Latest Post

နှစ်ပေါင်း ၁၀၀ ကျော်ကာလအတွင်းပထမဆုံး ရွှေတောင်စားစေတီ ထီးတော်တင်လှူမည်

Written By လွင့်မောင်မောင် on Monday, March 11, 2013 | 5:33 AM

ရွှေတောင်စားစေတီ ထီးတော်တင်လှူခြင်းသည် နှစ်ပေါင်း၁၀၀ ကျော်ကာလအတွင်း
 မြန်မာအစိုးရလက်ထက်အဆက်ဆက်ပထမဆုံး တင်လှူခြင်းဖြစ်သည်။

ရွှေတောင်စားစေတီတော်၊ထားဝယ်မြို့

ဖိုးဇော်(ထားဝယ်)   ၁၁ မတ် ၂၀၁၃
       တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့၏ကျက်သရေဆောင်“ရွှေတောင်စားစေတီတော်”၏
 ရွှေထီးတော်တင်မဟာမင်္ဂလာ အခမ်းအနားကိုလာမည့် မတ်လ(၁၃)ရက်နေ့ နံနက်တွင် ခမ်းနားသိုက်မြိုက်စွာဆင်ယင်ကျင်းပတော့မည်ဖြစ်သည်။

သမိုင်းမှတ်တမ်းများအရ ရွှေတောင်စားစေတီတော်ကို သက္ကရာဇ် ၁၁၂၄ ခုနှစ်တွင် မင်းရှင်ဇော် ကတည်ထားခဲ့ခြင်းဖြစ်သည်။မင်းရှင် ဇော်၏ ဖခင်ဖြစ်သူ ပန်းပဲဆရာကြီးဦးရွှေခေါင်သည် မြို့စားဦးနဲလှ လက်ထက်က ရွှေတောင်အရပ်မှရွှေတောင်ကိုစားရသူဖြစ်သ ဖြင့် မင်းရှင်ဇော် မင်းပြုသောအခါ ရွှေတောင်စား အဆက်ဖြစ်သည်ကိုအစွဲပြု၍ ရွှေတောင်စားမင်းဟု ခေါ်တွင်ခဲ့သည်။

ထိုကြောင့် မင်းရှင်ဇော်၏ ကောင်းမှုဖြစ်သောစေတီတော်ကို ရွှေတောင်စားစေတီ ဟု ခေါ်ဝေါ်ခဲ့ကြောင်းသိရသည်။

ထိုကာလတွင်ပထမဆုံးအကြိမ် ထီးတော်တင်လှူခြင်းဖြစ်ပြီး၊ဒုတိယအကြိမ်ထီးတော်ကို (၁၃၆)နှစ်အကြာ တွင် ဗြိတိသျှအစိုးရလက်ထက် သက္ကရာဇ် ၁၂၆၂ ခုနှစ်၊ကဆုန်လပြည့်နေ့တွင် တင်လှူပူဇော်ခဲ့သည်။

ဒုတိယအကြိမ် ထီတော်တင်ပြီး (၁၁)နှစ်အကြာသက္ကရာဇ် ၁၂၇၃ ခုနှစ်တွင်လေပြင်းဒဏ်ကြောင့် ထီးတော်ပျက်စီးခဲ့ရာ ဗြိတိသျှအစိုးရလက်ထက် သက္ကရာဇ် ၁၂၇၃ ခုနှစ်၊ တန်ခူးလပြည့်ကျော်(၄)ရက်နေ့တွင် တတိယအကြိမ် ထီးတော်ကို တင်လှူခဲ့ကြောင်းသိရသည်။

ယခု သက္ကရာဇ် ၁၃၇၄ ခုနှစ်၊ တပေါင်းလဆန်း(၂)ရက်နေ့တွင် တင်လှူမည့်ထီးတော်သည် ရွှေတောင်စားစေတီတော်၏ စတုတ္ထမြောက် ထီးတော်ဖြစ်သည်။
ထို့ကြောင့် သမိုင်းမှတ်တမ်းများကိုလေ့လာလျှင် ရွှေတောင်စားစေတီ ၏နှစ်ပေါင်း (၂၅၀) ကာလအတွင်း စတင်တည်သည့်အချိန်ကလွဲ၍မြန်မာအစိုးရလက်ထက်အဆက်ဆက်တွင်ပထမဆုံး
အကြိမ်တင်လှူပူဇော်နိုင်သည့်ရွှေထီးတော်ဖြစ်ကြောင်းတွေ့ရမည်ဖြစ်သည်။

ထို့အပြင်ဦးဆောင်တင်လှူမည့်ပုဂ္ဂိုလ်မှာလည်း နိုင်ငံတော်တွင်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ်အဆင့်မြင့်တာဝန်ထမ်းဆောင်နေသူ ထားဝယ်ဒေသသားတစ်ဦးဖြစ်နေခြင်းကလည်း ထူးခြားမှုတစ်ရပ်ဖြစ်ကြောင်းတွေ့ရသည်။

ဖိုးဇော်(ထားဝယ်)
၁၁ မတ် ၂၀၁၃

တစ်ပတ်အတွင်းဒိုင်ယာရီ

 
Support : Copyright © 2011. လွင့်မောင်မောင်(ထားဝယ်) - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger