Latest Post

အားဖြည့်အချိုရည်နှင့်အရက် တွဲဖက်သောက်ခြင်းက ဆိုးကျိုးပိုများ

Written By လွင့်မောင်မောင် on Saturday, February 21, 2015 | 8:29 PM

ဂျာမန်ထုတ် Jagermeister အရက်ကို Red Bullကဲ့သို့ အားဖြည့်အချိုရည်များနှင့် တွဲဖက်ပေးထားသည့် Jager Bomb ယမကာ အခင်းအကျင်းသည် အနောက်နိုင်ငံများတွင် သိသိသာသာ ခေတ်စားလာသော်လည်း ယင်းသည် အန္တရာယ်ကို ဖိတ်ခေါ်မှု တစ်ခုဟု အမေရိကန် ပညာရှင်များက ပြောကြားခဲ့

အားဖြည့်အချိုရည်နှင့်အရက် တွဲဖက်သောက်ခြင်းက ဆိုးကျိုးပိုများ
အရက်ကို အားဖြည့်အချိုရည်များနှင့် ရော၍ သောက်သုံးခြင်းသည် အရက်ချည်းသက်သက် သောက်ခြင်းထက် အန္တရာယ် ပိုကြီးမားကြောင်း သုတေသီများက သတိပေးလိုက်သည်။ ဂျာမန်ထုတ် Jagermeister အရက်ကို Red Bullကဲ့သို့ အားဖြည့်အချိုရည်များနှင့် တွဲဖက်ပေးထားသည့် Jager Bomb ယမကာ အခင်းအကျင်းသည် အနောက်နိုင်ငံများတွင် သိသိသာသာ ခေတ်စားလာသော်လည်း ယင်းသည် အန္တရာယ်ကို ဖိတ်ခေါ်မှု တစ်ခုဟု အမေရိကန် ပညာရှင်များက ပြောကြားခဲ့သည်။ အရက်ကို အားဖြည့်အချိုရည်နှင့် ရောစပ်သောက်သုံးခြင်းသည် အဘက်ဘက်မှ ဆိုးကျိုးသက်ရောက်နိုင်ပြီး အရက်စွဲလမ်းမှု ဖြစ်ပေါ်အောင်

 ပိုမို လှုံ့ဆော်ပေးကြောင်းလည်း သိရှိရသည်။

အားဖြည့်အချိုရည်၏ အာနိသင်ကြောင့် နိုးကြားနေသည့်အခါ အရက်ကို ပိုမို၍ များများစားစား သောက်ဖြစ်သွားပြီး ရိုင်းစိုင်းသော အပြုအမူမျိုး ကျူးလွန်မိရန် ဖြစ်နိုင်ခြေလည်း ပိုများလာလေ့ရှိကြောင်း သုတေသီများက မှတ်ချက်ပြုခဲ့သည်။ Jager Bombသည် လူငယ်များအကြား ရေပန်းစားသည့် ယမကာတစ်မျိုး ဖြစ်သော်လည်း လက်တွေ့တွင်မူ ရှောင်ကြဉ်သင့်သော အတွဲအဖက်မျိုးဟု မစ်ချီဂန်တက္ကသိုလ်၊ လူမှုရေး သုတေသန ဌာနမှ ဒေါက်တာ မီဂန်ပက်ထရစ်က မှတ်ချက်ပြုခဲ့သည်။

"ကောလိပ်ကျောင်းသားလေးတွေ အရက်ပိုစွဲလာတဲ့ အကြောင်းရင်းဟာ အားဖြည့်အချိုရည်တွေနဲ့ ရောစပ်ပြီး သောက်ကြလို့ ဆိုတာကို ကျွန်မတို့ တွေ့ရှိလာခဲ့ပါတယ်။ ပြောရမယ်ဆိုရင် အဲဒီလို ရောစပ်တာဟာ အရက်သီးသန့် သောက်တာထက် အဆိပ်အတောက် ပိုများပါတယ်"ဟု ဒေါက်တာမီဂန်က ဆိုသည်။ ပင်ဆယ်လ်ဗေးနီးယား အစိုးရ တက္ကသိုလ်မှ ပရော်ဖက်ဆာ ဂျနီဖာမက်စ်သည် အဆိုပါ လေ့လာမှုတွင် ဒေါက်တာမီဂန်နှင့် ပူးပေါင်းပါဝင်ခဲ့သူ ဖြစ်သည်။

လူငယ်ကျောင်းသား (၆၅၂)ဦးကို အခြေခံ လေ့လာခဲ့သော သုတေသန ရလဒ်နှင့် စပ်လျဉ်းပြီး ဒေါက်တာဂျနီဖာက "ဒီလိုအရောအစပ်ဟာ အဆိပ်အတောက် ဖြစ်နိုင်ခြေ ပိုများတဲ့အပြင် အရက်များများ သောက်ဖြစ်အောင်လည်း လှုံ့ဆော်တတ်ပါတယ်။ အားဖြည့်အချိုရည်ရဲ့ အာနိသင်ကြောင့် နိုးကြားနေတဲ့အခါ အရက်ကို ပိုပြီး သောက်လေ့ရှိလာတယ်လေ။ အရက်အဝင်များတဲ့အခါ လူမှုရေး နယ်ပယ်မှာ လက်ခံဖို့ခက်တဲ့ အပြုအမူမျိုးတွေ ပိုလုပ်ဖြစ်လာတယ်"ဟု ရှင်းပြခဲ့သည်။ မကြာသေးမီကလည်း ဂျာမနီနိုင်ငံမှ သုတေသီ တစ်စုသည် အားဖြည့်အချိုရည်များ သောက်သုံးခြင်းကြောင့် နှလုံးခုန်နှုန်းကို နှေးကွေးသွားအောင်

 ပြောင်းလဲသက်ရောက်စေကြောင်း ဖော်ထုတ် တွေ့ရှိထားခဲ့သည်။

Planet Myanmar Network

မိတ်ကပ်ဖျက်ဖို့ဘာကြောင့် အရေးကြီးတာလဲ


ညမအိပ်ခင် လိမ်းထားတဲ့မိတ်ကပ်တွေကို စင်ကြယ်အောင်ဆေးပြီးမှ အိပ်စက်တာဟာ အလှအပ ဂရုပြုသူတိုင်းအတွက် အခြေခံကျတဲ့အချက်ဆိုတာ နားလည်ကြမှာပါ။ အိမ်ပြန်နောက်ကျတဲ့ ညတွေမှာ ဒေါက်ဖိနပ်ကို ကန်ထုတ်လိုက်ပြီး အိပ်ရာပေါ် တန်းပစ်လှဲလိုက်ချင်ကြသူ ချည်းပါပဲ။

မိတ်ကပ်ဖျက်ခြင်းဟာ ဘာကြောင့်အရေးပါသလဲဆိုတာ အနည်းငယ် ရှင်းပြပါရစေ။ ပုံမှန်အားဖြင့် အလွန်စွဲမြဲစေတဲ့ ရေစိုခံ မျက်တောင်ကော့ဆေးတွေဟာ မျက်လုံးမှာ တစ်ညလုံးရှိနေတဲ့ အခါ အမြင်အာရုံနဲ့ပတ်သက်ပြီး ပိုးမွှားဝင်တာတွေ ဖြစ်နိုင်ပါတယ်။ ပိုးမွှားတွေဟာ လိုင်နာရဲ့ gel အရည်မျိုးထဲမှာ ပိုမိုလျှင်မြန်စွာ ၀င်ရောက်နိုင်ပါတယ်။

အသက်အရွယ်ရလာတဲ့ သူတွေအဖို့ ပိုပြီးတောင် သတိထားသင့်ပါတယ်။ မိတ်ကပ်လိမ်းပြီး တစ်ညတာလုံး မိတ်ကပ်နဲ့အတူ အိပ်စက်လိုက်တဲ့အခါ ချွေးပေါက်ပိတ်ပြီး အသားအရေကို ပုပ်သိုးသွားစေပါတယ်။

- မျက်နှာသစ် ပုဝါတွေဟာ တကယ်အသုံးဝင်ရဲ့လား?

ညအချိန်မတော် ပြန်လာတတ်သူ မိန်းမပျင်းလေးများအတွက် ဒီမိတ်ကပ်ဖျက် ပုဝါလေးတွေဟာ အကျိုးကျေးဇူးထူး တစ်ခုလို့ထင်နိုင်ပါတယ်။ စသုံးလိုက်ချိန်မှာ ပါးလေးတွေနီရဲသွားတဲ့အတွက် သိပ်နှစ်သက်စရာကောင်းတာပဲလို့ ထင်နိုင်ပါတယ်။ တကယ့်အမှန်တရားအစစ်ကတော့ နှင်းဆီသွေးရောင်ဖြစ်သွားတာမျိုး မဟုတ်ပါဘူး။

အလွတ်တန်းမိတ်ကပ်ပညာရှင် Larry Yeoက “ရေနဲ့ကောင်းစွာဆေးကြောခြင်း မရှိဘဲနဲ့တော့ အညစ်အကြေးတွေဟာ အလွှာပါးလေးတစ်လွှာစာလောက်တော့ ကျန်ခဲ့မှာပါပဲ။” လို့ ဆိုပါတယ်။ ဆိုတော့ ဒီပုဝါမျိုးဟာ လုံးဝကိုအသုံးမ၀င်တော့ဘူးလား။

- သန့်စင်ပုဝါများအား မှန်ကန်စွာအသုံးပြုနည်း

တကယ်လို့များ မျက်နှာသန့်စင်ပုဝါကို အသုံးပြုမယ်ဆိုရင် နူးညံ့တဲ့ မျက်လုံးနားတစ်ဝိုက်နဲ့ နှုတ်ခမ်းသားတို့ကို ရှောင်ရှားပြီး သုတ်ပါ။ ပြီးတာနဲ့ ချက်ချင်း ရေနွေးနွေးလေးနဲ့ သစ်လိုက်ပါ။

တလက်လက် တောက်ပနေတဲ့ အိုင်းရှဲဒိုးမျိုး ဆိုးထားမိတယ်ဆိုရင်တော့ သာမန် မိတ်ကပ်ဖျက်ပုဝါထက် တစ်ဆင့်ပိုကောင်းပြီး ပိုထိရောက်တဲ့ Shu Uemura’s Ultime8 Sublime Beauty Cleansing Oil (ဒါမှမဟုတ်) Shiseido’s Ultimate Cleansing Oil တို့ကို ကြားခံအဖြစ်သုံးပေးပါ။

သုံးနည်းကတော့ ဖျက်ဆေးရည်ဆွတ်ထားတဲ့ မိတ်ကပ်ဖျက်ပုဝါကို ဖျက်လိုတဲ့ မျက်လုံး ဧရိယာနားတစ်ဝိုက်မှာ ၅-၁၀ စက္ကန့်လောက် ဖိထားပေးပါ။ ပြီးတာနဲ့ တစ်ချက်တည်း ဆွဲသုတ်ပြီး ဖယ်လိုက်ပါ။ ကျန်ခဲ့တဲ့အပိုင်းအစလေးတွေကိုတော့ တခြားပုဝါနဲ့ စင်ကြယ်သည်အထိ ထပ်ခါထပ်ပွတ်ပေးလိုက်ပါ။

ဒီလောက်ဆိုရင်တော့ မှန်ကန်တဲ့ မိတ်ကပ်ဖျက်နည်းနဲ့ မိတ်ကပ်ဖျက်ပုဝါ အသုံးပြုနည်းကို ရရှိနိုင်ပြီလို့ မျှော်လင့်ပါတယ်။

Ref:herworldplus
Trend Myanmar

စာမေးပွဲကာလ ကျန်းမာ နေစေရန် ရှောင်သင့်၊ ဆောင်သင့်သော အစာ အာဟာရ

Written By လွင့်မောင်မောင် on Thursday, February 19, 2015 | 7:06 PM


စာမေးပွဲ ကာလ ကျန်းမာ နေစေရန် ရှောင်သင့်၊ ဆောင်သင့်သော အစာ အာဟာရ အခုဆိုရင် ကျောင်းသား၊ ကျောင်းသူ အများစုအတွက် အတန်းတင် စာမေးပွဲ ဖြေဆိုဖို့ နီးကပ်လာပါပြီ။

စာမေးပွဲမှာ ကောင်းကောင်း ဖြေဆိုနိုင်ဖို့ဆိုရင် သင် ခန်းစာတွေကို ကြေညက်အောင် လေ့လာထားဖို့ လိုသလို ကျန်းမာရေးလည်း ကောင်းမွန်နေဖို့ လိုပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေ ကျန်းမာဖို့ ရာအတွက် အာဟာရ ပြည့်ဝနေသင့်ပါတယ်။ စာမေး ပွဲကာလ တစ်လျှောက်လုံးရော သင်ခန်းစာတွေကို အပြင်းအထန် မှတ်သားနေ သူတွေအနေနဲ့ပါ ကျန်းမာနေစေဖို့ စားသင့်၊ ရှောင်သင့်တဲ့ အစား အသောက်တွေကို ရေးသားလိုက် ရပါတယ်။

ဥအမျိုးမျိုး ဘာကြောင့် စားသင့်တာလဲ

ဘဲဥ၊ ကြက်ဥစားရင် စာမေးပွဲမှာ သုညပဲ ရလိမ့်မယ် ဆိုပြီး စနောက်ကာ ဥအမျိုးမျိုးကို တချို့က ရှောင်လေ့ ရှိပါတယ်။ တကယ်တော့ ဥအမျိုးမျိုးမှာ မရှိ မဖြစ် ဖော့စ်ဖိုလစ်ပစ်၊ ကိုလင်း၊ သံဓာတ်နဲ့ အရည်အသွေးမြင့် ပရိုတင်းဓာတ်တို့ ပါဝင်တာကြောင့် ဦးနှောက်အတွက် အကောင်းဆုံး အစာဖြစ်ကာ စာမေးပွဲကာ လအတွင်း စားသင့်ပါတယ်။

ဗီတာမင်စီပါသော အစားအစာ ဘာကြောင့် စားသင့်တာလဲ

ဗီတာမင် စီပါတဲ့ အစာကို တစ်နေ့ နှစ်ကြိမ်-သုံးကြိမ် စားတာကြောင့် ကိုယ်ခံ စွမ်းအားကို မြင့်တက် စေပြီး ခန္ဓာကိုယ် ကနေ သံဓာတ် စုပ်ယူမှုကို အားကောင်း စေကာ ဦးနှောက်ဆီသို့ အောက်ဆီဂျင် ရောက်ရှိမှု များစေပါတယ်။ ဒါကြောင့် ဉာဏ်ရွှင်လန်းစေဖို့ ချဉ်တဲ့အသီးတွေ၊ ခရမ်းချဉ်သီး၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်း ရွက်တွေ၊ ငရုတ်သီးစိမ်း၊ ငရုတ်သီးမှည့်၊ မာလကာ သီးနဲ့ ကညွတ်တို့လို ဗီတာမင်စီ ပါတဲ့ အစာတွေကို စားပေးသင့်ပါတယ်။

ငါး ဘာကြောင့် စားသင့်တာလဲ

တစ်ပတ်မှာ အနည်းဆုံး ငါးသုံးကြိမ် စားပေးပါ။ ဆာဒင်းနဲ့ ဆယ်လ်မွန်တို့လို အဆီများတဲ့ ငါးတွေမှာ မှတ်ဥာဏ် အားကောင်းစေတဲ့ အိုမီဂါ ၃ ဖက်တီး အက်စစ်များစွာ ပါဝင်ပါတယ်။

ထောပတ်သီး ဘာကြောင့် စားသင့်တာလဲ

ထောပတ်သီး၊ အခွံမာတဲ့ အစေ့အ ဆန် လက်တစ်ဆုပ်စာနဲ့ သံလွင်ဆီတို့ ဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေ ဖြစ်တာကြောင့် ဦးနှောက်ကို ကျန်းမာစေ ပါတယ်။

ဟင်းသီးဟင်းရွက်များ ဘာကြောင့် စားသင့်တာလဲ

ဗီတာမင်အေနဲ့ ဘီတာကယ်ရိုတင်း အများအပြား ပါဝင်တဲ့ လိမ္မော်ရောင်နဲ့ အဝါရောင်ရင့် ဟင်းသီး ဟင်းရွက်တွေက ကိုယ်ခံ စွမ်းအား စနစ်ကို ကောင်းမွန်စေ သလို မျက်စိ အမြင်အာရုံကို ကောင်းမွန် စေတာကြောင့် သင်ခန်းစာတွေကို ဖတ် ရှုလေ့လာနေရသူတွေ စားသင့်ပါတယ်။

အမျှင်ပါသော ကောက်နှံစာ ဘာကြောင့် စားသင့်တာလဲ

အခွံချွတ် မထားတဲ့ ကောက်နှံစာမှာ အမျှင်ဓာတ် အများအပြား ပါဝင်တာကြောင့် အူလှုပ်ရှား မှုကို ကောင်းစေကာ သွေးတွင်း သကြားဓာတ်ကို တည်ငြိမ် စေပါတယ်။ စိတ်ဖိစီးမှု တွန်းလှန် ပေးနိုင်တဲ့ ဗီတာမင်ဘီလည်း များစွာ ပါဝင်တာကြောင့် စိတ်တည်ငြိမ် စေပြီး အရာရာကို ရှင်းရှင်း လင်းလင်း၊ ကြည်ကြည် လင်လင် တွေးခေါ် နိုင်စေပါတယ်။ ဗီတာမင်ဘီက သင်ခန်းစာ တွေကို လေ့လာမှတ်သားနေ ချိန်အတွင်း စွမ်းအင် တိုးစေပါတယ်။ ဗီတာမင် ဘီများစွာ ပါဝင်တဲ့ ပဲအမျိုးမျိုးမှာ ပရိုတင်း ဓာတ်လည်း ပါဝင်တာကြောင့် အသားများများ မစားဖြစ်တဲ့ ကျောင်းသား၊ ကျောင်းသူတွေ အဓိက စားသင့်ပါတယ်။

ဒိန်ချဉ် ဘာကြောင့် စားသင့်တာလဲ

ဒိန်ချဉ် အလွတ်ကို စားတာက အစာ ကြေညက်စေပြီး အူထဲမှာ အကျိုးပြု ဘက်တီး ရီးယားကို တိုးစေတာကြောင့် ကျောင်းသား၊ ကျောင်းသူတွေ အတွက် သင့်တော်ပါတယ်။

အချိုရည်နှင့် သကြားပါသော ဖျော်ရည်များ ဘာကြောင့် ရှောင်သင့်တာလဲ

သွေးတွင်း သကြားဓာတ်ကို မြင့်တက် စေနိုင်တဲ့ အချိုရည်နဲ့ သကြားပါတဲ့ အရည်တွေက အာရုံ စူးစိုက်နိုင်ဖို့ ခက်ခဲ တတ်ပါတယ်။ ဒါကြောင့် အချိုစားချင် စိတ်ပြင်းပြနေရင် အစာစားပြီး အနည်းငယ်ပဲ သောက်ပါ။ ဒါဆိုရင် စားတဲ့ အစာနဲ့ ရောပြီး အစာကြေ နှုန်းနှေးကာ သွေးကြော ထဲ ရောက်ရှိနှုန်း လျော့နည်း သွား နိုင်ပါတယ်။

ကော်ဖီပြင်းပြင်း ဘာကြောင့် ရှောင်သင့်တာလဲ

တစ်နေ့တာ အတွင်း ကော်ဖီ အနည်းငယ် သောက်တာနဲ့ အိပ်ရာ မဝင်ခင် အချိန် လေးနာရီ အတွင်း ကော်ဖီ မသောက်ဘဲ နေတာက အဆင်ပြေပေမယ့် ကော်ဖီပြင်းပြင်း ကိုတော့ မသောက်မိဖို့ လိုပါတယ်။ အကြောင်းကတော့ ကဖင်းဓာတ်က ဦးနှောက်ကို တက်ကြွလွန် အောင် လှုံ့ဆော် ပေးနိုင်ပြီး အိပ်မပျော် ဖြစ်စေလို့ပါ။ တစ်နေ့တာ လေ့လာသင် ယူခဲ့သမျှ မှတ်မိ နေစေဖို့ ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျဖို့ လိုပါတယ်။

ဆီကြော်ထားသော အမြန်စာများ ဘာကြောင့် ရှောင်သင့်တာလဲ

ဆီကြော်ထားတဲ့ အမြန်စာ ထဲမှာပါတဲ့ ထရန့်စ်ဖတ်စ် တွေက ဦးနှောက်ထဲမှာ လိုအပ်တဲ့ အိုမီဂါ ၃ ဖက်တီး အက်စစ်ကို အစားပြန်မထိုးနိုင်တဲ့အပြင် စိတ်ဓာတ် ကျတာလို စိတ်ဝေဒနာကို ဖြစ်စေ နိုင်ပါတယ်။ အဆီများတဲ့ အစာတွေမှာ ကယ်လိုရီ ပါဝင်မှု လွန်ကဲပြီး အာဟာရ ဓာတ်နည်း တာကြောင့် တစ်နေ့လုံး ပင်ပန်းနေ နိုင်ပါတယ်။ အဲဒီအခါ ကိုယ်တွင်းရှိ အောက်ဆီဂျင် တွေကို ဦးနှောက်က အာရုံ စူးစိုက်နိုင်ဖို့ မသုံး နိုင်တော့ဘဲ အစာချေ ဖျက်ဖို့ အတွက် သုံးနေရတာကြောင့် လေ့လာ သင်ယူ နိုင်စွမ်း လျော့ကျ တတ်ပါတယ်။

ဇွန်ခိုင်ဦး(ဆေးဝါးတက္ကသိုလ်)

မြ၀တီ

ရင်ကွဲမြို့လေးရဲ့ အိပ်မက်တံတား - ဖိုးဇော်(ထားဝယ်)

Written By လွင့်မောင်မောင် on Saturday, February 7, 2015 | 9:32 AM

ရေဖြူ  တံတား  ၊ဓာတ်ပုံ- ဖိုးဇော်(ထားဝယ်)

ရင်နှစ်ခြမ်းအခွဲခံထားရတဲ့ မြို့လေးက ဆောင်းနှောင်းရာသီ၏ မနက်ခင်းမှာ ခပ်တိတ်တိတ်ဆိတ်ဆိတ်ပဲဖြစ်သည်။ခပ်လျှောလျှောကွန်ကရစ်လမ်းလေးအတိုင်းရေစပ်ကိုဆင်း
ပြီး ကွေ့ကွေ့လေးစီးဆင်းနေသည့် မြစ်ကြောင်းကိုဓာတ်ပုံရိုက်ရန်ပြင်တော့ ရေစပ်မှာရှိနေသည့်
 လှေသမားတစ်ဦးက ` ဟိုဘက်ကမ်းကူးမှာလား´ဟုမေးသည်။
ကျွန်တော်ခေါင်းခါပြလိုက်သည်။ကျောင်းပိတ်ရက် ၊ရုံးပိတ်ရက်မို့ လှေဆိပ်သည်လည်း လူသူကျဲပါးကာ ခြောက်ကပ်လို့နေပါသည်။

ခါတိုင်းရက်တွေမှာ ဆိုလျှင်တော့ ဒီကူးတို့ဆိပ်လေးမှာ ဟိုဘက်သည်ကူးသူတို့နှင့်ကူးတို့လှေကလေးသည်ပျားပန်းခတ်မျှ။မိုးထဲလေထဲမှာလည်း
 ကျောင်းသူ၊ကျောင်းသားလေးတွေ၊ရုံးဝန်ထမ်းတွေ ၊ရပ်သူရွာသားတွေဒီလိုပဲ ကူးတို့ကို အားကိုးကာသွားလာခဲ့ရတာဖြစ်သည်။

     ဟိုးနှစ်ပေါင်းများစွာကတည်းက အစိုးရရုံးစိုက်ခဲ့သည့် အနောက်ဘက်ကမ်းမှာ ရုံးတွေ၊ဆေးရုံ၊ရဲစခန်း၊ကျောင်း…စတာတွေ ရှိနေသည်မို့ အရှေ့ဘက်ကမ်းကလူတွေက သည်လိုပဲကူးသန်းခဲ့ရတာဖြစ်သည်။တစ်သက်တာလုံး ဒီလိုမြင်ကွင်းတွေကြုံခဲ့ရသူဒေသခံတွေ၏ အိပ်မက်မှာ ရင်နှစ်ခြမ်းအခွဲခံရတဲ့ပြမြို့လေးကို တံတားထိုးခဲ့ကြမှာပဲဖြစ်သည်။

လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်စုလောက်တုန်းကတော့
ဒီအိပ်မက်တွေကို အကောင်းအထည်ဖော်ခဲ့ဖူးတာအမှတ်ရသည်။ သစ်သားတံတား။ပျဉ်ခင်းတံတား။ဒေသခံတွေခဏတော့သွားလာရအဆင်ပြေသွားခဲ့သေးသည်။
ဒီ့နောက်တော့မိုးမကျခင်မှာပဲဒီတံတားကိုခေတ္တဖျက်သိမ်းကာနေမြဲအတိုင်းပြန်ဖြစ်သွားခဲ့ပြန်ပါ
သည်။ရေစီးသန်လှသည့် မြစ်ရေကြောင့် ကြိုတင်ကာကွယ်သည့်အနေဖြင့် ဖျက်လိုက်
သည်ဟုလည်းဆိုကြသည်။

 နောက်တစ်ကြိမ်ပြန်ဆောက်သေးသည်။ ဖွင့်ပွဲလုပ်တော့မည့်ဆဲဆဲမှာ ရေစီးကြောင့်မျောပါသွားခဲ့တာအမှတ်ရသည်။နောက်တော့ ရင်ကွဲမြို့လေးက တံတားအိပ်မက်နှင့် ဝေးကွာသွားခဲ့ပြန်ပါသည်။ဒီတံတားနှင့်ပတ်သက်၍ ဒေသခံတွေ၏စိတ်ထဲမှာတော့ အားမလိုအားမရဖြစ်တာတွေအစိုင်အခဲတွေရှိပေလိမ့်မည်။ငါတို့အရပ်ကိုပစ်ပယ်ထားတာ၊ငါတို့အ
ခက်အခဲကို အမုန်းခံပြီးဖြေရှင်းပေးမယ့်သူမရှိဘူး ဆိုသော အတွေးတွေတွေးနေမိမည်ထင်
သည်။တကယ်လည်း ကျွန်တော်တို့ဒေသမှာ တံတားထိုးတာနှင့်ပတ်သက်ပြီး ကြားဖူးတာတွေတော့ရှိသည်ပေါ့။နိုင်ငံအတွက်အကျိုးမရှိလို့မလုပ်ပေး၊မဆောက်ပေးတာ။
ထားဝယ်သားဝန်ကြီးချုပ်ဦးစိန်ဝင်းတောင်ကြည့်ပါလား။ထားဝယ်အတွက် အဆင်ပြေအောင် ကမျောကင်းတံတားဆောက်ပေးလိုက်လို့ ဦးနေ၀င်း အမျက်ရှသွားတာ…စသဖြင့် သမိုင်း
စကားတွေကို ကြားခဲ့ဖူးသည်ပဲ။ဘာပဲဖြစ်ဖြစ်…ခုတော့လည်း ထားဝယ်ခရိုင်တစ်ခုလုံးမှာ အကျယ်ပြန့်ဆုံးသောမြို့နယ်၊နိုင်ငံ၏နိုင်ငံခြားငွေ အများဆုံးဖြည့်ဆည်းပေးခဲ့သော၊ပေးနေသော မြို့နယ်၊သယံဇာတသိုက်ကြီးကိုဖင်ခုထိုင်ထားသောမြို့နယ်က ရုတ်တရက်ကြည့်လိုက်လျှင်တော့ အရောင်မှိန်မှိန်နှင့်နွမ်းလျဟန်ပေါက်နေသဖြင့် သူဌေးက ဆင်းရဲသားဟန်ဆောင်နေရသော မြို့နယ်တစ်ခုလည်းဖြစ်ချေသည်။

ခုတော့ အခင်းအကျင်းသစ်မှာ စေတနာပဲဆိုရမည်လား။
နည်းဗျူဟာပဲဆိုရမည်လား။အိပ်မက်ထဲက တံတားတစ်စင်းကတော့ ရင်ကွဲမြို့ကလေးကို ဆက်စပ်လုဖြစ်စေခြဲ့ပီလည်းဖြစ်ချေသည်။ထိုအိပ်မက်တံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊တံတားဆောက်လုပ်ရေးစီမံကိန်းအထူးအဖွဲ့ ၁၃ က တာဝန်ယူတည်ဆောက်နေခြင်းပဲဖြစ်သည်။နှစ်ကာလများစွာကတည်းကဒေသခံတို့ မက်ခဲ့ရသော အိပ်မက်တံတား။ရင်ကွဲမြို့လေးဟု ကျွန်တော်တင်စားခေါ်သည့် ရေဖြူမြို့  လေးကား
အိပ်မက်တွေ ပြည့်ဝခဲ့ခြင်းအတွက် ၀မ်းသာနေမည်ထင်ပါသည်။ကားလမ်းအတွက် ပုဂေါဇွန်း၊သစ်တိုထောင့်၊ရလိုင်မြို့ဟောင်း ဘက်ကိုသာ အားထားနေရသည်မှ အိပ်မက်တံတားတစ်စင်းပြီးခဲ့လျှင်တော့ ရေဖြူမှသည် ထားဝယ် -ရေးလမ်းပိုင်းနှင့်ဆက်စပ်ကာ ပြည်ထောင်စုလမ်းမကြီးအထိ ဆက်စပ်သွားလာနိုင်ပြီလည်းဖြစ်သည်။ထို့အတွက် ဒေသခံ
တွေအဖို့ အိပ်မက်တွေ ဆက်မက်ခွင့်ရကြပါလိမ့်မည်။အေးငြိမ့်စွာစီးဆင်းနေသော မြစ်ကြောင်းထဲမှာတော့ တစ်ချိန်တုန်းက ရင်ကွဲမြို့လေး၏ မျှော်လင့်ခြင်းတံတားအိပ်မက်
တွေကို အပြီးတိုင်မြှုပ်နှံထားလိုက်ကြမည်ထင်သည်လေ…။
ဖိုးဇော်(ထားဝယ်)
ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)
၇ ဖေဖော်ဝါရီ ၂၀၁၅

ဆရာကြီးဦးငွေကိုင်ရဲ့  ကြိုရေးပုံတူ ပန်းချီကား

Written By လွင့်မောင်မောင် on Wednesday, February 4, 2015 | 9:26 PM

ပန်းချီဆရာကြီး ဦးငွေကိုင်


ဦးငွေကိုင်၏ ကြိုရေး  ဒေါ်နီပုံတူ ပန်းချီကား


      ပြီးခဲ့တဲ့ တစ်ပါတ်လောက်က ကျွန်တော့အစ်ကို ထားဝယ်ကနေ ရန်ကုန်ကို ပြန်ရောက်လာတော့ သူရိုက်ယူခဲ့တဲ့ ပန်းချီကား ဓာတ်ပုံတစ်ပုံ ထုတ်ပြပါတယ် ။ သူပြတဲ့ပုံကို ယူကြည့်လိုက်တော့ အသက် ၈၀ ၀န်းကျင် အဖွားအိုတစ်ယောက်ရဲ့ပုံကို ဆွဲထားတဲ့ပန်းချီပုံကိုမြင်ရပြီး ဓာတ်ပုံ အောက်နား ဘယ်ဘက်ဒေါက်စွန်းလေးမှာလည်း နိုင်ငံကျော်ပန်းချီဆရာကြီးဦးငွေကိုင်ရဲ့  မြန်မာလို ရေးထိုးထားတဲ့ လက်မှတ်ကိုပါ တွေ့လိုက်ရပါတယ် ။
         အဲဒီအခါမှာ ကျွန်တော်က အဖွားအိုတစ်ယာက်ရဲ့ပုံကိုဆွဲထားတဲ့ ပန်းချီကားဟာ ဆရာကြီးဦးငွေကိုင်ရဲ့ လက်ရာမှန်း သိလိုက်ရတော့ အထူးလေးထားပြီး သေသေချာချာကို ကြည့်နေမိနေတော့တာပါ ။ ကျွန်တော် ပန်းချီကားဓာတ်ပုံလေးကို သေသေချာချာကြည့်နေစဉ်မှာပဲ ကျွန်တော့အစ်ကိုက သူရိုက်ယူခဲ့တဲ့ အဲဒီပန်းချီကားဓာတ်ပုံလေးအကြောင်း ပြောပြပါတယ် ။

        ဒီပန်းချီကားပုံက ဆရာကြီးဦးငွေကိုင် ရေးဆွဲထားတဲ့ ရှားပါးလက်ရာ တစ်ခုအဖြစ်တန်ဖိုးထားမိ
သလို တခြားထူးခြားမှု တစ်ခုလည်း ရှိသေးတာမို့ ပန်းချီကားပိုင်ရှင် သူ့သူငယ်ချင်း ကိုကျော်ရှိန် ဆီကနေ အခွင့်တောင်းပြီး ဓာတ်ပုံရိုက်ယူခဲ့တာဖြစ်တယ်တဲ့ ။

တကယ်တော့ သူရော ကျွန်တော်ပါ ပန်းချီပုံတစ်ပုံကိုကြည့်ပြီး ထူးခြားတယ် ၊ မထူးခြားဘူး ဆိုတာကို ဝေဖန်ရလောက်အောင် အဲဒီပညာရပ်တွေနဲ့ပက်သက်လို့ နက်နက်ရှိုင်းရိုင်း ဘာမှနားလည်ကြတာ မဟုတ်ပါဘူး ။ ဒါကြောင့်မို့ သူပြောတဲ့ တခြား ထူးခြားမှု ဆိုတာကို ကျွန်တော်က အထူးပဲစိတ်ဝင်စားသွားမိပါတယ် ။
ပန်းချီပညာနဲ့ ပက်သက်တဲ့ ထူးခြားမှုမျိုးကိုပြောမှာမဟုတ်ဘူးဆိုတာကိုလည်း သိထားတော့ ဆရာကြီး ဦးငွေကိုင်ရဲ့  အဲဒီပန်းချီကားဟာ ဘယ်လိုထူးခြားမှုမျိုးတွေ ရှိနေသေးသလဲ မသိဘူး ဆိုပြီးတော့ပါ ။

       အဲဒီပန်းချီကားနဲ့ ပက်သက်တဲ့ ထူးခြားမှုကို ကျွန်တော့ အစ်ကိုဆီကနေ ကြားရတော့ တော်တော်လေးကို အံသြသွားမိပါတယ် ။ နောက်ပြီး ဆရာကြီးဦးငွေကိုင်ရဲ့ ပန်းချီပညာအပေါ် ထပ်ဆင့် ချီးကျူး လေးစားမိပြီး သူ့ရဲ့အနုပညာကိုလည်း တန်ဖိုးမထားဘဲကို မနေနိုင်တော့ပါဘူး ။

ပန်းချီကားထဲက အဖွားနာမည်က ဒေါ်နီ လို့ခေါ်ပါတယ် ။

 ဒီပန်းချီကားကို မြင်ရတဲ့သူတွေက ဆရာကြီး ဦးငွေကိုင်ဟာ အသက်၈၀ ၀န်းကျင်လာက်အရွယ်ရှိနေတဲ့ ဒေါ်နီကို ကြည့်ပြီး အနုပညာမြောက်စွာ ရေးဆွဲထားခဲ့တဲ့ ပန်းချီပုံတူ ဆိုပြီးတော့ပဲ ထင်ကြမှာပါ ။ တကယ်တော့ အဲဒီလို လုံးဝမဟုတ်ပါဘူး ။

ကျွန်တော်တို့ ထင်ခဲ့မိတာ တော်တော်ကို လွဲပါတယ် ။ ဇာတ်ရည်လည်အောင်ပြောရရင် ……. ဆရာကြီးဦးငွေကိုင်ဟာ ပန်းချီကားထဲက ဒေါ်နီ တို့နဲ့က ထားဝယ်မြို့  သင်္ဘောဆိပ်ရပ်ကွက် တစ်ခုတည်းမှာနေထိုင်ခဲ့ကြတဲ့ မိတ်ဆွေများဖြစ်ကြပါတယ် ။

 နောက်ပြီး သူတို့ရဲ့အိမ်တွေကလည်း ကျောချင်းကပ်လျက်ရှိတယ်ဆိုတော့ တော်တ်ာကိုရင်နှီးကြမှာပါ ။ အဲဒီ အချိန်က ဦးငွေကိုင်ရော ဒေါ်နီပါ အသက် နှစ်ဆယ် ၀န်းကျင် အရွယ်တွေဖြစ်ကြပြီး အိမ်နီးနားချင်းလည်းဖြစ်ပြန်တယ်ဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် တော်တော်လေးကို ရင်းနှီးခင်မင်ကြတယ်လို့ ဆိုပါတယ် ။

ဒေါ်နီရဲ့ မြေး ကိုကျော်ရှိန် ပြောပြချက်အရ ဆရာကြီး ဦးငွေကိုင်က အိမ်နီးနားချင်း အခင်မင်ဆုံးဖြစ်တဲ့ သူငယ်ချင်း မနီ ( ဒေါ်နီ ) ကို …..“ မင်း အိုလာတဲ့တစ်နေ့ကျရင် ( အသက် ၈၀ လောက်ဖြစ်ရင် ) ဒီလိုပုံဖြစ်နေလိမ့်မယ် ”…… ဆိုပြီး မနီ ရဲ့  နောင်လာမဲ့အသက် ၈၀ အရွယ်ပုံကို မှန်းဆပြီး ရေးဆွဲပေးထားခဲ့တာတဲ့ ။

အဲဒီ ကြိုတင် မှန်းဆပြီး ရေးဆွဲခဲ့တဲ့ပုံက ဒေါ်နီအသက် ၈၀ အရွယ်ရောက်လာတဲ့အချိန် အပြင်ကပုံနဲ့ တကယ်လည်း တူနေတယ်လို့ဆိုပါတယ် ။ တော်တော်ကို အံ့သြစရာကောင်းတာပါ ။

အဲဒီလို အကြောင်းအရာတွေကို ကြားသိလိုက်ရတဲ့ ကျွန်တော်တို့ကတော့ ဆရာကြီးရဲ့ ပန်းချီပညာကို အံ့သြ လေးစား တန်ဖိုးထားမိတာအပြင် ပုံဆွဲပေးသူနဲ့ ပုံဆွဲခံသူ နှစ်ယောက်အကြား သံယောဇဉ်ဆက်နွယ်မှုလေးတွေကိုလည်း ကိုယ့်သဘောနဲ့ကိုယ် ဖြည့်ဆွက် တွေးတောပြီး ပီတိတွေဖြစ်နေတော့တာပါပဲ ။ ဒါကလည်း ဆရာကြီးနဲ့ ပန်းချီပုံထဲက ဒေါ်နီကို လေးစားကြည်ညိုတဲ့ စိတ်နဲ့ ချစ်စနိုး တွေးမိတဲ့ အတွေးသာဖြစ်ပါတယ် ။

ဒေါ်နီရဲ့  ပုံတူပန်းချီကားနဲ့ ပက်သက်လို့ အထက်မှာပြောခဲ့သလို သူ့မြေးဖြစ်သူ ကိုကျော်ရှိန်ကလည်း
 သူတို့ မိသားစုမှာ အစဉ်အဆက် ပြောဆိုချက်များကို မှတ်သားပြီး ပြန်ပြောပြတာဖြစ်ပါတယ် ။

တကယ်တော့ ဆရာကြီးရဲ့  ဘတစ်လျှောက် ထားဝယ်မြို့ မှာနေသွားတဲ့ အချိန်တွေနဲ့
ပန်းချီကားရဲ့ လက်ရာကို ကျွမ်းကျင်သူများအနေနဲ့ ချိန်ထိုးနှိုင်းယှည်ကြည့်မယ်ဆိုရင်တော့ ကောက်ချက်ချမှုအသစ်တစ်ခု ချနိုင်အုံးမယ်ထင်ပါတယ် ။

အဓိကအားဖြစ် ပန်းချီကားကို ဆွဲခဲ့တဲ့ အချိန်ကိုပါ ။ ဆရာကြီး ဦးငွေကိုင် ငယ်စဉ်ဘ၀မှာ သူ့ဇာတိမြေကနေ ထားဝယ်မြို့ ကိုပြောင်းရွှေ့  နေထိုင်ခဲ့တယ်လို့ ဆိုပါတယ် ။ အဲဒီ အချိန်တုန်းက ဆရာကြီးဟာ အသက် ၂၀ ၀န်းကျင်လောက်ရှိနေပြီး အိမ်နီးချင်းဖြစ်တဲ့ ဒေါ်နီနဲ့ လည်းအသက်ရွယ်တူ အရွယ်တူလောက်ရှိပါတယ်တဲ့ ။ ဒီတော့ ဆရာကြီးက သူခင်မင်ရင်းနှီးတဲ့ သူငယ်ချင်း မနီ ( ဒေါ်နီ ) ကို အဲဒီ အချိန်မှာ ဒီပုံတူ ပန်းချီကားကိုရေးဆွဲပေးခဲ့တယ်လို့ မှတ်သားရကြောင်း ဒေါ်နီရဲ့  မြေးဖြစ်သူ ကိုကျော်ရှိန်က ပြောပြပါတယ် ။ ဒါဆိုရင် လက်ရှိ ကျွန်တော်တို့ မြင်တွေ့ နေရတဲ့ ဒေါ်နီရဲ့  ပုံတူ ဆီဆေးပန်းချီလက်ရာဟာ ဆရာကြီး ငယ်ရွယ်နုပျိုစဉ် အသက် နှစ်ဆယ်ကျော်ဝန်းကျင် အရွယ်လောက်မက ရေးဆွဲထားတဲ့
လက်ရာ ဟုတ်ပါရဲ့ လားလို့ လေ့လာကြည့်သင့်ပါတယ် ။

ဒါကြောင့်မို့ ဒီပန်းချီကားနဲ့ ရင်းနှီးဖူးတဲ့ ထားဝယ်သား ပန်းချီပညာရှင် ဆရာမြင့်မောင် ကိုဆက်သွယ်ပြီး မေးမြန်းဖြစ်ခဲ့ပါတယ် ။ ဆရာမြင့်မောင်က ဆရာကြီးရဲ့  ပန်းချီလက်ရာနဲ့ ပန်းချီကား အောက်ခြေဒေါင့်စွန်းမှာ မြန်မာလို ရေးထိုးထားခဲ့တဲ့ ဆရာကြီးရဲ့  ထိုးမြဲလက်မှတ်ကိုကြည့်ပြီး ဒေါ်နီ ပုံတူ ပန်းချီကားဟာ ဆရာကြီး လူလတ်ပိုင်း အရွယ်လောက်မှာ ရေးဆွဲခဲ့တာ ဖြစ်နိုင်ကြောင်း ခန့်မှန်းပေးပါတယ် ။

 ဒါဆို ဒီပန်းချီလက်ရာဟာ ဆရာကြီးရဲ့ ပန်းချီပညာနုစဉ်အခါက ရေးဆွဲခဲ့တာ မဟုတ်သလို ပညာရင့်ကျက်ဆုံးအချိန်တွေမှာ ရေးဆွဲခဲ့တဲ့ ပုံလည်းမဖြစ်နိုင်ဘူးလို့ ကောက်ချက်ချရမှာပါ ။ ဒီပန်းချီပုံရေးဆွဲတဲ့ အချိန်က ဆရာကြီး ဦးငွေကိုင်ရော ဒေါ်နီပါ သက် ၄၀ ၀န်းကျင်တွေ ရှိနေလောက်ပါတယ် ။ သေချာတာကတော့ ဆရာကြီးဟာ ဒေါ်နီ အသက် ၈၀ အရွယ်ရောက်မှ မှာမှ လူပုံကိုကြည့်ပြီး တိုက်ရိုက် ပုံတူဆွဲခဲ့တာ မဟုတ်ဘူးဆိုတာပါပဲ ။

ဒါကြောင့်မို့ ဆရာကြီး ဦးငွေကိုင်ရေးဆွဲခဲ့တဲ့ ဒေါ်နီရဲ့  ပုံတူပန်းချီကားမှာ ဆရာကြီးရဲ့  ပြောင်မြောက်တဲ့ ပန်းချီလက်ရာတွေနဲ့ အတူ တခြားထူးခြားမှုတစ်ခုလည်း ပါနေတယ်လို့ ဆိုချင်တာပါ ။

 လူတစ်ယောက်ရဲ့ပုံကို ဆယ်စုနှစ် လေးခုလောက်ကျော်ပြီး ကြိုတင်ခန့်မှန်း ရေးဆွဲထားတဲ့ပုံလည်း ဖြစ်တယ် ၊ နောက်ပြီး အဲဒီလို ခန့်မှန်းပြီး ရေးဆွဲထားတဲ့ ပန်းချီပုံကလည်း ကာယကံရှင် အသက် ၈၀ လောက်ရောက်တဲ့ အချိန်မှာ တကယ်လည်းတူနေတယ် ဆိုတဲ့အချက်တွေဟာ ဒီပန်းချီကားရဲ့  ထူးခြားမှုလို့ ပြောရမှာ ဖြစ်သလို ရေးဆွဲသူ ဆရာကြီး ဦးငွေကိုင်ရဲ့  ထူးခြားတဲ့ အနုပညာစွမ်းပကားတစ်ခုလို့လည်း သတ်မှတ်ရမှာပါ ။

 နောက်ပြီး အဲဒီ ပန်းချီကားဟာ ဆရာကြီး ဦးငွေကိုင်ရဲ့ ဘ၀ တစ်စိတ်တစ်ဒေသ အကြောင်းကိုပြောနေလိမ့်မယ်လို့လည်း ထင်ပါတယ် ။
( ရန်နောင်စိုး )

... 22015, JAN , 26 . Vol :2 No 32 The Tanintharyi Weekly

တစ်ပတ်အတွင်းဒိုင်ယာရီ

 
Support : Copyright © 2011. လွင့်မောင်မောင်(ထားဝယ်) - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger