စီးပွားဖြစ် စိုက်ပျိုးသင့်သည့် ဆေးဖက်ဝင် သဘာဝ ပြောင်းဖူး
Written By လွင့်မောင်မောင် on Monday, July 30, 2012 | 6:07 PM
တပ်ကုန်းမြို့နယ် နွယ်ရစ်ကျေးရွာရှိ ဦးဖိုးပြုံး၏ ပြောင်းစိုက်ကွင်းသို့ စာရေးသူသွားရောက်လေ့လာခဲ့သည်။ ဦးဖိုးပြုံး၏ ပြောင်းစိုက်ကွင်းအနီးရောက်တော့ လူများစုစုဝေးဝေးဖြစ်နေကြသည်ကို တွေ့ရပြီး MRTV-4 က အဖွဲ့သားများ ဆေးဖက်ဝင်ပြောင်းဖူးအကြောင်း သတင်းမှတ်တမ်း လာရိုက်နေသည်ကို တွေ့ရသည်။
ဦးဖိုးပြုံးနှင့်အတူ ပြောင်းဖူးမျိုးစေ့ကုမ္ပဏီမှ ဦးဇော်ဝင်းကိုပါ အသင့်တွေ့လိုက်ရသည်။
ပံပြောင်းဖူးမျိုးစေ့ကုမ္ပဏီမှ တာဝန်ရှိသူ ဦးဇော်ဝင်းအား စာရေးသူသိလိုသမျှ မေးမြန်းမိသည်။
''ဆေးဖက်ဝင်ပြောင်းဖူးမျိုးကို ဘယ်နိုင်ငံက မှာယူတင်သွင်းတာပါလဲခင်ဗျာ ''
'' ဒီပြောင်းဖူးမျိုးတွေကို နိုင်ငံခြားမှ တိုက်ရိုက်မှာယူတင်သွင်းပြီး နိုင်ငံအတွင်း ပြန်လည် ရောင်းချပေးနေတာပါ။ အမြို့မြို့ အနယ်နယ်က စိုက်ပျိုးရေးမျိုးစေ့ဆိုင်တွေမှာ ၅ဝဝ ဂရမ် ပြောင်းဖူးမျိုးစေ့ တစ်ဘူးကို ငွေကျပ် ၁၄ဝဝဝ၊ တစ်ကီလို ပြောင်းဖူးမျိုးစေ့ဘူးတစ်ဘူးကို စာမျက်နှာငွေကျပ် ၂၇ဝဝဝ အထိ ရောင်းချနေကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကုမ္ပဏီကို တိုက်ရိုက် မှာယူမယ်ဆိုရင် ဈေးနှုန်းပိုမိုသက်သာပါတယ်''ဟု ဆိုသည်။
''ဦးလေး ဒီဆေးဖက်ဝင်ပြောင်းဖူးတွေက ဘယ်လိုသဘောသဘာဝရှိသလဲဗျ''ဟု မေးရာ
''ဒီဆေးဖက်ဝင် ပြောင်းဖူးတွေက သဘာဝအနီရောင် နဲ့ ခရမ်းရောင်ပေါင်းစပ်ထားတဲ့အတွက် နီညိုရောင်ဖြစ်တယ်။ ဒေသခံတွေက ပတ္တမြားပြောင်း၊ ငချိပ်ပြောင်းလို့လည်း ခေါ်ကြတယ်။ ဈေးကွက်ဝင် စီးပွားဖြစ်နေကြလို့လည်း ဒီဆေးဖက်ဝင်ပြောင်းဖူးကို ပိုမိုစိုက်ပျိုးလာကြတယ်။ ပြောင်းဖူးရဲ့အူတိုင် ပြောင်းဖူးအဆံ အားလုံးက နီညိုရောင်ဖြစ်ပြီးပင်စည်၊ အရွက်၊ အခွံမှာအစိမ်းရောင်နှင့် နီညိုရောင်စပ်ကြားဖြစ်တယ်'' ဟုဖြေကြားသည်။
''ဦးလေး ဆေးဖက်ဝင်တယ်ဆိုတဲ့ကိစ္စကရော ဘယ်လိုလဲဗျ'' ဟုမေးရာ
''လက်တင်အမေရိကနိုင်ငံတွေဘက်မှာ ဒီပြောင်းဖူးကို Peruvian Purple Corn လို့ ခေါ်တယ်။ ဒီပြောင်းဖူးမှာပါတဲ့ အနီရောင်Anthocyanin မှာ အလွန်အစွမ်းထက်တဲ့ Antioxidant က Biological antivities ဆိုတဲ့ ဇီဝဗေဒသတ္တိပါတဲ့အတွက် လူတွေရဲ့ ကျန်းမာရေးကို များစွာ အထောက်အကူပြုတယ်လို့ အမေရိကန်နိုင်ငံ Agricultural Utilization Reserch Institute နဲ့ ဂျပန်နိုင်ငံက H San Ei Gen F.F.I Inc တို့ရဲ့ တွေ့ရှိချက်စာတမ်းတွေမှာ ရေးသားဖော်ပြထားကြတယ်။ ဒီစာတမ်းတွေအရ အိုမင်းရင့်ရော်မှုကို ဟန့်တားပြီး အရွယ်တင်နုပျိုစေတယ်၊ ကင်ဆာရောဂါဆဲလ်များ ပြန့်ပွားခြင်းကို လျော့နည်းစေတယ်၊ အဖုအကျိတ်များ သက်သာပျောက်ကင်းစေတယ်၊ သွေးတိုးရောဂါကို သက်သာပျောက်ကင်းစေတယ်၊ ကိုလက်စထရောများခြင်းကို လျော့နည်းစေတယ်၊ ရောဂါကြောင့် ဝ နေခြင်းကို သက်သာပျောက်ကင်းစေတယ်ဗျ'' ဟူ၍ ပြောကြားသည်။
ထို့နောက် ၄င်းကပင် ''အနောက်ဥရောပနိုင်ငံတွေနဲ့ ဂျပန်၊ ထိုင်း၊ ကိုရီးယား၊ သြစတြေးလျစတဲ့ နိုင်ငံတွေမှာ ဈေးကြီးပေးပြီး ဝယ်ယူစားသုံးနေကြရတယ်။ အချို့က ပြောင်းဖူးပြုတ်တဲ့အရည်ကို ဒီအတိုင်းသောက်သုံးကြ၊ စားသုံးကြတယ်၊ အချို့က ပြောင်းနို့အဖြစ် ထုတ်ယူပြုပြင်စားသုံးကြတယ်။''
အဆိုပါ ပြောင်းဖူးများ မည်သို့ စိုက်ပျိုးကြသည်ကို သိရှိလို၍ လက်တွေ့ စိုက်ပျိုးအောင်မြင်နေသည့် ဦးဖိုးပြုံးအားမေးမြန်းမိပြန်သည်။
''ဒီဆေးဖက်ဝင်ပြောင်းဖူးက အခြားပြောင်းဖူးတွေ စိုက်သလိုပဲ စိုက်ပျိုးစနစ် တူညီပြီး လွယ်ကူစွာစနစ်တကျစိုက်ပျိုးနိုင်တယ်။ စစိုက်တဲ့ရက်ကနေ ၄၅ ရက်မှာ အဖူးစဖူးပြီး ၇၅ ရက်မှာ ဈေးကွက်ဝင်ပြောင်းဖူးတွေရပြီဗျ၊ စိုက်ပျိုးစရိတ်ကတော့ မြေယာထွန်ယက်ခ၊ ပေါင်းရှင်းခ၊ အစခပ်သိမ်းပေါ့ဗျာ။ တစ်ဧကကို ငွေကျပ်သုံးသိန်းခန့် ကုန်ကျတယ်။ ဒါပေမယ့် ပြန်ရောင်းတော့တစ်ဧကကို ၁ဝ သိန်းကျော်လောက်ရလို့တွက်ခြေကိုက်တယ်ဗျ၊ နောက်ပြီး ဒီအရောင်က ဆေးဆိုးထားတာ မဟုတ်ဘူး၊ သူ့သဘာဝ၊ သူ့ပင်ကိုအရောင်ဆိုတော့ အမြင်တစ်မျိုးလေးနဲ့ ကြည့်လို့ကောင်းတယ်၊ မြို့ကြီးတွေမှာရှိတဲ့ ဈေးကွက်တိုင်းမှာ ဈေးပိုရတယ်၊ ရောင်းအားကောင်းနေ
တဲ့ ပြောင်းဖူးပေါ့။ ရာသီမရွေး ဒေသမရွေး စိုက်ပျိုးနိုင်တယ်၊ ရာသီဥတုဒဏ်၊ ပိုးမွှားဒဏ်ခံနိုင်ရည်ရှိပြီး စိုက်ပျိုးရလွယ်ကူတယ်ဗျာ'' ဟု ဖြေသည်။
ယနေ့ ကမ္ဘာ့သတင်းမီဒီယာလောက စာနယ်ဇင်းလောကတွင် သဘာဝဆေးဖက်ဝင် အစားအစာ၊ အာဟာရများအကြောင်း ကမ္ဘာ့ပြည်သူများ အကျိုးရှိရှိ အသုံးချနိုင်အောင် ကျယ်ပြန့်စွာ ဖော်ထုတ်ရေးသား တင်ပြလျက်ရှိရာ စာရေးသူအနေဖြင့်လည်း စီးပွားဖြစ် စိုက်ပျိုးသင့်သည့်ဆေးဖက်ဝင် သဘာဝပြောင်းဖူးအကြောင်းကိုစိုက်ပျိုးသူများအတွက်လည်း စီးပွားဖြစ်၊ စားသုံးသူများအတွက်လည်းကျန်းမာရေးအတွက် အထောက်အကူပြုစေခြင်းငှာ ရေးသားတင်ပြလိုက်ရပါကြောင်း။ ။
သတင်း မင်းမင်းဇော် (ကလေး)
Related Articles
- ငါးစားသုံးမှုများခြင်းက အသက်ရှည်စေနိုင်
- မနက်စာက ဘာကြောင့် တစ်နေ့တာလုံးရဲ့ အရေးကြီးဆုံး အစာဖြစ်နေ သလဲ?
- ကော်ဖီကနှလုံးကျန်းမာမှုကို ဝိုင်နီကဲ့သို့ပင်ကောင်းမွန်စေကြောင်းတွေ့ရ
- ဝက်အူချောင်းလို ပြုပြင်ထားတဲ့ အသားတွေက ကင်ဆာဖြစ်စေနိုင်
- ဒူးနာ၊ ခါးနာပျေက်ကင်းစေမည့် သဘာဝဆေးနည်း
- သင့်အမျိုးသားကို ကျွေးသင့်သော အစာ ၁၀ မျိုး
Labels:
အစားအစာ
Post a Comment