Home » , » ပန်းနာရင်ကျပ်ရောဂါ (Asthma)

ပန်းနာရင်ကျပ်ရောဂါ (Asthma)

Written By လွင့်မောင်မောင် on Sunday, January 25, 2015 | 9:45 AM






ပန်းနာရင်ကျပ် ရောဂါဟာ အဆုတ် တွင်းရှိ အသက်ရှူ လမ်းကြောင်း ကို ထိခိုက် စေသော နာတာရှည် ရောဂါ တစ်မျိုး ဖြစ်ပါတယ် .. အမေရိကတွင် လူဦးရေ ၁၇ သန်းကျော် ပန်းနာရင်ကျပ် ရောဂါ ခံစားနေရပြီး သုံးပုံ တစ်ပုံမှာ ကလေးများ ဖြစ်ပါတယ်.. ၂၀၀၂ ခုနှစ် တွင် ပန်းနာရင်ကျပ် ရောဂါကြောင့် ဆေးရုံ တက်ရ သူပေါင်း ၄၇၈,၀၀၀ ဦး ရှိပြီး ၄,၆၅၇ ဦး သေဆုံးခဲ့ ပါတယ်...
အဆုတ်ရဲ့ လုပ်ငန်း တာဝန် အကြောင်း ပထမဆုံး ပြောပြ ချင်ပါတယ်.. ရှူသွင်းလိုက်တဲ့ လေထဲမှ အောက်ဆီဂျင် နဲ့ ခန္ဓာကိုယ် ထဲမှ ကာဗွန် ဒိုင် အောက်ဆိုဒ် တို့ ဖလှယ်ခြင်း သည် အဆုတ်၏ အဓိက လုပ်ငန်း တာဝန် ဖြစ်ပါတယ်... အောက်ဆီဂျင် ကြွယ်ဝ သော ရှူသွင်း လိုက်တဲ့ လေဟာ လေမျို (Larynx)၊ လေပြွန်မကြီး (Trachea)၊ လေပြွန် (Bronchus)၊ လေပြွန်ငယ် (Bronchiole) တို့ကို အဆင့်ဆင့် ဖြတ်သန်းပြီး လေအိတ် (Alveoli) များ သို့ ရောက်ရှိ တဲ့အခါ အဆုတ် သွေးလွှတ်ကြော ငယ် (Pulmonary arteriole) များထဲမှ ကာဗွန် ဒိုင် အောက်ဆိုဒ် နဲ့ ဖလှယ် ကြ ပါတယ် (Gas Exchange) ... အဲဒီမှ တစ်ဆင့် အဆုတ် သွေးပြန်ကြော (Pulmonary veins) များမှ နှလုံး သို့ ပို့ဆောင်ပြီး နှလုံးမှ ခန္ဓာကိုယ် တစ်ခုလုံး သို့ ဖြန့်ဝေ ပို့လွှတ်ပါတယ်... ဒါ့ကြောင့် အောက်ဆီဂျင် ကို ခန္ဓာကိုယ် အနှံ့အပြား မှ တစ်ရှူးများ၊ ဆဲလ် များ အသက် ရှင်သန် ရေးအတွက် အသုံး ပြုနိုင် ကြပါတယ်..
ပန်းနာ ရင်ကျပ် ရောဂါ ခံစား ရပြီ ဆိုလျှင် အဆုတ်ဟာ အဓိက တုန့်ပြန်မှု (၃) ရပ် ဖြစ်ပေါ် ပါတယ်...
1 အဆုတ် လေပြွန်ငယ် များ (Bronchioles) ကျဉ်းမြောင်း လာခြင်း (Bronchoconstriction)
o လေပြွန်ငယ် များရှိ ကြွက်သား များ ကျုံ့ခြင်း ကြောင့် လေပြွန်ငယ် များ ကျဉ်း လာပါတယ်.. ဒါ့ကြောင့် အသက် ရှူထုတ် တဲ့ အခါ ၀ီစီ ကဲ့သို့ အသံ မြည်ပြီး မောလာ တတ်ပါတယ်..
2. အဆုတ် လေ၀င် ရာ လမ်းကြောင်း တစ်လျှောက် ယောင်ရမ်းပြီး အချွဲများ (mucus) ထွက်လာခြင်း (Bronchial Inflammation)
o ဓါတ်မတည့် ပစ္စည်း တစ်မျိုး ခန္ဓာ ကိုယ်တွင်း ၀င်ရောက် လာပါက လေပြွန်ငယ် နံရံ တစ်လျှောက် မှ ယောင်ရမ်း ခြင်းကို ဖြစ်စေသော ဓာတု ပစ္စည်း များ (Histamine, Leukotrienes) ထွက်လာပြီး လေပြွန် ငယ် များကို ယောင်ရမ်း စေပြီး ချွဲပြစ်သော အရည်များ (mucus) ထွက်လာပါတယ်.. လေပြွန်ငယ် ယောင်ရမ်း မှု၊ ချွဲထွက် လာမှု ကြောင့် လေပြွန်ငယ် ကျဉ်းခြင်း ပိုဆိုး လာစေ ပါတယ်...
3. အဆုတ် လမ်းကြောင်း တစ်လျှောက်မှ တုန့်ပြန်မှု လွန်ကဲခြင်း (Hyperreactivity)
o ဓာတ်မတည့် မှုကြောင့် ကြာရှည်စွာ လေပြွန်ငယ် ယောင်ရမ်း ခြင်း ၊ လေပြွန်ငယ် ကျဉ်းမြောင်း ခြင်း ဖြစ်ခြင်း ကြောင့် ဓာတ်မတည့် မှု ပစ္စည်း များ ကို ပို၍ တုန့်ပြန်မှု များ လာပါတယ်...(Hypersensitivity)
ရောဂါလက္ခဏာများ
ပန်းနာ ရင်ကျပ် ရောဂါ လက္ခဏာ များမှာ တစ်ဦးနှင့် တစ်ဦး ကွဲပြား နိုင်ပါတယ်... အဓိက အဖြစ်များ ဆုံး လက္ခဏာ (၄)မျိုး မှာ
1. အသက် ရှူခက် လာခြင်း (Shortness of Breath)
2. အသက် ရှူထုတ် ရာတွင် ၀ီစီသံ ကဲ့သို့ အသံ မြည် လာခြင်း (Wheezing)
3. ရင်ကျပ်လာခြင်း (Tightness of chest)
4. ချောင်းဆိုးခြင်း (Coughing)
တို့ ဖြစ်ပါတယ်..
ရင်ကျပ် မှု ပြင်းထန်ပါက လေအိတ်မှ ကာဗွန် ဒိုင်အောက် ဆိုဒ် နဲ့ အောက်ဆီ ဂျင် ဖလှယ် ခြင်း လုပ်ငန်း ထိခိုက် လာ၍ သွေးတွင်း အောက်ဆီ ဂျင် လျော့ကျပြီး ကာဗွန် ဒိုင် အောက်ဆိုဒ် များလာ ပါတယ်... အောက်ဆီ ဂျင် နည်းလာ၍ ခြေသည်း လက်သည်း နှင့် နှုတ်ခမ်း များ ပြာလာခြင်း (cyanosis)၊ နံရိုး ကြား ကြွက်သား များ အသုံးပြု ၍ ပြင်းထန်စွာ အသက်ရှူ ရခြင်း တို့ ဖြစ်ပေါ် တတ် ပါတယ်...
ပန်းနာ ရင်ကျပ် ဖြစ်စေတဲ့ အကြောင်းရင်း ဟာ ကိုယ့်ပတ်ဝန်းကျင် အခြေအနေ (Environmental factors) ကြောင့်လား? မျိုးရိုး ဗီဇ (Genetic factors) ကြောင့်လား? ဆိုတာကို တိတိကျကျ မသိရ သေးသော်လည်း အဓိက အားဖြင့် နှစ်မျိုး နှစ်စား တွေ့ရှိ ရပါတယ်.. ပြင်ပ မှ ဓါတ်မတည့် မှု (allergies or extrinsic) ကြောင့် ဖြစ်သော ပန်းနာ နှင့် ခန္ဓာ ကိုယ်တွင်း အခြေ အနေ (nonallergies or intrinsic) ကြောင့် ဖြစ်သော ပန်းနာ ဆိုပြီး တွေ့ရ ပါတယ်.. ဓါတ်မတည့် မှု (allergies or extrinsic) ကြောင့် ဖြစ်သော ပန်းနာဟာ အတွေ့ များပြီး လူနာ အားလုံး၏ ၉၀ % ရှိပြီး ကျန် ၁၀ % ကသာ ခန္ဓာ ကိုယ်တွင်း အခြေ အနေ (nonallergies or intrinsic) ကြောင့် ဖြစ်သော ပန်းနာ ဖြစ်ပါတယ်.. ဓါတ်မတည့် ဖြစ်စေသော ပစ္စည်း များမှာ -
• နေအိမ် ပတ်ဝန်းကျင် ရှိ နေ့စဉ် ထိတွေ့ နေကျ အရာများ
o တိရစ္ဆာန် အညစ်အကြေးများ နှင့် အမွှေးအမျှင်များ၊ ဖုန်နှင့် အမှိုက်သရိုက်များ (Dust)၊ ပိုးဟပ် အညစ်အကြေးများ (cockroach )၊ အဆောက်အဦး၊ နံရံဟောင်း များ ရှိရေညှိ ပင်များ (mold)၊ ပန်းဝတ်မှုန်များ (Pollen)
• နေအိမ် သုံး ပစ္စည်းများ ၏ အနံ့အသက် များ
o ရေမွှေး နှင့် အမွှေး နံ့သာများ၊ ဆပ်ပြာ ဆပ်ပြာရည် ခေါင်းလျှော်ရည် များ၊ hair spray, hair gel, sun screen, cosmetics, facial cream, deodorant, shaving cream ကဲ့သို့ အသုံး အဆောင် ပစ္စည်း များ၊
• အစား အစာများ
o နွားနို့ (Cow's Milk)၊ မြေပဲ (Peanut)၊ ပဲပုတ် (Soy)၊ ငါး (Fish)၊ တိရိစ္ဆာန် ဥများ (Eggs)၊ ပုဇွန် နှင့် အခွံမာ ပင်လယ်စာများ (Shrimp & other shellfish)၊ ကြာရှည် အထားခံ သော အစားအစာ များ (Preservative Foods)
• သုံးစွဲ နေသော ဆေးများ
  - အက်စ်ပရင် (aspirin)၊ beta-blockers (propranolol, atenolol)၊ ပင်နစလင်များ၊
• စက်ရုံ နှင့် ပတ်ဝန်းကျင် မှ အငွေ့များ
o ဆာလဖိုက် ဓာတ်ငွေ့များ၊ ကလိုရာမင်း ဓာတ်ငွေ့များ၊ စက်ပစ္စည်း များမှ အိပ်ဇော ငွေ့များ၊ ဆေးလိပ်ငွေ့၊ ခြင်ဆေးခွေ ငွေ့များ၊ အစ ရှိသဖြင့်...
• အသက်ရှူ လမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးများ
  - အဓိက အားဖြင့် အသက်ရှူ လမ်းကြောင်း အထက်ပိုင်း ဗိုင်းရပ်စ်ပိုး ၀င်ရောက်မှု (Upper respiratory tract infection) ကြောင့် ပန်းနာ ရင်ကျပ် ဖြစ်ခြင်းသည် လူကြီး အားလုံး၏ ၈၀% နှင့် ကလေးအားလုံး ၏ ၆၀% တွေ့ရှိ ရပါတယ်...ဓာတ်မတည့် ခြင်းဖြစ်စဉ် တွင် တစ်ဦးနှင့် တစ်ဦး ဓာတ်မတည့် ပစ္စည်း ချင်း၊ ဓာတ်မတည့် နိုင်ချင်း တူညီ နိုင်မှာ မဟုတ်ပါ..
ပန်းနာရင်ကျပ် ရောဂါ ကုထုံးများ
အဓိက အားဖြင့် အာနိသင် (၂) မျိုး လိုအပ် ၍ သာ စားဆေး၊ ထိုးဆေး၊ ရှူဆေး အနေဖြင့် ထုတ်လုပ် ကြခြင်း ဖြစ်ပါတယ်... ပထမ အာနိသင် မှာ လေပြွန် ကို ကျယ်စေခြင်း ဖြစ်ပြီး ဒုတိယ အာနိသင် မှာ လေပြွန် ယောင်ရမ်း မှုကို ကျစေ ခြင်း ဖြစ်ပါတယ်.. လေပြွန် ကို ကျယ်စေ တဲ့ ဆေးများ မှာ beta 2 agonist (salbutamol, terbutaline, ...), anticholinergic drugs (ipratropium bromide), methyxanthine (Theophylline, Aminophylline, ..); လေပြွန် ယောင်ရမ်း မှုကို ကျစေသော ဆေးများ မှာ corticosteroids (Prednisolone, Beclomethasone, Triamcinolone, Budesonide, ...), Leukotriene modifiers (montelukast, zafirlukast, pranlukast, and zileuton), Cromoglycate (Cromolyn sodium) တို့ ဖြစ်ကြ ပါတယ်.. ရှူဆေးများ (Inhalers) မှာ လေပြွန် ကို တိုက်ရိုက် သက်ရောက်မှု ရှိ၍ ရောဂါ လက္ခဏာ ကို မြန်ဆန်စွာ သက်သာ စေပြီး ဘေးထွက် ဆိုးကျိုး မှာလည်း သောက်ဆေး၊ ထိုးဆေး ထက် စာလျှင် နည်းပါး ပါတယ်... ထို့ကြောင့် ရောဂါ ပြင်းထန် မှုပေါ် မူတည်၍ ရှူဆေး၊ သောက်ဆေး များကို ရွေးချယ် ပေးခြင်း ဖြင့်၎င်း၊ ဆေး တစ်မျိုး နှင့် မလုံ လောက်ပါက နှစ်မျိုး သုံးမျိုး တွဲပေး ခြင်း ဖြင့်၎င်း ကုသ နိုင်ပါ တယ်... လိုအပ် ပါက အောက်ဆီ ဂျင် ပေး၍၎င်း၊ ဆေးများကို စက်ဖြင့် မှုတ်သွင်းနည်း (Nebulizer) ဖြင့်၎င်း လူနာ အခြေ အနေ ပေါ် မူတည်၍ ကုသ ပေးရ ပါမယ်...
ရောဂါ ကာကွယ် ရေး အနေဖြင့် မိမိနှင့် မတည့်သော ဓာတ်ပစ္စည်း များ၊ အစား အသောက် များ၊ အသုံး အဆောင်များ ဂရုစိုက် ရှောင်ရှား ဖို့လို ပါမယ်.. လူဦးရေ ထူထပ် သော နေရာ လေထု ညစ်ညမ်း သော နေရာ များ ကို ရှောင်ရှား ရပါမယ်.. ဆေးလိပ် သောက်သူ ဖြစ်ပါက ဆေလိပ် လုံးဝ ဖြတ်ရ ပါမယ်... ဒါ့ကြောင့် မိမိ ရင်ကျပ် တတ်သော အခြေ အနေ၊ နေရာ ဒေသ၊ အသုံး အဆောင်၊ အပြု အမူ များကို ဂရု စိုက် ရှောင်ရှား ရင်း ကျန်းမာ စွာ နေထိုင် နိုင်ရေး ကို အလေး ထား သင့် ကြောင်း ရေးသား လိုက်ရပါတယ်.. ဘေးဘယာ ရောဂါ အပေါင်းမှ ကင်းဝေး နိုင်ပါစေ..
This article is Posted by Dr. Win Thein | May 2, 2009
---------------------------
ရင်ကျပ်ပန်းနာ ဆိုလိုက်တာနှင့် ။
ဒီတစ်ခေါက် မကွေး ပြန်ရောက်တော့ ပါမောက္ခ၊ ဌာနမှူး အဆင့်မို့ အလုပ်ပိုများလာသည်။ မိသားစုရှိရာ ရန်ကုန်သို့ ခဏခဏ မပြန်ဖြစ်။ ရန်ကုန်က ဆေးခန်းကိုလည်း သူငယ်ချင်းနှင့် ထားခဲ့ရသည်။ အဲဒီ သူငယ်ချင်းက ဘွဲ့အားလုံးနီးနီး ကျွန်တော်နဲ့ အတူတူ ရခဲ့ပြီး အသက်တောင် ၁၃ရက်တည်း ငယ်သည့် တန်းတူအဆင့် ဆရာဝန်ကြီးပါ။ စိတ်ရှည်တဲ့ နေရာမှာ ကိုယ့်ထက် သာသေးသည်။
ဟိုတစ်လောက ရန်ကုန် ခဏပြန်ရင်း ဆေးခန်းတစ်ရက် ပြန်ထိုင်တော့ လူနာရှင် မိဘတစ်ဦးက သူ့ကလေး ပန်းနာ ရင်ကျပ် ချောင်းဆိုးတာ သူငယ်ချင်း ဆေးပေးတာ မပျောက်ဟု ဆိုကာ ကျွန်တော့်ကို ပြန်လာပြသည်။ သူငယ်ချင်း တိုက်ထားသည့် ဆေးကို ကြည့်လိုက်တော့ ကျွန်တော်လည်း တိုက်ချင်သည့် ဆေးပါပဲ။ ဘယ်နှရက် တိုက်ပြီးပြီလဲဟု မေးကြည့်တော့ အံ့သြစရာ။ လုံးဝ မတိုက်ရသေးပါတဲ့။ ဘာဖြစ်လို့ မတိုက်တာလဲဟု မေးတော့ ဆရာ့ သူငယ်ချင်းက ကျွန်မကလေးကို ပန်းနာရှိတယ်လို့ ပြောတယ်။ ပြီးတော့ ဆေးအပြင်းတွေ တိုက်တာကိုးဟု ဖြေသည်။ ကျွန်တော်လည်း ရင်ကျပ် ရှိတယ်လို့ ပြောဖူးတာပဲ။ အဲဒီဆေး တိုက်ဖူးတာပဲဟု စာအုပ်ကို နောက်ပြန် လှန်ရှာပြီး ပြောတော့မှ အံ့သြရသည်။
အင်္ဂလိပ်စကားက Asthma ပန်းနာဟု ဘာသာပြန်ပြန် ရင်ကျပ်ဟု ဘာသာပြန်ပြန်၊ လေပြွန်လေးတွေ ကျဉ်းကျဉ်း သွား၍ ချောင်းဆိုးပြီး မောနေတတ်သည်ဟု အဓိပ္ပာယ်ရသည်။
အဲသည် နာမည်ကလေး တပ်ရုံနှင့်တော့ ပြူးပြူးပြာပြာ မဖြစ်သင့်ကြဟု ကျွန်တော်ထင်သည်။ ဆေးပြင်းသည် ဆိုသည့်စကား ဘာမှ အဓိပ္ပာယ် မရှိကြောင်း ကျွန်တော် ခဏခဏ ရေးဖူးပါသည်။ ဆေးမတိုက်ဘဲ ထားတော့ ရောဂါကရော အန္တရာယ် မရှိတာ ကျနေတာပဲ။
ကျွန်တော်က ဖြည့်ပြောပြတတ်တာလေး တစ်ခုပါပဲ။
ဒီရောဂါ ဖြစ်သည့်အချိန်မှာ ဆေးပေးလည်း ခဏသာ ယခုတစ်ခေါက်သာ သက်သာမည်။ ပြန်ဖြစ်တတ်သည်။ ဘယ်လောက် တစ်ခါ ပြန်ဖြစ်သည် ဆိုတာက တစ်ယောက်နှင့် တစ်ယောက် မတူ။ တစ်နှစ်မှာ တစ်ခါလောက် ဖြစ်တတ်သည့် ကလေးကတော့ ဖြစ်လာလျှင် ဆေးသောက် လုံလောက်သည်။ တစ်လတစ်ခါ ဖြစ်နေလျှင်တော့ ကာကွယ်ဆေးတွေ မှန်မှန်ရှူဖို့ လိုမည်။ လူကြီး ရင်ကျပ်ရောဂါနှင့် မတူတာကတော့ ကလေး ရင်ကျပ်ပန်းနာ ဝေဒနာရှင် ထက်ဝက်ခန့်က လူကြီးဘဝအထိ ပါမသွား။ ကြီးလျှင် ပျောက်သွားမည်ဟု အဲသလို ပြောပြလျှင် လက်ခံကြတာများသည်။
ကဲ… ဘာပဲဖြစ်ဖြစ်။
ရေးဖူးတာ များနေပြီးသား သည်ပန်းနာရင်ကျပ်ရောဂါ ကလေးအကြောင်း မပြောရသေးတာ တချို့တော့ ဖြည့်စွက် ရတော့မည် ထင်မိ၏။
ကလေးတွေဘာကြောင့် ရင်ခဏခဏကျပ်
အာဂန္တု ရောဂါတွေလည်း ရှိသည်။ တစ်ခါကျပ်ပြီး နောက်ပြန်မကျပ်တော့တာမျိုး။ များသောအားဖြင့် အသက် နှစ်နှစ်အောက် စိန်တုံးကြီးများ အရွယ်မှာ တွေ့ရတတ်တယ်။
ခဏခဏ ပြန်ကျပ်နေရင်တော့ ပန်းနာရင်ကျပ်ကို စဉ်းစားရမည်။ ဒါမျိုး မျိုးရိုးလည်း လိုက်တော့လိုက်သည်။ ကူးစက်ရောဂါတော့ မဟုတ်။
ရင်ကျပ်သည့် ကလေးကို ကျပ်စေသည့် အရာတွေကတော့
(၁) ဗိုင်းရပ်ပိုးဝင်ခြင်း
(၂) ဓာတ်မတည့်ခြင်း
(၃) ရာသီဥတု
(၄) လေ့ကျင့်ခန်းနှင့် (၅) စိတ်လှုပ်ရှားခြင်း တို့ကြောင့်ဖြစ်သည်။
ကျပ်လာလျှင် ကလေးက ချောင်းဆိုးမည်။ မောမည်။ ရင်ဘတ်အောက်နှင့် နံရိုးကြားတို့ ချိုင့်ဝင်ပြီး အသက်ရှူရမည်။ တစ်ခါတစ်လေ တရွှီရွှီ အသံကို ကြားရမည်။
မောတာ သိပ်ဆိုးလာလျှင် စကားတစ်ကြောင်းပြည့်အောင် မနားဘဲ မပြောနိုင်တော့။ အဲသည်အဆင့်က အရေးကြီးသည်။
ရင်ကျပ်ပန်းနာမှန်း ဘယ်လိုသိ
တစ်ခါကျပ်တိုင်းတော့ ရင်ကျပ်ပန်းနာဟု မသတ်မှတ်။ ပေးသည့် ဆေးကတော့ အဲသည် ရင်ကျပ်ပန်းနာ ပျောက်ဆေးတွေ ပါပဲ။ အဲဒါတွေနှင့် သက်သာ၊ မသက်သာ စောင့်ကြည့်ရမည်။
နှစ်ခါကျပ်လျှင် နည်းနည်း သတိထားတော့။ ဆေးကတော့ သည်ဆေးတွေပါပဲ။
သုံးခါကျပ်လျှင်၊ ပြီးတော့ တစ်ခြား အကြောင်းရင်း ရှာမရလျှင်တော့ ဆရာဝန်က ရင်ကျပ်ပန်းနာဟု သတ်မှတ်တော့မည်။ ဘာမှမလိုပါ။ နားကြပ် တစ်ချောင်းနှင့် သတ်မှတ်နိုင်ပါသည်။
ဆရာဝန်ကိုလည်း စိတ်မဆိုးပါနှင့်။ ကု၍ မပျောက်သော ရောဂါကြီးဟု ပြောတာမဟုတ်ပါ။ ကြီးလာလျှင် ပျောက်မှာပါ။ သို့သော် ကြီးလာလျှင် ပျောက်မပျောက်က ငယ်စဉ်မှာ ထိရောက်သော ကာကွယ်စောင့်ရှောက်မှုများ စောစောစီးစီး လုပ်လာခဲ့ပါသလား၊ မလုပ်ခဲ့ဖူးလား အပေါ်မှာ တည်မှီ နေပါသည်။ ဒါကြောင့် စောစော စကုချင်လို့ သတ်မှတ်တာပါ။
တန်ဆေးလွန်ဘေးတဲ့။
ကုသမှုကလည်း ဘေးထွက် ဆိုးကျိုးတော့ ရှိတာအမှန်ပင်။ သို့သော် ရောဂါကလည်း လွှတ်ထားလို့မရ။ သည်တော့ လူနာကို မှန်မှန် ပြန်ခေါ်ကြည့်၍ ဆေးကိုလိုတိုး ပိုလျှော့ ချိန်ဆရသည်။ အဲဒါကို step-up နဲ့ step-down လုပ်သည်ဟု ခေါ်သည်။
ဘယ်လို ကုသမှာလဲ
ဆေးက နှစ်မျိုး၊ နှစ်အုပ်စု ရှိသည်။
ဖြစ်လာလျှင် ရင်ကျပ်လျှင် ပေးထားသော ဆေးအမျိုးအစားနှင့် မကျပ်အောင် ကြိုတင်၍ ပေးထားသော ကာကွယ်ဆေး အမျိုးအစားတို့ဖြစ်သည်။
ကျပ်လာလျှင်ပေးသော ဆေးများကို သောက်ဆေးလည်း တိုက်၍ ရသည်။ ရှူဆေးလည်း ရှိသည်။ ရှူဆေးက ပိုကောင်းသည်။ ရှူဆေးက ပိုကောင်း၍ ပိုဘေးကင်းသည်။ သို့သော် ဈေးပိုကြီးသည်။ ကလေးအငယ်များတွင် မရှူတတ်မှာ စိုး၍ အလယ်က ပလတ်စတစ် ပြောင်းတစ်ခု ခံရသေးသည်။ အဲသည်ပြောင်းက ပို၍ ဈေးကြီးသေးသည်။ ပြီးတော့ စနစ်တကျ ရှူတတ်အောင် လေ့ကျင့်ပေးရသည်။ သိပ်ကျပ်သည့် အချိန်မှာတော့ Nebulizer ခေါ် ရေနွေးငွေ့ စက်ငယ်ဖြင့် မှုတ်ပေးရသည်။ ထိရောက်မှုအား ကောင်းသော်လည်း ဆေးပမာဏက ရှူဆေး ရိုးရိုးထက် ၁၀ဆ ခန့်များသည်။ နည်းနည်း ကျပ်ရုံမျှဖြင့်တော့ မသုံးသင့်။
ကာကွယ်ဆေးတွေကတော့ ရှူဆေးချည်း သက်သက် လိုပါပဲ။ ဟိုတုန်းက Ketasma ခေါ် သောက်ဆေးတစ်မျိုး ပေါ်ဖူးသည်။ အန္တရာယ် သိပ်မရှိသဖြင့် ကျွန်တော်တို့ ယခုထက်ထိ သုံးနေကြတုန်းပါပဲ။ Montelukast ကတော့ ယခုမှပေါ်လာသည်။ နိုင်ငံခြားမှာတော့ လက်ခံကြပြီ။ သည်မှာတော့ ယခုမှ စမ်းသပ်ဆဲ ဖြစ်သည်။
ခဏခဏမကျပ်အောင်
ဆေးနှင့် ကာကွယ်ရတာ များမှာစိုးလျှင် ကျပ်စေသည့် အကြောင်းတရားများကို ရှောင်ရမည်။ ဒါကလည်း အမြဲတော့ မဖြစ်နိုင်ပါ။ နိုင်သလောက်တော့ လုပ်သင့်သည်။
(က) ဓာတ်မတည့်ခြင်း နည်းစေဖို့
ဖုန်မှုန့်၊ ဝတ်မှုန်၊ ပန်းမှုန် လေထဲမှာ များသည့် အချိန်မျိုးတွင် ပြတင်းတံခါးများ ပိတ်ထးပါ။ ကြောင်တွေ၊ ခွေးတွေ ကလေး အနားမှာ မထားပါနှင့်။ အိမ်ထဲမှာ မြင်ရသော၊ မမြင်နိုင်သော ပိုးမွှား၊ မှိုအစရှိသည့်တို့ အားလုံး ကင်းစင်အောင် ရှင်းလင်းထားပါ။
(ခ) ဗိုင်းရပ်ပိုးမဝင်စေဖို့
ကလေး၊ လူကြီးအားလုံး လက်မှန်မှန်ဆေးပါ။ တုပ်ကွေးအဖြစ် များနေချိန်တွင် လူထူထူရှိရာ ခေါ်မသွားပါနှင့်။
(ဂ) လေ့ကျင့်ခန်း
လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်မိပါက ကျပ်တတ်သော ကလေးမျိုး ရှိပါသည်။ ထိုကလေးများအတွက် လေ့ကျင့်ခန်း လုပ်ခါနီး ကြိုပေးရသော ဆေးတချို့လည်း ရှိပါသည်။ ရှာ၍ ဆောင်ထားပါ။
(ဃ) အိမ်တွင်းက အငွေ့တချို့
စီးကရက် မီးခိုးက ပိုဆိုးပါသည်။
လူကြီးက ကလေးအနားမှာ မသောက်တောင် သောက်တတ်သည့် လူကြီးကိုယ်မှာ စွဲနေသည့် အငွေ့ကြောင့် ကလေးက မကြာခဏ ရင်ကျပ်တတ်ရုံသာမက နားပြည်ပါ ယိုတတ်သည်။ ကလေး ရှိလျှင်တော့ ထိုကလေး ရင်ကျပ်ပန်းနာ ရှိရှိမရှိရှိ ဆေးလိပ် ဖြတ်ပစ်သင့်ပါသည်။ ဆက်သောက်နေသော မိဘကို ဘာအမည် တပ်၍ ဆူပူ ကြိမ်းမောင်းရမှန်း ကျွန်တော် စဉ်းစား၍ပင် မရပါ။ ရေမွှေး၊ ပေါင်ဒါနှင့် ငါးကြော်သည့် အနံ့များကြောင့်လည်း ဖြစ်တတ်ပါသေးသည်။
(င) အကောင်ပလောင်တွေ
ပိုးဟပ်ကို ရင်ကျပ်ရောဂါ၏ နံပါတ်တစ် တရားခံဟု တွေ့ထားကြသည့် သုတေသနတွေလည်း ရှိသည်။ ပိုးဟပ်ကကျသည့် သွားရည်နှင့် မစင်ကို မတည့်သူတွေ တော်တော်များသည်။
House dust mite ဟုခေါ်သော သာမန်မျက်စိနှင့် မမြင်ရသည့် အင်းဆက် တစ်မျိုးကလည်း တော်တော်ဆိုးသည်။ သူက လူ့အရေပြားက ထွက်ကျသည့် အစအနလေးများကို စား၍ နေတတ်သည့် အကောင်တစ်မျိုးပါ။ အိပ်ရာခင်း၊ ခန်းဆီး၊ ကော်ဇော၊ မွေးပွရုပ် အစရှိသည်တို့မှာ နေတတ်ပါသည်။
(စ) မှိုစွတ်စို ထိုင်းမှိုင်းသည့် အိမ်တွင်း၊ အိမ်ပြင် နေရာများတွင် ရှိနေတတ်သော မှိုများသည်လည်း ရင်ကျပ်စေပါသည်။
(ဆ) တိရစ္ဆာန်ခွေးတွေ ကြောင်တွေကြောင့် ရင်ကျပ်တတ်သော ကလေးတွေလည်း ရှိပါသည်။
ကောင်းတာကတော့ အောက်က အချက်လေးတွေကို လိုက်နာပါ။
၁။ ထမင်းစားခန်းနဲ့ မီးဖိုချောင်မှာပဲ အစားအစာ စားကြပါ။
၂။ ရေခဲသေတ္တာထဲ ထည့်ရန် မလိုသော အစားစာများကို လုံခြုံ တင်းကြပ်စွာ ဖုံးအုပ်ထားပါ။
၃။ အမှိုက်နေ့စဉ်စွန့်ပစ်ပါ။
၎။ စားပွဲ၊ ဗီရို၊ ကောင်တာများ မှန်မှန်သန့်စင်ပါ။
၅။ နံရံ အက်ကြောင်း ကွဲကြောင်းများ မှန်မှန်ပြုပြင်ပါ။
၆။ သစ်သား ကြမ်းပြင်များကို အဝတ်စိုဖြင့် မှန်မှန်သုတ်ပါ။ (ပိုးသတ်ဆေးအချို့ တည့်နိုင်ပါသည်။)
၇။ ဖုန်မှုန့်များ အဝတ်စိုဖြင့် မှန်မှန်သုတ်ပါ။
၈။ ကော်ဇောကို ဖုန်စုပ်စက်ဖြင့် မှန်မှန်စုပ်ပေးပါ။ မလုပ်နိုင်လျှင် ကော်ဇော မထားပါနှင့်။
၉။ အိပ်ရာခင်း၊ ခေါင်းအုံးစွပ်၊ စောင်များ မှန်မှန်ပြုတ်လျှော်ပါ။
၁၀။ အမှုန် ခိုအောင်းနိုင်သော ပစ္စည်းများ ရှင်းပစ်ပါ။ (မွေးပွအရုပ်၊ ဆုတံဆိပ်… စသည်) ရေဆေး၍ ရသော အရုပ်များသာ ဝယ်ပေး၍ မှန်မှန် ဆေးကြောပါ။
၁၁။ အိမ်ကို တတ်နိုင်သလောက် ခြောက်သွေ့စေပါ။(နေရောင် ဝင်ပါစေ)
၁၂။ ဆေးလိပ် မသောက်ပါနှင့်။ (မိဘ ဆေးလိပ်သောက်လျှင် ရင်ကျပ် မဖြစ်သေးသော ကလေးပင်လျှင် ရင်ကျပ်ပန်းနာ ဖြစ်ရန် အခွင့်အလမ်း နှစ်ဆ ရှိပါသည်)
၁၃။ တိရစ္ဆာန်များနှင့် ကလေး တစ်နေရာတည်း မနေရပါ။ တစ်လှည့်စီလည်း မနေရပါ။ ကလေးနေနေကျ နေရာကို တိရစ္ဆာန်မလာစေရပါ။
၁၄။ နိုင်ငံခြားမှာတော့ အမှုန်အမွှား မကပ်နိုင်အောင် ဖုံးအုပ် ကာကွယ်သော အစွပ်များ၊ ရင်ကျပ်ပန်းနာ ရောဂါသည် ကလေးရှိသော အိမ်များအတွက် သီးခြား ဒီဇိုင်းလုပ် ထုတ်လုပ်သည်ဟု ကြားဖူးသည်။ ဒီမှာတော့ မတွေ့သေးပါ။
စိန်တုံးကြီးတို့ ရင်ကျပ်ပန်းနာဘေး ကင်းဝေးကြပါစေ။
  ဒေါက်တာရဲ(ကလေးအထူးကုဆရာဝန်)
Credit To : perfectmagazine
WEDNESDAY, JANUARY 06, 2010

(ဤမူလဆောင်းပါးရှင်များအား Credit ပေးစေလိုပါသည်။ MOMO Pharmacy Myanmar မှ အများဖတ်ရှု နိုင်အောင် ပြန်လည်ကူးယူ တင်ပြ ထား ခြင်းသာ ဖြစ်ပါသည်။)
Share this article :

Post a Comment

 
Support : Copyright © 2011. လွင့်မောင်မောင်(ထားဝယ်) - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger