Home » , » ယောမြို့ ကပြန်ခဲ့တယ် ၊ ဆေးဝါးလည်း ကျွန်တော်နားမလည် ..... ( ၃ )

ယောမြို့ ကပြန်ခဲ့တယ် ၊ ဆေးဝါးလည်း ကျွန်တော်နားမလည် ..... ( ၃ )

Written By လွင့်မောင်မောင် on Wednesday, February 19, 2014 | 5:06 AM



 လက်ပန်းရွာ အတွဲဘက် ( အ ထ က ) ကျောင်းကြီး

ဒီလိုနေရာမှာ ဒီလိုခန့် ခန့် ညားညား အထက်တန်းကျောင်းကြီးတစ်ဆောင် ရှိနေတာဟာ အနီးနားရှိ ရွာတွေအတွက်တော်တော် ကံကောင်းတာပါပဲ ။

မိုးတွင်းလို အခါမျိုးမှာ ရေကြီး ရေလျှံ လွယ်တဲ့ ချောင်းတွေ မြောင်းတွေ ကိုကျော်ဖြတ်ပြီး ကျောင်းလာတက်ကြတဲ့ နီးနားပတ်ဝန်းကျင်ရွာက ကျောင်းသားလေးတွေ ဟာလည်း ချီးကျူးဖို့ အရမ်းကောင်းတယ် ။ ဒီဒေသက ကလေးလေးတွေ ကျောင်းတက်နေရတဲ့ မြင်ကွင်းကို ရန်ကုန်မြို့ မှာ အလုပ်မရှိအလုပ်ရှာ စာသင်ကျောင်းအထိ လိုက်ပြီး ထမင်းခွံ့ ကျွေးနေတဲ့ မိဘတွေကို ဒီအထိ ခေါ်ပြီး ပြချင်လှတယ်။
 ပြီးတော့ ရေစီးသန်လှတဲ့ ချောင်းတွေ ကိုလှေနဲ့ ဖြတ်ကူနေရတဲ့ ကျောင်းသားကျောင်းသူ ကလေးလေးတွေအတွက် အုပ်ချုပ်သူ လူကြီးမင်းတွေက အမှန်တစ်ကယ်လိုအပ်နေတဲ့ နေရာတွေမှာ ချောင်းကူးတံတားတွေ ဆောက်ပေးနိုင်စေဖို့ ကျတော့် အနေနဲ့ ဆုတောင်းမိပါတယ် ။ ဘယ်လိုဘဲ ဖြစ်ဖြစ် ဒီဒေသမှာ မိဘ ၊ ဆရာ ၊ ကျောင်းသား တို့ရဲ့ လုံ့လ၀ိရိယ ကောင်းစွာနဲ့ ပညာရေးကို ကျိုပမ်း အားထုတ်မှုတွေကြောင့် အခုဆိုရင် လက်ပန်း တစ်ရွာထည်းမှာ လက်ရှိ ဆယ်တန်း အောင် ၊ ဘွဲရ လူငယ်တို့ အယေက် 50 လောက်ရှိနေကြပါပြီ ။ ဒါပေမယ့် သူတို့ လေးတွေက တတ်ထားတဲ့ ပညာနဲ့ ကိုက်ညီတဲ့ အလုပ်ကိုင်အခွင့်လမ်းတွေ မရရှိကြသေးဘဲ ဖြစ်နေကြပါတယ် ။

အလုပ်တစ်ခုခေါ်တယ်ဆိုရင် ရွာကနေလမ်းစရိတ် ၊ စားစရိတ် နဲ့ အထွေတွစရိတ်တွေ ကုန်ကျခံပြီး အလုပ်လျှောက်ကြပေမယ့် လို့  အလုပ်လစ်လပ်နေရာနဲ့ လျှောက်တဲ့ လူဦးရေ မမျှကြလို့ လားတော့ မသိဘူး အလုပ်ရရှိတဲ့သူတော်တော်ရှားတယ်လို့ သိရပါတယ် ။ ဟိုတလောက မြန်မာ တစ်ပြည်လုံး အုံးအုံးကျက်ကျက် ဆရာ ဆရာမတွေ အဖြစ်လုပ်တွေ ရရှိသွားကြပေမယ့်လို့ ဒီလက်ပန်းရွာက တစ်ယောက်တစ်လေမှ ကို မရှိကြပါဘူးတဲ့ ။ မိဘတွေခမြာ သူတို့သားသမီးတွေရဲ့ ဘ၀ ထွက်ပေါက်ရရှိဖို့ အတွက် စီးပွားရေး အဆင်မပြေကြတဲ့ အထဲက ကြိုးစားပြီး ပညာသင်ပေးကြရှာပေမယ့် ထိုက်တန်တဲ့ အလုပ်လေးတွ မရရှိကြတော့ အခုချိန်မှာတော့ စိတ်ဓာတ်တွေကျနေကြရရှာတယ် ။ အဲတာတွေကိုကြားသိရပြီးနောက်မှာ ကျွန်တော့ ကိုယ်ကျွန်တော် ဒီနယ် တစ်ဝိုက်က လူငယ်လေးတွေကို အလုပ်ကိုင် အခွင့်လမ်းတွေချပေးနိုင်ပြီး အရာရာ ဖန်တီးနိုင်တဲ့ လူတစ်ယောက်ဖြစ်ရင် ဘယ်လောက် ကောင်းလေ့မလဲ လို့ လေကြီးမိုးကြီး အတွေးတွေ ၀င်နေမိပါတယ် ။


 ရွာမှာ အစိုရက အခမဲ့လွှင့်ပေးတဲ့ ရုပ်သံလိုင်းတွေ မမိပါ ။ ဒီတော့ Sky Net လို ဆလောင်းကနေဖမ်းယူရတဲ့ လိုင်းကို ဘဲ စုပြုံကြည့်နေရတယ်လို့သိရပါတယ်  ။ အဲဒီလိုလိုင်းတွေ တတ်ဆင်နိုင်တဲ့ အိမ်က ဘယ်နှစ်အိမ်မှ မရှိတော့ လူတိုင်းစေ့ အပြင်ပလောကနဲ့ အပြည့်ဝ ထိတွေ့ မှု မရသေးဘူးလို့ ပြောရင် လွန်မယ်မထင်ဘူး ။ ဒီလို ချောင်ကျကျ နေရာတွေ မှာ သက်ရှင်ပြီး လူလုပ်နေရတဲ့ သူတွေအတွက် အခမဲ့ ရုပ်သံလိုင်းတွေတောင်မှ မဖြန့် ကျက်နိုင်သေးတာတော့ တော်တော်ကို ဆိုးပါတယ် ။ စိတ်ထဲမှာတော့ တာဝန်ရှိသူတို့ ကို အားမလိုအားမရတွေ ဖြစ်နေမိတယ် ။ ရွာက အစ်ကိုကြီးတစ်ယောက် ပြောစကားမရ ပြောရမယ်ဆိုရင် …. ပခုက္ကူမြို့  ကနေတဆင့် ဖြန့်ဖြူးနေတဲ့ ပဲမျိုးစုံနဲ့ ဒေသထွက်ကုန်တွေဟာ ကျတော်တို့ ယောဒေသက အများဆုံးကျားကန်ပေးထားတာပါဗျာ… တဲ့ ။ ဒါတင်ဘယ်ကမလဲ ကျွန်းသစ်လို ကမ္ဘာ့ဈေးကွက်အထိ တင်ပို့ နိုင်တဲ့ သစ်တွေကလည်း ဒီဒေသကနေထွက်နေတာဘဘဲ မဟုတ်လား ။ ဒါဆိုရင် သူ့ အထိုက်လျှောက်ဒေသထွက်ကုန်တွေ ထုတ်လုပ်ပေးနေတဲ့ ဒီဒေသ ဖွံ့ ဖြိုးမှု အတွက် အခြေခံ လိုအပ်ချက်လေးတွေကို တော့ ဖြည့်ဆည်းပေးသင့် တယ်လို့ ထင်တာပါပဲ ။ ရွာမှာ ကျောင်နေဖူးပြီး စာ  အုပ် စာပေတွေကို ဖတ်ရကောင်းမှန်း သိနေတဲ့ လူငယ် ၊ လူလတ်ပိုင်း အရွယ်တွေကလည်း စာကို အငမ်းမရ ဖတ်ချင်နေကြပေမယ့်လို့ ဘယ်လို စာပေမျိုးက မှ လွယ်လွယ်ကူကူနဲ့ မရနိုင်သေးပါဘူး ။ တချို့ စေတနာရှင်လေးတွေက ပခုက္ကူမြို့ ကနေ သတင်းစာနဲ့ ဂျာနယ်အဟောင်းလေးတွေ စုပြီး ပေးပို့ ကြတာလောက်ဘဲ ဖတ်နေကြရရှာပါတယ် ။ ရွာထဲမှာတော့ စာအုပ်မရှိပဲ ဟောင်းလောင်းပေါက်ဖြစ်နေတဲ့ စာကြည့်တိုက်လေးတခုတော့ တွေ့ ရပါတယ် ။ အခုအဲ ဒီစာကြည့်တိုက်လေး ပြန်လည် အသက်ရှင်လာဖို့ အတွက် ရွာကလူငယ်လေးတွေ လှုပ်ရှားမှုလေးတွေ လုပ်နေတယ် အသံကြားလို့ ကျတော်လည်း ရန်ကုန်ကနေ ရတတ်သမျှ စာအုပ်စာစောင် တွေ ပို့ပေးဖို့ စီစဉ်ထားပါတယ် ။


ညဘက် ကျောင်းမှာ စာလာကျက်နေကြတဲ့ ကျောင်းသားလေးများ ......

  တကယ်တော့ သူတို့ လေးတွေ ဟာ လူသာ ချောင်ကျတဲ့ နေရာမှာ အကြောင်းကြောင်းကြောင့် ခြေချ နေထိုင်ကြရပေမယ့် အသိမြင် ဗဟုသုတ အားဖြင့် တော့ ပိတ်ဆိုပြီး မနေသင့် ဘူးမဟုတ်လား ။ တချို့ လူတွေက ကမ္ဘာကြီးဟာ ရွာကြီးဖြစ်နေပြီလို့ ကျယ်ကျယ်လောင်လောင်နဲ့ ပြောဆိုနေကြပေမယ့်လည်း  ကျတော်တို့ ဆီမှာတော့  ရွာဟာ ရွာ မြို့ ဟာမြို့ အဖြစ် ကွာဟမှုတွေ ရှိနေပါသေးလားလို့ တွေးနေမိပါတယ် ။ အခုချိန်မှာ ဆက်သွယ် ပြောဆိုစရာ တယ်လီဖုန်းတွေ ရွာမှာ ( လိုင်းမိအောင် အထူးတလည် တပ်ဆင်ပြီး ) သုံးပြုနိုင်ကြလို့ သာတော်တော့တယ် ။ ရွာမှာ ကျမ်းမာရေး စောက်ရှောက်မှု အနေနဲ့ အစိုးရ သားဖွားဆရာမတစ်ယောက်ရှိတယ်လို့ သိရပါတယ် ။ သာမန် အဖြားရောဂါနဲ့ ဆေးရုံ မတက်ရတဲ့ ရောဂါ တွေ ဆိုရင်တော့ ရွာကလက်ခံထားတဲ့ ဆေးဆရာ အမည်ခံတွေ ဆီမှာပဲ ဆေးထိုး ဆေးသောက် နဲ့ ကုသခံကြ ပုံရတယ် ။ ရွာထဲက စီးပွားရေး ပြေလည်ပြီး အသိဥာဏ် ဗဟု သုတရှိတဲ့ အဒေါ်ကြီးတစ်ယောက်က .. တို့ ဆီမှာ ဆရာဝန်တစ်ယောက် တော့ လိုတာပါ့….အခုလက်ရှိမှာတော့ မသေသင့်ဘဲ သေတဲ့ သူနဲ့ ရေတိမ်နစ်တဲ့ သူတွေ တော်တော်များနေပြီ… တဲ့ ။ အဲ လို အပြောမျိုး ကျန်တဲ့ ရွာသားတွေ ပြောသံ သိမ်မကြားရပါဘူး ။ စောစောက အဒေါ်ကြီးပြောသလို မသေသင့် ဘဲ သေသွးကြရတဲ့ လူတွေအတွက် ဗုဒ္ဓဘာသာဝင်တွေ ပီပီ သေနေ့ စေ့လို့ သေတယ် ဆိုတာ နဲ့ လူတွေဟာ သူ့ ကံပါလာသလောက်ပဲ လူ့ ပြည်မှာ နေကြရတယ်လို့ ယူဆ ထားကြတာလားတော့ မသိဘူး ။



                    ဒီနေ့ တစ်နေကုန် ရွာထဲ လျှောက်လည်ပြီးတာနဲ့ မနေ့ က ညဘက်ကြီးယောချောင်းမှာ ကျတော့် ကို ရေသွားချိုးခိုင်းရတာ အားနာလို့ လားတော့ မသိ ညနေ 4 နာရီလောက်မှာ ကျတော့်ကို ယောချောင်းဆီ ခေါ်သွားပြီး ရေချိုးစေပါတယ် ။ အဲလိုမျိုးလင်းလင်းကျင်းကျင်း အချိန်မှာဆိုရင်တော့ ရေချိုးရုံ ဘယ်ကမလဲ အားရအောင် ရေတွေ ဘာတွေတောင် ကူးလိုက်သေးတယ် ။ ဒီလို ချောင်းထဲ ရေမကူးရတာကြာပေါ့ ..။ ကျတော့် အထင် ဒီလက်ပန်းရွာ ရှုခင်းကို ဒီအချိန်မှာ ကြည့်ရတာ အကောင်းဆုံးလို့ ထင်တယ် ။ အနောက်ဘက်က ၀င်ခါနီး နေလုံးကြီးက လက်ပန်းရွာရှိတဲ့ တောင်ကုန်းလေးရယ်  ရွာအ၀င် လက်ပံပင် ကြီးရယ် ပြီးတော့ အဲဒီနားမှာ တောင်နဲ့ မြောက် စီးဆင်းနေတဲ့ ယောချာင်းကြီးကို မီးမောင်ထိုးပေးထားသလိုကို ဖြစ်နေပါတော့ တယ် ။ အဲ ဒီ အချိန်မှာ ဆိုရင် ချောင်းတန်း တစ်လျောက်ရှိ ရွာတွေက ရေချိုးနေသူ ၊ ချိုးဖို့ လာနေသူနဲ့ ရေချိုးပြီး ပြန်သွားသူတွေဟာ စည်ကားလို့ နေတယ် ။ ဒါအပြင် အဲ ဒီ အချိန်ဟာ ချောင်းတစ်လျှောက် ကြက်သွန်ခင်း ၊ ပဲခင်း စိုက်ပျိုးထားတဲ့ သူတွေက စိုက်ခင်းထဲကို ရေတွေ ပက်ကြတဲ့ အချိန်ဖြစ်ပါတယ်  ။


ညနေစောင်း ယောချောင်းကို ရေချိုးဆင်းချိန် .....

    ညစာထမင်းကိုတော့ သူငယ်ချင်းရဲ့ အဘိုးနဲ့ အဖွား အိမ်မှာ အဒေါ်တွေက ချက်ကြွေးတဲ့ ထမင်းကို စားရမယ်တဲ့ ။ စားပွဲ အ၀ိုင်း တစ်ခုထဲ မှာ ဟင်းခွက်တွေ အပြည်ခင်းထားပြီး အိမ်ဦးခန်းမှာ ပြင်ထားပေးတယ် ။ အဲ ဒီအချိန်ကျတော့် သူငယ်ချင်းက ရွာထဲ ခဏ ၀င်သွားတာမို့ ကျတော့် တစ်ယောက်တည်း စားဖို့ အတွက် ပြင်ပေးထားတာ လို့ ပြောပါတယ် ။ ကျတော့် က ..အဲ လိုတော့ မဖြစ်ဘူး ဆိုပြီး အဖိုးနဲ့ အဖွားကိုပါ ကျတော်နဲ့ အတူတူ ၀င်စားဖို့ အတော်လေးကိုတောင်းပန်ရတယ် ။ ဟင်းတွေကတော့ စုံနေတာပါဘဲ ။ လက်ပံခြောက် အချဉ်ရည်ဟင်းက သောက်လို့ ကောင်းပြီး အနံ့ လေးက တစ်မျိုး ဖြစ်နေလို့ သေချာ ကြည့်လိုက်တော့ ဇီးသီးခြောက်လေးတွေ ထည့်ချက်ထားတာကို တွေ့ ရတယ် ။ .ဇီးသီခြောက်လည်း ဟာင်းချက်လို့ ရတာပဲကိုး …။ ကြက်သား ဟင်းကတော့ ငရုပ်သီးစပ်စပ်လေးနဲ့ ချက်ထားတော့ မအီဘဲနဲ့ စားလို့ ကောင်းလှတယ် ။ ကျတော်တို့ ဆီက စီပီ ကြက် အရသာနဲ့ တော့ ကွာပါ့ ။ နောက် ပြီး ဟင်းတစ်မယ်က ချမ်းချဉ်သီးနဲ့ ပျားသားပေါက်လေးတွေကို ရောပြီးချက်ထားတာတဲ့ ။ အဆန်းပါလား … တစ်ခါမှကို မစားဖူးသေးတဲ့ ဟင်းတစ်မျိုးပါပဲ ။ နောက်ပြီး ကျွန်တော်တို့ ရေချိုးသွားတုန်း သူငယ်ချင်းက ငါးဖမ်းတဲ့ သူဆီမှာ လပ်လပ်ဆပ်ဆပ် ၀ယ်လာပြီး အသုပ်လုပ်ထားတဲ့ ငါးသုပ် လည်းပါသေးတယ် ။ အဲဒီညက စားရတဲ့ ညစာကိုတော့ စားနေကျထက် နဲနဲ ပိုပြည့်အောင်ကို စားလိုက်မိပါတယ် ။ မနက်ရောက်တော့  ကျတော့ သူငယ်ချင်းက .. အစ်ကိုကြီးကို ကျတော့် အဘိုးက တော်တော်ကို ခင်မင်ပုံဘဲ ဗျ .. ကျတော်တို့ ကာလသားတွေ ဟင်းချက်စားဖို့ သူမွေးထား တဲ့ ကြက်ကိုတောင်းရင် တစ်ခါမှ မရဘူး ..အခု အစ်ကိုကြီးကို ချက်ကျွေးဖို့ သူမွေးထားတဲ့ ကြက်ကို တစ်ခြားတစ်ယောက်အကူညီနဲ့  သူကိုယ်တိုင်စီမံလိုက်တာဗျ …တဲ့  ..ကဲ ။ ကျတော့်မှာတော့ ကြားရတာ အားနာသလိုလို ၊ စိတ်ညစ်သလိုလို ၊ ရည်ချင်သလိုလိုနဲ့ စိတ်ထဲမှာ ခံစားရတာ ဘယ်လိုကြီးမှန်းကိုသိဘူး ။ အဘ ကိုတော့ စိတ်ထဲ ကနေပြီး အမြန်ဦးချကန်တော့လိုက်ရပါတယ် ။


ညနေစောင်းရေချိုးဆင်းချိန် ယောချောင်းမြင်ကွင်း .....

   ထမင်းစားပြီးလို့ ခဏ အကြာမှာ သူတို့ ရွာဓလေ့ ထမဲနဲ ထိုးပါတယ် ။ ညဘက် ကျတော်ကို အကြောင်းပြုပြီး အိမ်ကို လာလည်တဲ့ ဧည်သည်တွေ နဲ့ ကျတော့် ကိုကျွေးရအောင်တဲ့ ။ ထမဲနဲ ထိုးတာ ကျတော်တို့ ဘက် မှာလို မိုးဗြဲဒယ် အိုးကြီးထဲ မှာ မီး အပူပေးပြီး ထိုးတာမျိုမဟုတ်ဘူး ။ ကောက်ညှင်းကို အရင်တည်ပြီး ဒန်အိုးအငယ်ကို မီးပူ မပေးဘဲ ယောင်းမငယ် နှစ်လက်နဲ့ ထိုးရင်း ပဲဆီထည့် ၊ မြေပဲထည့် ၊ နှမ်းထည့် .နဲ့ ကောက်ညှင်းတွေ စေထန်းသွားတဲ့ အထိ ထိုးကြတာပါ ။ ထမဲနဲ နဲ့ ရေနွေးကျမ်း ၀ိုင်းဖွဲ့ ပြီးနောက်မှာ ညအိပ်တဲ့ သူငယ်ချင်းရဲ့ အိမ်အသစ်လေးကိုသွားကြပါတယ် ။

                              အိမ်ရောက်မှာတော့ ကျတော်သူငယ်ချင်းရဲ့ ဆွေမျိုးတွေ အကုန်လုံးနဲ့ အနီးနားက လူတွေလည်း အိမ်ကိုလာပြီး စကားတွေ လာပြောကြပါတယ် ။ တချို့ ကလည်း မနက်ဖြန်ပြန်တော့ မယ့် ကျတော့် ကို ယာခင်းထဲ သွားတဲ့ အချိန်နဲ့ လွဲ နေမှာမို့ ကြိုပြီး လာနုတ်ဆက်တာတဲ့ ။ သူငယ်ချင်းနဲ့ ပက်သက်တဲ့ ဆွေမျိုးတွေက တော့ သူတို့ ဆွေမျိုးတွေ နဲ့ တွေ အကြောင်း ၊ သူ့ဒေသ ကိုယ့် ဒေသ ကွဲပြားမှုလေးတွေ ၊ ထူးဆန်းစွာ ထားဝယ်စကားနဲ့ အသံထွက်ရော ပြောဆိုပုံ လေသံ ပါတူနေတာတွေ ပြောဆို ဖလှယ်ကြပါတယ် ။ ရွာခံဖြစ်တဲ့ ကျတော့် သူငယ်ချင်းက သူ့ အဖွား စကားပြောတာ ယောဝဲလို့ တော်ရုံလူ နားမလည်ဘူးတဲ့ .။ အခု ဟိုးအဝေးကြီးဖြစ်တဲ့ ထားဝယ်က လာတဲ့ ကျတော်က အဖွားပြောတာ ကောင်းကောင်းကြီးကိုနားလည်နေတယ် ။ ဘာလို့ လဲ ဆိုတော့ စကားလုံးတော်တော် များများက ထားဝယ် စကားနဲ့ တူနေတာကိုး ။   ဥပမာ … နင် ဆိုရင်  နန် ၊ စာသင်တယ် ဆိုရင် စာသန်တယ် ၊ နင်း တယ် ဆိုရင် နမ်းတယ် ၊ ရည်းစား ဆိုရင် ရဲစား ၊ ရေတွင်း ဆိုရင် ရေဒွမ်း ၊ ထမင်းနဲ့ ဟင်း ဆိုရင် ထမှန်း န ဟမ်း …..စသဖြင့် အဲလိုဟာမျိုးလေးတွေပါ ။  အဘွားက ဒီရွာမှာမွေး ဒီရွာမှာကြီးပြီး ရွာကနေ ကနေ အပြင်ဘက်ဒေသ ကို သိပ်မရောက်ဖူးတော့ ယောစကား ယော သံတွေက မပျောက်ဘူးတဲ့ ။ အခုခေတ် နောက်လူတွေ က တခြားဒေသတွေနဲ့ ကူးလူးဆက်နွယ်သွာလာဖူးကြတဲ့အခါ ယောစကား အသံဟာပျောက်သလောက်ဖြစ်လာပြီး ဗမာပြောဟန်တွေပါလာတယ်လို့ သိရပါတယ် ။ အခုယောသား ကျတော့် သူငယ်ချင်းစကားပြောရာမှာလည်း ယောဟန်နဲ့ ပြောမိသွာတဲ့ စကားလုံးလေးတွေ ကို မသိမသာချက်ချင်းပြန်ပြင်ပြီး ပြောနေတာကို သတိထားမိပါတယ် ။ လူတွေကလည်း အခက်သားမို့လား .။  အဲလို မူလဒေသ လေသံတွေ နဲ့ စကားပြောကြတဲ့ သူတွေ ကို တောသံပါတယ် .. အညာလေသံကြီး ..စသဖြစ်ပြောဆိုတတ်ကြတော့  အဲလို မျိုးအပြောမခံရလေအောင် ကိုရွေနယ်သားတွေက သူတို့ ပင်ကိုယ် စကားသံတွေ ကို ပြင်ပြောရင်းပြောရင်း နဲ့ မူရင်းစကားသံဟာပျောက်ကုန် တော့တာပဲ ။ ကျန်တော် တို့ ထားဝယ်စကားတွေ လည်း အဲလို ပုံစံမျိုးနဲ့ တော်တော် များများပျောက်ကုန်ပါပြီ ။

သူတို့ ဆီက ထမနဲ့ ထိုးနည်း ......

  ကျတော့် ကိုလာတွေ့ ပြီး စကားလာပြောတဲ့ အသက် 25 နှစ်ကနေ 50 အကြား အစ်ကိုကြီး အစ်မကြီး ၊ အဒေါ်ကြီး တို့ကို ရန်ကုန်မြို့ ကိုရောက်ဖူးလားလို့ မေးတော့ တစ်ယောက်မှ ရောက်ဖူးတယ်လို့ မဖြေဘူး ။ ကျောက်ထုမြို့ နဲ့ တိုက်ရိုက်က်ကားလမ်းပေါက်နေတဲ့ ပခုက္ကူနဲ့ မန္တလေး မြို့ တွေ ကိုတောင်မှ ရောက်ဖူးတဲ့ သူခပ်ရှားရှားပါ ။ အသက် 38 နှစ်အရွယ် အစ်ကို တစ်ယောက်က   ဒီတစ်သက်တော့ ရန်ကုန်မြို့ ကြီးကို ရောက်ဖူးတော့ မှာမဟုတ်တော့ ပါဘူးဗျာ… ဆိုပြီးအားလျှော့တဲ့ လေသံနဲ့ ပြောတာကိုတော့ တော်တော်ကို စိတ်မကောင်းဖြစ်မိပါတယ် ။ ဆိုလိုတာက ရန်ကုန်မြို့ ကြီးကို ရောက်ဖူးမှ လူရာဝင်မယ်လို့ ပြောတာမဟုတ်ပါဘူး ။ သူတို့ သက်တမ်း တစ်လျှောက်မှာ ဒီရွာနဲ့ ဒီပတ်ဝန်းကျင် နေရာတွေ မှာသာ အချိန်ကုန်သွားတာ မျိုးမဟုတ်ဘဲ အပြင်ဘက်လောက ကြီးကိုလည်း တစ်ခါတစ်လေလောက် ထွက်ပြီး လေ့လာ ကြည့်ရှု စေချင်လို့ပါ ။ အသက် ခြောက်ဆယ်နား နီးကပ်နေတဲ့ အဘကြီး အဒေါ်ကြီး အနေနဲ့ လည်း ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြတဲ့ အလျှောက် ကိုယ့်နိုင်ငံမှာ ထင်ရှားကျော်ကြားတဲ့ ရွှေတိဂုံ စေတီကြီးလို အထင်ကရဘုရားတွေကို ဖူးခွင့် ရစေချင်တာပါပဲ ။ ရွာမှာက ရှမ်းစတားဂျစ် လို ကားလေး သုံးစီးရှိပြီး ပခုက္ကူနဲ့ အလှည့်ကျ ကုန်ပစ္စည်းနဲ့ လူတွေကို ပို့ ဆောင်ပေးနေတယ်လို့ သိရပါတယ် ။ အသက်ကြီးပိုင်းက လူတွေ ပြောလေ့ရှိတာက     ကားကြားကြာမစီးနိုင်ဘူး .. အဲလိုစီးလို့ ရှိရင် မူးဝေ အော့အန်တော့ တာ ..တဲ့  ။ အဲဒါက motion sickness ဖြစ်တာကိုပြောတယ်လို့ ထင်ရပါတယ်  ။ ဒါကလည်း ခရီးသွားလေ့မရှိတဲ့ သူတွေ ပဲဖြစ်တတ်ကြတာပါ ။ အလေ့အကျင့်ဖြစ်ဖြစ်သွားရင် အဲ ဒါတွေက မဖြစ်တော့ပါဘူး ။  နောက် လူငယ်လေးတွေကို ကမ္ဘာ့နိုင်ငံ အသီးသီးကနေပြီးမှ လာရောက်လည်ပတ်ကြရတဲ့   သူတို့ အရပ်ဒေသနဲ့ သိပ်မဝေးလှတဲ့   ပုဂံရှေးဟောင်းနယ်မြေကို ရောက်ဖူးကြလားလို့ မေးတော့ လည်း ရောက်ဖူးတယ်လို့ပြောတဲ့ သူတော်တော်ရှားပါတယ် ။ ရုပ်စွဆုံး သူတို့ အနားမှာ ကပ်နေတဲ့ ပုံတောင် ပုံညာဒေသအကြောင်းကိုလည်း သူတို့ ရေရေရာရာ မသိကြ ။ ဒါကတော့ တန်းပညာ သင်ဖူးတာအပြင် တခြားအပြင်ပ ဗဟုသုတ ဖြစ်ဖွယ် စာပေတွေကိုပါလေ့လာမှ သိနိုင်တဲ့ အကြောင်းတရားတွေ ဖြစ်တော့ သိပ်ပြီး အပြစ်တင်လို့ တော့ မဖြစ်ဘူး ။



ညဘက် ကျတော့် ဆီကို စကားလာပြောရင် နုတ်ဆက်ကြသူတွေ .....
                      ဒီဒေသက ဒီရွာတွေနဲ့ ပက်သက်ပြီး အကြောင်းတွေ ပြောနေရရင်တော့ စာတော်တော် ရှည်သွားမှာမို့ ဒီမှာပဲ အဆုံးသပ် လိုက်ပါရစေတော့ ။ အဓိကကတော့ ကျေးရွာနေ လူထုကြီးတစ်ခုလုံး ဘ၀မြှင့်တင်နိုင်ဖို့ ဆိုတာ စီးပွားရေး လူမှုရေး နဲ့ အလုပ်ကိုင်အခွင့်လမ်းတွေပေါ်ပေါက်အောင် သက်ဆိုင်ရာ အစိုးရအဖွဲ့ စည်းတွေက လုပ်ဆောင်ပေးကြရမှာ ဖြစ်သလို ဒေသခံ ပြည်သူလူထုဖက်မှလည်း ရလာတဲ့ အခွင်းရေးကိုလက်မလွပ်စေဘဲ သူတို့ ကိုယ်နှိက်က လက်ရှိဘ၀ကနေ ရုန်းထွက်လိုစိတ်နဲ့ ကြိုးစားရမှာ ဖြစ်တယ်လို့ ကျတော့် အနေနဲ့ မြင်မိပါတယ် ။ ဒါက ကျတော်မြင်တတ်သလောက်မြင်မိတာပါ ။ တကယ်တော့  ဒီလို တစ်ရက် နှစ်ရက် အတွင်း ကျတော်မြင်တွေ့ ကြားသိခဲ့ရတာတွေ ကိုအခြေခံပြီး လည်း မှန်ကန်ဆုံးကောက်ချက်ချမှုကို မရရှိနိုင်ဘူးလို့ ကျတော် ကောင်းကောင်းကြီး သဘောပေါက်ပါတယ် ။

                        မနက်မိုးလင်းတော့ ရွာကနေ ပြန်ရတော့ မှာမို့ ကျောက်ထုကို မနက် 10 နာရီထိုးသွားဖို့ ပြင်ဆင်ရပါတယ် ။ ကျတော်တို့ စုရပ်ဖြစ်တဲ့ သူငယ်ချင်းရဲ့  အဖိုးဖွားအိမ် ကိုကျတော်ရောက်လာတဲ့ အချိန်မှာ ရွာထဲက လူတွေ အလျှိုလျှိုထွက်လာကြပြီး ကျတော့် ကိုလာနုတ်ဆက်ကြပါတယ် ။ အဖွားတို့ မိသားစုကလည်း လာနုတ်ဆက်တဲ့ သူတွေကို ညက ထိုးထားတဲ့ ထမဲနဲ နဲ့ ရေနွေးကျမ်းချကျွေးရတာလဲအမောပါပဲ ။ တချို့ ကလည်း ဒီနှစ်ရက်ထဲ ရွာကိုလာလည်လို့ ဧည့်ဝတ်တောင် ကောင်းကောင်းမပြုလိုက်ရဘူးဆိုပြီး မကြေမနပ်နဲ့ ဆိုပြန်တယ် ။ သူတို့ အလိုရ တစ်ပါတ်လောက်ကိုနေစေချင်ပြီးတော့ ကျွေးမွေးပြုစုပြီးတော့ မှ ရွာအနေနဲ့ ဧည့်ဝတ်ကျေတယ်လို့ ယူဆထားပုံရပါတယ် ။ ကျတော့် ဘက်ကလည်း ဒီလို ပြုစုပုံမျိုးနဲ့ တော့ အားနာလွန်းလို့ နောက်ထပ် တစ်ရက်လောက်တောင်ထပ်ပြီး နေလို့ မကျတော့ပါဘူး ။

ကျွန်တေည်ပြန်ခါနီး လာနုတ်ဆက်ကြသူ တစ်ချို့  .....



                      ဒီလိုနဲ့ ဘဲ မနက် 9 နာရီလောက်မှာ ကျတော့်ကိုလိုက်ပို့ မယ့် ဆိုင်ကယ် နှစ်စီး ရောက်လာတော့ လာရောက်နုတ်ဆက်ကြတဲ့ အစ်မကြီး အဒေါ်ကြီး တွေကို လေးလေးနက်နက် နုတ်ဆက်ပြီး ရွာကနေထွက်ခွာလာခဲ့ ပါတယ် ။
 ရွာအပြင် ကိုရောက်တဲ့ အခါမှာဆိုင်ကယ်ကို ခဏ နားစေပြီး နေရောင်အောက်မှာ ငြိမ်သက်စွာ စီဆင်းနေတဲ့ ယောချောင်းကြီးနဲ့ ကုန်းမြင့် လေးအပေါ်က လက်ပန်းရွာလေးကို ရွာအ၀င်လက်ပံပင်ကြီးနဲ့ အတူ နောက်ဆုံးနှတ်ဆက်တဲ့ အနေနဲ့ မျက်နှာမူပြီး ကြည့်လိုက်ပါသေးတယ်……… ။  



ရွာအပြင် ယောချောင်းနဘေးကနေ လက်ပန်းရွာကို ရွာ အ၀င် လက်ပံပင်ကြီးနဲ့ အတူ နုတ်ဆက်ခဲ့တယ် ။
- နောက်ထပ် ဘယ်တော့ များမှ ရောက်လာအုံးမယ်မှန်းမသိတဲ့ …….. ဒါမှ မဟုတ်
- နောက်ထပ် ရောက်ဖြစ်ချင်မှလည်း ရောက်ဖြစ်တော့ မှာဖြစ်တဲ့ လက်ပန်း ရွာလေးရေ …….နှတ်ဆက်ပါတယ် ခင်ဗျာ …. ။


                          ( ယောနယ်က ပြန်ခဲ့ တဲ့ ရန်နောင်စိုး )

Share this article :

Post a Comment

 
Support : Copyright © 2011. လွင့်မောင်မောင်(ထားဝယ်) - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger