Home » » ရှေးဟောင်းသုတေသန နည်းပညာနှင့် ရေအောက်မြို့တော် Atlantis

ရှေးဟောင်းသုတေသန နည်းပညာနှင့် ရေအောက်မြို့တော် Atlantis

Written By လွင့်မောင်မောင် on Friday, October 5, 2012 | 9:10 AM

 
ကောင်းကင်ပြင်တစ်ခုလုံးက မည်းမှောင်လျက်၊ လေပြင်းတွေကလည်း တစ်ဝေါဝေါတိုက်ခတ်နေသည်။ လှိုင်းလုံးကြီးများ၏ အော်မြည်သံကလည်း ကြောက်မက်ဖွယ်ကောင်းလှသည်။

အခြေတကျယဉ်ကျေးမှု တို့ ရှင်သန်ခဲ့သော၊ အာရှမိုင်းနား (တူရကီ)နှင့် လစ်ဗျားနိုင်ငံနှစ်ခုပေါင်း၏ ဧရိယာထက်ပင်ကျယ်ပြန်ခဲ့သော၊ မြေထဲပင်လယ်နှင့် ထိစပ်ရာနိုင်ငံများအပေါ် ထီးဆောင်းမင်းဖြစ်ခဲ့သော ဤနိုင်ငံတော်သည် ဆိုးရွားပြင်းထန်လှသော သဘာဝဘေးဆိုးကြီး၏အောက်တွင် အလူးအလဲရောက်ရှိ၍နေလေပြီ။ တစ်နေ့နှင့်တစ်ညဟူသောအချိန်သည် မည်သို့မျှမကြာလိုက်။ Atlantis ဟူ၍ သမိုင်းတွင်ကျော်ကြားခဲ့သော နိုင်ငံတော်သည် မိုးထိမြင့်မားလှိုင်းလုံးကြီးများ၏အောက်တွင် စုန်းစုန်းမြုပ်၍ ပျောက်ကွယ်ခဲ့ရလေတော့သည်။ Atlantis နိုင်ငံတော်သည် ဒဏ္ဍာရီအဖြစ်လည်းကောင်း၊ ဂမ္ဘီရပုံပြင်အဖြစ်လည်းကောင်း လူတို့ပါးစပ်ဖျားတွင် ကျန်ရစ်ခဲ့သည်။ ရေအောက်တွင် နစ်မြုပ်ပျောက်ကွယ်သွားခဲ့သော မြို့တော်ကြီးကို တစ်နေ့ပြန်တွေ့လိမ့်နိုးဖြင့် မျှော်လင့်ခဲ့ကြသည်။ ဤသို့ဖြင့် ပါးစပ်ရာဇ၀င်လက်ဆင့်ကမ်းလာခဲ့သော Atlantis သည် ဂရိပညာရှိပလေတို၏ လက်ထက်ရောက်မှသာလျှင် စာပေထက်အက္ခရာတင်သည့်ဘ၀သို့ ရောက်ရှိလာခဲ့သည်။ Atlantis ရာဇ၀င်ကို အီဂျစ်ဘုန်းတော်ကြီးတစ်ပါးက အေသင်မြို့တော်လူကြီး Solon အားပြောပြခဲ့သည်။ အဆိုပါမြို့တော်ကြီး ရေအောက်သို့ရောက်သွားခဲ့သည်မှာ ခရစ်တော်မပေါ်မီ နှစ်ပေါင်းတစ်သောင်းခန့် (10th milleneum BC) ဟု ဆိုပါ၏။ ထိုအကြောင်းခြင်းရာတို့ကို ပလေတိုက အပြန်အလှန်ဆွေးနွေးခန်းပုံစံဖြင့် ရေးဖွဲ့ခဲ့သော Timaeus နှင့် Critius ဟူသည့်စာစုများတွင် ထည့်သွင်းဖော်ပြခဲ့လေသည်။ မြေငလျင်လှုပ်ရာမှ ပေါ်ပေါက်လာသော ဧရာမလှိုင်းလုံးကြီးများ၏ ၀ါးမြိုမှုအောက်တွင် ပျောက်ကွယ်ခဲ့ရသည့် Atlantis ဘီစီ ၃၄၇ ခုနှစ်တွင် ဂရိဒဿနပညာရှင်ပလေတို ကွယ်လွန်ခဲ့သည်ဖြစ်၍ သူရေးခဲ့သောသမိုင်းသည်ပင်လျှင် နှစ်ပေါင်းနှစ်ထောင်ကျော်ခဲ့ပြီ။ အသေးစိတ်သရုပ်ဖော် ရေးသားခဲ့သော Atlantis သမိုင်းသည် ပုံဝတ္ထုတစ်ပုဒ်ပေလော။ မြို့တော်ကြီး၏တည်နေရာသည် မြေထဲပင်လယ်ဝရှိ ဟာကျူလီထောက်တိုင်များဟုကျော်ကြားသော ကျောက်ကမ်းပါးနံရံ၌ဟူ၍ ခပ်ရေးရေးသိရသည်။ Atlantis မြို့တော်ကြီးဟူသည်မှာ ရှိနိုင်ကောင်း၏ဟုဆိုသော်လည်း သမိုင်းမှတ်တမ်းရေးသူ ပလေတိုကိုယ်တိုင်ပင်လျှင် မပျက်မစီးကျန်ခဲ့သော မှတ်တမ်းမှတ်ရာများကို အခြေပြုပြီး ရေးသားခဲ့သည်မဟုတ်၍ မှန်သည်ဟုလည်း မပြောနိုင်ပြန်ပေ။ အကယ်၍ ရိုးရိုးသာမှန်ခဲ့လျှင် ယင်းမြို့တော်ကြီးသည် ဂျီဘရောလ်တာကျောက်ဆောင်ကြီး (Rdock of Gibraltar) အနီးတ၀ိုက်တွင်သာရှိရမည်ဟု ရှေးဟောင်းသုတေသီပညာရှင်များ သဘောတူညီခဲ့ကြလေသည်။ ဂျီဘရော်လ်တာသီဝရီကိုအခြေပြု၍ Atlantis ရှေးဟောင်းမြို့တော်ကြီးကို ရှာပုံတော်ဖွင့်ခဲ့ကြသူများမှာ ဂျာမန်ရှေးဟောင်းသုတေသနပညာရှင်များ ဖြစ်ကြပါ၏။ သုတေသနလုပ်ငန်းများစတင်ခဲ့သည်ကပင် နှစ်ပေါင်းကိုးဆယ်က ပျောက်ကွယ်သွားခဲ့သော ပိုနီးရှန်းကုန်သွယ်မှုမြို့လေးနှင့် နှီးနွှယ်မှုရှိရမည်ဟု သူတို့ယူဆခဲ့ကြသည်။ အဆိုပါမြို့လေးသည် စပိန်ကမ်းရိုးတန်းတစ်နေရာတွင်ရှိပြီး Tartessus ဟုလူသိများလေသည်။ ပလေတိုနောက်ပိုင်း များစွာနောက်ကျ၍ရေးသားခဲ့သော စာပေတို့တွင် Tartessus ၏တည်နေရာသည် ဗြိတိသျှတို့၏ ကင်းတပ်မြို့ဖြစ်ခဲ့သော ကာဒစ်ဇ် (Cadiz) မြို့၏ မြောက်ဘက်မိုင် (၆၀) ခန့်ဝန်းကျင်တွင်ရှိမည်ဟု သဲလွန်စပေးခဲ့ကြသည်။ ကာဒစ်ဇ်မြို့သည် စပိန်နိုင်ငံတောင်ပိုင်း ကာဒစ်ဇ်ပင်လယ်ကွေ့တွင်ရှိသော ပင်လယ်ဆိပ်ကမ်းမြို့လေးဖြစ်လေသည်။ သူတို့ခန့်မှန်းခဲ့သောနေရာသည် စပိန်နိုင်ငံတောင်ပိုင်းတွင်ရှိပြီး မြေပုံပေါ်တွင် Andalucia အမည်ဖြင့်တွေ့နိုင်သည်။ လွန်ခဲ့သော (၈) နှစ်ကမူ ပညာရှင်နှစ်ယောက်သည် ဂြိုဟ်တုမြေပုံပေါ်ရှိ သားရဲတိရစ္ဆာန်ဘေးမဲ့သစ်တောကြိုးဝိုင်းတစ်ခုကို စစ်ဆေးကြည့်ရှုရင်း သဲလွန်စအထောက်အထားရှာဖွေရန်အတွက် Andalucia အရပ်သို့ ရောက်လာခဲ့သည်။ ကျေးငှက်တိရစ္ဆာန်ဘေးမဲ့တောတစ်ခုလည်း အနီးအနားတွင်ရှိသည့် အဆိုပါသစ်တောကြိုးဝိုင်းသည် Dofia Ana အမျိုးသားဥယျာဉ်အတွင်းတွင် တည်ရှိနေပါ၏။ ဂြိုဟ်တုမြေပုံထဲတွင် ပကတိစက်ဝိုင်းနီးပါး ၀ိုင်းစက်နေသောအရာတစ်ခုကို သူတို့သတိထားကြသည်။ ထိုအရာသည် နွံပြင်၏နက်ရှိုင်းသော နေရာတွင်တည်ရှိနေပြီး ယင်းမှနေ၍ အနီးရှိမြစ်ဆီသို့ လမ်းတစ်ခုလည်းရှိနေသည်။ သူ့အနီးအနားတွင်လည်း လေးထောင့်ကွက်ပုံ အမှတ်အသားများ ရှိနေလေသေးသည်။ သဘာဝအတိုင်းရှိနေသော ပစ္စည်းများဖြစ်ခဲ့လျှင် ဤနွံတောနှင့် ခွဲခြားကြည့်၍မရနိုင်အောင် ရှိနေရပေမည်။ ခွဲခြားကြည့်၍ရနေသည်ဆိုကတည်းက ယင်းအရာတို့သည် လူက တမင်တကာ ဖန်တီးပြုလုပ်ခဲ့ပုံပေါက်သည်။ ဂြိုဟ်တုမြေပုံပေါ်တွင် ယင်းစက်ဝိုင်းရှိနေသောနေရာမှာ မြောက်ဘက် ၃၆ ဒီဂရီ ၅၇ မိနစ် ၂၅ စက္ကန့်နှင့် အနောက်ဘက် ၆ ဒီဂရီ ၂၂ မိနစ် ၅၈ စက္ကန့် ကိုသြဒီနိတ်မျဉ်းများဆုံရာအရပ်တွင်ဖြစ်သည်။ ပလေတိုကသူ့စာထဲတွင် Atlantis မြို့တော်ကြီးအကြောင်းကို သရုပ်ဖော်ရာ၌ ဗဟိုတူစက်ဝိုင်းများဖြင့် ဖွဲ့စည်းထားသောမြို့ကြီးဟု ဆိုခဲ့သည်။ သို့ဆိုလျှင် ဂြိုလ်တုမြေပုံပေါ်၌တွေ့ရသောစက်ဝိုင်းသည် Atlantis ၏ ကြွင်းကျန်သောခြေရာ ဖြစ်နိုင်ပေသည်။ ဂျာမန်သိပ္ပံပညာရှင်တို့၏ မှန်းဆချက်အပေါ်အခြေပြု၍ လုပ်ငန်းစဉ်ကို စပိန်ရှေးဟောင်း သုတေသနပညာရှင်အဖွဲ့တစ်ခုသည် ရှာဖွေရေးလုပ်ငန်းစဉ်ကို အစပြုခဲ့ကြသည်။ သူတို့တူးဆွသည့်နွံတောက တစ်နှစ်တာ၏လအတော်များများတွင် ရေလွှမ်းပြီး သြဂုတ်လ၌သာ ခြောက်ခြောက်သွေ့သွေ့ရှိသည်ဖြစ်ရာ Atlantis မြို့တော်ရှာဖွေရေး လုပ်ငန်းစဉ်သည် များစွာခက်ခဲလှတော့သည်။ အလုပ်မတွင်လှသဖြင့် သူတို့သည် အဆင့်မြင့်နည်းပညာများသုံး၍ ရှေးဟောင်းသုတေသနလုပ်ငန်းကို ဆောင်ရွက်နေသော အမေရိကန်သုတေသီတစ်ဦးထံသို့ ခြေဦးလှည့်ခဲ့ကြသည်။ ယင်းသုတေသီမှာ Hartford တက္ကသိုလ်မှ Freund ပင်။ Freund ကလည်း ထိုအခွင့်အရေးကို စိတ်အားထက်သန်စွာပင်လက်ခံသည်။ သူ့အဆက်အသွယ်ဖြင့် ပံ့ပိုးကူညီမှုများတွင် ကနေဒါနိုင်ငံရှိ ရေနံတူးဖော်ရေးကုမ္ပဏီတစ်ခုမှ ခေတ်မီနည်းပညာသုံး ပစ္စည်းနှစ်မျိုးပါလာသည်။ တစ်မျိုးမှာ မြေထုကိုထွင်းဖောက်ကြည့်နိုင်သော ရေဒါ (Ground Penetrating Radar) ဖြစ်ပြီး ယင်းစက်က မြေအောက်အနက် (၁၂) မိုင်ခန့်အထိ ထွင်းဖောက်ကြည့်နိုင်သည်။ ယင်းထက်ပို၍ ခေတ်မီဆန်းပြားသောဒုတိယစက်မှာ လျှပ်စစ်ခုခံမှုကိုသုံး၍ ပုံဖော်ကြည့်သည့်ကိရိယာ (Electrical- Resistvity- Tomography Equipment) ဖြစ်ပြီး ပထမစက်အမျိုးအစားထက်ပိုပြီး မြေအောက်သို့ နက်ရှိုင်းစွာ ထိုးဖောက်ကြည့်နိုင်လေသည်။ Freund နှင့်အတူ လက်တွဲအလုပ်လုပ်သူများထဲတွင် ဖလော်ရီဒါတောင်ပိုင်းတက္ကသိုလ်မှ ကျွမ်းကျင်ပညာရှင်များအပြင် National Geographic ရုပ်သံလွှင့်လိုင်းအတွက် ရုပ်ရှင်ရိုက်ကူးပေးသော ကနေဒါကုမ္ပဏီတစ်ခုလည်းပါသည်။ အီလက်ထရွန်နစ် စစ်ဆေးရေးစက်များဖြင့် တိုင်းတာထောက်လှမ်းကြည့်သောအခါ ဂြိုဟ်တုမြေပုံမှာပါသည့်စက်ဝိုင်း၏ အောက်ခြေကို ထွင်းဖောက်မြင်ရတော့သည်။ ယင်းတွင် ဂြိုဟ်တုမှလှမ်းမြင်ရသည့် မြောင်းရှည်ကြီးတစ်ခုပါသလို ဆွဲဆောင်အားကောင်းသည့် မြေသားအလွှာများ၊ မျဉ်းဖြောင့်ပုံသဏ္ဌာန်ဖြင့်ရှိနေသော အဆောက်အဦများလည်း ပါဝင်နေသည်။ Freund ကထိုနေရာအား တူးဖော်ကြည့်ရုံမှလွဲပြီး တခြားနည်းလမ်းမရှိဟု ယူဆသည့်အတွက် ရက်အနည်းငယ်အတွင်း တွေ့ရှိရသည့် အရာများက အထောက်အထားခိုင်လုံလှသည်။ သူတို့တူးဆွမိသည့်နေရာမှာ တစ်ချိန်က Atlantis မြို့တော်ကြီး၏ မြို့ရိုးရှိခဲ့ဟန်တူသည့် နေရာပေတည်း။ ထိုနေရာတွင်တွေ့ရသော မြို့ရိုးကျောက်ချပ်များတွင် Atlantis တိုင်းနိုင်ငံ၏ စစ်သည်တော်ပုံကို ထွင်းထုထားသည်ကို တွေ့ရလေသည်။ မြို့တော်ကြီးအား ကိုယ်စားပြုသည့်သင်္ကေတဖြင့် တန်ဆာဆင်အပ်သောကျောက်တုံးများ၊ ဘီစီ (၃၁၀၀) ပြည့်နှစ်ဟု မှတ်တမ်းထိုးထား သော ရှေးဟောင်းသစ်သားတုံးများကလည်း ထိုနေရာတွင်ရှိနေပါ၏။ မီသိန်းဓါတ်ငွေ့ကြွယ်ဝသော မြေသားအလွှာကလည်း တစ်ချိန်က ဤနေရာတွင် ဒေသခံများ အစုလိုက်အပြုံလိုက် တစ်ချိန်တည်း သေပွဲဝင်ခဲ့ကြသည်ဟု ဆိုနေလေသယောင်။ ကောက်ကာငင်ကာဖြစ်လာသော သဘာဝကပ်ဆိုးကြီးသည် ဤနေရာရှိ လူ့အသိုက်အမြုံအား ၀ါးမြိုသွားပုံရလေသည်။ ဤသို့ဝါးမြိုသွားသောအရာသည် ဆူနာမီရေလှိုင်းကြီးများလည်း ဖြစ်နိုင်သည်။ ယင်းထင်မြင်ချက်ကို သက်သေပြနိုင်ရန်အတွက် Freund သည် ပင်လယ်ဘက်ဆီသို့ထွက်ခဲ့သည်။ ရေငုပ်သမားများအား ထိုနေရာတွင် ငုပ်စေသည်။ တွေ့ရပါပြီ လက်ရာမြောက်ထွင်းထုထားသော ပင်လယ်ရေအောက်မှ ကျောက်တုံးများ၊ ထိုကျောက်တုံးများသည် တစ်ချိန်ကရှိခဲ့သော Atlantis မြို့ရိုးမှကျောက်တုံးများဟု Freund ကဆိုသည်။ မြို့ကြီးကို အကြင်နာ ကင်းမဲ့စွာ ၀ါးမြိုဖျက်ဆီးခဲ့သည့် ဆူနာမီရေလှိုင်းကြီးများက မြို့ရိုးကိုပြိုပျက်ကျစေခဲ့လိမ့်မည်။ ကမ်းပေါ်မှပြန်ဆင်းသွားသော လှိုင်း၏တန်ပြန်ဆွဲအားက မြို့ရိုးကျောက်တုံးများကို အတ္တလန်တိတ်သမုဒ္ဒရာထဲသို့ ဆွဲချခဲ့ပေလိမ့်မည်။ နောက်ဆုံးပိတ် အတည်ပြုသက်သေပြစရာ တစ်ခုသာကျန်သည်။ သို့အတွက် Freund သည် စပိန်နိုင်ငံ၏အလယ်ပိုင်းတွင်ရှိသော နေရာတချို့သို့ သွားခဲ့သည်။ အောက်မေ့ဖွယ်မြို့များ (Memorial Cities) ဟုသူကခေါ်သည့် အဆိုပါနေရာများသည် အမှန်တကယ်တွင် လူသားတို့မည်သည့်အခါကမှ အခြေချနေထိုင်ခဲ့ခြင်းမရှိသော အရပ်များဖြစ်ပါ၏။ ဆူနာမီရေလှိုင်းကြီးများ၏ ၀ါးမြိုခြင်းခံခဲ့ရသော Atlantis မြို့တော်ကြီးမှ ထွက်ပြေးလာခဲ့သော ဒုက္ခသည်များသည် တစ်ချိန်ကသူတို့၏ မိခင်ဒေသကြီးကျယ်ခမ်းနားမှုကို အမှတ်ရနေစေခြင်းမှာ လက်ရှိနေထိုင်ရာအရပ်တွင် ပုံစံတူ Atlantis မြို့ငယ်လေးများကို တည်ထားခဲ့ကြသည်။ အကြောင်းခြင်းရာအားလုံးကို တိုက်ဆိုင်စစ်ဆေးပြီးသည့်အခါ Freund က ကမ္ဘာကျော်သည့် သူတွေ့ရှိချက်ကို ထုတ်ပြန်ကြေညာသည်။ တစ်ချိန်က ပင်လယ်ရေအောက်သို့ရောက်သွားပြီဟု တွေးထင်ထားခဲ့သော Atlantis မြို့တော်ကြီးသည် ရေအောက်သို့ရောက်မသွားဘဲ စပိန်နိုင်ငံတောင်ဘက်ကမ်းရိုးတန်းရှိ ဟီနိုဂျို့စ်နွံပြင် (Hinojios Marsh) အောက်၌ ရှိနေသည်ဆိုခြင်းကိုဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၄,၀၀၀ ခန့်ကပေါ်ပေါက်ခဲ့သော အင်အားကြီးမားသည့်ငလျင်ကြီးက ဖန်တီးသည့် ဆူနာမီရေလှိုင်းကြီးများသည် Atlantis မြို့တော်ကြီးကို တစ်စစီ ခြေမွှဖျက်ဆီးလျက် ပြန်ထွက်သွားခဲ့ခြင်းသာဖြစ်ပေသည်။ နှစ်ပေါင်း (၉,၀၀၀) ဟုဆိုသော ပလေတို၏အရေးအသားသည် မှန်းဆချက်တစ်ခုသာဟု ဆိုနိုင်သည်။ Atlantis မြို့ပျက်ကြီးမှ ဒုက္ခသည်များသည် စပိန်နိုင်ငံကုန်းတွင်းပိုင်းသို့ ထွက်ပြေးလာခဲ့ပြီး ဒေသခံများနှင့် သွေးနှောနေထိုင်ခဲ့ကြသည့်အခါ အတ္တလန်တိတ်ယဉ်ကျေးမှုသည် တစ်စစနှင့် ငုပ်လျှိုးပျောက်ကွယ်ခဲ့ရသည်ဟုလည်း တွေးကြည့်နိုင်ပါသည်။ သမိုင်းက လူသားတို့အတွက် ဆင်ခြင်တုံတရားနှင့်ဆိုင်သည့် သင်ခန်းစာကိုပေးသည်။ ရှေးဟောင်းသုတေသနကမူ လူသားတို့အတွက် အိမ်ရာအခြေချခြင်းနှင့် ပတ်သက်သော သင်ခန်းစာကို ပေးလေသည်။ ရေးသားသူ - ဧဧသက် (ဖြိုးဓနဒစ်ဂျစ်တယ် ဓါတ်ပုံ)
Share this article :

Post a Comment

 
Support : Copyright © 2011. လွင့်မောင်မောင်(ထားဝယ်) - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger