိနိုင်တယ်’ ဟူ၍ သူပြောခဲ့သည့် စကားတို့ကို ကြားယောင်မိလေသည်။
အောက်ထပ်ကို ကြည့်ရှုပြီးသော အခါ အထက်ထပ်ကို ကျနော်တက်ကြည့်သည်။ ရှေးဦးစွာ အထူးအစည်းအဝေးခန်းကို ၀င်ကြည့်သည်။ သည်အခန်းကား ရာဇ၀င်တွင်မည့် အခန်းတည်း။ ဗိုလ်ချုပ်သည် လုပ်ဖော်ကိုင်ဖက်များနှင့်အတူ သည်အခန်းတွင်း၌ ခေါင်းချင်းဆိုင်လျက် မြန်မာ့လွတ်လပ်ရေးအတွက် ဆောင်ရွက်ရန် လျှို့ဝှက်သောကိစ္စများကို တိုင်ပင်ခဲ့သည်။ အရေးကြီးသော ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့သည်။
သည် အစည်းအဝေးခန်းနှင့် ကပ်လျက်ရှိသော အခန်းကား ကလေးများအိပ်ခန်းပင်၊ ထိုအခန်း အလယ်တွင် ကလေးကုတင်သုံးလုံးစီးတန်းထားသည်ကို တွေ့ရသည်။ ဗိုလ်ချုပ်၏သားနှစ်ယောက်နှင့် သမီးငယ်တို့ အိပ်စက်ကြသော ကုတင်များဖြစ်သည်။ သားသမီးသုံးဦးအနက် ယခုအခါ နှစ်ဦးသာ ကျန်တော့သည်။ ဒုတိယသား အောင်ဆန်းလင်းသည် ၁၉၅၃ခုတွင် အိမ်ရှေ့ရှိရေကန်ငယ်၌ ရေနစ် ကွယ်လွန်ခဲ့ရှာလေပြီ။
ကလေးငယ်များ၏ ကုတင်ကလေးများကို ကြည့်ကာ ကျနော်သည် ဗိုလ်ချုပ်၏ ဘ၀ကိုတွေးတောမိသည်။ သူသည် နိုင်ငံလွတ်လပ်ရေးအတွက်သာ လုံးပန်းနေရသဖြင့် မိသားစုအရေးကို မကြည့်နိုင်ရှာခဲ့ပေ။ မကွယ်လွန်မီ သုံးလခန့်က အပါးတော်မြဲ ဗိုလ်ထွန်းလှအား ဗိုလ်ချုပ်က ‘လွတ်လပ်ရေးရပြီးရင် နိုင်ငံရေးက ထွက်မယ်၊ ခပ်အေးအေး စာကလေးရေးစားရင်း ငါ့အိမ်ထောင် နောင်ရေးအတွက် ဂရုစိုက်စီစဉ်ရအုံးမယ်’ ဟု ပြောပြခဲ့လေသည်။ သို့သော် သူကား သူ့အိမ်ထောင် နောင်ရေးအတွက် မဆောင်ရွက်နိုင်မီ ကွယ်လွန်ခဲ့ရှာသည်တကား။
ထို့နောက် ကျနော်သည် ကလေးအိမ်ခန်းမှ ထွက်ခွာလျက် ဗိုလ်ချုပ်နှင့် ဇနီးဒေါ်ခင်ကြည့်တို့၏ အိမ်ခန်းသို့ ၀င်ကြည့်ခဲ့သည်။
နိုင်ငံအထွတ်အထိပ်ခေါင်းဆောင်ကြီး၏ အိပ်ခန်းဆိုသော်လည်း ပိုး ဖဲ၊ ကတ္တီပါ အဖိုးတန်းများဖြင့် တခမ်းတနား ခင်းကျင်းထားသည်မဟုတ်။ ရိုးရိုးနေ၊ ရိုးရိုးထိုင်၊ ရိုးရိုးစားသော သာမန်ဇနီးမောင်နှံနှစ်ဦး၏ အခန်းမျိုးသာဖြစ်သည်။ အရှင်မဲ့နေသော နှစ်ယောက်အိပ်ကုတင်တလုံးနှင့် အ၀တ်ဘီဒို နှစ်လုံးသည် ငြိမ်ဆိတ်လျက်ရှိသည်။ ဘီဒိုနှစ်လုံးထဲ၌ ဗိုလ်ချုပ်၏ အ၀တ်အစားအနည်း ငယ်ကိုသာ တွေ့ရသည်။ စင်စစ် ထို့ထက်ပို၍လည်း အ၀တ်အစားမရှိရှာပေ။ ထိုအိပ်ခန်းအထက်ထပ် အထပ်ခိုးတွင် ဘုရားစင်ထားသည်ကို တွေ့ရသည်။ ဗိုလ်ချုပ်သည် ဘာသာရေးကို ပစ်ပယ်သူမဟုတ်၊ ဗုဒ္ဓဘာသာဝင်တဦးဖြစ်ကြောင်း ဖော်ပြသကဲ့သို့ ရှိနေသည်။
အိပ်ခန်းနှင့် ကပ်လျက်ရှိသော အခန်းကား ဗိုလ်ချုပ်၏ စာကြည့်ခန်းတည်း။ စာအုပ်ဘီဒိုများထဲတွင် စွယ်စုံကျမ်းများ၊ စစ်သမိုင်းများ၊ ဘောဂဗေဒကျမ်းများ စသည်ဖြင့် စာအုပ်မျိုးစုံကိုတွေ့ရသည်။ ဗိုလ်ချုပ်ကား စာအလွန်ဖတ်သူဖြစ်သည်။ ဆောင်းပါး ၀တ္တု ကျမ်းအမျိုးမျိုးအပြင် ကဗျာများကိုပါ အထူးလေ့လာဖတ်ရှု သူဖြစ်သည်။ ဖတ်ရှုသော ကဗျာများအနက်အင်္ဂလိပ်ကဗျာဆရာ ဟင်နလေ၏ ကဗျာတပုဒ်ကို သူအလွန်စွဲမက်သည်။ ထိုကဗျာကို မကြာခဏဖတ်ရွတ်သည်။ ကျနော်သည် သူ့စာအုပ်များကိုကြည့်ရာမှ နှစ်သစ်သည့် ထိုကဗျာပါ အောက်ပါစာပိုဒ်ကလေးကို အထူးသတိရနေမိသည်။
‘ကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့် ငါ့ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏။ သို့သော ညွတ်ကား မညွတ်’
ထို့ပြင် ကျနော်သည် စာဖတ်ခြင်းနှင့် ပတ်သက်၍ ဗိုလ်ချုပ်၏ အမြင်ကို ဆင်ခြင်မိပြန်သည်။ ဗိုလ်ချုပ်က သူ့ဆောင်းပါးတစောင်တွင် ‘ယခု ကမ္ဘာပေါ်မှာရှိသည့် စာအုပ်အားလုံးသည် အရင်းစစ်လျှင် လောက၏ အကြောင်းကို အမျိုးမျိုးမှတ်သားချက်များသာ ဖြစ်ပေသည်။ ထိုမှတ်သားချက်များကို ရေးသူများ၏ အာဘော်၊ ၎င်းတို့ရေးရာ ဒေသ၊ ရေးသည့် အချိန်ကာလစသည်ကို ကြည့်၍ ဝေဖန်ပြီးလျှင် လောကအလုပ်ဝတ္တရားတွင် သုံးစွဲတတ်မှသာ စာတတ်အမှန်ဖြစ်ပေသည်’ ဟူ၍ ရေးသားခဲ့ဘူးလေသည်။
စာအုပ်ဘီဒိုများအနီးတွင် ဗိုလ်ချုပ်၏ စာရေးစားပွဲလည်း ရှိသည်။ ဗိုလ်ချုပ်သည် စာဖတ်ဝါသနာ ပါသည့် နည်းတူ စာရေးလည်း အလွန်ဝါသနာပါသည်။ စာရေးရာ၌ အင်္ဂလိပ်ဘာသာဖြင့်ဖြစ်စေ၊ မြန်မာ ဘာသာဖြင့်ဖြစ်စေ ထိမိပိုင်နိုင်စွာ ရေးသားနိုင်သည်။ မြန်မာပိုင် အင်္ဂလိပ်သတင်းစာ ‘နယူးဘားမား’ တွင် အချိန်ပိုင်း အယ်ဒီတာအဖြစ် ၀င်ရောက်လုပ်ကိုင်စဉ်က ရေးခဲ့သော ခေါင်းကြီးများမှာ ထင်ရှားသည်။ ဒဂုန်မဂ္ဂဇင်း၌ ရေးခဲ့သော ဆောင်းပါးများမှာလည်း အထူးထင်ရှားလှသည်။
ဤသို့လျှင် ကျနော်သည် ဗိုလ်ချုပ်အိမ်ရှိ အခန်းစုံကို တခန်းဝင် တခန်းထွက်ကြည့်ရင်း ဗိုလ်ချုပ်အကြောင်းကို အမျိုးမျိုးတွေးတော အောက်မေ့မိသည်။ နေစောင်းလာသော အခါ ကျနော်သည် ဗိုလ်ချုပ်အိမ်မှ ဆင်းသက်ထွက်ခွာလာခဲ့သည်။ သို့ထွက်ခွာလာစဉ် ဗိုလ်ချုပ်၏ စေတနာကို မြတ်နိုးမိသည်။ ဗိုလ်ချုပ်၏ ကြိုးပမ်းမှုကို ချီးကျူးမိသည်။ ရိုးသားလှသော ဗိုလ်ချုပ်၏ အနေအထိုင် အမူအရာကို လေးစားမိသည်။ ဗိုလ်ချုပ်၏ စိတ်ဓာတ်ကို အားကျမိသည်။ ဗိုလ်ချုပ်၏ ဂုဏ်ကျေးဇူးကို အောက်မေ့မိသည်။ ကောင်းလေစွ။


မင်းယုဝေ (အလယ်တန်း စကားပြေလက်ရွေးစင်မှ…)

တစ်ပတ်အတွင်းဒိုင်ယာရီ

 
Support : Copyright © 2011. လွင့်မောင်မောင်(ထားဝယ်) - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger