Latest Post

မြွေဆိုး

Written By လွင့်မောင်မောင် on Monday, May 27, 2013 | 7:09 AM


မြွေဆိုး    “ခင်နိုင်ဦး”ရေးသည်
ည ၁၂း ၀၀ နာရီ
ဆေးရုံကြီး၊ အထူးကြပ်မတ်ကုသဆောင်၊ မော်လမြိုင်မြို့ ။
“ပိုးထိတယ်”  “ပိုးထိတယ်”  ဟု အော်ဟစ်ကာ
လူတစ်မလောက် ဆေးရုံထဲ သုတ်သီးသုတ်ပြာဖြင့် ၀ုန်းဆန်ပြီးဝင်ချလာသည်။
သည်အချိန် သူတို့ကို တားမိလျှင် တားသောသူကား အစိတ်စိတ်အမွှာမွှာ ကြွေမွသွားနိုင်လောက်သည်။
ခေါင်းဆောင်ဟု ထင်ရသူက ထိပ်ဆုံးမှ သုတ်ချလာပြီး လက်တွင်ကိုင်လာသော အထုပ်တစ်ထုပ်ကို အထူးကြပ်မတ်ကုသဆောင်ထဲ အလုပ်များနေသော ကျနော်တို့ ရှေ့ တွင် ပစ်ချ လိုက် သည်။
“ဘုမ်း”!!
“အမလေး ....လေးးး” “(အား ဘားဘား)”
ဆေးရုံအရေးကြီးလာနာခန်းထဲရှိ လူနာများလူနာစောင့်များ ထ အော် ကြသည်

''မြွေထုပ်ကြီး''

''ဆရာဝန်  သည်မှာ မြွေ ၊  ... သည်မှာ လူနာ
 မြွေဆိပ်ဖြေဆေး ထိုးတော့  အခုထိုး...
ကြာနေမှာစိုးလို့ပြောတာ  အခု တစ်ခါတည်း ထိုးတော့
ဟုတ်တယ်မှတ်လား 
မြွေပါတစ်ခါတည်း ရအောင်ကို ရိုက်သတ်လာတာ  စကားအများကြီးပြောနေရမှာစိုးလို့
အဲ့မှာ မြွေပွေး  ထိုးတော့  '' 
သူ့ အသံကအတော်ပြင်းထန် ပြီး အမိန့် ပေးသံ


''နေပါဦး  နေပါဦး  
ဘယ်အချိန်က ကိုက်တာလဲ  ဘယ်နေရာကို ကိုက်တာလဲ'''

ကျနော် ခပ်ဆတ်ဆတ် ပြန်မေးဖြစ်သည်..
ဗိုလ်ချုပ်တို့လုပ်ကြံခံရတဲ့နေ့က အတွင်းဝန်ရုံးခန်းထဲက သေနတ်သမားတွေကို ဗိုလ်ချုပ်လက်ကာပြပြီး စကားထပြောသည့်အခန်းကို
ဘာမဆိုင်ညာမဆိုင် သွားပြေးမြင်မိလိုက်သေးသည်

''ဆေးထိုးဖို့က အဓိက မဟုတ်လား ဆရာ
ထိုးတော့လေ  ဘာလဲ ဆေးမရှိ ဘူးလားး''
လူအများကြီးထဲမှာ သည်ခေါင်းဆောင်ကြီးက ဘဲ ပြောနေသည်


'' ရှိပါတယ် ဆေးက အပြည့်အစုံရှိပါတယ်
ဘယ်အချိန်က ကိုက်ခံရသလဲ  ဘယ်နေရာကို ကိုက်သလဲ  ပြောပါဦး''

''မြွေတောင် ပါနေပြီလေ ဆရာ မြွေကိုက်ပါတယ် လို့ပြောနေတာ''

''ခြေထောက်ကို ဆရာ  ခြေထာက်ကို  နာရီဝက်လောက်ဘဲ ရှိဦးမယ်''
 ဟု ဘေးက လူလတ်ပိုင်းအမျိုးသမီးက ပြန်ဖြေသည်

'' အင်း ကြည့်စမ်းပါဦးမယ် '' 

မြွေကိုက်ဒဏ်ရာကို စစ်ကြည့်သည်  ဘယ်ဘက်ခြေကျင်းဝတ်မှာ အစွယ်ရာ တွေ့ရသည်
ဒဏ်ရာက အနည်းငယ်ရောင်နေသည်  လူနာက ခပ်အေးအေးပင် ဖြစ်သည်
လိုက်ပို့ သော လူအုပ်ကြီး ကြောင့် အနည်းငယ် စိတ်လှုပ်ရှားဟန်ရှိသည်

ဆေးရုံပေါ်သို့ အရေးပေါ်လူနာရောက်ပြီဆိုလျှင် ကျွမ်းကျင်နေပြီးသော ဆရာမများက အခြေအနေကိုလိုက်၍ မိမိတို့ ဘာသာ
လုပ်ဆောင် အလိုလျောက်လုပ်ဆောင်တတ်ကြသည်။

ယခုလည်း လူနာအားနေရာချခြင်း၊ အပ်ထိုးခြင်း ၊ အဖျားတိုင်းခြင်း ၊ သွေးဖောက်ခြင်း ၊ လိုအပ်ပါက အောက်ဆီဂျင်ပေးခြင်း တို့ကို
စက္ကန့်ပိုင်းအတွင်း အသင့် လုပ်ဆောင်နေကြပြီ ဖြစ်သည်။ ထို့ အတူ အလုပ်သင်ဆရာဝန်များ၊ လက်ထောက်ဆရာဝန်များကလည်း
သွေးဖိအားတိုင်းခြင်း၊ ရောဂါစစ်တမ်း အမြန်ယူခြင်း၊ နှင့် လူနာ၏ အခြေအနေအားသုံးသပ်ပြီး ကုသချက်ကို ညွှန်ကြားပေးနေပြီ ဖြစ်သည်။

လူနာ၏ Vital Sign အားလုံး ကောင်းမွန်ခြင်း နှင့် လူနာ၏ ယျေဘုယျအခြေအနေကို ကောင်းမွန်ခြင်းကြောင့်
လတ်တလော အခြေအနေအရ လူနာမှ မိမိတို့ ရှေ့တွင် ဖြုတ်ကနဲ သေမည့် အခြေအနေမဟုတ် ဟု သိနေသည်။   မြွေကတော့ မြွေပွေးသေချာနေသည်။
တစ်ချိန်ထဲမှာ ဘဲ CT ဖောက်ခြင်း ၊ ECG ဆွဲခြင်း ပုံမှန်ဆေးးစစ်မှုများကို
လုပ်နေကြသည်။လူနာရှင်နှင့် လူနာအား အခြေအနေကို ရှင်းပြသည်။

''ဆေးမထိုးသေးဘူးလား  မြွေဆိပ်ဖြေဆေးမထိုးကြသေးဘူးလား
ဘာလုပ်နေကြတာလဲ    ''
စောစောက ခေါင်းဆောင်ကြီး က ထပ်အော်ပြောပြန်သည်

''သည်မှာ  ကျနော်ပြောပြမယ်
စိတ်ကို အေးအေးထား  လိုအပ်တာတွေကို ချက်ခြင်းလုပ်ပေးနေတယ်
ဒါပေမဲ့ မြွေကိုက်လို့တက်လာတဲ့ လူနာတိုင်းကို မြွေဆိပ်ဖြေဆေးမထိုးဘူးးးး''

''ဗျာ........မထိုးဘူးလား ? ''

''ဟုတ်တယ် လူနာရဲ့ အခြေအနေကို ကျနော်တို့ စစ်နေတယ်
မြွေဆိပ်ဖြေဆေးက သူ့ကို ထိုးရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေ ရှိမှ ထိုးတယ်
ခင်ဗျားပြောသလို ရောက်တာနဲ့ တန်းထိုးတာမျိုး မဟုတ်ဘူး''

''သည်မြွေကိုက်တာ ဘယ်လောက်ကြာပြီလဲ တိတိကျကျပြောကြည့်ပါ''

''နာရီဝက်ဘဲ''

''မဟုတ်သေးဘူး စရောက်တုန်းက လဲ နာရီဝက် ခင်ဗျားပြောတာ အခုလဲ နာရီဝက်ဘဲ လား
တစ်နာရီတော့ ထားလိုက်ပါ''

''ဒီလိုဆရာ  လယ်ဝန်းထဲမှာ ဖားသွားရိုက်တာ အိမ်ကို ပြန်လာတာဆို နာရီဝက်
ကားငှားတာနဲ့ ဆို နာရီဝက် သည်ကို လာတာ လမ်းမှာ နာရီဝက်လောက်ဆိုတော့ တစ်နာရီ ခွဲ သာသာ တစ်နာရီမတ်တင်းလောက်ရှိပြီ'' ဟု
ဘေးက အမျိုးသမီးက ၀င်ပြောပေးရှာသည်

''အဲ့ဒါပြောတာပေါ့
အစ်မက သူနဲ့ ဘာတော် သလဲ''

'' ကျမ အမျိုးသားပါ ဆရာ''

''ကိုက်တာက သည်မြွေဆိုတာရော သေချာလား''

''ဟား  ဟုတ်တယ် ဆရာ ဟုတ်တယ်  ''
စောစောက ဆရာကြီးက ၀င်ဖြေသည်

''မှောင်နေတယ်လေ မြင်လိုက်လို့လား လူနာက''
ကျနော် လူနာကိုလှည့် မေးလိုက်သည်

''ဆစ်ကနဲ ဆိုဖြစ်သွားတော့ ဘေးနားကမြတ်ဖုတ်တွေ လှုတ်သွားတယ်
အဲ့ဒါနဲ့ အဲ့သည်နေရာကို ကျနော် မိးထိုးပြီး ရှာတော့ သည်ကောင်ကို
တွေ့တာဘဲ အဲ့ဒါနဲ့ ရိုက်သတ်လာတာ''

'' ဟုတ်ပါပြီ
 အော်  . . . . ခင်ဗျာကရော   ဘာတော်လဲ ...''
စောစောက ဆရာကြီးကို ကျနော် မေးလိုက်သည်...

''ကျုပ်က သုံးဘီးမောင်းတာ လိုက်ပို့တာ ဘာမှ မတော်ဘူး ကျုပ်တို့ ရွာသားဘဲ
အသိစိတ်ဓါတ်နဲ့ ကူညီတာ''

''ဟုတ်ပါပြီ
တခါခါကျတော့လဲ ကိုက်တဲ့ အကောင်က တခြား ရိုက်သတ်လာတာ တခြား ဖြစ်တတ်တယ်
သည်တော့ ကျနော်တို့က လူနာကို မြွေဆိပ်သင့်တဲ့ လက္ခဏာ ရှိမရှိ ကြည့်ရတယ်
ပြီးတော့ ကိုက်တဲ့မြွေအမျိုးအစားကို သုံးသပ်ကြည့်ရတယ် ''

''ဒါဆို ဒီမြွေက ရိုက်လာလဲ အပိုဘဲ လား''

''အပိုဘယ်ဖြစ်မလဲ မြွေပါတော့ သူ့ကို ထည့်စဉ်းစားရတာပေါ့
သည်မြွေကိုက်တာ သေချာတယ်ဆိုရင်
အဆိပ်ရှိတဲ့မြွေလား  ရိုးရိုးလား  ဘာမြွေလဲ သိရတာပေါ့
ဆေးကုတဲ့နေရာမှာ အများကြီး ကူညီတယ် တချို့ကျတော့လဲ မြွေပါလာမှ ရမယ်ဆိုပြီး
မြွေမမိသေးလို့ အချိန်အတော်ကြာမှ ရောက်လာတာလဲ ရှိတယ်  အဆင်မပြေဘူး
တချို့ကျတော့လဲ တွေ့တဲ့မြွေ ဆွဲရိုက်လာတယ်  .... ..
ခင်ဗျားသိတာဘဲ  သည်လည်ကွင်းထဲမှာ မြွေလိုက်ရှာရင် မတွေ့ဘဲ နေမလား
ဆေးရုံကို လာတတ်တာ ကျေးဇူးတင်ပါတယ်''

''အားကိုးပါတယ် ဆရာ ကျမတို့လဲ ဘာမှ မသိဘူး ကောင်းသလို ကြည့်လုပ်ပေးပါ''
လူနာ၏ ဆွေမျိုးများက ၀ိုင်းပြောကြသည်

''မြွေကိုက်တယ်ဆိုတော့ သည်ကိုရောက်လာတဲ့ လူနာတိုင်းက အခုလို ဘဲ စိုးရိမ်တတ်ကြပါတယ်
အခု လုပ်ရမယ့် ဟာအားလုံးကို ကျနော်တို့ လုပ်ပေးနေတယ်
စိတ်အေးအေးထားပါ  ခင်ဗျားတို့ အဲ့လောက်ကြီး မစိုးရိမ်ပါနဲ့  လူနာကို အားပေးပါ
ဆေးရုံက ဆရာဝန်၊ ဆရာမတွေ ညွှန်ကြားထားတဲ့အတိုင်း လုပ်သွားပါ ''  

လူနာခင်မြာ အတော်လေး တည်ငြိမ်သွားသည် 
အခြေအနေအရ လူနာကို မြွေဆိပ်ဖြေဆေးထိုး ပေးသည်။ ဆေးထိုးနေပြီ ဖြစ်ကြောင်း လဲ အသိပေးထားသည်။
အေးအေးဆေးဖြစ်မှ  စောစောက လူအများနဲ့ စကားပြောဖြစ်သည်။

''ညအချိန်ကြီး ဖားသွားရိုက်တာ မီးယူသွားမှာပေါ့  ဘယ်လို ဖြစ်သွားတာလဲ''

''မီးက အဲ့သည်ည က သိပ်မလင်းဘူး  ဘထ္ထရီအားနည်းနေတယ် ထင်တယ်''

''အင်း လယ်လုပ်တယ်မဟုတ်လား
ကိုယ်ပိုင်လား  အငှားလား''

''လယ်ပိုင်ပါ  ဖားလေးငါးလေး စားရအောင်လို့ပါ
သိတယ်မို့လားဆရာ  နှစ်ပေါက်မှ စပါးပေါ်မှ ပိုက်ဆံရတာကိုး 
ကလေးတွေ ကျောင်းဖွင့်တော့ မယ်
ကျောင်းအပ်စားရိတ်လဲ ရ  အိမ်လဲ ဈေးဖိုးဝင်ခုအောင်လို့
မနှစ်က စုထားတာက မျိုးချရင် သုံးရတော့မယ်လေ
လောက်မယ်လားတော့ မသိဘူး''

''အင်းပေါ့  ကျနော့် မိဘတွေကလည်း လယ် သမာ မျိုးရိုးပါဘဲ နားလည်ပါတယ် ခင်ဗျား
ကျနော် ကိုယ်တိုင်လဲ တောရွာပါဘဲ''

''ဟုတ်ပါတယ် ဆရာရယ် ဖြစ်မှတော့ ဆေးရုံဆေးခန်းလာရပြီပေါ့
တယ်ကိုမလာချင်ဘူးးးး ရှိတာကုန်တော့မယ်''

''လာရမှာပေါ့  အထူးသဖြင့် မြွေကိုက်ခံရရင်တော့ ဆေးရုံကို အချိန်မှီလာစေချင်တယ်
အပြင်က နဲ့ မကုစေချင်ဘူး
ဖြစ်လို့မှ ဖြစ်ရင်တော့ သေမှာ ... ဆေးရုံလာတတ်တာကို ကျေးဇူးတင်တယ်
အရင်ခေတ်နဲ့ မတူတော့ဘူး
ဆေးရုံတွေမှာ တချို့  အတိုင်းအတာ အထိ အခမဲ့ ကုပေးနေပြီ

ဆရာဝန် ၊ဆရာမတွေအတွက် ကုသခလုံးဝပေးစရာ မလိုဘူး

လုံးလုံးကြီး အခမဲ့ တော့ လူတိုင်းအတွက် မလွယ်သေးဘူးပေါ့ဗျာ

ဒါတောင် တချို့  လူနာတွေဆိုရင် လုံးဝမတက်နိုင်ရင် လုံးဝကို အခမဲ့ အစအဆုံးကုပေးတာမျိုးရှိတယ်

ကျနော်ကြုံဖူးတဲ့ မော်လမြိုင် သားဖွားမီးယပ်ဆောင်မှာ ဆိုရင် တချို့   ခွဲရမယ့် ကိုယ်ဝန်သည်တွေ ၊ အရေးပေါ်လူနာတွေဆိုရင်
အစအဆုံးခွဲပြီး တဲ့အထိ၊ ဆေးရုံက ဆင်းတဲ့အထိကို တစ်ကျပ်မှ မယူဘဲ ကုပေးခဲ့တာ ကျနော် ကိုယ်တွေ့ဘဲ
ဒါ အရင် နိုင်ငံတော်က ဆေးကုသမှုကို တစ်ပြားတစ်ချပ်မှု မပေးခင်ကတည်းက သည်လို လုပ်ပေးခဲ့တာ
သည်အတွက်ကုန်ကျစားရိတ်တွေကို ဆေးရုံတက်ခဲ့တဲ့ အလှူရှင်တွေရဲ့ အလှူငွေတွေထဲကနေပေးတယ်
အဆင်မပြေရင် အိုဂျီဆရာဝန်မကြီးက ပေးတာမျိုး၊ ဆရာဝန်တွေက စိုက်ပေးတာမျိုးလဲ ရှိဖူးတယ်

ကျနော်တို့ လူမျိုးတွေကလဲ သိတယ် မဟုတ်လား
အလကာပေးတယ်ဆို  အကုန်ယူတာ တချို့  တွေဆို အိုဂျီဆောင်ကို စရောက်တည်းက အရပ်ထဲကဆရာမကြီးက ဒိုင်ခံ သူ့အမျိုးတွေကို ခေါ်ခေါ်လာပြီး ပိုက်ဆံတပြားမှ မရှိပါဘူးဆိုပြီး စ လာ တာမျိုး
အများကြီး ကြုံရတယ်
ထားပါတော့ ဒါက ပြောပြတာ ''

''ဟုတ်တယ် ဆရာ ကျမတို့ ကတော့ လူနာအသက်ရှင်ဖို့ ပါဘဲ''

''ဟုတ်ပါပြီ အတက်နိုင်ဆုံးကြိုးစားကြပါမယ်  ''

ဤတွင်

''ဟုတ်တယ် ဆရာ ဆေးရုံမှာ အခမဲ့ ကုပေးတယ်ဆိုပြီးတော့ ပိုက်ဆံတောင်းတယ်''
တက္ကဆီ ဆရာကြီးက ၀င်ထောက်သည်

''သည်လိုမျိုးပေါ့ အရင်စနစ်က အခုမဲ့ကုသမှုပေးတဲ့စနစ်
ဆေးကုသဖို့အတွက် ဆရာဝန်ကို ဆေးကုသခ ( ၀ါးခ) ပေးစရာမလိုဘူး ဒါပေမဲ့ ဆေးဖိုးကတော့ ပေးရတယ်

အခုကတော့ ဆေးဖိုးကိုပါ နိုင်ငံတော်က တစ်စိတ်တစ်ပိုင်း ကူညီပေးလာပြီ
သည်တော့ အခုဆိုရင် လူနာက ရှင်က ဆရာဝန်၊ ဆရာမကို ပေးစရာလဲ မလိုတဲ့ အပြင်ကို
 ဆေးတစ်ချို့ ကိုပါ  အခမဲ့ရလာပြီ ။   လိုအပ်တဲ့ ဆေးဖိုးအချို့  ကိုတော့ ပေးရနိုင်တယ်။''

''  မြန်မြန်ကျန်းမာပါစေလို့ ကျနော်ဆုတောင်းပေးပါတယ်။
စိုက်ပျိုးတဲ့ စပါးဆန်ရေသည်လည်း ရန်သူမျိုးငါးပါး၏ နှောက်ယှက်ဖျက်ဆီးခြင်းမှ ကင်းဝေးပါစေ။
ခင်ဗျားတို့ လယ်သမားတွေအပေါ်မှာလည်း နိုင်ငံတော်က သနားပြီးတော့ သည်ထက်ကို ဆယ်ဆ ကူညီပါစေ  ဆိုပြီး
ဘုန်းကြီး အသံနဲ့ ဆန္ဒပြုပေးခဲ့တယ်။

ဖား တော့ ဆက်မရိုက် ကြပါနဲ့ပေါ့ဗျာ  လို့ ။

''ကျေးဇူးတင်လိုက်တာ ဆရာရယ် '' တဲ့ 

အဲ့သည်ညက ကျနော် တစ်မိနစ်မျှ မအိပ်ခဲ့ရပါ။ အခြားလူနာများ ဆက်ရောက်လာ သည်။
ဒါပေမဲ့ စိတ်ကတော့ ကြည်လင်နေခဲ့သည်။
ယခု သည်လူနာလည်း ကောင်းလို့ ဆေးရုံက ဆင်းသွားပြီ။
မော်လမြိုင်ဆေးရုံကြီးတွင်  မြွေထိသည့်  လူနာများလည်း နေ့ည မပျက် စည်ကား လျက် ပင် ရှိနေသေးသည်။

                                                                        သဗ္ဗေသတ္တာ ကမ္မသကာ
                                                                                       ခင်နိုင်ဦး
                                                                                       (၂၇၊ ၅၊ ၁၃)

ထားဝယ်မြို့၊ဆန်းချီ အ-မ-က ရပ်ကွက်လုံးကျွတ် မြတ်ဆရာ ပူဇော်ပွဲ(၁၉၆၃ မှ ယနေ့ ထိ) ရုပ်-သံ

Written By လွင့်မောင်မောင် on Tuesday, April 9, 2013 | 9:46 AM

ထားဝယ်မြို့၊ဆန်းချီ အ-မ-က 
ရပ်ကွက်လုံးကျွတ် မြတ်ဆရာ ပူဇော်ပွဲ










အခမ်းအနားအစီအစဉ်( ၁ ) ကာလများစွာကင်းကွာခဲ့သောကျောင်းကလေး၏ခေါင်းလောင်းသံအားပြန်လည်ခံစားခြင်း


အခမ်းအနားအစီအစဉ်( ၂ )ကန်တော့ကြမည့်ကျောင်းသား/သူများနေရာယူခြင်း။



အခမ်းအနားအစီအစဉ်( ၃ )အသက်၇၀နှစ် နှင့်အထက်ဆရာ ၊ဆရာမကြီးများနေရာယူခြင်း

အခမ်းအနားအစီအစဉ်( ၄ )မြတ်ဆရာဂုဏ်ပြုတေးဖြင့် အခမ်းအနားကိုဖွင့်လှစ်
ဆန်းချီရပ်ကွက်သူ ဒေါ်သန်းညွန့် ဂုဏ်ပြုတေးဖြင့် ဂါရ၀ပြုပါသည်။

အခမ်းအနားအစီအစဉ်( ၅ ) မြတ်ဆရာပူဇော်ပွဲကျင်းပရေးကော်မတီအဖွဲ့ဝင် “မောင်အေးမင်း” မှ နှုတ်ခွန်းဆက်ဂါရ၀ စကားပြောကြားခြင်း။
ဤသို့ပြောကြားရာတွင် ဆရာတစ်ယောက်၏အရည်အချင်းများဖြစ်သော ၀ါသနာ၊စေတနာ၊အနစ်နာ ဆိုသော “နာသုံးနာ” မှ အနစ်နာခံခြင်းကို အဓိကထား၍ပြောကြားသွားပါသည်။ ဆရာတို့သည် မိမိတပည့်များအပေါ်တတ်စေချင်သောဆန္ဒလောဘ၊တော်စေချင်လွန်းသောဆန္ဒလောဘ၊
လိမ်မာစေချင်လွန်းသောဆန္ဒလောဘ၊နှင့် သွန်သင်ဆုံးမသည်ကိုမလိုက်နာလျှင်ဖြစ်ပေါ်လာသောဒေါသ တို့ကြောင့် ရုတ်တရက်သေဆုံးမည်ဆိုလျှင် ....ဒေါသနှင့်သေလျှင်“ငရဲ” ၊ လောဘနှင့်သေလျှင်“ပြိတ္တာ” ကလွဲ၍ တခြားလားရာသည်မရှိ။ထို့ ကြောင့်ဆရာဆိုသည်မှာ သံသရာတစ်ခုလုံး“နစ်” သည်အထိ “အနာခံ” တတ်သောပုဂ္ဂိုလ်များ” ဟု မှတ်ယူရမှာဖြစ်ကြောင်းပြောကြားသွားသည်။



ဆရာမကြီးဒေါ်လှရွှေမှ ရင်ထဲပီတိစကားနှင့် ဆုံးမသြ၀ါဒပေးခြင်း
 
ဆရာမကြီးဒေါ်ခင်ကြူ မှ ရင်ထဲပီတိစကားနှင့် ဆုံးမသြ၀ါဒပေးခြင်း
ကျောင်းသား ဟောင်း ဦးတင့်ဆွေ မှ ရင်ထဲပီတိစကားနှင့်ကျေးဇူးတင်စကားပြောကြားခြင်း
ကျောင်းသူ ဟောင်း ဒေါက်တာခင်မျိုးဆင့် မှ ရင်ထဲပီတိစကားနှင့်ကျေးဇူးတင်စကားပြောကြားခြင်း


မြတ်ဆရာပူဇော်ပွဲ အောင်မြင်ခြင်းအထိမ်းမှတ် အောင်ခရေပင်စိုက်ပျိုးခြင်း

အောင်ခရေပင်ကို မြတ်ဆရာပူဇော်ပွဲကော်မတီအဖွဲ့ဝင် ဦးဇော်မောင်မှ စိုက်ပျိုးပေး၍
ဆန်းချီ အ-မ-က ပထမဆုံး ကျောင်းအုပ်ကြီးဦးအုန်းလွင်မှ ရွှေရည် ကိုလည်းကောင်း၊
ယခုကျောင်းအုပ်ဆရာမကြီးဒေါ်တင်တင်ယု နှင့် မြတ်ဆရာပူဇော်ပွဲကော်မတီအဖွဲ့ဝင် ဦးဖေခင် တို့မှ ငွေရည် များသွန်းလောင်းကြပါသည်။


ကျောင်းသားဟောင်းများမှ မိမိတို့ချစ်ခင်လေးမြတ်ပြုရသော မိမိဆရာများအားသီးသန့်ကန်တော့ကြ၍ အခမ်းအနားကိုရုတ်သိမ်းသည်။

ဆန်းချီအ-မ-က အငြိမ်းစားဆရာမကြီးများနှင့် တာဝန်ထမ်းဆောင်ဆဲဆရာမများ
ဆန်းချီ အ-မ-က တွင်တာဝန်ထမ်းဆောင်ဆဲ ဆရာမများ



နှစ်ပေါင်း ၁၀၀ ကျော်ကာလအတွင်းပထမဆုံး ရွှေတောင်စားစေတီ ထီးတော်တင်လှူမည်

Written By လွင့်မောင်မောင် on Monday, March 11, 2013 | 5:33 AM

ရွှေတောင်စားစေတီ ထီးတော်တင်လှူခြင်းသည် နှစ်ပေါင်း၁၀၀ ကျော်ကာလအတွင်း
 မြန်မာအစိုးရလက်ထက်အဆက်ဆက်ပထမဆုံး တင်လှူခြင်းဖြစ်သည်။

ရွှေတောင်စားစေတီတော်၊ထားဝယ်မြို့

ဖိုးဇော်(ထားဝယ်)   ၁၁ မတ် ၂၀၁၃
       တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့၏ကျက်သရေဆောင်“ရွှေတောင်စားစေတီတော်”၏
 ရွှေထီးတော်တင်မဟာမင်္ဂလာ အခမ်းအနားကိုလာမည့် မတ်လ(၁၃)ရက်နေ့ နံနက်တွင် ခမ်းနားသိုက်မြိုက်စွာဆင်ယင်ကျင်းပတော့မည်ဖြစ်သည်။

သမိုင်းမှတ်တမ်းများအရ ရွှေတောင်စားစေတီတော်ကို သက္ကရာဇ် ၁၁၂၄ ခုနှစ်တွင် မင်းရှင်ဇော် ကတည်ထားခဲ့ခြင်းဖြစ်သည်။မင်းရှင် ဇော်၏ ဖခင်ဖြစ်သူ ပန်းပဲဆရာကြီးဦးရွှေခေါင်သည် မြို့စားဦးနဲလှ လက်ထက်က ရွှေတောင်အရပ်မှရွှေတောင်ကိုစားရသူဖြစ်သ ဖြင့် မင်းရှင်ဇော် မင်းပြုသောအခါ ရွှေတောင်စား အဆက်ဖြစ်သည်ကိုအစွဲပြု၍ ရွှေတောင်စားမင်းဟု ခေါ်တွင်ခဲ့သည်။

ထိုကြောင့် မင်းရှင်ဇော်၏ ကောင်းမှုဖြစ်သောစေတီတော်ကို ရွှေတောင်စားစေတီ ဟု ခေါ်ဝေါ်ခဲ့ကြောင်းသိရသည်။

ထိုကာလတွင်ပထမဆုံးအကြိမ် ထီးတော်တင်လှူခြင်းဖြစ်ပြီး၊ဒုတိယအကြိမ်ထီးတော်ကို (၁၃၆)နှစ်အကြာ တွင် ဗြိတိသျှအစိုးရလက်ထက် သက္ကရာဇ် ၁၂၆၂ ခုနှစ်၊ကဆုန်လပြည့်နေ့တွင် တင်လှူပူဇော်ခဲ့သည်။

ဒုတိယအကြိမ် ထီတော်တင်ပြီး (၁၁)နှစ်အကြာသက္ကရာဇ် ၁၂၇၃ ခုနှစ်တွင်လေပြင်းဒဏ်ကြောင့် ထီးတော်ပျက်စီးခဲ့ရာ ဗြိတိသျှအစိုးရလက်ထက် သက္ကရာဇ် ၁၂၇၃ ခုနှစ်၊ တန်ခူးလပြည့်ကျော်(၄)ရက်နေ့တွင် တတိယအကြိမ် ထီးတော်ကို တင်လှူခဲ့ကြောင်းသိရသည်။

ယခု သက္ကရာဇ် ၁၃၇၄ ခုနှစ်၊ တပေါင်းလဆန်း(၂)ရက်နေ့တွင် တင်လှူမည့်ထီးတော်သည် ရွှေတောင်စားစေတီတော်၏ စတုတ္ထမြောက် ထီးတော်ဖြစ်သည်။
ထို့ကြောင့် သမိုင်းမှတ်တမ်းများကိုလေ့လာလျှင် ရွှေတောင်စားစေတီ ၏နှစ်ပေါင်း (၂၅၀) ကာလအတွင်း စတင်တည်သည့်အချိန်ကလွဲ၍မြန်မာအစိုးရလက်ထက်အဆက်ဆက်တွင်ပထမဆုံး
အကြိမ်တင်လှူပူဇော်နိုင်သည့်ရွှေထီးတော်ဖြစ်ကြောင်းတွေ့ရမည်ဖြစ်သည်။

ထို့အပြင်ဦးဆောင်တင်လှူမည့်ပုဂ္ဂိုလ်မှာလည်း နိုင်ငံတော်တွင်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ်အဆင့်မြင့်တာဝန်ထမ်းဆောင်နေသူ ထားဝယ်ဒေသသားတစ်ဦးဖြစ်နေခြင်းကလည်း ထူးခြားမှုတစ်ရပ်ဖြစ်ကြောင်းတွေ့ရသည်။

ဖိုးဇော်(ထားဝယ်)
၁၁ မတ် ၂၀၁၃

တြိစက္ကဇာတာကိုJagannatha Hora Software ဖြင့် (၁၀ )မိနစ်အတွင်းတွက်နိုင်ပြီ

Written By လွင့်မောင်မောင် on Sunday, December 23, 2012 | 7:42 PM


                      တြိစက္ကဇာတာကို(၁၀ )မိနစ်အတွင်းတွက်နိုင်ပြီ
        နက္ခတ္တဗေဒကိုဝါသနာပါသူတိုင်း Jagannatha Hora Software  ဖြင့်   
      တြိစက္ကဇာတာကို(၁၀)မိနစ်အတွင်းတွက်နိုင်ပြီ။
    - Jagannatha Hora Software .Version 7.64 ကို
  http://www.vedicastrologer.org/jh/#download
       မှာ Download  လုပ် ပါ ။ 
      Updateကိုပါ  Down ပါ။
    - ပြီး ရင် ကွန်ပျူတာတွင် Install လုပ်ပါ။  (လုပ်ဆောင်ရန်အလွန်လွယ်ပါသည်။)
    - ပရိုဂရမ်ကို ဖွင့်ပါ ။
   -  Edit-> Birthdata ကိုclickပါ။



-အောက်ပါ အတိုင်း- မွေးနေ. မွေးချိန်- နှင့် မွေးဖွားရာ ဒေသ ကိုပေးသွင်းရန်-
 Dialog Box ပေါ်လာပါမည်။




- မိမိ၏ Birthdate : Barthtime :City name (မွေးဖွားရာချက်မြှုပ်မြို့ ) တို့ကိုဖြည့်သွင်း ။
  မိမိ၏မြို့ မရှိလျှင် အနီးဆုံးမြို့ ကိုယူပါ ။
- Calendar used တွင် Gregorian ကိုရွေး ။
- Barthtime ၏နောက်ဆုံးကွက်တွင် 0-24hrs ကိုရွေး။
-Gender: တွင် male သို့မဟုတ် female ကို ရွေး ။
-နိုင်ငံအတွက် ->USAတွင်မွေဖွားသူများအတွက် All the state in USA မှာရွေးပါ ။
-ကျန်နိုင်ငံများအတွက် All the countries (Except USA ) မှာရွေး ။
- Rest of the World ကို click လိုက်ရင်.. ဟော..!!
  အောက်ဘက်က အကွက်တွေ အလိုလျှောက်ဖြည့်ပြီးသားဖြစ်နေပါလိမ့်မယ် ။
  ကဲ.OK ကို နှိပ် ချလိုက်တော့ ။ ရာသီဇာတာ ၊ နဝင်းဇာတာ နှင့်အတူ အသင့်တွက်ပြီးသားData များစွာ
   ကိုအောက်ပါအတိုင်းတွေ့ရမယ် ။



    
 ဒါပေမဲ့ ဇာတာပုံစံက အသုံးပြုနေကျပုံစံ မဟုတ် ပါ။မြန်မာတို့အသုံးများသော
       အိန္ဒိယ-အေ့ ရှတိုင်းပုံစံသို့ပြောင်းရမည်။
         ဇာတာပုံစံကို ဒီလိုပြောင်းမယ်။
- Preference --> Related to Display --> Chart Style and Language ကို အဆင့်ဆင့်နှိပ်ပါ။

ပေါ်လာတဲ့- Language & Chart Style- Dialog Box ရဲ့ Choose the chart Style မှာ
East Indian frame ကို ရွေး ။ ကျန်တဲ့အကွက်တွေမှာ English ကိုရွေး။ OK နှိပ် ။
             

                                                 ဒီလိုပေါ်လာမယ်။



လာဟီရိ ဂြိုဟ်သွား ပြက္ခဒိန်မှ အာယာန အံသာ ကို အသုံးပြု တွက်ချက် စေရန် အတွက်
Preferences --> Related to Calculation --> Ayanamsa အတိုင်းအဆင့်ဆင့် နှိပ်ပါ။
  ပုံမှာကြည့်ပါ ။

 
-Select Ayanamsa- Dialog Box ပေါ်လာတဲ့အခါ Lahiri (Chitrapaksha) ကိုရွေးပါ ။




- ဆက်၍- ရာဟုနှင့် ကိတ်တို့ကို တွက်ချက်ရန်-
Preferences --> Related to Calculation --> Planet Calculation Options  အတိုင်းအဆင့်ဆင့် နှိပ်ပါ။
 

Planet Calculation Options - Dialog Box ကျလာတဲ့အခါ....
အတိအကျ နေရာ (True Position)၊( True Node) ဖြင့် တွက်စေရန် ရွေးပေးထား လိုက်ပါ။

                 လုပ်ဆောင်ချက် အားလုံးပြီးပါပြီ။
         အသင့်တွက်ပြီး ၊ ရာသီ(Rasi) ၊ နဝင်း (Navamsa) ၊ ဘာဝ(House) နှင့်တကွ
      ဒသာ(Dasa) ၊ ယုဂ် (Yogas ) ၊ ဂြိုဟ်စီး ဂြိုဟ်မြင် (Transits) ....စသည်Data     
                    များစွာကိုစုံလင်စွာအောက်ပါအတိုင်းတွေ့ရမည်။


 
File -> Print Preview အတိုင်းဖွင့်ကြည့်ပါ ။ စာမျက်နှာ(၁၁) မျက်နှာရပါမည် ။
ရော ... Print လိုက်တော့ ။
ဤဇာတာပါ အတိုချုပ်စကားလုံးများ၏အဓိပ္ပာယ်များ
As=Ascendent=Lagna=လဂ္ဂဏ=လဂ် (မြန်မာဇာတာတွင် “ လ ” ဟုရေးသည်)
Su=Sun =တနင်္ဂနွေဂြိုဟ် (မြန်မာဇာတာတွင် “ ၁ ” ဟုရေးသည်)
Mo=Moon=တနင်္လဂြိုဟ်(မြန်မာဇာတာတွင် “ ၂ ” ဟုရေးသည်)
Ma=Mars=အင်္ဂါဂြိုဟ် (မြန်မာဇာတာတွင် “ ၃ ” ဟုရေးသည်)
Me=Mercury=ဗုဒ္ဓဟူးဂြိုဟ်(မြန်မာဇာတာတွင် “ ၄ ” ဟုရေးသည်)
Ju=Jupiter=ကြာသပတေးဂြိုဟ်(မြန်မာဇာတာတွင် “ ၅ ” ဟုရေးသည်)
Ve=Venus=သောကြာဂြိုဟ်(မြန်မာဇာတာတွင် “ ၆ ” ဟုရေးသည်)
Sa=Satum=စနေဂြိုဟ်(မြန်မာဇာတာတွင် “ ၀ ” ဟုရေးသည်)
Ra=Rahu=ရာဟုဂြိုဟ်(မြန်မာဇာတာတွင် “ ၈ ” ဟုရေးသည်)
Ke=Ketu=ကိတ်ဂြိုဟ်(မြန်မာဇာတာတွင် “ ၉ ” ဟုရေးသည်)
ဝါသနာရှင်တို့ ဒီလောက်ဆို အဆင်ပြေကြမယ်ထင်ပါရဲ့။
                      အားလုံးအဆင်ပြေကြပါစေ ။
ကဲ  ကွန်ပျူတာဖြင့်ဇာတာဖွဲ့ပေးသည်။ ဟုအိမ်ရှေ့မှာ ဆိုင်းဘုတ်ချိတ်လိုက်တော့  ။     ။
                                                                        အညွန့်ကိုချိုးလျှင်အခက်လက်ဝေစည်တတ်သော
              သံယောဇဉ်ချစ်ခြင်းများစွာဖြင့်
              လွင့်မောင်မောင်(ထားဝယ်)
                  ၁၈-၁-၂၀၁၁
                                                           

ထွိုင် TROY မြို့  တော်

Written By လွင့်မောင်မောင် on Wednesday, November 7, 2012 | 9:06 PM

(ရန်နောင်စိုး စုစည်းတင်ဆက်သည်)

ထွိုင် TROY မြို့  တော် လို့ ဆိုလိုက်တာနဲ့ လူကြီးလူငယ် အကုန်လုံးသိကြမှာပါ ။

ဘာကြောင့်လဲဆိုတော့ ကျတော်တို့ ငယ်ငယ် က (၆)တန်း သမိုင်းမှာ သစ်သားမြင်းရုပ် ဇာတ်လိုက် ကျော် ကြီးပါဝင်တဲ့ ထရိုဂျန် စစ်ပွဲ အကြောင်းသင်ရသေးတယ်မဟုတ်လား ။

ပြီးတော့လည်း ရန်ကုန် မြို့  ရဲ့  မြို့ လယ် ရုံမှာလည်း အမေရိကန် မင်းသား ဘရက်ပစ် က သူရဲကောင်း အားခီလီး အဖြစ် သ၇ုပ်ဆောင် ပါဝင် ထားတဲ့ TROY ဆိုတဲ့ ဇာတ် ကားကြီးလည်း ချိန် အတော် ကြာ ရုံတင်သွားသေးတာဘဲ ။

ကျတော် ကတော့ အဲဒီဇာတ် ကားကို ကြိုက်လွန်းလို့ သုံး ခါလားမသိဘူးကြည့် ဖြစ်တယ် ။ ဇာတ် ကားကတော့ မင်းသမီးလေး ဟယ်လင် ကိုအကြောင်းပြုပြီး ဖြစ်ပွားခဲ့ တဲ့ ထရိုဂျန် စစ် ပွဲ အကြောင်း ကို ခန်းခန်း နား နား ရိုက်ကူးထားတာပါ ။

ကျွန်တော့ အနေနဲ့ ကတော့ အားလုံးသိပြီးသား ဖြစ်တဲ့ မြို့  ရဲ့  ဇာတ်ကြောင်း ရာဇ၀င်တွေ ကိုမပြော တော့ဘဲ အထောက်ထား နည်းလွန်း တဲ့ ဒီ မြို့ တော်ကြီး ကို ဘယ်သူ ကဘယ်လို စတင်ပြီး ရှာတွေ့  ခဲ့ တာလည်း ဆိုတာ နဲ့ မြို့  တော်ကြီးရဲ့  တူးဖော်တွေ့ ရှိချက်တွေ ကို ကျွန်တော်သိသလောက် ပြန်ပြောပြချင်ပါတယ် ။

ကတယ်တော့ ဒီ ထွိုင်း မြို့  တော်နဲ့ ပတ်သပ် တဲ့ အကြောင်းရာဆိုလို့ ဂရိ့ ကဗျာဆရာကြီး ဟိုးမား (Homer) ရဲ့  အိလိယက် ကဗျာ အရှည် ကြီးထဲမှာ ပါတဲ့ ပုံပြင်လိုလို ဒဏ္ဍာရီလိုလို ရေးသား ဖော်ပြချက် ကလွဲလို့ ဘာကျောက်စာ ဘာမှတ်တမ်း မှ မရှိခဲ့ ဘူးတဲ့ ။

အဲဒီ အကြောင်းရာတွေ ကို ဘဲ သားစဉ်မြေးဆက် လက်ဆင့်ကမ်းပြီးတော့ ပြောဆိုလာခဲ့ တာ ၁၈၇၀ ခုနှစ် အထိ ဆိုပါတော့ ။ ၁၉ ရာစုလောက်မှာ လေး ငါး ခြောက် နှစ်အရွယ် ကလေးတစ်ယောက်ဟာ သူ့  ဖခင်ရင်ခွင်ထဲမှာနေပြီးတော့ သူ့ အဖေ ပုံပြင်ပြောပြတာ နားတောင်နေခဲ့ သတဲ့ ။

ဖခင်လုပ်တဲ့ သူက..... ကြီးကျယ်ခန်းနား ထည်ဝါလှ တဲ့ ထွိုင်းမြို့ တော် ကြီး ဟာ အလွန်လှပတဲ့ ဟယ်လင် မင်းသမီးလေး ကြောင့် စစ်မက်ပြုခံရပြီး ဆယ်နှစ် ဆယ်မိုး တိုက်ခိုက် ၀န်းရံ ပိတ်ဆို့ ပြီးတော့ မှ ကျဆုံးပျက်စီး သွားတဲ့ အကြောင်း စီကာပတ်ကုံး ပြောသတဲ့။ ဖခင်ရင်ခွင် ထဲ ပုံပြင်နားထောင်နေခဲ့ တဲ့ ကလေးငယ်လေးက ပုံပြင်ဆုံးတော့ .. " ဆယ်မိုးဆယ်နှစ် လောက် ၀န်းရံပိတ်ဆို့ တိုက်ခိုက်မှ ကျရုံးခဲ့တဲ့ မြို့တော် ကြီးဆိုတော့ အခုချိန် မှာ အကြွင်းအကျန် အပိုင်းတွေတော့ ကျန်ခဲ့ မှာပေါ့နော် ..........လို့ သူအဖေ ကိုပြန်မေးသတဲ့ ။

အဲဒီအခါမှာ ဖခင်လုပ်တဲ့သူက....... အစန တောင် မကျန်တော့ ပါဘူး ငါ့သားရယ်.... လို့ ....ပြန်ပြောလိုက်ပေမယ့် ကလေးလေးဟာ စိတ်ထဲ ကမကြေနပ်ဘဲဖြစ်နေတယ်တဲ့ ။

အဲဒီလို ဖခင်ရဲ့  ရင်ခွင်ထဲမှာ ဟိုးမားရဲ့  Troy မြို့  တော်ကြီးရဲ့  ပုံပြင်ကိုနားထေင်ခဲ့ တဲ့ ကလေးလေး ဟာ ၁၈၇၀ ခုနှစ်ရောက်တော့ ပုံပြင်ထဲ က Tory မြို့တော် ကြီးကို ပထမဆုံး တူးဖော် ရှာဖွေတွေ့ ရှိခဲ့ တဲ့ သူ ...ဂျာမန်-အမေရိကန် ကပြား ကုန်သည် သဌေးကြီး ဟင်နရစ်ရှာလီမန် ( Heinrich Schlieman ) ဖြစ်လာခဲ့ ပါတယ် ။

ဟင်နရစ်ရှာလီမန် ( Heinrich Schlieman ) အရွယ်ရောက်လာတော့ ကုန်သည်တယောက်အဖြစ် ကြီးပွားတိုး တက်အောင် အလုပ်ကို ကြိုးစားလုပ်ကိုင်ခဲ့ပြီးတော့ ခြားတဖက်မှာ ဂရိရှေးဟောင်းစာပေတွေလေ့လာလိုက်စားခဲ့တယ် ။

ဟိုးမားရဲ့  အိလိယက် ကဗျာ လေ့လာလိုက်စာရင်း Troy မြို့ တော် ကြီးကို တူးဖော်ဖို့ စိတ်အားပြင်းပြလာခဲ့တယ်လို့ ဆိုပါတယ် ။ ၁၈၇၀ ခုနှစ်ရောက်မှာတော့ စီးပွားအင်အား တောင့်တင်းလာတဲ့ ဟင်နရစ်ရှာလီမန် ( Heinrich Schlieman ) ဟာ တူရကီနိုင်ငံ အေဂျင် ပင်လယ် ကမ်း (အာရှမိုင်းနားဒေသလို့ လည်းခေါ်ပါတယ် ) အနီး ၁၂၅ ပေ လောက်အမြင့်ရှိတဲ့ ကုန်းပြင်မြင့် တစ်ခုကိုစတင်တူးဖော်ခဲ့ ပါတယ် ။

အဲဒီအချိန် က ကုန်းပေါ်မှာ တူရကီ လယ်သမားများ ရဲ့  စိုက်ခင်းများကလွဲ လို့ ဘာလက်စလက်န မှ မရှိခဲ့ဘူးတဲ့ ။ ဟင်နရစ်ရှာလီမန် ဟာ ကုန်း ကိုတူးဖော်လိုက်တဲ့ အခါမှာတော့ နေရာ တစ်ခုတည်းမှာ ဘဲ မြို့  ၉ မြို့  ကို အထပ်ထပ် တည်ထား တာကို တွေ့ ရှိရတယ်တဲ့ ။

အောက်ဆုံး နံပါတ် ၁ လွှာ က ကျောက်ခေတ်နှောင်း လူသားတွေ နေခဲ့ ပြီး အပေါ်ဆုံး နံပါတ် ၉ လွှာကတော့ ရောမခေတ် လက်ရာအဆောက် အဦ အပျက်စီးများကို တွေ့ ခဲ့ ရပါတယ်တဲ့ ။

ဟင်နရစ်ရှာလီမန် ( Heinrich Schlieman ) က အောက်ဆုံးလွှာရဲ့  အပေါ် နံပါတ် ၈ လွှာ ကို ဟိုးမား ရဲ့  အိလိယက် ကဗျာထဲက ထွိုင်း ( ထရိုဂျန်စစ်ပွဲ ကြောင့်ပျက်စီးသွားသော မြို့  တော် ) မြို့ တော် လို့ယူဆခဲ့ ပါတယ် ။ ဘာလို့လဲ ဆိုတော့ ရှလီမန် ဟာ အဲဒီ အလွှာ မှာ အဲဒီခေတ်ရဲ့  မင်း တစ်ပါး ပါးရဲ့  အုတ်ဂူ မှာ မင်းဝတ် တန်ဆာ အဖိုးတန်ရတနာများနဲ့ စစ်ပွဲ ကြောင့် မီးလောင်ပျက်စီးခဲ့ တဲ့ မြို့  တော် အပိုင်း အစ များကိုတူးဖော် တွေ့  ရှိခဲ့ရလို့ ပါဘဲ ။ ဒါပေမယ့် ................... ပါမောက္ခ "ဆမ်ပယ်" ဦးဆောင်တဲ့ အမေရိကန် သုတေသန အဖွဲ့  တစ်ဖွဲ့  က ရှလီမန် တူးဖော်ခဲ့ တဲ့ နေရာမှာဘဲ ဆက်ပြီး သုတေသန ပြုလိုက် တဲ့ အခါမှာတော့ ..

.အောက်ဆုံး အလွှာကနေ ၆ လွှာမြောက် မှာ ရှိတဲ့ မြို့ ဟောင်း သာလျှင် ဟိုးမား ရဲ့ အိလိယက် ကဗျာ ထဲ က မိန်းမလှလေး ဟယ်လင် ကို အကြောင်းပြု ပြီး ဖြစ်ပွားတဲ့ ထရိုဂျန် စစ်ပွဲ ကြောင့် ပျက်စီး သွားခဲ့ တဲ့ TROY မြို့ တော်ကြီး ဖြစ် ခဲ့ တဲ့ အကြောင်း ခိုင်လုံစွာ သက်သေ ပြနိုင်ခဲ့ ပါတယ် ။

အဲဒီ အဖွဲ့  ဟာ မြို့ ဟောင်းနေ၇ာမှာ စစ်တိုက်ရင်းသေဆုံးရတယ်လို့ ယူဆရတဲ့ လူတွေ ရဲ့  ခြေပြတ် လက်ပြတ် အပိုင်း အစ ရုပ်ကြွင်း များ ၊ မြင်း ကဲ့ သို့ သော တိရိဆ္ဆန် တို့ ရဲ့  အရုပ်ကြွင်း များ ၊ လက်ဝတ် လက်စားများ နဲ့ ရန်သူတိုက်ခိုက်မှု ဒဏ် ကို ခံထားရတဲ့ မြို့ တော် အစိတ်ပိုင်းများကိုလည်း ထင်ထင် ရှားရှား တွေ့ ခဲ့ ရတယ်လို့ ဆိုပါတယ် ။

ဒီ အမှတ် ၆ TROY မြို့  တော်ကြီးဟာ B C 1500 ခန့် မှာ တိုးတက်ဖွံ့  ဖြိုးဆုံးဖြစ်နေပြီးတော့ B C 1200 မှာ ပျက်စီးခဲ့ ရပါတယ် ။

ပတမ ထွိုင် မြို့  တော်ကနေ န၀မမြောက် ထွိုင်မြို့ တော် အကြား အကြီမ်ကြိမ် တည်ခဲ့ ပျက် ခဲ့ တဲ့ တာဟာ နှစ်ပေါင်း 3500 အတွင်းမှာ ဖြစ်ခဲ့ ပါတယ်တဲ့ ။ အေဂျင် ပင်လယ်ဒေ သမှာ ရှိတဲ့ ထွိုင်မြို့ တော်ကြီးတွေ ဟာ စီပွားရေး အလွန်ကောင်းခဲ့ တာဖြစ်လို့ ရန်သူတွေ အကြိမ်ကြိမ် ဖျက်ဆီးတာခံခဲ့ရ ပေမယ့် လည်း တိုးတက်မြဲ တိုးတက်နေ ခဲ့ တာဖြစ်တယ်လို့ ပညာ ရှင်များ ကယူဆ ခဲ့ပါတယ် ။

ကျွန်တော့ အနေနဲ့  ဒီ TROY မြို့ တော်ကြီး ရဲ့  ပြန်လည် တူးဖေါ် ချက် ကိုလေ့လာရတာ သင်ခန်းစာ တစ်ခုတော့ ရရှိခဲ့ ပါတယ် ။

ကျနော် အပါဝင် သမိုင်းလေ့လာသူ အများစု ဟာ ခိုင်လုံတဲ့ အထောက်ထားမရှိ ဘဲ ရှေးရိုး အစဉ်ဆက်ပြောဆိုလာခဲ့ တဲ့ ဒဏ္ဏရီ လိုလို ပုံပြင် လိုလို အကြောင်းအရာတွေ ကို သမိုင်းအနေနဲ့ ထည့် စဉ်းစားလေ့ မရှိပါဘူး။

အခု ဒီ ထွိုင်း မြို့တော် ကတော့ ပုံပြင်ထဲ ကနေ ပြန်ရှင်သန်လာတဲ့ သမိုင်း တစ်ခုလို့ ဆိုရမယ်ထင်ပါတယ် ။ ဒါပေ မယ့် ဟိုးမားရဲ့ ကဗျာ အရ မြို့  တော်ကြီးနဲ့ ဆက်စပ်နေတဲ့ ဇာတ်ကောင်တွေ ဖြစ်တဲ့ ဟယ်လင်၊ ပဲရစ် ၊ အာခီလီ နဲ့  သြဒစ်ဆီ တို့ ကတော့ အခုချိန်ထိ စိတ်ကူးယဉ် ဇာတ်ကောင် တွေ အဖြစ်ရှိနေပါသေးတယ် ဆိုတာကိုတော့ သတိပြုရပါလိမ့်မယ် .......။

မြေအောက် မှ တူဖော်တွေ့ရှိခဲ့သော TROY မြို့ တော် အပိုင်းအစ ဓာတ်ပုံများ
မြေအောက် မှ တူဖော်တွေ့ရှိခဲ့သော TROY မြို့ တော် အပိုင်းအစ ဓာတ်ပုံ


             ခေတ် အဆက်ဆက် TROY မြို့ ကိုးမြို့  အထပ်ထပ် တည်ဆောက်ထားပုံ

တစ်ပတ်အတွင်းဒိုင်ယာရီ

 
Support : Copyright © 2011. လွင့်မောင်မောင်(ထားဝယ်) - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger