Latest Post
ယောမြို့ ကပြန်ခဲ့တယ် .... ဆေးဝါးလည်း ကျွှန်တော်နားမလည် ( ၁ )
Written By လွင့်မောင်မောင် on Monday, February 10, 2014 | 9:47 AM
 ရန်နောင်စိုး - ရေးသည်
ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းက စိတ်ဝင်စားဖို့ ကောင်းတဲ့ ယောဒေသကို အောက်ပြည် အောက်ရွာမှနေထိုင်တဲ့ လူတစ်ယောက် အနေနဲ့ အကြောင်းမရှိပဲ သွားရောက်လည်ပတ်ဖို့ ဆိုတာ အိပ်မက်ထဲ မှာတောင်မှ ထည့်ပြီးမက်ဖို့ ခပ်ခက်ခက်ပါပဲ ။ ပြီးတော့ ကျတော်အပါအ၀င် ဒီနိုင်ငံက လူတွေအများစုဟာလည်း ကိုယ်နဲ့ လှမ်းဝေးလှတဲ့ ၊ သွားရေးလာရေးခက်ခဲတဲ့ နေရာဒေသတွေ ဆီကို  အကြောင်း တစ်စုံတစ်ရာမရှိဘဲ တကူးတက သွားပြီးတော့ မလည်ပတ်ဖြစ်ခဲ့ ကြပါဘူး ။ တကယ်လို့ သွားဖြစ်ကြတယ်ဆိုရင်လည်း ဒေသခံမိတ်ဆွေ တစ်ယောက်ယောက်က ဖိတ်ခေါ်မှသာ သွားရောက်လည်ပတ်ဖြစ်ကြတာပါ ။ ယောဒေသကို သွားရောက်လည်ပတ်ဖို့ ကျတော်အနေနဲ့ ခက်ခဲ မှုတွေရှိနေပေမယ့် အဲဒီဒေသနဲ့ ပက်သက်ပြီး ကြားဖူးနားဝ သတင်းစကားတွေကတော့ တော်တော်လေးကို ရင်းရင်းနှီးနှီးရှိနေခဲ့ပါတယ် ။ အရင်က သိပ် အမြင်မကျယ်လှတဲ့ လူကြီးသူမတွေက ..ယောနယ်မှာ ရှိတဲ့ သူတွေ အကုန်လုံးဟာ အောက်လမ်း ပညာတွေတတ်ကြတာတဲ့…. ၊ သူတို့ အိမ်ကိုလာလည်တဲ့ တခြားနယ်ကလာတဲ့ ယောင်္ကျားပျိုလေးကိုတောင်မှ ပညာစမ်းချင်ရင် ထိုင်ပြီးထလိုက်တာနဲ့ တင်ပါးမှာ ဖျာကပ်ပြီး ပါလာအောင် လုပ်နိုင်စွမ်း ရှိတာတဲ့…. ..။ ပြီးတော့ သူတို့ ရွာတွေ ကိုသွားရင် သူတို့ရဲ့ ဆေးဝါး ပညာကို ခုခံ နိုင်တဲ့ အစီမံတွေ ၊အဆောင်တွေ လုပ်ပြီးမှ သွားရတာတဲ့…..စသဖြင့် ..ပြောကြဆိုကြတာတွေ ကို ငယ်ငယ်ကတော့ စိတ်ဝင်စားပြီး ယုံကြည်ခဲ့ပါတယ် ။ အခု နောက်ပိုင်းကြီးလာတော့ အဲဒီဒေသတွေ အပေါ်မှာ ပုံစံတစ်မျိုးနဲ့ စိတ်ဝင်စားမှုတွေပိုလာပြီး  ရောက်ဖူးချင်တဲ့ စိတ်တွေဖြစ်ခဲ့ ရတယ် ။ နောက်ပြီး ငယ်ငယ် က အိမ်မှာ ရှိတဲ့ ဓာတ်စက်ပေါ်မှာ တင်ပြီး ဖွင့် ရတဲ့ ခေတ်ဟောင်းဓာတ်ပြားထဲက အဆိုတော်ကြီး မအေးမိ ရဲ့  “ ယောမြို့ ကပြန်ခဲ့ တယ် xxxx ဆေးဝါးလည်း သူနာမလည် xxxx အုတ်ရောရောနဲ့ ကျောက်ရောရောနဲ့ မောင်ဒီလိုနေတာကို xxxxx ပျိုအေးမိအံ့သြပါတယ် xxx ယောရီယောရာ ယောဆရာကြီးရယ် ….. ဆိုတဲ့ ယောဆရာ သီချင်းကို ကြိုက်နှစ်သက်တာကလည်း ယောနယ် ကိုစိတ်ဝင်စားမှု ပိုစေခဲ့တာပါပဲ ။ အခုချိန်မှာ သမိုင်းနဲ့ ပက်သက်ပြီး စာလေးဘာလေး ဖတ်ဖြစ်ပြန်တော့ မြန်မာနိုင်ငံ မှာယဉ်ကျေးမှု အစောဆုံး ထူထောင်နိုင်ငံခဲ့ တဲ့ ပျူလူမျိုး တွေရဲ့ မျိုးဆက် လက်ကျန်ဟာ ဒီယောဒေသ တစ်ဝိုက်မှာရှိနေသေးတယ် ဆိုတာနဲ့  ယောနယ်ဒေသက လူတွေ ရဲ့  ပြောစကားတွေတချို့ ဟာ  ကျတော်တို့  ထားဝယ်ဒေသ စကားတွေနဲ့  တူတာတွေ ရှိတယ်လို့ သမိုင်းဆရာတွေတချို့ က ပြောကြပြန်တော့ ကျတော့် အနေနဲ့ အဲဒီဒေသကို သွားရောက်လေ့လာ လည်ပတ်ချင်တဲ့ စိတ်က တော်တော်တော်လေးကို ပြင်းထန်နေခဲ့ပါတယ် .။ ဒါပေမယ့် ဘယ်သူ့ ကို အမှီပြုပြီး အဲဒီဒေသကိုသွားရမယ်ဆိုတာကတော့ ကျတော့် အတွက် တကယ့်ပြဿနာပါ ။
ကျတော်ရဲ့ ခရီးသွားဖေါ် ချင်း တိုင်းရင်းသူသားမိ .....
 တစ်ခါတလေတော့လည်း ဖေ့ဘုတ်ကြီးကို အရမ်းကျေးဇူးတင်မိပါတယ် ။ ဟုတ်ပါတယ် … ဘယ်လောက်ဝေးတဲ့ နေရာက လူတွေဖြစ်နေဖြစ်နေ ၊ စိတ်တူ ၀ါသနာတူသူတွေ အချင်းချင်း ကို မိတ်ဆွေတွေဖြစ်ခွင့်ပေးတတ်ကြပါတယ် ။  အခု ကျတော့် မှာလည်း ကိုယ့်ရပ်ကိုယ့်ဒေသနဲ့ ဝေးကွာလှတဲ့ ယောဒေသ ကသူငယ်ချင်းတစ်ယောက်ကို အင်တာနက်ပေါ်က လူမှုကွန်ယက် အကူညီနဲ့ ခင်မင်ခွင့် ရနေပါပြီ ။ အဲဒီလို ခင်မင်ခွင့် ရတဲ့ ယောဒေသ ဇာတိဖြစ်တဲ့ သူငယ်ချင်းတစ်ယောက်ဟာ ပြီးခဲ့ တဲ့ နှစ်လခန့်က နိုင်ငံခြားကနေ ရန်ကုန်ကို ဆိုင်းမဆင့် ဗုံမဆင့် ပဲ ပေါက်ချလာတော့ တယ် ။  သူက ကျနော်ရောက်ချင်နေတဲ့ ယောဒေသ ကို အရှင်လတ်လတ်ကြီး ပို့ ဆောင်ပေးနိုင်တဲ့  မိုးနတ်မင်းကြီးပဲဆိုပါတော့ ။  မိုးနတ်မင်းကြီး ..အဲ ……ယောနယ်သား သူငယ်ချင်းက ကျတော့် ဆီမှာ တစ်နေ့တာ ၀င်နားပြီး သူ့ဒေသအပြန်မှာ ကျတော့် ကိုပါ တစ်ခါတည်းသူနဲ့ လိုက်ခဲ့ ဖို့ ဖိတ်ခေါ်ပါတယ် ။ ကျတော်လည်း ရုတ်တရက်ဆိုတော့ ဘာမှ မပြင်ဆင်ရသေးတာနဲ့ မလိုက်ဖြစ်ခဲ့ပါဘူး ။ နောက် မှ အလုပ်တွေ ရှင်းလင်းပြီး လိုက်ခဲ့ ဖို့ ကတိပေးလိုက်ပါတယ် ။ ကတိသာပေးလိုက်ရတယ် .သူ့တို့ ဒေသကို သွားဖို့ ခရီးစဉ်ကို တော်ရုံနဲ့ မဆွဲနိုင်ဘဲ အချိန်သာ နှစ်လ လောက်ကြာသွားခဲ့ တယ် .။  ဒီအကြားထဲ သူက ဖုန်းဆက်ပြီး ကျတော့်ကို မလာသေးဘူးလား ၊ ဘယ်တော့ လာမှာလဲ ၊ သူ ရွာမှာရှိတုန်း ဖြစ်အောင်လာပါ ..ဆိုပြီး ဖုန်းနဲ့ လှမ်းလှမ်းပြီး ခေါ်နေတော့ တာပါပဲ ။
                 ကျတော်မှာလည်း  “ မောင်ဖိုးခ ကလည်း စေတနာ ၊ ငါကလည်း ခပ်ဆာဆာ “ ဆိုတဲ့ ထားဝယ် စကားပုံ တစ်ခုထဲ ကလို သွားချင်လှတဲ့ ဒီခရီးကို လာရောက်ဖို့ လှမ်းဖိတ်တဲ့ သူကလည်းရှိနေတော့ အရမ်းကို ရောက်ဖူးချင်လှတဲ့  ယောနယ် ဘက်ကို ခရီးသွားဖို့ ပြင်ဆင်ရပါတော့ တယ် ။ ဒါပေမယ့်  ဘုရား ချည်းဘဲ ဖူးနေလို့ ကလည်း မဖြစ်သေးပြန်တော့ လိပ်ဥ တူးဖို့ကိုပါ စီစဉ်ရသေးတယ် ။ ဒါမှလည်း လိပ်ဥတူးရင်း ဘုရားဖူးရင်း ဆိုတဲ့ စကားနဲ့ ကိုက်ညီပြီး အိမ်ကနေထွက်လို့ ကောင်းမှာကိုး ..။ တစ်ကယ်တော့ ဘုရားဖူးချင်လို့ လိပ်ဥ ကိုပါ ရှာပြီး တူးခဲ့တဲ့ သဘောပါပဲ ။
ကျတော့်ကို ကျောက်ထု အရောက်ပို့ ဆောင်ပေးခဲ့ တဲ့ ဇလပ်ဖြူ ဟိုင်းဝေး ဘာစ်ကား
ပထမ ရန်ကုန်ကနေ ထွက်လာတော့ သူငယ်ချင်းနဲ့ ချိန်းထားတဲ့ ရက်ထက် 1 ရက်စောပြီး ထွက်လာခဲ့ ပါတယ် ။ ပခုက္ကူ မှာ အလုပ်ကိစ္စ နဲ့ ပက်သက်ပြီး လုပ်စရာ ရှိတာလေးတွေ လုပ်ဖို့ ပါ ။ နောက်တစ်နေ့ မှာ တည်းခိုခန်းကနေ စောစော ထပြီး ပြီး ကျောက်ထုမြို့ ကိုသွားမယ့်ကားဂိတ်ရှိရာကို မနက် 8 နာရီခွဲ ကိုအရောက်သွားခဲ့ တယ် ။ သွားရမယ့် ခရီးစဉ်က  ပခုက္ကူ မှ ကျောက်ထု ၊ တစ်ခါ အဲဒီကျောက်ထု မှ ခြောက်မိုင် လောက်ဝေးတဲ့ လက်ပန်း ဆိုတဲ့ ရွာလေးကိုပါ ။ ကားလက်မှတ် ၀ယ်တုန်းကတော့ မနက်ကိုးနာရီ ကားထွက်မယ်လို့ ပြောထားခဲ့ပေမယ့် ဂိတ်ရောက်တဲ့အခါမှာ မုံရွာက လာတဲ့ ခရီးသည်တွေကိုစောင့် ပြီး မှ ထွက်မှာ မို့လို့ နောက်တစ်နာရီ နောက်ဆုတ်ပြီး မှ ထွက်မယ်လို့ သိရပါတယ် ။ မနက် အစောကြီး ထပြီး ပြင်ဆင်ခဲ့ ရတဲ့ ကျတော့် မှာ တော်တ်ေလေးကို စိတ်မောသွားပါတယ် ။ စီးရမယ့် ကားက မင်းတပ် - မတူဘီ အထိ သွားမယ့် ကားဖြစ်ပြီး ကျတော့် က ကျောက်ထု ကို အရောက် လမ်းခုလပ်မှာ ဆင်းနေခဲ့ ရမှာ ဖြစ်တယ် ။ ဂိတ်မှာ ဒီတိုင်းထိုင်ပြီး ကားထွက်မယ့် အချိန်စောင့် နေခဲ့တာ 10 နာရီထိုးလည်း ကားက မထွက်ဘူး ။ ပိုနေတဲ့ အချိန်လေးမှာ လက်ဖက်ရည်ဆိုင်ကိုတောင် မှ မထွက်ဝံ့ဘူး ။ ဒီအတိုင်းဘဲ ကျတော်နဲ့ အတူ ခရီးသွားရမယ့် မျက်နှာစိမ်း ခရီးဖော်တွေကိုအကဲခပ် ရင်နဲ့ ပဲ အချိန်ဖြုန်းနေလိုက်ရပါတယ် ။ အဲဒီလို စောင့်ရင်းနဲ့ နေ့လည် 11 နာရီထိုးကာမှ ပခုက္ကူကနေ ကားစထွက်ပါတော့ တယ် ။
                                ကျွန်တော် စီးလာတဲ့ ကားက တော်တော် ကောင်းတယ်လို့ ဆိုရပါမယ် ။ အဲကွန်းလွတ်ပေးထားတဲ့ မှန်လုံကား အလတ်စားလေးပါ ။ ကားကလည်း အသစ်စက်စက် လေး ။ ဒီခရီးကို သွားဖို့ သူငယ် ချင်းကို အကြိုးအကြောင်း မေးတုန်းက  အဲကွန်းပါတဲ့ မှန်လုံ ကားကိုတော့ မမျော်လင့်နဲ့ အစ်ကိုကြီးရေ ..ဒီဒေသမှာတော့ ရိုးရိုး မှန်လုံတွေဘဲ ဆွဲကြတာတဲ့ ။ အခု ကျွန်တော် စီးလာတဲ့ မင်းတပ် မတူပီ လိုင်းကို ဆွဲတဲ့ ဇလပ်ဖြူဆိုတဲ့ ကားသင်းကို ရွေးခဲ့ မိတာ တော်တော်ကို ကံကောင်းတာပါပဲ ။
ပခုက္ကူမြို့ မှ အထွက်
ကားစထွက်တော့ ခရီးသည်က အပြည့်မပါဘူး ။ လူလေးဆယ်လောက် ဆန့်တဲ့ ကားမှာ လူ 12 ယောက်ပဲ ပါ တော့ ကားက စီးရတာ တော်တော်လေးချောင်ပါတယ် ။ နောက်ပြီး ပစ္စည်းတွေကလည်း ကား တစ်ဝက်လောက် နီးနီးတော့ တင်ထားသေးတယ် ။ ကျတော်နဲ့ အတူ စီးလာတဲ့ ခရီး သည်တွေကတော့ ချင်းတိုင်းရင်းသားက အများစုဖြစ်ပြီး ဗမာ ဆိုလို့ ကျတော် အပါဝင် 3 ယောက်လောက်ဘဲရှိမှာပါ ။ ခရီးသည်တွေ အချင်းချင်းကတော့  ဖော်ရွေ ကြပါတယ် ။ ရန်ကုန်-မန္တလေး လမ်းခရီးက အဆင့်မြင့် ကားကြီးတွေ ပေါ်မှာ ပါလာတဲ့  အဆင့်တန်းမြင့်လား  မမြင့်လား မသိတဲ့ ခရီးသည်တွေလို မေးလိုက်ရင် မသိသလိုလို မပြောချင်သလို ပြောချင်သလို ပုံစံမျိုးတွ မဟုတ်ကြဘူး ။ ကျတော့်လို ဒီဒေသ ကို မရောက်ဖူးသေးတဲ့ ခရီးသည် တစ်ယောက်ရဲ့ မေးမြန်းမှု တွေကို စိတ်လိုလက်ရ သူတို့ သိသလောက် စိတ်ရည်လက်ရှည် ဖြေကြားပေးကြရှာပါတယ် ။ ထူးဆန်းတာက မေးလိုက်တဲ့ သူတော်တော် များများက သူတို့ သွားနေကြ ခရီး တစ်လျှောက်မှာ ရှိတဲ့ မြို့ ရွာတွေရဲ့ ခရီး မိုင် အကွာဝေးကို သိပ်ပြီး မပြောနိုင်ကြတာပါပဲ ။
        ကျတော် စီးနင်းလိုက်ပါလာတဲ့ ဇလပ်ဖြူ ကားလေးဟာ ပခုက္ကူမြို့ ကနေ အနောက်ဖက် စူးစူး ကို ထိုးပြီး ထွက်လာနေပြီဆိုတာကို ကျတော့် အိုင်ပက်ပေါ်က GPS မြေပုံ မှာ ပြနေတာမို့ သိရပါတယ် ။ မြို့ ကနေ ထွက်လာပြီ ဆိုတာနဲ့ အညာဒေသရဲ့  ထုံးစံအတိုင်း မြေပြင်တခုလုံး ကြေးနီရောင်သန်းလို့ ပူပြင်းချောက်သွေ့ တဲ့ လက္ခဏာတွေက ထင်ဟပ်လို့ပါပဲ  ။ ဒါပေမယ့် သစ်ပင်ကြီးတွေကတော့ စိုစိုပြေပြေနဲ့ ကြည့်ကောင်းနေပါသေးတယ် ။ ပူပြင်းချောက်သွေ့ ဆုံးအချိန်ကို မရောက်သေးလို့ လားတော့ မသိဘူး ။ ကားလမ်းတွေကတော့ တော်တော် လေး ကောင်းတယ်လို့ ဆိုရပါမယ် ။ ပခုက္ကူကနေထွက်လာပြီး 17 မိုင် လောက် အရောက်မှာတော့ ကမ္မ စံပြကျေးရွာ ကိုရောက်ပါတယ် စံပြရွာ ဆိုပေမယ့် မြို့ ငယ်လေး တစ်မြို့ လိုပါပဲ ။ တိုက်တာအဆောက်အဦ ပုံစံတွေဆိုရင် ပခုက္ကူ မြို့ ထက်တောင် မှခေတ်မှီတယ်လို့ ဆိုနိုင်ပါသေးတယ် ။ တချို့ ခရီးသည်တင် ကားလိုင်းတော်တော် များများဟာလည်း ကံမ္မကနေ မန္တလေး လို ရန်ကုန်လို မြို့ ကြီးတွေကို ပြေးဆွဲနေတဲ့အကြောင်း ကားသင်းကြေငြာဘုတ်များကို ကြည့်ရုံနဲ့ သိသာပါတယ် ။ ပုဂံ ညောင်ဦး နဲ့ ဧရာဝတီ မြစ်ခြားပြီး တဖက် တစ်ချက်မှာ တည်ရှိတဲ့ မြစ်ချေ ကိုလည်း ဒီကမ္မ ကနေလမ်းခွဲတယ်လို့ သိရတယ် ။ တချို့ အစိုးရ ဌာများရဲ့ ဆိုင်းဘုတ် တွေမှာ ကမ္မ - မြစ်ချေ မြို့ နယ်ဆိုပြီး ရေးထားတာကိုဖတ်ရသလို ကံမ္မ -ပခုက္ကူ မြို့ နယ်လို့ ရေးထားတာကိုလည်းဖတ်ရပါသေးတယ် ။
ရေပြာ နားမှ ယောချောင်း ...
ကံမ္မကို ကျော်လာပြီး 33 မိုင်နားလောက်ရောက်မှာ “ရေပြာ” ကိုရောက်ပါတယ် ။ ရေပြာ ကတော့ ပုသိမ် - မုံရွာ ကားလမ်းနဲ့ အခု ကျတော် သွားနေတဲ့ ကျောက်ထု- မင်းဒပ်- မတူဘီ ကားလမ်းဆုံတဲ့ နေရာမှာ ရှိနေလို့လားမသိဘူး အတော်လေးကို စည်ကားပါတယ် ။ ရေပြာကို ကျော်ပြီးတာနဲ့ သိပ်မကြာခင် ယောချောင်းကြီးကို ဖြတ်ရတယ် ။ ချောင်းထဲအထိ ကားအစင်းလိုက်ထိုးဆင်းပြီး ဖြတ်ရတာပါ ။ ယောချောင်းလို့ သာပြောတယ်  ကျတော်တို့ ဆီက ထားဝယ်မြစ်ထက်တောင် ပိုပြီး ကျယ် မလားဘဲ ။ နွေအခါမှာ ချောင်းရေက နည်းနည်းလေးပဲ ကျန်နေတော့ ကားနဲ့ တစ်ခါတည်း ချောင်းထဲ ဖြတ်မောင်းလို့ လွယ်ကူပါတယ် ။ မိုးတွင်းဆို လှေတွေ နဲ့ ဖြတ်ကူးကြတာလားမသိဘူး ။ ချောင်းအကျယ်ကြီးထဲမှာ ရေစီးနေတဲ့ နေရာက နည်းနေပြီး အများစုဖြစ်တဲ့ ကုန်းပေါ်နေတဲ့ နေရာတွေ မှာတော့ ကြက်သွန်ခင်းတွေ နဲ့ အပြည့်လို့ပါဘဲ ။ အဲဒီလို ကျောက်စရစ်ဆန်တဲ့ မြေပေါ်မှာ ကြက်သွန်ပင်တွေ ဖြစ်ထွန်းနေတာကို ကျတော်ကတော့ အတော်လေး အံ့သြနေမိတယ် ။ စီးဆင်းနေတဲ့ ရေတွေက စိမ့်စမ်းရေလို ကြည်လင်တောက်ပနေတော့  ငယ်ငယ်တုန်းက ချောင်းနားရောက်ရင် ဝေးဟေးဟေး ဆိုပြီး ရေထဲ တစ်ရှိန်ထိုးကို ခုန်ဆင်းပြီး ရေထဲပြေးဆော့ခဲ့ ဖူးတာကိုလည်း လွမ်းမိသလိုလိုဖြစ်လာပါသေးတယ်  ။ အခုတော့ ရေပြင်ပြာလဲလဲကြီးကို ကားပေါ်ကနေပြီးတော့ပဲ အမိအရ ဓာတ်ပုံတွေ ရိုက်ယူရင်း ကြေနပ်လိုက်ရတယ် ။ ကျတော်တို့ ချောင်းကြီးထဲကိုဖြတ်သွားနေစဉ်မှာတော့ ယောချာင်းကူး တံတား ( ရေပြာ ) ဆောက်လုပ်မှုလုပ်ငန်းတွေကိုတွေ့ ရသေးတယ် ။ ချောင်းရဲ့  ရေမရှိတဲ့ အပိုင်းတွေ မှာ ဆောက်လုပ်ရေးသမားတွေ ရဲ့ ယာယီ တဲလေးတွေ နဲ့ ရွာတစ်ရွာစာလောက်ကို စည်းကားနေတော့ တာပါပဲ .။ ဒီယောချောင်းကူး တံတားကို လာမယ့် မိုးရာသီအမှီ ပြီးအောင် ဆောက်လုပ်နိုင်မယ်မထင်ဘူး ၊ အခုမှ တံတား တိုင်ထူရုံဘဲ ရှိပါသေးလို့ပါ ။
ယောချောင်းအတွင်းမှ မြင်ကွင်းကြယ်
ယောချောင်းကို ဖြတ်ပြီးတာနဲ့ သိပ် မကြာခင် ပခုက္ကူ မြို့ ကနေ 45 မိုင်လောက်အကွာ လောက်မှာ ပေါက်မြို့ ကိုရောက်ပါတယ် ။ ပေါက်မြို့ ဟာ မြို့ နယ်ရုံးစိုက်ရာ မြို့ တစ်မြို့ ဖြစ်ပြီး ဈေးနားဝန်းကျင်မှာ တော့ လူသွားလူလာ အတော်လေး စည်ကားတာကိုတွေ့ ရတယ် ။ မြို့ လေးက ငယ်ပေမယ့် ဒေသထွက်ကုန်တွေ နဲ့ အထိုက်လျှောက် စီးပွားဖြစ်ထွန်းတဲ့ မြို့ တစ်မြို့  ဖြစ်ပုံရပါတယ် ။ ပေါက်မြို့ က နေကျော်ပြီးသိပ် မကြာခင်မှာ ရေအကုန်လုံး နီးပါးခန်းချောက်နေတဲ့ ယောချောင်းကြီးကို ထပ်ပြီးဖြတ်ရပြန်တယ် ။ အဲဒီလို မကြာခဏ ဒီချောင်းကြီးကို ဖြတ်ပြီး မှ ပေါက်မြို့ တည်ရှိနေတာကိုလည်း အံ့သြမိပါတယ် ။ ကျတော်စိတ်ထဲမှာ ….တကယ်ဆို ဒီလို ကျယ်ပျံ့ လှတဲ့  ချောင်းကြီးကို ခဏ ခဏမဖြတ်ဘဲ အရင်က မြို့ တည်သူတွေက ဘာဖြစ်လို့ မရှောင်းကွင်းဘဲ ဒီမြို့ ကို တည်ရတာပါလိမ့် ……ဆိုပြီး စိတ်ထဲမှာဘ၀င်မကျချင်သလိုလိုပါ. ။ တကယ်တော့ ….ဒီအတွေးက လက်ရှိ ဒီဖက်ခေတ်ကနေပြီး ကျတော့် အနေနဲ့ အရှေ့ အနောက် မစဉ်းစားဘဲ တွေးခဲ့မိတာပါ ။ အမှန်မှာတော့ အခု ကျတော် ဖြတ်သန်း နေတဲ့ ကားလမ်းဟာ အရင်က ရှိခဲ့ တာမှ မဟုတ်ပဲ ။ အရင်က လူတွေဟာ မြို့ ရွာတည်ရင် မြစ်ကမ်းနဘေး ၊ ချောင်းကမ်းနဘေးမှာသာ တည်လေ့ရှိပြီး အဲဒီ မြစ်တွေ ချောင်းတွေ ကိုပဲ အားကိုးအားထားပြုပြီး သွားလာကြရတာကလား. ။ ဒီတော့ အခုလက်ရှိ လမ်းတွေ အတွက် ဘယ်ထည့်စဉ်းစာလိမ့် အုံးမလဲ ။ ဒီမြို့ ကို တည်တဲ့ ရှေးလူကြီးတွေ နေရာရွေးမှန်သားပဲ ဆိုပြီး ကိုယ့် အတွေးနဲ့ ကိုယ် သဘောကျနေမိတယ် ။ ပြီးတော့ စောစောက မြို့ တည်တဲ့ ရှေးလူကြီးတွေ ကို ဒီချောင်းကြီးကို ဖြတ်ရတဲ့ ဒုက္ခက လွတ်ကင်းအောင် မြို့ ကိုရှောင်ကွင်းပြီးတည်ပါတော့လား ဆိုပြီး အပြစ်တင်တဲ့ အတွေးတွေ ၀င်မိတာကို လည်း ရှက်သလိုလို ဖြစ်နေမိပါတယ် ။
ပေါက်မြို့  .
 ပေါက်မြို့ ကိုကျော်ပြီးတာနဲ့ ပတ်ဝန်းကျင်ဟာ သိသိသာသာ စိမ်းလန်း စိုပြေလာတာကို သတိထားမိပါတယ် ။ ကျတော်စီးလာတဲ့ ကားကလည်း တောင်ကုန်း ပေါ် တဖြည်းဖြည်း တက်စပြုလာနေပြီဆိုတော့ ချင်းတောင်တန်းနဲ့ ဆက်စပ်နေတဲ့ ပုံတောင်ပုံညာ တောင်တန်းနဲ့ နီးလာပြီဆိုတာကိုလည်း သတိပြုမိလိုက်တယ် ။  ကားထဲမှာ ပခုက္ကူမြို့ ထွက်စ ကတည်းက  နားမခံသာလောက်အောင် အသံကျယ်ကြီးဖွင့် လာတဲ့ ကကက်ဆက်သံကလည်း ပတ်ဝန်းကျင်လေ့လာရင်း အတွေးနယ်ချဲ့ လာတဲ့ ကျတော်ကို အနှောက်ယှက်လို့ ကောင်းတုန်းပါ ။ ကားဆရာကို အသံတိုးပေးဖို့ လည်း မပြောဝံ့  ။ ကိုယ်က ဒီခရီးကို အခုမှ သွားဖူးပြီး ခရီးသည် တစ်ယောက်ရဲ့ အခွင့် အရေးတွေ ဘာတွေ သွားပြောနေလို့ကလည်းမဖြစ်ပြန် ။ အဲဒီလိုဖွင့်ပေးထားတာဟာ ဒီခရီးကို သွားနေကျ လူတွေ ရဲ့ အကြိုက်ကို လုပ်ပေးထားတာ နေမှာဘဲလေ..ဆိုပြီး နားလည်ပေးထားရပါတယ် ။ နောက်ဆုံးတော့ အကြံ တစ်ခုရတာနဲ့ တစ်ရှူးစ နှစ်စကိုလုံးချေပြီး နားနှစ်ဖက်မှာဆို့ထားလိုက်တော့ မှနားဝမှာ နေသာထိုင်သာရှိသွားပြီး ပတ်ဝန်းကျင်ကို သေချာဂရုစိုက်နိုင်တော့ တယ် ။
ပေါက်မြို့  အလွန် ..
 ပုံတောင်ကို စတင်ပြီး တက်နေပါပြီ  ။ ပုံတောင်ဒေသဟာ အောက်ပြည်က ကျတော်တို့ ဒေသနဲ့ တော်တော် တူပါတယ် ။ သစ်ပင်ကြီး သစ်ပင်ငယ် တွေနဲ့ အုပ်ဆိုင်းနေပြီး တချို့ နေရာတွေ မှာဆိုရင် နေရောင်တောင် မပေါက်ပါဘူး ။ တောင်ကို ပတ်ပြီး ကားလမ်းဖောက်ထားတာဟာလည်း ကျတော်တို့ ထားဝယ်ကို သွားရာ မလွှဲတောင် လမ်းနဲ့ အတော်ကိုတူလှတယ် ။ တစ်ကယ်လို့ များ တန်ခိုးရှင် တစ်ယောက်က ကျတော့် ရဲ့ မျက်လုံးအစုံကို ပိတ်ပြီး ဒီနေရာမှာ လာပြီး ချထားခဲ့တယ်ဆိုရင် မျက်စိဖွင့် ပြီး ကြည့်လိုက်စဉ် တစ်ခဏမှာတော့ စောစောက ကျတော်ပြောခဲ့ တဲ့ ထားဝယ်ကိုသွားရာ မလွဲတောင်လမ်းလို့ပဲ မုချ ထင်မိမှာပါ ။ တောင်တက်လမ်း တစ်လျှောက် မြင်နေရတဲ့ သစ်ပင်တွေကိုလည်းကြည့်ပါအုံး ။ ကျတော်တို့ ဒေသမှာ ပေါက်နေတဲ့ အပင်မျိုးစာတွေ ချည်းပါပဲ ။ တောင်ထိပ် မရောက်ခင် တစ်နေရာမှာတော့ အပေါ်စီကနေ တောင်ကမ်းပါးတစ်နေရာကို လှမ်းမျော်ကြည့်မိပါတယ် ။ အခုတလော ဖေ့ဘုတ်မှာ သတင်းတွေ ပြန့် နှံ့နေတဲ့ ဘာစက်ရုံ ညာစက်ရုံရှိတယ် ဆိုတဲ့ နေရာကိုပါ ။ ကျတော် ကြည့်တဲ့ အချိန်က အဲဒီ သတင်းတွေ ဂျာနယ်တွေနဲ့ အင်တာနက် ဖေ့ဘုတ် စာမျက်နှာတွေအပေါ်မှာ မပျံ့ နှံ့သေးပါဘူး ။ ဒေသခံ သူငယ်ချင်းက တစ်ခါပြောဖူးလို့ သာကြည့်ဖြစ်လိုက်တာပါ ။ ကျတော့် အနေနဲ့ တောင်ကြီးကို ဖြိုထားတဲ့ တောင်နံရံကြီးကို အဝေးက နေ လှမ်းမြင်ရတာကလွဲလို့ ဘာမှလဲ မမြင်ခဲ့ရပါဘူး ။
ပုံတောင်ထိပ် တစ်နေရာ
အခု ကျတော်ရောက်နေတဲ့ ပုံတောင်ပုံညာ ဒေသဆိုတာ မြန်မာ့ သမိုင်းအတွက် သာမက ကမ္ဘာပေါ် ရှိလူသား မျိုးနွယ် တစ်စုလုံး ရဲ့  သမိုင်းတစ်စိတ်တစ်ဒေသကို ဖော်ထုတ်ပေးနိုင်ခဲ့ တဲ့ နေရာဖြစပ်ပါတယ် ။ ဒီနေရာ ဒီဒေသကြောင့် မြန်မာကို ကမ္ဘာက ပညာရှင်များစိတ်ဝင်စားလာကြတယ် ။ ကျတ်ာတို့ မြန်မာတွေ အနေနဲ့ ကတော့ ဒီဒေသအတွက် တစ်ကယ့် ကိုဂုဏ်ယူစရာပါ ။ ကားလမ်းနဘေး တောင်နံရံတွေ မှာမှာတော့ ကျောက်လိုလို မြေလိုလို အလွှာတွေ နေရာအနှံ့မှာတွေ့ရပါတယ် ။ ပခုက္ကမြို့ မှ 64 မိုင်ဝန်းကျင်လောက်မှာ ပုံတောင်ထိပ်ကိုရောက်ပါတယ် ။ တောင်ထိပ်မှာတော့ စေတီတစ်ဆူနဲ့ နတ်ရုပ်တွေ ထားရှိတဲ့ နနတ်နန်းတစ်ခု ကိုကားပေါ်ကနေ လှမ်းမြင်ခဲ့ ရပါတယ် ။ တချို့ ခရီးသည်တင်ကားတွေ နတ်နန်းမှာ ဦးတင်ပြီးမှ လိုရာခရီးကို ဆက်လက်ထွက်ခွာလေ့ရှိကြောင်း ဒေသခံ သူငယ်ချင်းက ပြောဖူးပေမယ့် ကျတော်စီးလာတဲ့ ကားက မရပ်ပါဘူး ။ ကားပိုင်ရှင်က ခရစ်ယာန်ဘာသာဝင်မို့ လို့ အဲတာတွေကို မယုံကြည်တာလားတော့မပြောတတ်ဘူး ။     
ပုံတောင်ထိပ်စေတီ
                                                  တောင်ထိပ်ကနေ ကားစဆင်းလာပြီး တောင်ပေါ်မကျ မြေပြန့် မကျ တောင်ကျော တစ်နေရာက “တပြင်း” ဆိုတဲ့ ရွာလေးကိုအရောက်မှာ ခရီးသည်များ နေ့လည်စာ ထမင်းစားဖို့ ကားရပ်ပေးပါတယ် ။ နေ့လည်စာ လို့သာဆိုရတယ် အချိန်ကြည့်တော့ ညနေ 3 နာရီထိုးနေပါပြီ ။  ဗိုက်က တအားကိုဆာနေတာနဲ့ စားပွဲအလွတ်တစ်ခုမှာ ၀င်ထိုင်လိုက်တယ်ဆိုရင်ဘဲ ဆိုင်ရှင်ကောင်မလေးက အနည်းဆုံး သုံးယောက်လောက် စားပွဲတစ်ခုထည်းမှာ စုပြီး ထိုင်ပေးဖို့ တောင်းဆိုလာပါတယ် ။  ဘာဖြစ်လို့ ပါလိမ့် ဆိုပြီး စိတ်ထဲ မှာတော့ ဖြစ်မိပါတယ် ။…ဒါပေမယ့် မတတ်နိုင်ဘူးလေ..သူတို့ နေရာဆိုတော့ သူတို့နဲ့ အလိုက်ထိုက်ပေါ့ ..ဆိုတွေးပြီး ကျတော် မထိုင်ခင်ကထည်းက ခပ်တည်တည်နဲ့ ( သပ်သပ်ရပ်ရပ် ၀တ်စားထားပြီး အသက် 40 လောက်ရှိတဲ့ ပညာတတ် ချင်း တိုင်းရင်းသားတစ်ယောက် ဖြစ်ပုံရပါတယ် ) လူတစ်ယောက် ထိုင်နေတဲ့ စားပွဲ တစ်ခု မှာ အသာလေးဝင်ထိုင်လိုက်ပါတယ် ။ ကိုယ်နဲ့ ထမင်း အတူတူစားရမယ့် သူနဲ့ တော့ တစ်ယောက်ကိုတစ်ယောက် မသိပေမယ့် အနည်းဆုံး မျက်လုံးလေးနဲ့ တော့  ပြုံးပြီး နှုတ်ဆက်သင့် တယ်ထင်လို့ အဲဒီပုဂ္ဂိုလ်ရဲ့ မျက်နှာ ကိုကြည့်လိုက်တော့ ကိုယ်တော်ချောက ခပ်တည်တည်လုပ်နေပါတယ် ။ ဒီတော့လည်း ကိုယ့် မျက်နှာကျောကို သပ်ပြီး အသာလေး နေလိုက်ရတာပေါ့  ။ လာချပေးတဲ့ ဟင်းခွက်တွေက စုံလင်လှတော့ စားပွဲ တစ်ခုလုံးပြည့်လုမတတ်ပါပဲ  ။ ဟင်းတွေ ထဲ မှာ ကြက်သား ၊ ၀က်သား ၊ ငါး ၊ တောကောင်တစ်မျိုးမျိုးကို ချက်ထားပုံရတဲ့ ဟင်းတစ်မျိုး ၊ ပြီးတော့ ကလီစာဟင်းတွေ နဲ့ အရံဟင်းတွေကိုတော့ မမှတ်မိတော့ ပါဘူး ။ ဒီတော့ မှ ဒီတမင်းဆိုင်ဟာ ဘူဖေး ပုံစံနဲ့ ရောင်းတဲ့ဆိုင်ပါလား ဆိုပြီး သဘောပေါကလိုက်ရတယ် ။
ထမင်းစားတာ့ မယ်ဆိုတော့ ဒုတိယအကြီမ် ခပ်တည်တည်လုပ်နေတဲ့ ကိုယ်တော်ချောကို တချက်ကြည့်လိုက်တဲ့ အချိန်မှာ ထမင်းပန်းကန်ကိုကိုင်ပြီး ဘုရားဆုတောင်းနေတာ မြင်ရတော့ ခရစ်ယာန်ဘာသာဝင်တစ်ယောက် ဖြစ်မှာဘဲလို့ တွေးလိုက်ပြီး သူဆုတောင်းစာရွတ်ပြီးတဲ့ အချိန်ထိ ထမင်းစမစားဘဲ စောင့်နေလိုက်ပါတယ် ။ ပြီးမှ  ကျတော်လည်း ဇွန်းနဲ့ ခက်ရင်းကို စကိုင်ပြီး ထမင်းစ စားဖို့ ပြင်ရတယ် ။ ထမင်းစစားတော့ မယ်ဆိုတော့  ကဲ..စားရအောင် ၊ စားပါ ..ဆိုပြီး တစ်ယောက် ကိုတစ်ယောက် လောကွက် ပြုရင် ကောင်းမလားလို့ တွေးမိပေမယ့် ကိုယ့် လူက ထမင်းကိုသာ ကသိုက်ကရိုက်စားနေတော့ ကျတော်လည်း ဆောင်လောင်လှတဲ့ ကိုယ့်ဗိုက်ကိုဘဲ ခပ်မြန်မြန်လေး ဖြည်နေရတော့တယ် ။ ကိုယ်ရောက်နေတဲ့ ဒေသက ချက်ပြုတ်ထားတဲ့ ဟင်းလျှာအကုန်လုံးကို မြည်းစမ်းချင်ပေမယ့် တဖက်လူနားကပ်ပြီးချပေးထားတဲ့ ဟင်းကိုတော့ လှမ်းပြီး မနိုက်ဝံ့ဘူး ။ သူကလည်းကျတော့် လက်လှမ်းမှီအောင် ဟင်းခွက်ကိုရွှေ့ ပေးတာမဟုတ်တော့ ..တော်ကြာ ဘယ်ရပ် ဘယ်ဒေသက အငတ်ဘေးဆိုက်ပြီး ရောက်လာတဲ့ လူပါလိမ့် ဆိုပြီး ကျတော့် အပေါ်ထင်ရောက်သွားရင် မခက်ပေဘူးလား ။ ဒီတော့ လက်လှမ်း မှီတဲ့ ဟင်းတွေ နဲ့ ပဲကျေနပ်လိုက်ရပါတယ် ။ ဘယ်လိုဘဲ ဖြစ်ဖြစ် စုံလင်လှတဲ့ ဟင်းတွေနဲ့ ထမင်း တစ်နပ်စာ ကို1500ကျပ်ပေးရတာ အတော်ကိုတန်တာပါ ။    
    ထမင်းစား နားတဲ့ တပြင်းရွာ ကျော်ပြီးနောက်မှာတော့ ကျောက်ထုမြို့ ကိုရောက်ဖို့ သိပ်မလိုတော့ ပါဘူးလို့ ခန့်မှန်းမိပါတယ်  ။ အိုင်ပက်မှာ ပြနေတဲ့ GPS မြေပုံကလည်း ကျတော်သွားမယ့် ခရီး 75 ရာခိုင်နုန်း လောက်ထိ ရောက်နေကြောင်းပြနေပါတယ် ။  အဲဒီရွာကနေ ဆက်ပြီးထွေက်လာပြီး ကတည်းက တောင်ကုန်းတွေ ကိုမတက်ရတော့ပါဘူး ။ မြေပြန့် ခပ်ပြေပြေ ပေါ်မှာဘဲ ကားလေးက ပြေးနေပါတယ် ။ မြေပြန့် ဆိုပေမယ့်  တောင်ပေါ်ဒေသဖြစ်နေတာမို့ သာမန်မြေပြန့်ထက်တော့ ပိုမြင့်ပုံရပါတယ် ။ ပတ်ဝန်းကျင် ကိုကြည့်လိုက်ရင် စိမ်းစိမ်း စိုစိုနဲ့မို့ ကျတော့် စိတ်ထဲ မှာတော့ ကိုယ်မရောက်ဖူးတဲ့ ဒေသ တစ်ခုကိုရောက်နေတယ်လို့ကို မထင်ရဘူး ။ အားလုံးက ကျတော်တို့ အောက်ပြည် အောက်ရွာက ပတ်ဝန်းကျင်ရှုခင်းတွေ နဲ့ တစ်ထပ်တည်းကို ကျနေတော့ တာ. ။ အုန်းပင်တွေ  တွေ့ ရတယ် ၊ ၀ါးပင်တွေကိုလည်းတွေ့ ရတယ် ၊ ပြီးတော့ ထန်းပင်တွေ ကိုရောပဲ ။ အဲ …. ထန်းပင်ဆိုလို့ ကျတော်တို့ ဒေသက ထန်းပင်နဲ့ မတူဘဲ ထူးခြားတာလေးကို တွေ့ ခဲ့ ရသေးတယ် ။ ထန်းပင်တွေက အညာဒေသ မှာလို တောလိုက်ပေါက်ရောက်နေတာမျိုးတော့ မဟုတ်ဘူး ။ ကျိုးတိုးကျဲတဲ ပါပဲ ။ ကားလမ်းနဘေး ရွာနဲ့ နီးတဲ့ တချို့ ထန်းပင်တွေမှာ ထန်းပင် ခေါင်းနားကပ်ပြီး ၀ါးလုံးတွေ နဲ့ လင့်စင် လိုလို ငြမ်းလိုလို ဆောက်ထားတာတွေ့ ခဲ့ရပါတယ် ။ စမြင်မြင်ချင်းမှာတော့ ဘာအတွက် အဲသလို တွေ လုပ်ထားကြတာကို သဘောမပေါက်ဘူး ။ ရွာကိုရောက်တော့ မှ ဒေသခံ ဖြစ်တဲ့ ကျတော့် သူငယ်ချင်းကို အသေချာမေးကြည့်ဖို့ စိတ်ထဲ တေးထားလိုက်ရတယ် ။
ကျောက်ထုမြို့ အ၀င်
                              ကျောက်ထုမြို့ နဲ့ နီးလာလေလေ ရွာလေးတွေ ရွာလေးတွေ တဖြည်ဖြည်း စိတ်စိတ်လာလေလေပါပဲ ။. ရွာနာမယ်တွေက ဖတ်ရတာ နဲနဲ ထောက်သလိုလိုရှိပေမယ့် ကျတော်တို့ တနင်္သာရီ တိုင်းထဲ က မြို့ ရွာနာမည်တွေလို မဟုတ်ပဲ မြန်မာဆန်တဲ့ နာမည်တွေဖြစ်တာကို သတိပြုမိပါတယ် ။ သိပ်မကြာခင်မှာဘဲ  ပခုက္ကူကနေ ရေတွက်လာတဲ့ မိုင်တိုင် အမှတ် 78 မိုင်ကျော်ကျာ်လောက်မှာ ကျောက်စရစ်ခဲ ပြင်ကြီးတွေ ပေါ်နေတဲ့ ချောင်းကမ်းနဘေးက “ကျောက်ထုမြို့ မှ ကြိုဆိုပါ၏” ဆိုတဲ့ ဆိုင်းဘုတ်ကိုတွေ့ လိုက်ရပါပြီ ။ ဒီနေရာမှာ ကျတော်ပဲ အမှတ်မှားနေသလားတော့ မသိဘူး ။ မြန်မာပြည် ခရီးသွားလမ်းညွှန် 2013 စာအုပ်မှာ ပခုက္ကူမှ ကျောက်ထု ကို မိုင် 90 ဆယ်ခန့် ရှိတယ်လို့ ဖော်ပြထားပါတယ် ။ ဘယ်လိုဘဲ ဖြစ်ဖြစ် ကျတော်ရောက်ချင်လှတဲ့ ယောနယ်ထဲ က ကျောက်ထုမြို့ ကိုတော့ အခုရောက်နေခဲ့ပါပြီ ။ ကျောက်ထုမြို့ ကို ဒီဒေသရဲ့ မြို့ ရွာတည်လေ့ရှိတဲ့ ထုံးစံ အတိုင်း ကျောက်တုံးနဲ့ မြေရောနှောနေတဲ့ တောင်ကုန်းကြီးပေါ်မှာ ထည်ထားတာ ဖြစ်ပါတယ် ။ မြို့ နယ်ရုံးစိုက်ရာ မြို့ ဖြစ်ပေမယ့် လည်း ဂန့်ဂေါ ခရိုင်ထဲက ဆောမြို့ လက်အောက်ခံ မြို့ နယ်ခွဲသာဖြစ်ပါတယ်လို့ သိရပါတယ် ။  မြို့ ကို တောင်ပေါ်မှာတည်ထားတာဆိုတော့ ကုန်းတက်ကုန်းဆင်းတော်တော်ကိုပေါများလှပါတယ် ။ ကျောက်ထုမြို့ ကနေ တောင်ဘက်သွားရင် ဆော နဲ့ လောင်းရှည် မြို့ တို့ ကိုရောက်ပါမယ် ။ တခါ ကျောက်ထုကနေ အနောက်ဘက်ကို ဆက်သွားမယ် ဆိုရင်တော့ မင်းဒပ် ၊ မတူဘီအထိ ရောက်တယ်တဲ့ ။
ကျောကိထုမြို့ တွင်းတစ်နေရာ
ဒီနေရာမှာ ကျောက်ထုမြို့ အကြောင်း ကို ခဏထားပြီး ကျတော် ဆက်သွားမယ့် ခရီးအတွက် စီစဉ်ရပါအုံးမယ် ။ ကားသမားက ကျောက်ထု မြို့ လယ်လို့ ထင်ရတဲ့ နေရာရောက်တော့ ကျတော့် ကိုဆင်းဖို့ သတိပေးပါတယ် ။ ဒါပေမယ့် ကျတော့် သူငယ်ချင်း စောင့် နေမယ်လို့ ပြောတဲ့ ဆေးရုံနားမှာဆင်းမယ်လို့ ပြန်ပြောလိုက်ရပါတယ် ။ ပြောမယ့် သာပြောရတယ် အဲဒီဆေးရုံကိုလည်း ကိုယ်ကသိတာမဟုတ်တော့ ကျတော့ ကိုလာကြိုနေမယ့် သူငယ်ချင်းဖြစ်သူရဲ့  မျက်နှာကိုသာ အကွင်းလိုက်ကြီးမြင်ရင်း ရင်ခုန်စွာနဲ့ ကားရပ်မယ့် နေရာအထိ လိုက်ပါခဲ့ရတယ် ဆိုပါတော့ ။
                                                ( ခရီးဆက်ပါအုံးမယ် )                       
 ရန်နောင်စိုး February 10, 2014 at 10:03pm
ကြက်မောက်သီး၏ ကျန်းမာရေးစွမ်းပကား
Written By လွင့်မောင်မောင် on Sunday, February 9, 2014 | 8:36 AM
ကြက်မောက်သီးအခွံက အနီရောင်ရှိပြီး အထဲက အသီးအနှစ်ဟာ အဖြူရာင်သန်းနေပြီး အရသာအနေနဲ့ ချိုမြပါတယ်။ ကြက်မောက်သီး တစ်ခွက်စာ ပမာဏမှာ ကယ်လိုရီ ၁၂၃၊ အဆီ ၀ ဒသမ ၃ ဂရမ်၊ ဆိုဒီယမ် ၁၇ မီလီဂရမ်၊ ကာဗိုဟိုက်ဒရိတ် ၃၁ ဒသမ ၃ ဂရမ်၊ အမျှင်ဓာတ် ၁ ဒသမ ၄ ဂရမ်၊ ပရိုတင်း တစ်ဂရမ်တို့ ပါဝင်ကြပြီး ကိုလက်စထရောနဲ့ ပြည့်ဝဆီတို့ ပါဝင်မှု မရှိပါဘူး။ ဒီလို အာဟာရတန်ဖိုးတွေ ပါဝင်တဲ့ ကြက်မောက်သီးကို စားပေးရင် အောက်ပါ ကျန်းမာရေးစွမ်းပကားတွေကို ရရှိစေပါတယ်။
- ကြက်မောက်သီးမှာ သကြားဓာတ်၊ အထူးသဖြင့် ဖရက်တို့စ်နဲ့ ဆူးခရို့စ်တို့ များစွာ ပါဝင်ပြီး ကယ်လိုရီပါဝင်မှု နည်းပါတယ်။ ပျမ်းမျှအားဖြင့် ကြက်မောက်သီး တစ်လုံးမှာ ကယ်လိုရီ ၆၀ လောက်ပဲ ပါဝင်ပါတယ်။ ကြက်မောက်သီးမှာ ဗီတာမင်စီ များစွာ ပါဝင်ပြီး ပိုတက်စီယမ်၊ သံဓာတ်၊ ဘီတာကယ်ရိုတင်း (ဒါမှမဟုတ်) ဗီတာမင်အေ၊ ကယ်လ်စီယမ်နည်းနည်း၊ မဂ္ဂနီဆီယမ်၊ သွပ်(ဇင့်)၊ ဆိုဒီယမ်၊ နိုင်ယာစင်၊ အမျှင်ဓာတ်နဲ့ ပရိုတင်းဓာတ်တို့ ပါဝင်ပါတယ်။
- ကြက်မောက်သီးကို မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံတွေမှာ ရိုးရာဆေးတစ်လက်အဖြစ် နှစ်ရာပေါင်းများစွာကပင် ဆီးချိုရောဂါ၊ သွေးတိုးရောဂါနဲ့ တခြား နာမကျန်းမှုပေါင်း များစွာကို ကုသရာမှာ အသုံးပြုခဲ့ကြပါတယ်။
- ကြက်မောက်သီးမှာ ဗီတာမင်စီနဲ့ ဘီတာကယ်ရိုတင်းတို့ များစွာ ပါဝင်တဲ့အပြင် ဖလေဗိုးနွိုက်လို့ခေါ်တဲ့ အပင်ထွက် အင်တီအောက်ဆီးဒင့်လည်း ပေါများစွာ ပါဝင်ပါတယ်။ ဖလေဗိုးနွိုက်ဟာ သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေပြီး ကင်ဆာဆန့်ကျင်ဂုဏ်သတ္တိနဲ့ ရောင်ရမ်းမှု လျော့ကျစေတဲ့ ဂုဏ်သတ္တိတို့လည်း ရှိပါတယ်။
- ကြက်မောက်သီး အရေခွံမှာ Gallic acid ပါဝင်ပြီး ခန္ဓာကိုယ်တွင်းမှာ ဖရီးရယ်ဒီကယ်ကြောင့် ထိခိုက်မှုတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ကင်ဆာရောဂါ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ အင်တီအောက်ဆီးဒင့် အစွမ်းကြောင့် ကြက်မောက်သီး Extract ကို ဆေးဝါး ဒါမှမဟုတ် ဖြည့်စွက်ဆေး တစ်မျိုးအဖြစ် အသုံးပြုနိုင်ပါတယ်။
- ကြက်မောက်သီးမှာ ဗီတာမင်စီ များစွာ ပါဝင်ပါတယ်။ ကြက်မောက်သီး ၁၀- ၁၂ လုံးမှာ အက်စ်ကောဗစ်အက်စစ် (Ascorbic Acid) ၇၅-၉၀ မီလီဂရမ် ပါဝင်ပြီး လူတစ်ယောက် တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင်စီထက် နှစ်ဆကျော် ရှိပါတယ်။ ဗီတာမင်စီဟာ ခန္ဓာကိုယ် ဆဲလ်တွေကို ဖရီးရယ်ဒီကယ်ကြောင့် ထိခိုက်မှုမှ ကာကွယ်ပေးနိုင်ပြီး သံဓာတ် စုပ်ယူနိုင်အောင် ကူညီပေးပါတယ်။
- ကြက်မောက်သီးမှာ သွေးနီဥနဲ့ သွေးဖြူဥတွေ ပြုလုပ်ရေးအတွက် လိုအပ်တဲ့ ကြေးနီဓာတ် အနည်းငယ် ပါဝင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်က အင်ဇိုင်းတချို့ ထုတ်လုပ်ရေးအတွက် လိုအပ်တဲ့ မဂ္ဂနိစ်လည်း လိုအပ်ပါတယ်။
- ကြက်မောက်သီးရဲ့ လုပ်ငန်းဆောင်တာ တစ်ခုကတော့ သံဓာတ်အရင်းအမြစ် ကောင်းကောင်း ရရှိစေတာပဲ ဖြစ်ပါတယ်။ စားတဲ့အထဲမှာပါတဲ့ သံဓာတ်ဟာ ခန္ဓာကိုယ်တွင်း အောက်ဆီဂျင် မှန်ကန်တဲ့ အတိုင်းအတာရအောင် ကူညီပေးနိုင်ပြီး သွေးအားနည်းတာကြောင့် မူးဝေတာ၊ နုံးချည့်ပင်ပန်းတာနဲ့ ဖျော့တော့နွမ်းနယ်တာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
- ကြက်မောက်သီး တစ်ခွက်စာ ပမာဏကို စားတဲ့အခါ တစ်နေ့တာ လိုအပ်တဲ့ ဖော့စ်ဖရပ်စ်ရဲ့ ၄ ဒသမ ၃ ရာခိုင်နှုန်းကို ရရှိစေပါတယ်။ ဖော့စ်ဖရပ်စ်ဟာ ကျောက်ကပ်ထဲက အညစ်အကြေးနဲ့ စွန့်ပစ် ပစ္စည်းတွေကို စွန့်ထုတ်ပေးပြီး တစ်သျှူးနဲ့ ဆဲလ်တွေရဲ့ ဖွံ့ဖြိုးမှု၊ ပြုပြင်မှုနဲ့ ကောင်းမွန်အောင် ထိန်းသိမ်းမှုတွေမှာ အရေးပါပါတယ်။
- ကြက်မောက်သီးမှာ ကယ်လ်စီယမ် အနည်းငယ် ပါဝင်ပြီး ဖော့စ်ဖရပ်စ်နဲ့ ကယ်လ်စီယမ်ဟာ သွားနဲ့ အရိုးတွေ အားပြည့်ခိုင်ခံ့စေဖို့ အတူတွဲပြီး အလုပ်လုပ်ပါတယ်။ ကြက်မောက်သီးမှာ အာဟာရဆိုင်ရာ အကျိုးကျေးဇူးတွေအပြင် ဆေးကုသမှုဆိုင်ရာ ကောင်းကျိုးတွေလည်း ရှိပါတယ်။
- ကြက်မောက်သီးကို စားပေးရင် အူလမ်းကြောင်းရှိ ကပ်ပါးကောင်တွေကို သေစေတာကြောင့် ဝမ်းလျှောတဲ့ ဝေဒနာကို သက်သာစေပါတယ်။ မလေးရှားမှာ ရိုးရာ အနာကျက်ဆေးအဖြစ် ကြက်မောက်သီးကို သုံးလေ့ရှိကာ ဖျားနာနေသူတွေကို ကျွေးလေ့ရှိပါတယ်။ သင့်အနေနဲ့ နာမကျန်းဖြစ်နေပါက ကြက်မောက်သီး မစားခင်မှာ ဆရာဝန်နဲ့ အရင် တိုင်ပင်ဆွေးနွေးဖို့ လိုပါတယ်။
ကြယ်စင်
originally posted by Good Health
Source >>>http://natureenergycares.blogspot.com/2014/02/blog-post_9525.html
မြန်မာနိုင်ငံနှင့်တိုင်းရင်းသား ၁၃၅ မျိုး
Written By လွင့်မောင်မောင် on Sunday, December 29, 2013 | 2:07 AM
တိုင်းရင်းသား ၁၃၅ မျိုးရှိတယ်ဆိုဒါ မှန်သလားမှားသလား လေ့လါနိုင်ဖို့ အတွက် ဒီမှတ်တမ်းစာစုကို တင်ဆက်ပေးလိုက်ပါတယ်။ အထူးသဖြင့် သမိုင်းလေ့လာလိုသူ လူငယ် မျိုးဆက် များ ဖတ်ရှု လေ့လာ သင့်ပါတယ်။ မူရင်းစာတမ်း ပြုစုသူ ဦးတိုးတိုး NDF နှင့်အဖိုးတန် စာစုတွေကို အမြဲပေးပို့ လာတဲ့ ဖူးကီးဒိုအား အထူးကျေးဇူးတင်ပါကြောင်း ပြောကြားလိုပါသည်။
Written By Ka Shee(http://burmesekarenhistory.blogspot.com/2013/02/blog-post_27.html) မှ ကူးယူဖော်ပြသည်
135_Races_in_Burma_by_SPDC
ခေါင်ရန်းပန်း ဆံကေသာအားဖြည့်ဆေး
Written By လွင့်မောင်မောင် on Wednesday, November 20, 2013 | 8:40 AM
 (၁)သုံးစွဲပြီးပါက ဆံပင်အရင်းမှအဖျားအထိ အားဖြည့်ပေးသည်။အရွယ်မတိုင်မီ ပေါက်သော ဆံပင်ဖြူများကို ဖုံးစေသည်။
(၂)ဆံပင်အက်ကွဲ၊ပြတ်တောက်ခြင်း၊ ကျွတ်ခြင်းများကို သက်သာစေသည်။ ခေါင်ရန်းပန်းမှ ဤအားဖြည့်ဆေးကိုပြုလုပ်ပုံမှာ
(၁)ရေ (၄၅၀-၅၀၀) ml  ကို မီးနည်းနည်းနှင့်တည်ပါ။
(၂)အခြောက်ခံထားသောခေါင်ရန်း ပွင့်(၂၀-၃၀)ပွင့်ကို ထည့်၍ ပြုတ်ပါ။
(၃)ပူလာလျှင် မီးမျှင်းမျှင်းနှင့်ဆက်တည်ပါ။သို့သော် တပွက်ပွက်ဆူလာသည်အထိ မထားပါနှင့်။ အနည်းငယ်ဆူပြီး အငွေ့ထွက်လာလျှင် မီးဖိုပေါ်မှ ချပါ။ ဆူပွက်သည်အထိ ထားပါက ပန်း၏အာနိသင် ပြယ်သွားနိုင်သည်။
(၄)ပန်းပြုတ်ရေသည် မရမ်းနှင့်ပန်းရောသည် အရောင်ခပ်ရင့်ရင့်ပြောင်းလာသည်။
(၅)ယင်းနောက် ရေခရားသန့်သန့် ထဲတွင် ထည့်ပြီး အအေးခံ၍ တစ်ညသိပ်ထားပါ။
(၆)နံနက်တွင် ဆံပင်လျှော်ပါ။ လျှော်ပြီးလျှင် သုံးနေကျပျော့ဆေးအစား ခေါင်ရန်းပန်းအားဖြည့်ရည်ကို ဦးရေကို ထိအောင် လိမ်းပြီး တဘက် နှင့်ပေါင်းထားပါ။ အနည်းဆုံး (၄၅)မိနစ် သို့မဟုတ် (၁)နာရီ ထားပါ။
(၇)ပြီးလျှင် အရောင်များစင်သွား သည်အထိ ခေါင်းကို ဆေးပါ။ ဦးရေတွင် ယားယံခြောက်သွေ့ခြင်းမရှိဘဲ ပေါ့ပါးလန်းဆန်းသွားသည်ကို ခံစားရပါမည်။
ဆံပင်များသည်လည်းသဘာဝအားဖြင့် အရောင်ဆိုးပြီးသားဖြစ်သည့်အပြင် ဆံပင်ကိုလည်း အားဖြည့်ပေး စေနိုင်သည်။ အ၀တ်အစားများကို စွန်းထေးပေကျံခြင်းမရှိပါ။
ဒေါန
Health Updates Journal
တောင်းသည့်ဆုများပြည့်စေချင်
Written By လွင့်မောင်မောင် on Saturday, November 9, 2013 | 8:48 AM
တစ်ချို့ ပြင်းပြသော “စိတ်ဆန္ဒ ” ကို “စေတနာ” ဟု မှတ်ယူနေသည်။
စေတနာ”သည်သာ “ကံ” ဖြစ်သည်။ “ကံ”သည် “အလုပ်” ဖြစ်သည်။”ကံ”သုံးပါးကိုလူတိုင်းသိ၏။
စိတ်စေတနာသည် မည်သို့ကောင်းစေကာမူလက်တွေ့လုပ်ဆောင်ရသော “ကာယကံအမှု” သည် ချွတ်ချော်ပါ က “ကံ”မကောင်းနိုင်တော့။
ကောင်းကံ ပျက် လျှင် မိမိ၏ စေတနာ သည် သေထဲရေသွန် အချည်းအနှီးဖြစ်ရလေသည်။
သာဓက တစ်ခုဆောင်ရသော်......ရဟန်း၊သံဃာ တို့ ဆွမ်းဘုန်းပေးလျှင် ၊ လက်နှစ်ဖက်ဖြင့် မသုံးရပါ။ ကိုက်ဖဲ့ ဆွဲဖဲ့၍ လည်း မသုံးရပါ။ အာပတ်သင့်၏။ ဤသည်ကို မသိ၍ အသားဟင်းဆွမ်း ကပ်သည်ဆိုပါစို့။အလှူရှင်က စေတနာဗလဗွ နှင့် လူတွေကိုကျွေးမွေးသလို လက်သီးဆုပ်လောက်အတုံးကြီးများ ချက်၍ဆွမ်းကပ်မည်ဆိုလျှင်...........
ဘုန်းဘုန်းတို့ မည်သို့ သုံးဆောင်ရမည်နည်း။ဤဒါနသည် စိတ်စေတနာ ကောင်းမွန်သော်လည်း..ကာယကံအမှုလွဲချော်၍ ဒါနမမြောက်နိုင်တော့။မိမိချက်လှူတဲ့ အသားဟင်း ဘုန်းဘုန်းတို့ မသုံးဆောင်တော့ အလှူရှင်မှာလည်းစိတ်ချမ်းသာနိုင်မည်မဟုတ်တော့။
ဒါနအမှု၊သီလအမှု တို့ကို မနောကံ ဖြင့်ပြုလုပ်လျှင်မည်သို့မျှ ပြည့်စုံနိုင်မည်မဟုတ်ပါ။ကာယကံ၊ဝစီကံတို့ဖြင့်သာ ပြုလုပ်ရသောအမှုတို့ဖြစ်ပေသည်။သို့အတွက် မည်သို့ပင်စိတ်ကောင်းရှိစေကာမူ  အ ဂါရဝ ဖြစ်သော ကိုယ်အမူအရာ။နှုတ်အမူအရာသည် ဒါန၏အကျိုးကို ပြည့်စုံစွာခံစားရမည်မဟုတ်ပါ။
သို့အတွက် ဘုရားရှင်ရှေ့သို့ရောက်နေသော မိမိ၏အပြုအမူကိုအမြဲသတိပြုရာသည်။
အ ဂါရဝ ကိုရှောင်လျက် ဂါရဝတရားအပြည့်ဖြင့် ရိုသေလေးမြတ်စွာ ဘုရားရှင်အား ပူဇော် ဒါနပြုကြပါစို့။
   ဘုရားရှင်အား ကျွနု်ပ်တို့ အောင်သပြေ၊ပန်း ၊ရေချမ်း၊ဆီမီးများ ကပ်လှူ ပူဇော်ကြ၏ ။ဒါနပြုကြ၏။ ဘုရားမသုံးသောဝတ္ထုပစ္စည်းများ ကို ကျွနု်ပ် တို့ ကပ်လှူပူဇော်နေခြင်းသည်..ကံ ၊ ကံ၏အကျိုးကို လုံးဝဥဿုံ ယုံကြည်၍ ပဲ မဟုတ်ပါလား။ လောကီ။လောကုတ် နှစ်ဖြာအကျိုးအတွက် ကောင်းခြင်းမင်္ဂလာ အဖြာဖြာကိုရယူပိုင်ဆိုင်၍နောက်ဆုံး ဘဝတွင် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သောအထောက်အပံ့ကောင်းကိုရလိုသောကြောင့်သက်တော်ထင်ရှားဘုရားရှင်ဟုရည်မှတ်လျက် ဒါနအမှုကို ပြုလုပ်ခြင်းဖြစ်သည်မှာ ထင်ရှားလှ၏။           ဤသည်တို့ကို ထောက်ရှုလျှင် ဘုရားရှင်အား လှူဒါန်းဆက်ကပ်သည်ဆိုသည်မှာ...တကယ်တော့ ကျွနု်ပ်တို့ သည် ဗုဒ္ဓဘုရားရှင်ထံတော်အပါးတွင် ကျနု်ပ်တို့ လိုချင်သောအရာကိုတောင်းခံနေခြင်းသာဖြစ်ပေတော့သည်။
     ဒါန ဟူသည်  အလှူ ၊ ပေးကမ်းစွန့်ကြဲခြင်း စသည့်အဓိပ္ပာယ်ကို ဆောင်သည်ဖြစ်ရာတစ်ခါခါ ကျွန်ုပ်တို့အမှတ်မှားလေ၏ ။ ဒါနသည် အလှူခံပုဂ္ဂိုလ်အပေါ်လိုက်၍ ရရှိသောအကျိုးကျေးဇူးမှာ ကွဲပြားခြားနားလေသည်။
 သို့သော် ပါရမီမြောက်ဒါနအတွက်ဆိုလျှင်မူ အလှူခံပုဂ္ဂိုလ် ရွေးချယ်ရန်မလို။ဒါနဖြစ်မြောက်ရန်သာ လိုရင်းအဓိကဖြစ်လေသည်။
အမှန်တကယ် မကွယ်ဝှက်တမ်း ဝန်ခံရမည်ဆိုလျှင်အလှူခံပုဂ္ဂိုလ်သည် မိမိထက် သီလ၊သမာဓိ ၊ ပညာ ၊ပိုမြင့်နေလျှင်(သို့မဟုတ်)ရာထူး၊ ဓနဥစ္စာ ပိုကြီးသောသူများ ဖြစ်နေလျှင် မိမိပြုသောဒါနသည် ပေးကမ်းစွန့်ကြဲခြင်းမဟုတ်ဘဲ၊ ၎င်းပုဂ္ဂိုလ်ထံ မှ တစ်ခုခုကိုတောင်းခံခြင်းဖြစ်ကြောင်း မှာ သိသာထင်ရှားလှသည်။
ဂါရဝတရားဖြင့်ပူဇော်ပါ
 ဗုဒ္ဓဘာသာဝင် တို့၏ အိမ်တိုင်း၌ ဘုရားကျောင်းဆောင်ရှိ၏ ။သက်တော်ထင်ရှားဘုရားအမှတ်ဖြင့် ကိုးကွယ်ပူဇော်လေ၏။သို့အတွက်လည်းအိမ်၏ကျက်သရေ တိုးမြင့်လေ၏။ သို့သော် တခါခါ ကျွန်ုပ်တို့မေ့လျော့လေ၏။အိမ်ဦးခန်း ကျောင်းဆောင်အတွင်း၌ ဘုရားရှင်သီတင်းသုံးနေသည်ကို မေ့လျော့လေ၏။ဤသို့သောအခါမျိုးတွင် အိမ်ပေါ်၌ ကြမ်းတမ်းသောစကားများ၊အမနာပစကားများပြောဆိုမိကြလေ၏။ရုတ်ရင်းသောအမှုများကိုလည်းပြုလုပ်မိကြလေ၏။ သင့် တော်ပါ၏လော။ ဤသို့နှိုင်းယှဉ်ကြည့်ပါမိမိအိမ်ပေါ်တွင် ရာထူးကြီး ဧည့်သည်တစ်ယောက်ရှိလျှင်ပင် ကြမ်းတမ်းသောစကားများမပြောဆိုပဲရုတ်ရင်းသောအမှုများ မပြုလုပ်ဘဲ ရှောင်ကျဉ်တတ်သာ သူများသည်....လူနတ်ဗြဟ္မာအပေါင်းတို့၏ပူဇော်ခြင်းအထူးကိုခံယူတော်မူထိုက်သော သုံးလောကထွဋ်ထား မြတ်ဘုရားအရှေ့ကျတော့  ပြောချင်ရာပြော၊လုပ်ချင်ရာလုပ်၍ ဖြစ်ပါမည်လော။<မိမိအိမ်ပေါ်တက်သည်နှင့် ဘုရားရှင်ရှိနေပါလားဆိုသော အသိသတိအမြဲကပ်လျက် နေသင့်လှပေ၏။ဤသို့သော အခြေခံအချက်များအစပြင်ဆင်နေထိုင်လျက် ။ ဘုရားရှင်အား အလေးအမြတ်ထား ဂါရဝတရားဖြင့်ပူဇော်မှသာ လျှင်..ညောင်သီးမျှလောက်သောအလှူသည် ညောင်ပင်ကြီးလောက်ရရှိပေလိမ့်ဖြစ်ပေတော့သည်။
“ပန်း”
ပန်း တို့ မည်သည် မြင်ရသူတို့၏ စိတ်ကို ကြည်လင်စေ၏။ လက်တွေ့တွင် ဒီပန်းကလေးတစ်ပွင့်လှ လှချည်ရဲ့ဆိုပြီး ချွေဖဲ့ ဖျက်ဆီး သွားသူများကို ကျနော်မတွေ့ဖူးပါ။(ဗွီဒီယို၊ရုပ်ရှင် ရိုက်ကွက် မှအပ)ပန်းမကြိုက်သူများပင်လျှင် ပန်းကိုမြင်လျှင် စိတ်ကိုလန်းဆန်းစေသဖြင့်  မြတ်နိုးစိတ်များဝင်ရောက်၍ ကြပေ၏။သို့အတွက် ပန်းသည် လူတို့အတွက်အသုံးတော်ခံဖြစ်လာရပေသည်။မိမိစိတ်များကြည်လင်လန်းဆန်းစေရန် အိမ်၌ပန်းပင်စိုက်ခြင်း ၊ အလှပန်းအိုးများပြင်ဆင်ခြင်းဖြင့်လည်းကောင်း- ချစ်သူ၏စိတ်ကို ပြောင်းလဲစေရန် ချစ်သူ့လက်ဆောင်ဖြင့်လည်းကောင်း လူမမာများ စိတ်အားငယ်မှုကိုဖြေဖျောက်ရန်ပန်းစည်းလက်ဆောင်အဖြစ်လည်းကောင်းနောက်ဆုံး မိမိနှင့်အလွန်ကျွမ်းဝင်သူ၏ နောက်ဆုံးခရီးတွင် စိတ်လက်ပေါ့ပါးစွာ ခရီးဆက်နိုင်အောင် အသုဘပို့ရာတွင် ပန်းခွေ၊ပန်းခြင်း၊ပန်းစည်းများဖြင့် လိုက်ပါပို့ဆောင် နှုတ်ဆက်ကြလေသည်။တချို့ပန်းသည် ရနံ့မရှိ၊ အချို့ပန်းများသည် ရနံ့ရှိ၏။ ပန်းတို့ရနံ့သည် လေသင့်ရာ မွှေးပျန့်ကြိုင်လှိုင်ပေရာ.....ဘုရားရှင်ထံတော်ပါး ဂါရဝတရားအပြည့်ဖြင့်  ပိုးကိုက်ပွင့်ဖတ် နှင့် ညှိုးနွမ်းနေသောပန်း မပါသောလန်းဆန်းသန့်စင်သည့်ပန်းများကိုဆက်ကပ်လှူဒါန်းခြင်းသည်..“မျက်နှာမြင် ချစ်ခင်စေမည့် အကျိုးကို ယခုဘဝတွင်ပင်မုချ ရရှိနိုင်ပေမည်။”“မိမိ၏ဂုဏ်သတင်းကျော်ဇောမှုသည်လည်း လူသတင်းလူချင်းဆောင်လျက်ပန်းရနံ့ ကဲ့သို့ပြန့်နှံ့မည် ” ဖြစ်ပေတော့သည်။
“ရေ ချမ်း”
ရေ သည် အေးမြခြင်း၊စီးဆင်းခြင်း၊ကြည်လင်စေခြင်း၊သန့်ရှင်း စင်ကြယ်စေခြင်း၊စုစည်းမှုကိုပေးခြင်း၊စိုပြေလန်းဆန်းစေခြင်း၊ဆာလောင်မွတ်သိပ်မှုကိုပြေပျောက်စေနိုင်ခြင်း စသည့်ဂုဏ်ရည်သတ္တိများရှိ၏။“ရေအသက်တစ်မနက်”ဆိုသကဲ့သို့ ရေသည် လူတို့အသက်ရှင်ရန်အတွက် မရှိမဖြစ်လိုအပ်သောဓာတ်တစ်မျိုးဖြစ်ပေသည်။
သို့အတွက် ဘုရားရှင်အားဆက်ကပ်မည့် “သောက်တော်ရေချမ်း” ကို အမှုံ အမွှား ကင်းစင်အောင်သေချာစွာစစ်၍ ၊သန့်ရှင်းသောခွက်တွင်ထည့်ပြီးရိုသေလေးမြတ်စွာဆက်ကပ်ပါက...အထက်ကပြဆိုခဲ့သော ရေ၏ ဂုဏ်သတ္တိ များ ကို သင် မုချရရှိပေမည်။
အထူးသဖြင့် ..အသက်ရှည်ခြင်း၊အသားအရည်စိုပြေခြင်း၊ စိတ်အေးချမ်းခြင်း၊စိတ်ကြည်လင်ချမ်းမြေ့ခြင်း၊အငတ်ဘေးမကြုံခြင်း၊ဆွေမျိုးမိတ်သင်္ဂဟ ပေါများခြင်း၊ခေါင်းဆောင်နိုင်မှုစွမ်းရည်၊အတွေးအကြံများနှင့်ကျင့်စဉ်များတွင် မောဟကင်းခြင်း ..စသော အကျိုးတို့ကိုယခုလက်ရှိဘဝမှာပင် ခံစားရပေမည်။
ရေလှူအကျိုး(၁၀)ပါးရှိသည်ကို အရွယ်ရောက်ပြီး ဗုဒ္ဓဘာသာဝင်တိုင်းသိ၏ ။ ဤအကျိုး(၁၀)ပါးသည် အလှူခံပုဂ္ဂိုလ်က ရသောအကျိုးများသာဖြစ်၏။ဒါနပြုသူအနေနှင့်မူ ဤရေဒါနကြောင့်  အလှူခံပုဂ္ဂိုလ်သည် ဤအကျိုးကျေးဇူးများကိုခံစားရပေသည်။ရရှိပါပေသည်ဟု နှလုံးသွင်းလျက် ဖြစ်ပေါ်လာသော ပီတိကိုပွားများရာ၏။
ကျနု်ပ်၏ လက်တွေ့လုပ်ဆောင်ချက်များအရ ၊ဘုရားသောက်တော်ရေခွက် သည်  ဖန်ခွက် အစား ကြေး(ကြီး)ခွက်ကို အသုံးပြုလျှင် ပိုမိုအကျိုးပေးမြန်ကြောင်း သိရှိရပါသည်။
“ ဆီမီး ”
“မီး” သည် အလင်းဓာတ်ကို ထုတ်လွှတ်သည်။ သို့အတွက် အမှောင်ကိုပယ်ခွင်းနိုင်၏။ ထိုအလင်းဓာတ်သည် အလွန်လျင်မြန်သော သွားနှုံးရှိ၏။ မိုင်ပေါင်းလွန်စွာကွာဝေးသော်လည်းအမှောင်တွင် ထိုအလင်းကိုမြင်နိုင်စွမ်း၏။
တစ်တိုင်သောဆီမီးဖြင့် မြောက်များစွာသော ဆီမီးများသို့ပုံတူပွားကူးသော်လည်း မူလဆီမီး၏ အလင်းဓာတ်သည် လျော့ကျသည်ဟုမရှိ...စသော ဂုဏ်သတ္တိဖြင့်ပြည့်စုံလေသည်။
သို့အတွက်..သက်တော်ထင်ရှားဘုရားရှင်အားရည်မှန်း၍ ဆီမီး(သို့မဟုတ်)ဖြောင့်စင်းနေသောအလင်းတိုင်(ဖယောင်းတိုင်)မီးပူဇော်ခြင်းဖြင့် အထက်ပါ ဆီမီး၏အကျိုးကျေးဇူးများရရှိနိုင်လေသည်။
အထူးသဖြင့်...ပညာသင်ကြားရာတွင်တတ်မြောက်ရန်လွယ်ကူခြင်း၊လျင်သောဉာဏ်ပညာ၊ဇဝနဉာဏ်ကောင်းခြင်းအတတ်ပညာဖြင့်ကျော်ဇောခြင်း။ အဝိဇ္ဇာကိုပယ်ဖျောက်နှိင်သောဝိဇ္ဇာဟုခေါ်သော “အသိ”ပညာရရာရကြောင်း၏ ကောင်းသောအထောက်အပံ့ကိုရခြင်း..စသည်တို့ကို ယခုမျက်မှောက်ဘဝတွင်မုချ ရရှိမည်ဖြစ်သည်။
ပန်း၊ရေချမ်း၊ဆီမီး ၊အလင်းတိုင်များဖြင်ဘုရားရှင်အားဆက်ကပ်လှူဒါန်း ရသောဤဒါနသည်  ငွေကုန်ကြေးကျအနည်းဆုံးဖြင့် ၍ နေ့စဉ်နေ့တိုင်း အိုးမကွာ အိမ်မကွာ ကရိကထမများဘဲ ပြုလုပ်နိုင်သော ဒါနမျိုးဖြစ်ပေရာ.အာစိဏ္ဏကံမြောက်ဒါနလည်းဖြစ်ပေ၏။
ညောင်သီးလောက်လှူ၍ ညောင်ပင်ကြီးလောက်ရနိုင်သည့်အလှူမျိုးဖြစ်ပေသည်။အထူးအကြံပေးလိုသည်မှာ.....ဗုဒ္ဓဘာသာဝင်မိဘများအနေဖြင့် မိမိနေအိမ်ရှိဘုရားကို ပန်း၊ရေချမ်း၊ဆီမီး ကပ်လှူရသောအလုပ်ကိုတစ်ဦးတစ်ယောက်တည်း ပုံမှန်မလုပ်ဆောင်ဘဲ မိသားစုဝင်အားလုံးပုံမှန် အာစိဏ္ဏကံ ကုသိုလ်ရကြလေအောင် ဆောင်ရွက်ကြပါဟု အကြံပြုပါသည်။
မိမိပြုသည့်“ကံ” မိမိထံ အမှန် ပဲ့တင်ပြန် လိမ့် မည် ”ဟုသင်ယုံကြည်လျှင်........ဘုရားရှင်ထံချဉ်းကပ်စဉ် မှ ဒါနပြုပူဇော်ပြီး ပြန်ထွက်လာ သည်အထိ “ကံ”သုံးပါးစလုံး သည် ဂါရဝတရားအပြည့်ဖြင့်ရိုသေလေးမြတ် ကျိုးနွံ စွာ  ကျင့်ဆောင် ဒါနပြုကြပါစို့။
ပန်း၊ရေချမ်း၊ဆီမီး ၊အလင်းတိုင်များဖြင်ဘုရားရှင်အားဆက်ကပ်လှူဒါန်းပူဇော်၍”အရဟံ” ဂုဏ်တော်ပုတီး ၉ ပတ် ရွတ်ဆိုပွားများမည်ဆိုလျှင်.....ရန်သူပင် ချစ်ခင်စိတ်ဝင်လာမည်ဖြစ် ၍ အထက်ပြဆိုခဲ့သော ပန်း၊ရေချမ်း၊ဆီမီးတို့၏အကျိုးများကို မုချ ရကြမည်ဖြစ်ပေတော့သည်။အကျိုးကျေးဇူးမခံစား ရပါက သင်၏ လုပ်ဆောင်ချက်“ကံ” သုံးပါးတွင်တစ်ခုခုလွဲချော်နေ၍ ဖြစ်ပေမည်။
                                    တောင်းသည့်ဆုများပြည့်ကြပါစေ။
                                    ဆုတောင်းတိုင်းလည်းပြည့်ကြပါစေ။
အရိုးကိုဖြတ်လျှင်အခက်အလက်ဝေဆာ၊
အညွန့်ကိုချိုးလျှင် ရွက်သစ်ဝေစည် တတ်သော၊
 သံယောဇဉ် မေတ္တာဖြင့်.... လွင့်မောင်မောင်(ထားဝယ်)
Zawgyi Version
“စေတနာ”သည်သာ “ကံ” ဖြစ်သည်။ “ကံ”သည် “အလုပ်” ဖြစ်သည်။
------------------------------------------------------------------------------------
သို့အတွက် မည်သို့ပင်စိတ်ကောင်းရှိစေကာမူ  အ ဂါဝရ ဖြစ်သော ကိုယ်အမူအရာ။နှုတ်အမူအရာသည်
အ ဂါဝရ ကိုရှောင်လျက် ဂါရ၀တရားအပြည့်ဖြင့် ရိုသေလေးမြတ်စွာ ဘုရားရှင်အား ပူဇော် ဒါနပြုကြပါစို့။
--------------------------------------------------------------------------------------
ဘုရားရှင်အား ကျွန်ုပ်တို့ အောင်သပြေ၊ပန်း ၊ရေချမ်း၊ဆီမီးများ ကပ်လှူ ပူဇော်ကြ၏ ။
ဒါနပြုကြ၏။ ဘုရားမသုံးသောဝတ္ထုပစ္စည်းများ ကို ကျွန်ုပ် တို့ ကပ်လှူပူဇော်နေခြင်းသည်..
--------------------------------------------------------------------------------------
တကယ်တော့ ကျွန်ုပ်တို့ သည် ဗုဒ္ဓဘုရားရှင်ထံတော်အပါးတွင် ကျန်ုပ်တို့ လိုချင်သောအရာကို
===============================================
ပိုမြင့်နေလျှင်(သို့မဟုတ်)ရာထူး၊ ဓနဥစ္စာ ပိုကြီးသောသူများ ဖြစ်နေလျှင် မိမိပြုသောဒါနသည် ပေးကမ်းစွန့်ကြဲခြင်းမဟုတ်ဘဲ၊ ၄င်းပုဂ္ဂိုလ်ထံ မှ တစ်ခုခုကို
ကိုးကွယ်ပူဇော်လေ၏။
       ---------------------------------------------------------------------------
“ပန်း”
ချစ်ခင်ကြပေ၏။
------------------------------------------------------------------------------------------------------
“ရေ ချမ်း”
အထူးသဖြင့် ..
ကျန်ုပ်၏ လက်တွေ့လုပ်ဆောင်ချက်များအရ ၊ဘုရားသောက်တော်ရေခွက် သည်  ဖန်ခွက် အစား ကြေး(ကြီး)ခွက်ကို အသုံးပြုလျှင် ပိုမိုအကျိုးပေးမြန်ကြောင်း သိရှိရပါသည်။
              -------------------------------------------------------------
“ ဆီမီး ”
ပြည့်စုံလေသည်။
အထူးသဖြင့်...ပညာသင်ကြားရာတွင်တတ်မြောက်ရန်လွယ်ကူခြင်း၊လျင်သောဥာဏ်ပညာ၊
............................................................................
ပန်း၊ရေချမ်း၊ဆီမီး ၊အလင်းတိုင်များဖြင်ဘုရားရှင်အာဆက်ကပ်လှူဒါန်းပူဇော်၍
                 သံယောဇဉ် မေတ္တာဖြင့်.........
တစ်ပတ်အတွင်းဒိုင်ယာရီ
Support : Copyright © 2011. လွင့်မောင်မောင်(ထားဝယ်) - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger