Latest Post
7:25 PM
ကျွန်တော်တို့ နိုင်ငံရဲ့  ခရီးသွားလို့ ကောင်းတဲ့ ရသီဥတုနဲ့  ခရီးသွားရတာကို ၀ါသနာပါတဲ့ ကျွန်တော်က အလိုက်သင့် သိပ်မဖြစ်ဘဲ ပြောင်းပြန်အချိုးတွေ ကျနေတာများပါတယ် ။ မိုးရာသီဆိုရင်အလုပ်ပါးပြီး အားတဲ့ အချိန်တွေများနေတတ်ပေမယ့် မိုးတွေရွာနေတတ်တာမို့ ခရီးသွားရတာ အဆင်မပြေတတ်ဘူး ။ ပွင်းလင်းရာသီရောက်လို့ ခရီးသွားလို့ ကောင်းတဲ့ ရာသီကို ရောက်ပြန်တော့ အလုပ်တွေက လှိုင်နေတတ်ပြီး အားတဲ့ရက်က တော်တော်ကို ရှားနေပြန်ပါတော့တယ် ။ ဒီတစ်မိုးမှာတော့ The Traveller Journal မှာပါတဲ့ ပြည်တွင်းခရီးသွားလုပ်ငန်းတစ်ခုကနေပြီး ကြေငြာထားတဲ့ ခရီးစဉ်လေးကို့  သဘောကျမိတာနဲ့ ဘယ်လိုပဲ ဖြစ်ဖြင့် မိုးတွင်းထဲမှာတော့ ခရီးတိုလေးတစ်ခုတော့ သွားလိုက်အုံးမှ ဆိုပြီး ဆုံးဖြစ်ချက်ချလိုက်ပါတယ် ။
သူကြေငြာထားတဲ့ ခရီးစဉ်က ၀ါဆိုလပြည့်နေ့မှာ ပြည်မြို့ နဲ့ ဧရာဝတီမြစ်ခြားလို့ တဖက်ကမ်းမှာ ရှိနေတဲ့ အကောက်တောင်ခရီးစဉ်နဲ့ အဲဒီကပြန် နီးစပ်ရာဘုရားတွေကို တစ်နေကုန်အောင်ထိ လိုက်ပို့ အုံးမတဲ့ ။ ခရီးက အဲဒီနေ့ မတိုင်ခင်ည10 နာရီမှာ ရန်ကုန်က စထွက်မယ် ၊ ပြီးရင် ဟိုကို မိုးလင်းရောက် ၊ အကောက်တောင်ကိုတက် ၊ တစ်နေကုန် ဘုရားတွေဖူးပြီး ညနေစောင်းရင် ရန်ကုန်ပြန်မယ်တဲ့ ။ အဲဒါကို စားသောက် စရိပ်ငြိမ်း အပြီးအစီး 30000 ကျပ် ဆိုတော့ တန်တယ်လို့ ယူဆမိပါတယ် ။ ပြည်မြို့ က သရေခေတ္တရာမြို့ ဟောင်းကိုရော မ၀င်ပေးဘူးလားမေးတော့ ပြည်မြို့ ထဲမှာ ရှိတဲ့ ဘုရားကြီးဘုရားကိုပဲ ပို့ပေးမယ်တဲ့ ။ အင်းလေ ရှိစေတော့ပေါ့ ။ မြို့ ဟောင်းထဲကို သူတို့ ပို့ပေးမယ်ဆိုလည်း ကျွန်တော့ အတွက်က အဲဒီ သူတို့ပို့ပေးတဲ့ အချိန်တိုလေးအတွင်း ဘာမှကိုသေသေချာချာ လေ့လာခွင့် ရမှာမဟုတ်တော့ စိတ်ထဲမှာ အကောက်တောင်ခရီးကိုပဲ အဓိကထားပြီး အဲဒီခရီးစဉ်နဲ့ လိုက်ဖို့ ဆုံးဖြတ်ခဲ့တယ် ။
10 . 7 . 2014 အဖိတ်နေ့ ည 9 နာရီလောက်မှာတော့ ခရီးစဉ်မှာ အတူလိုက်ပါမယ့်သူငယ်ချင်းတစ်ယောက်နဲ့အတူ အိမ်ကနေ စုရပ်ဖြစ်တဲ့ မြေနီကုန်း လမ်းဆုံက ဒဂုံစင်တာ 2 အရှေ့ ကို ထွက်လာခဲ့လိုက်တော့တယ် ။ 10 နာရီထိုးတော့ အသင့်စောင့်နေတဲ့ ကားပေါ်ကို တက်ပါတယ် ။ ကျွန်တော်တို့ ခရီးသွားရမယ့်ကားက ထင်ထားတဲ့ အတိုင်း ရန်ကုန် - မန္တလေးကို ပြေးဆွဲနေတဲ့ကားတွေ လိုမျိုး ပထမတန်းစားကားကြီးတွေ မဟုတ်ဘူး ။ လွတ်ပေးထားတဲ့ လေအေးပေးစနစ်ကတော့ကောင်းသား ၊ တော်တော်လေးကို အေးပါတယ် ။ ခက်တာက အဲဒီလို ကားတွေမှာ လွတ်ပေးထားတဲ့ လေအေးနဲ့ အတူ ထွက်လာတဲ့ ခပ်စို့စို့အနံ့က ကျွန်တော့ အတွက်ကတော့ ခရီးစဉ် တစ်ခုလုံးကို တောက်လျှောက်ကို ခေါင်းမူးစေတာပါပဲ ။ 10 နာရီ 15 မီနစ်မှာတော့ ခရီး စထွက်ပါတယ် ။ ကားထဲမှာ ပါလာတဲ့ ကျွန်တော်တို့နဲ့ အတူခရီးသွားမယ့် သူတွေက အသက် 30 နီးပါးအရွယ် စုံတွဲတော်တော် များများနဲ့ အများစုကတော့ အသက် 50 အရွယ်ကနေ 70 ကျော်ရွယ်လောက်ရှိတဲ့ အဒေါ်ကြီးတွေက အများစုပါ ။ ကျတော်နဲ့ အသိမိတ်ဆွေဆိုလို့ အတူခရီးသွားမယ့် သူငယ်ချင်းတစ်ယောက်ကလွဲလို့ ကားထဲမှာ တစ်ယောက်မှကို ပါမလားဘူး ။ ကားက မြေနီကုန်းလမ်းဆုံကနေ ပြည်လမ်းအတိုင်း ထွက်လာပြီး ထောင့်ကြန့် လမ်းဆုံနားအရောက်မှာ ခဏနားပါတယ် ။ ကားနားနေတဲ့ အချိန်မှာ မိုက်နဲ့ ချိတ်ဆက် သုံးပြုမယ့် ဆောင်းဘောက် တွေ သိပ်အလုပ်မလုပ်လို့ ပြင်နေကြတယ်ထင်ပါတယ် ။ အဲဒီလို ပြင်နေပြီး မီနစ် 20 လောက်ကြာတော့ မိုက်ကို ကိုင်ပြီး ဧည့်လမ်းညွှန်အဖြစ်ပါလာတဲ့ သူက သူ့ကိုယ်သူမိတ်ဆက်တယ် ။ ပြီးတော့ ခရီးစဉ် အကြောင်းပြောတယ်ထင်ရပါတယ် ။ မိုက်ကထွက်လာတဲ့ အသံက ၀ူးဝူး ၀ါးဝါးနဲ့မို့ ဘာကိုမှ သဲသဲကွဲကွဲမကြားရဘူးဆိုတော့ ခရီးသွားများက မိုက်မပါဘဲ ဒီအတိုင်းပဲ ပြောဖို့ တောင်းဆိုပါတယ် ။ မိုက်မပါပဲ ဒီ အတိုင်းပြောပြန်တော့ ဘာမှ မကြားတော့ဘူးဆိုပြီး ကားနောက်ပိုင်းက အော်သံတွေ ထွက်လာပြန်ပါတယ် ။ ကျွန်တော်က သူ့နဲ့ မနီးမဝေးမှာ ထိုင်ရတဲ့ သူဆိုတော့ သူပြောတာ ကြားနေရပါတယ် ။ သူက ဒီခရီးစဉ်ရဲ့  ဧည့်လမ်းညွှန်ဖြစ်ကြောင်း ၊ တကယ်တော့ ဒီခရီးစဉ်မှာ လိုက်ပါရမယ့် မူလဧည့်လမ်းညွှန်က အကြောင်း တစ်ခုခုကြောင့် လိုက်ပါနိုင်ခြင်းမရှိလို့ သူအစားထိုးပြီးလိုက်ပါလာရကြောင်း ၊ အခုခရီးစဉ် အစမှ နေပြီး အကောက်တောင်သို့ တိုက်ရိုက် မောင်းနှင်မှာ ဖြစ်ပြီး မနက်စာကို တောင်ပေါ်မှာ သုံးဆောင်ရမှာ ဖြစ်ကြောင်း အခုချိန်ကနေစပြီး ကားပေါ်မှာ အိပ်စက်နားယူရင်း လိုက်ပါနိုင်ပြီ ဖြစ်ကြာင်း ပြောပြီး သူ့စကားကို ဆုံးသတ်ပါတယ် ။ ကျွန်တော် ရွေးချယ်ပြီး လိုက်ပါလာတဲ့ ပြည်တွင်းခရီးသွားလုပ်ငန်းအဖွဲ့စည်းက ကားပေါ်မှာ ပါလာတဲ့ ခရီးသွား 30 ကျော်ကို ဒီ အသက်နှစ်ဆယ်ကျော်အရွယ် ဧည့်လမ်းညွှန်လေးတစ်ယောက်နဲ့ ထည့်ပေးလိုက်တာပါပဲ ။
ဧည့်လမ်းညွှန်က သူ့စကားအဆုံးသတ်ပြီးတာနဲ့ မြေနီကုန်းလမ်းဆုံမှ စထွက်ကတည်းကနေ အဆက်မပြတ် ဖွင့်လာတဲ့ အန္တရာယ်ကင်းတရားတော်တွေကို အခု ထောက်ကြန့်လမ်းဆုံမှာ ခဏနားပြီး ခရီးဆက်ထွက်တော့မယ်ဆိုပြန်တော့ တစ်ခါကြယ်လောင်စွာနဲ့ ဆက်ပြီးဖွင့်ပြန်တယ် ။ အဲဒီအချိန်မှာပဲ ကျွန်တော့်နဘေးနားက ကောင်လေးတစ်ယောက်က တစ်ရှူးစကို လုံးချေပြီး သူ့နားနှစ်ဖက်မှာ ဆိုလိုက်တာကို ကျွန်တော်မြင်လိုက်ရတာနဲ့ ဒုက္ခသည် အချင်ချင်း အဖော်ရပြီ ဆိုတဲ့ အတွေးနဲ့ ကားဒရိုင်ဘာကို ကက်ဆက်အသံတိုးခိုင်းရပါတယ် ။ ဒါတောင်မှ သူတို့ လျှော့ချလိုက်တဲ့ ကက်ဆက်အသံက လိုအပ်တဲ့ အတိုင်းတာထက်ကျယ်လောင်နေပါသေးတယ် ။ ညဘက်မှာ တစ်နာရီထိုးလောက်မှ အိပ်လေ့ရှိတဲ့ ကျွန်တော်ကတော့ ရန်ကုန်ကနေ ခရီးတစ်ဝက်ကျိုးနေပြီဖြစ်တဲ့ လက်ပတန်းမြို့ ရောက်တဲ့အထိ သုံးနာရီကျော်ကျော်လောက် အန္တရာယ်ကင်းရားတော်တွေနဲ့ ၀ိပါတ်ဿနာ တရားတော်တွေကို နာကြားရင်း လိုက်ပါလာခဲ့ရတယ်ဆိုပါတော့ ။ လက်ပတန်း ရာက်လို့ ခရီးသွားများ အပေါ့ပါး သွားဖို့ အတွက်ကားကို ဈေးဆိုင်တန်းရှိတဲ့ နေရာမှာရပ်ပေးတော့ ထောင့်ကြန့်လမ်းဆုံမှာ တုန်းက ဧည့်လမ်းညွှန်လေးပြောတဲ့ စကားကို သတိရလာပါတယ် ။ သူ့စကားမှာ ရန်ကုန်ကနေထွက်လာပြီး မနက် 6 နာရီမှ ရောက်မယ့် အကောက်တောင်ပေါ်ကျမှ မနက်စာ စားရတော့မှာဆိုတော့ ဒီအကြားမှာ သူတို့ စီစဉ်ပေးမယ့် ညည့်လယ်စာတို့ ဘာတို့ မရှိဘူးဆိုတဲ့ သဘောပေါ့ပဲ ။ ဒီလိုဆိုရင်တော့ မဖြစ်ချေဘူး ၊ အိမ်ကနေထွက်လာတုန်းက စားခဲ့တဲ့ ညစာက ဒီလောက်ခရီးသွားနေတော့ ဘယ်ကြာကြာခံနိုင်ပါ့မလဲ ။ ဒီတော့ ကိုယ့်အစီစဉ်နဲ့ ကိုယ်ဗိုက်ဖြည့်ထားအုံးမှလို့ တွေးရင်း အပေါ့ပါးသွာပြီးနောက်မှာ ခပ်သုတ်သုတ်လေး ကော်ဖီတစ်ခွက်ဆိုင်မှာ မှာပြီး မြိုချလိုက်ရတယ် ။
ကျွန်တော်က ပြည်မြို့ ကိုရောက်ဖူးပြီးသားဖြစ်ပေမယ့် ဧရာဝတီမြစ် အနောက်ဖက်ကမ်းကိုကူးတဲ့ န၀ဒေး တံတားကြီးကို မဖြတ်ဖူးသေးတာမို့ တံတားကို ဖြတ်နေတဲ့ အချိန်မှာ အိပ်ပြီးမနေဖို့ သတိထားပြီးလိုက်ခဲ့ပေမယ့် ဘယ်အချိန်မှာ အိပ်ပျော်သွားလဲမသိတော့ဘူး ။ ပြည်မြို့ ကိုရောက်မှန်းလဲ မသိလိုက်သလို နဝေဒေးတံတားကြီးကိုဖြတ်နေတဲ့ အချိန်ကိုလည်း သတိမပြုလိုက်ရတော့ဘူး ။ ပြည်မြို့ နဲ့ 27 မိုင်ကျော်ကျော်လောက်ဝေးတယ်လို့ သိရတဲ့ ထုံးဘိုကို ရောက်တော့မှ ရုတ်တရက်နိုးလာပါတော့တယ် ။ အဲဒီ အချိန်မှာ မနက် ဝေလီဝေလင်းအချိန်ကိုရောက်ပါပြီ ။ ထုံးဘို ရပ်ကွက်ကို ဖြတ်လာတဲ့အချိန် တစ်နေရာ အရောက်မှာတော့ လူပုဂ္ဂိုလ်တစ်ယောက်ရဲ့ မတ်ရပ်ကြေးရုပ်ကြီးတစ်ခုကို မြင်လိုက်ရပါတယ် ။ နောက်ပြီး သိပ်မကြာခင်မှာပဲ အကောက်တောင်ကို လှေစီးပြီး သွားရမယ့် ဧရာဝတီမြစ်ကမ်းနားကို ရောက်လာခဲ့တော့တယ် ။ မနက် 6 နာရီလောက် ရှိပါပြီ ။ ကားပေါ်ကဆင်းတော့ ပတ်ဝန်းကျင်တစ်ခုလုံး အုပ်မှိုင်းနေပြီး မိုးတွေကလည်း တစ်ဖွဲဖွဲနဲ့ ရွာလို့ပါပဲ ။ မြစ်ကမ်းနဘေးမှာ “အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီး သခင်မြရဲ့  မွေးရပ်မြေ ထုံးဘိုမြို့ ” ဆိုတဲ့ ဆိုင်းဘုတ်ကြီးတစ်ခု စိုက်ထူထားတာတွေ့တော့မှ ..သြော် ထုံးဘို ဆိုတာ အာဇာနည်ခေါင်းဆောင်ကြီး သခင်မြရဲ့ မွေးရပ်မြေကိုးလို့ မှတ်သားရင်းက အရင်က မသိခဲ့တဲ့ ကိုယ့်အဖြစ်ကိုလည်း ရှက်သလိုလိုဖြစ်နေမိပါတယ် ။ နောက်ပြီး စောစောက မြင်လိုက်ရတဲ့ ကြေးရုပ်ကြီးဟာ ခေါင်းဆောင်ကြီးသခင်မြရဲ့ ရုပ်ထုကြီးပါလားလို့ သိလိုက်ရပါတယ် ။
ဧရာဝတီမြစ်ကမ်းမှာ ကားပေါ်ကဆင်းပြီး ရုတ်တရက်ပတ်ဝန်းကျင် အခြေနေကို မြင်လိုက်တဲ့ အခါမှာတော့ အတော်လေးကို စိတ်ညစ်သွားပြီး ဒီလိုရာသီမျိုးမှာ ခရီးထွက်လာမိတဲ့ ကိုယ့်ကိုယ် ကိုလည်း စိတ်ပျက်နေမိတယ် ။ ကြည့်ပါအုံး … လှေစီးပြီး အကောက်တောင် ဆက်သွားရမယ့် အချိန်မှာ ပတ်ဝန်းကျင်ရာသီဥတုအခြေနေတွေက အချိန်မရွေးထဖောက်ပြန်လာနိုင်တဲ့ မိုးသားတိမ်လိပ်တွေနဲ့ အုပ်မှိုင်းလို့နေပြီး ဘယ်လိုမှ ရေလမ်းခရီးကို ဆက်သွားဖို့ ကောင်းတဲ့ အခြေအနေမျိုးမဟုတ်ဘူး ။ ဒါပေမယ့်လည်း ဘယ်လိုမှ မတတ်နိုင် ၊ လာပြီးတော့မှလည်း ခရီးဆက်ဖို့ပဲ ရှိပါတယ် ။ အဲဒီ အချိန်မှာပဲ ဧည့်လမ်းညွှန်လေးက အကောက်တောင်သွားဖို့ လှေပေါ်တက်ကြရအောင် ဆိုပြီး ဆော်အောလိုက်ပါတယ် ။ ကမ်းနားမှာ ဆိုက်ထားတဲ့ လှေတွေကို ကြည့်လိုက်ပြန်တော့ သန်ဗ္ဗန်လေးတွေပဲ မြင်ရပါတယ် ။ အတူပါလာတဲ့ သူငယ်ချင်းက တို့သွားရမှာ ဒီလှေလေးတွေနဲ့ လားမသိဘူး ဆိုပြီးပြောတော့ ကျွန်တော်က အိုး …. အဲလို လှေသေးသေးလေးတွေနဲ့ သာ သွားရမယ်ဆိုရင်တော့ လုံးဝကို မသွားဘူး ၊ ဘယ်နှယ် ဒီလောက် မိုးတွေအုပ်နေတဲ့ ပတ်ဝန်းကျင်အနေထားနဲ့ ဒီလို လှေလေးတွေနဲ့ သွားရမှာတဲ့လား ….ဆိုပြီး စိတ်ရှုပ်ထွေးစွာနဲ့ ပြန်ပြောလိုက်ပါတယ် ။ ကျွန်တော်က ရေတော့ ကူးတတ်ပေမယ့် ရေလမ်းခရီးကိုတော့ ကြောက်သား ။ တကယ်တမ်း ကျွန်တော်တို့ စီးသွားရမယ်လှေက ဟိုးအရှေ့ မှာ ရပ်ထားတဲ့ နည်းနည် ကြီးတဲ့ မော်တော်အိုကြီးတွေ ဖြစ်နေပါတယ် ။ တော်သေးတာပေါ့ .. အိုပေမယ့် လှေက ကြီးနေလို့ ။
ကမ်းနဖူးကနေ လှေထဲဆင်းရတော့ မယ်ဆိုတော့ တစ်သတ်မှတ်တည်း သတ်မှတ်ထားတဲ့ ကူးတို့ဆိပ် မျိုး ( ယုတ်စွဆုံး သေးသေးလေးတောင်မှ ) မရှိဘဲ အနီးနားပတ်ဝန်းကျင်အိမ်တွေက စုပုံပြီး ပစ်ထားကြတဲ့ အမှိုက်ပုံကြီု အမှိုက်ပုံကြားကနေ မော်တော်ရပ်ထားတဲ့ နေရာကို ကုန်းဆင်းလေး အတိုင်း ဆင်းရပါတယ် ။ ဒီအကြားထဲ မိုးကလည်း တစ်ဖွဲဖွဲ ရွာနေသေးတယ်ဆိုတော့ ဗွက်တွေထပြီး မြို့ ကြီးသူ မမတွေနဲ့ အဒေါ်ကြီးတွေခမြာ ခြေလှမ်း တစ်လှမ်း လှမ့်းရဖို့ အရေး တော်တော်လေးကို ဒုက္ခတွေ့ နေကြလေရဲ့  ။ အဲဒီအချိန်မှာ အသံတွေကလည်း စုံလို့ ။ သမီးရေ ..လက်တွဲပါအုံး ၊ အမေ… သေချာ သတိထားပြီးလျှောက်နော် ..၊ အဲဒီဘက်မလာနဲ့ ဗွက်တွေနဲ့ ချော်လဲမယ် ၊ ဟဲ့ .. ကေင်လေး ငါ့ကို တွဲစမ်းပါအုံး …. စသဖြင့်ပေါ့ ။ ကျွန်တော့် စိတ်ထဲမှာတော့ ဒီအကောက်တောင် ကိုလာရောက် လည်ပတ်ကြတဲ့ ခရီးသွားတွေ တော်တော်များများလာနေကြတာကိုများ ဘာဖြစ်လို့များ များလှေတက် လှေဆင်းလောက်ကိုမျှ အဆင်ပြေအောင် စီစဉ် မပေးထားကြပါလိမ့်လို့ လည်း စိတ်ထမှာ ဘ၀င်မကျ ဖြစ်နေမိပါတယ် ။ ဘယ်လောက် အထိ သွားလာများလိုက်သလဲဆိုရင် ကျွန်တော်တို့ အဖွဲ့  အကောက်တောင်က အပြန် ထုံးဘို အထွက်ဝမှာ ဆိုင်ကယ်တွေနဲ့ ကားဝင်ကားထွက် များလွန်းတော့ ( လမ်းကျဉ်းတော့ ကားအချင်းချင်း မလွှဲသာလို့ လည်းပါ ပါတယ် ) ကားတွေ ပိတ်မိနေပြီး 2 နာရီ ကျော်ကျော်လောက်ပိတ်မိနေတဲ့ အထိပါပဲ ။ ပြောမယ့်သာပြောရတယ် ဒီကိစ္စက ဘယ်သူ့ကို အပြစ်ပြောလို့ ပြောရမယ်မှန်း ကျွန်တော်မသိဘူး ။
မော်တော်ပေါ်တက်တော့လည်း ဗွက်တွေနဲ့ချောနေတဲ့ ကုန်းဘောင်ပေါ်ကို တော်တော်လေးကို ဂရုစိုက်ပြီး တက်နေရသေးတာ ။ မော်တော် ၀မ်းဗိုက်ထဲမှာကျတော့ လှေနံတစ်ဖက်တစ်ချက်မှာ ကပ်ပြီး လုပ်ထားတဲ့ သစ်သားခုံတမ်းရှည်နှစ်ခုပဲ ရှိပါတယ် ။ အဲဒီ ခုံတမ်းရှည်မှာလည်း မိုးရေနဲ့ ဗွက်တွေ ပေနေတာဆိုတော့ ပါလာတဲ့ စက္ကူတို့ စနိုးတာဝါယ်တို့ ကြွတ်ကြွတ်အိပ်တို့နဲ့ပါမကျန် သုတ်သင် သန့်ရှင်းပြီးတော့ မှ ထိုင်ကြရပါတယ် ။ ဒါပေမယ့် မချောတစ်သိုက်နဲ့ အကဲပိုတဲ့ အန်တီကြီးတစ်ယောက် နှစ်ယောက်ကတော့ လှေဝမ်းဗိုက်ထဲဆင်းမထိုင်ဘဲ ဗွက်တွေနဲ့ ချောနေတဲ့ လှေဦးထိပ်မှာ ကိုးယိုးကားယားကြီးနဲ့ ရပ်လျှက်သား စီးပြီး လိုက်ကြမလို့ တဲ့ ။ ပြီးတော့ တစ်ချိန်လုံး လက်ကိုင်ဖုန်းတွေကို မြှောက်ကာ မြှောက်ကာနဲ့ စတိုင် အမျိုးမျိုး ထုတ်လို့ ကိုယ့်ကို ကိုယ်ပြန်ရိုက်လိုက် ၊ သူ့ကိုငါရိုက်လိုက် ၊ ငါ့ကို သူပြန်ရိုက်လိုက်နဲ့ အလုပ်ရှုပ်နေကြပုံများ မတော်လို့ စက်လှေ တစ်ချက် ယိမ်းလိုက်တာနဲ့ တစ်ပြုံလုံး ရေထဲကို ဒိုင်ဗင်ထိုးကျမယ့်ကိန်း ။ ကံကောင်းတာက အဲဒီ အချိန်မှာ မိုးကလည်းတိတ်နေပြီး ရာသီဥတုက သူတို့ ဖက် ပါနေသလိုလိုပါ ။
ကျွန်တော်တို့မော်တော်ထွက်လာပြီး တစ်ခဏမှာတော့ လှေရဲ့  လက်ယာဘက်ခြမ်း ဧရာဝတီမြစ်ရဲ့  တောင်ကမ်းပါးနံရံပေါ်မှာ စိုက်ထူထားတဲ့ အနံခြောက်ပေ အလျှားရှစ်ပေ လောက်ရှိတဲ့ အင်္ဂကတေ မျက်နှာ ပြင်ကြီးမှာ ကြိုဆိုပါ၏ ဧရာဝတီတိုင်း ကြံခင်းမြို့ နယ် ဆိုတဲ့ ဆိုင်း ဘုတ်ကြီးကို မြင်လိုက်ရပါတယ် ။ ပြီးနောက်မှာ ဆက်တိုက် ဆိုသလိုပဲ ကျောက်သားနံရံတွေပေါ်မှာ ထွင်းထုထားတဲ့ ဘုရားရုပ်ပွားတော် ပုံစံမျိုးစုံတို့ကို ရွယ်စုံ ဆိုက်စုံနဲ့ ထုလုပ်ထားကြတာကို အံ့သြကြည်ညိုစွာနဲ့ စတင်ဖူးတွေ့ နေရပါပြီ ။ လျှောင်းတော်မူ ၊ ထိုင်တော်မူ နဲ့ ရပ်တော်မူ ရုပ်ပွားတော်တွေကို ပုံစံ အမျိုးမျိုးနဲ့ ဖူးတွေ့ နေရပါတယ် ။ တချို့ ရုပ်ပွားတော်တွေကျတော့ ခြုံတွေဖုံးလွှမ်းနေပြီး ပြုပြင်သူတွေ လက်မလှမ်းမှီဘဲ ဖြစ်နေပုံရပါတယ် ။ လှေဝမ်းဗိုက် အတွင်းမှာ လိုက်ပါလာတဲ့ ကျွန်တော်က မြင်နေရတဲ့ ရှုခင်းတွေကို ဓာတ်ပုံရိုက်ဖို့ ရာအတွက် ထိုင်တဲ့ နေရာမှအားယူပြီး အထမှာ လှေဝမ်းဗိုက် အောက်ခြေက ၀င်နေတဲ့ ရေနဲ့ လွတ်အောင် ခင်းထားတဲ့ သစ်သား ယာယီကျမ်းခင်းကျွံကျပြီး ခြေတောက် နှစ်ဖက်စလုံးမှာ ရွှ့ံတွေပေကုန်တော့တာပဲ ။ နာလည်း တော်တော်နာသွားပါတယ် ။ ဒါပေမယ့် ဂရုပြုလို့ နေလို့ မအားပါဘူး ။ မြင်နေရတဲ့ ရှုခင်းက ခဏနေ စက်လှေရဲ့ နောက်မှ ကျန်ခဲ့တော့မှာဆိုတော့ အမိအရ ရိုက်ရအုံးမှာမို့ပါ ။ အကောက်တောင်ခရီးမှာ ကျွန်စိတ်ဝင်းစားဆုံးဖြစ်တဲ့ ဒီကျောက်နံရံရှုခင်းတွေကို အမိအရ ဓာတ်ပုံတွေ ရိုက်ယူနေခဲ့ရပေမယ့် အုပ်မှိုင်းနေတဲ့ ရာသီဥတုဖြစ်ပေါ်နေတဲ့ အချိန်နဲ့ ရွှေ့ ရှားနေတဲ့ စက်လှေပေါ်ကနေ ရိုက်ယူနေခဲ့ရတာဆိုတော့ ပုံကောင်းတွေ သိပ်မရရှိပါဘူး ။ ဒါပေမယ့် အဲဒီ အချိန်မှာ မိုးတွေတိတ်နေလို့ ကံကောင်းတယ်လို့ ဆိုရမှာပါ ။
ကျွန်တော်တို့ စက်လှေစစီးတဲ့ ထုံးဘို ဆိပ်ကမ်းနဲ့ ဘုရားရုပ်ထုတွေ ထွင်းထားတဲ့ကျောက်နံရံ ရှိတဲ့နေရာက ငါးမိုင်ကျော် ခုနှစ်မိုင်နီးပါးလောက်ပဲ ရှိမယ်ထင်ပါတယ် ။ လှေစီးရင်း ရှုခင်းတွေကိုကြည့်ပြီး လာလိုက်တာ ရုပ်ပွားတော်များ ထွင်းထုထားတဲ့ ကျောက်နံရံကမ်းပါးအဆုံး ထိပ်တောင်မှာ စေတီကြီးတစ်ဆူရဲ့  ထီးတော်ကို လှေထဲကနေ လှမ်းဖူးတွေ့ လိုက်ရပါတယ် ။ အဲဒီဘုရားရှိတဲ့ တောင်အောက်ခြေတည့်တည့်မှာ လှေကိုဆိုက်ပြီး တောင်ပေါ်ကို တက်ရအုံးမှာတဲ့ ။ ဒါပေမယ့် ကျွန်တော့်တို့ စီးတဲ့ လှေက ဆိုက်ကပ်မယ့်နေရာ ရောက်ခါနီးလေးမှာ စက်အရှိန်လျှော့လိုက်တာ ပြန်ပြီး နှိးလို့ မရတော့ဘူး ။ အဲဒီတော့ လှေဟာ အောက်ဘက်ကို ရေစီးနဲ့ အတူ မြောပါလို့နေပါတယ် ။ ဒါကို လှေဝမ်းဗိုက် အတွင်းကလူတွေက မရိပ်မိပေမယ့် လှေဦးမှာ ရပ်ပြီးလိုက်လာတဲ့ သူတွေက သိနေကြပြီး စက်ပြန်နှိုးလို့ မရဘဲ ဧရာဝတီ မြစ်ကြီးထဲ မြောပါသွားရင်ဖြင့် ဆိုတဲ့ အတွေးလေးတွေးတွေက ၀င်လာပြီး စိတ်လှုပ်ရှားလျှက်နဲ့ ပေါ့ ။ ပြီးတော့ ရာသီဥတုကလည်း သိပ်မကောင်းဘူးမဟုတ်လား ။ အဲဒီ အချိန်မှာ လှေသီးထိပ်မှာ မျက်မှန်တတ်ပြီး ဘောင်းဘီတစ်ကားကားနဲ့ အန်တီကြီးတစ်ယောက်က လှေဝမ်းဗိုက်အတွင်းမှာ စီးနင်းလိုက်ပါလာတဲ့ သူ့အဖော် အဒေါ်ကြီးတစ်ယောက်ကို .. သိန်းသိန်းရေ …. အခုလက်ရှိ သိင်္ဂီတို့ ရဲ့ အခြေနေကို သိန်းသိန်းကို ပြောပြလိုက်ရင် အရမ်းအရမ်းကို စိတ်လှုပ်ရှားသွားမှာစိုးလို့ မပြောဘဲနေတာ သိလား ……တကယ်တော့လေ သိင်္ဂီတို့စီးလာတဲ့ လှေကြီးကလေ ..စက်ပျက်ပြီး မြစ်ထဲမှာ မြော…နေပြီ သိန်းသိန်းရဲ့  ….ဆိုပြီး နိုင်ငံခြားရုပ်ရှင်ထဲက “ဂျက်စ်စပါရို” စတိုင်နဲ့ အော်ပြောလိုက်တော့ အထဲက သိန်းသိန်းဆိုတဲ့ အန်တီကြီးကလည်း ဟင်……. ဟုတ်လား ဆိုပြီး စိတ်လှုပ်ရှားတဲ့ အသံကြီးနဲ့ ပြန်ပြောလိုက်တာကို ကြားရတဲ့ သူတွေ အကုန်လုံး သူတို့ နှစ်ယောက်ရဲ့  ပုံစံတွေကိုကြည့်ပြီး မအောက်နိုင်ကြတော့ဘဲ ၀ါးလုံးကွဲ ရည်ကြတော့တာပဲ ။ အဲဒီတော့မှပဲ စက်လှေမြောနေလို့ စိတ်ညစ်နေရတာတွေလည်း နည်းနည်းတော့ သက်သာရာ ရသွားပါတယ် ။ သိပ်မကြာပါဘူး လှေသမားအချင်းချင်း ဖုန်းဆက်အကြောင်းကြားလိုက်တာ ထင်ပါရဲ့  လှေငယ်တစ်စီးက ကျွန်တော်တို့ စက်ပျက်နေတဲ့ လှေကို ဘော်ဒီချင်းလာကပ်ပြီး ဆိုက်ရမဲ့ ကမ်းနားအထိ အရောက်တွန်းပို့ ပေးခဲ့ပါတယ် ။ အဲဒီတော့မှ သက်ပြင်းကောင်းကောင်းချနိုင်ပါတော့တယ်ဆိုပါတော့ ။ ကျွန်တော်တို့ရဲ့ စီးတော်ယာဉ် မော်တော်ကြီးရဲ့ နာမည်က “လပ်ကီး” ပါတဲ့ ။ နာမည်ကို ဖတ်ပြီး ခရီးသွားတို့ လှေပေါ်ကဆင်းရင်းရည်ကြပါတယ် ။ တော်သေးတာပေါ့ လှေနာမည်က လပ်ကီး မို့လို့သာ ။ နို့ မို့ရင် ဧရာဝတီမြစ်ကြောတစ်လျောက် စုံဆင်းပြီးကျွန်တော်တို့ကို လေ့လာရေးများ ခေါ်သွားအုံးမလားမသိဘူး ။
လှေဆိုက်တဲ့တောင်ခြေမှာတော့ အုတ်အင်္ဂကတေ လှေကားလေးတစ်ခု လုပ်ပေးထားပါတယ် ။ ဒါပေမယ့် လှေတွေစုပြုံပြီး ဆိုက်ရောက်လာရင်တော့ အဲဒါလည်း အဆင်ပြေမှာ မဟုတ်ဘူး ။ အခုဆိုရင်တော့ ဒီနေရာမှာ အတော်သင့် ကျယ်တဲ့ ကူးတို့ ဆိပ်ခံသေးသေးလေးတစ်ခုတော့ ရှိနေသင့်ပါပြီ ။ ရေစပ်နားကနေ တောင်တက်စမှပဲ တော်တော် မတ်စောင့်တဲ့ အင်္ဂကတေ လှေကားလေးတွေကနေ တက်ရပါတယ် ။ တချို့ နေရာတွေ မှာဆို 70 ဒီဂရီလောက် မတ်စောက်ပြီး သစ်သား လက်ရန်းလေးတွေကို ကိုင်ပြီးတက်မှ အဆင်ပြေပါတယ် ။ တောင်တက်လမ်းတစ်လျှောက်မှာ အဲလိုမျိုး အမြဲတမ်းမတ်စောင့်နေတာမျိုးတော့ မဟုတ်ပါဘူး ။ ဘုရားရုပ်ထုတွေ ထွင်းထုထားတဲ့ ကျောက်နံရံကြီးတွေအနားကနေ သွားရတဲ့ နေရာတွေမှာတော့ သာမန်မြေပြင် အတိုင်းပါပဲ ။ တစ်ခုပဲရှိပါတယ် ။ တောင်ကမ်းဘေးကို ပတ်ပြီး လူသွားလမ်းလေးဖောက်ထားတာဆိုတော့ တချို့ လမ်းတွေက 3 ပေလောက်ပဲ ကျယ်ပါတယ် ။ တချို့ နေရာတွေမှာဆို အဲလောက်တောင် မကျယ်ပါဘူး ။ လူငယ်လေးတွေသဘ၀ ပြေးလွှားဆော့ကစာရင်း ဒီလမ်းတွေမှာ သွားမယ်ဆိုရင်တော့ လမ်းဘေးချော်ပြီးတောင်အောက်ကို ပြုတ်ကျသွားနိုင်တဲ့ အန္တရယ် ရှိပါတယ် ။
တောင်တက်လမ်းတစ်လျောက်အနီးကပ် လေ့လာခွင့်ရတဲ့ ဘုရားရုပ်တွေကို မြင်ရတာ အရမ်းရှေးကျတဲ့ လက်ရာမျိုးကို မတွေ့ မိပါဘူး ။ ရတနာပုံခေတ် နဲ့ အလွန်းဆုံး ကုန်းဘောခေတ်နှောင်းလက်ရာတွေထက် ရှေးမကျနိုင်ဘူးလို့ ထင်ရပါတယ် ။ ရုပ်ထု ထုလုပ်ထားတဲ့ ကျောက်အမျိုးစားကလည်း တုံးကျောက်ပွပွကြီးတွေမှာ ထုလုပ်ထားတာဖြစ်ပါတယ် ။ တကယ်တော့ ကျောက်သားကို အရင်ထွင်းထုထားပြီးတော့မှ အပြင်ကနေ ကွန်ကရစ်နဲ့ အချောကိုင်ထားတာဖြစ်ပါတယ် ။ အဲဒီလို အချောကိုင်ထားတာကလည်း နှောင်းလူတွေလက်ထက်ရောက်မှ လုပ်ထားတဲ့ ပုံစံမျိုးပါ ။ နောက်တချက်က မူရင်းလက်ရာတွေဟာ ရှေးကျနိုင်ပေမယ့် နှောင်းလူတွေ ပြုပြင်ထားကြလို့ ယနေ့ခတ်လက်ရာတွေနဲ့ နီးစပ်နေတာမျိုးလားဆိုပြီးတော့လည်း စဉ်းစားမိပါတယ် ။
တောင်ပေါ်ရောက်ပေါ်ရောက်တော့ နံနက် 7 နာရီ ထိုးပြီးနေပါပြီ ။ တောင်တက်ချိန်မီနစ် 20 ကျော်ကျော်လောက်ကြာပါတယ် ။ တောင်တက်နေတုန်းမှာ အင်နာဂျီတွေ ထုတ်သုံးလိုက်ရလို့ လားတော့မသိ ကော်ဖီတစ်ခွက်တည်းနဲ့ ဖြည့်တင်းလာရတဲ့ ဗိုက်က မတရားကို ဆာလာတော့တာပါပဲ ။ ဒါကြောင့်မို့ တောင်ပေါ်ရောက်တာနဲ့ ခရီးသွားအဖွဲ့က စီစဉ်ပေးမယ်လို့ ထင်နေခဲ့တဲ့ နံနက်စာတည်ခင်းကျွေးမွေးမယ့် နေရာကို မျက်လုံးလးနဲ့ မသိမသာလေး ဝေ့ကြည့်မိနေပါတယ် ။ ကားပေါ်မှာတုန်းက ကျွန်တော်တို့ ဧည့်လမ်းညွှန်ပြောစကားမှာ မြန်မာဆန်ဆန် န့နက်စာလို့ မပြောဘဲ ဘိုဆန်ဆန် ဘရေ့ ဖတ် ဘရေ့ ဖတ်နဲ့ တစ်ဖက်တည်း ဖတ်လာခဲ့တာဆိုတော့ ဗိုက်ဆာနေတဲ့ သူတို့ ရဲ့ ခရီးသွားတွေကို ရှယ်စီစဉ်ပြီး ကျွေးမွေးတော့မယ်လို့ ထင်ထားပဲ ။ ဆိုတော့ စိတ်ထဲမှာလည်း အနည်းဆုံးကော်ဖီတစ်ခွက်နဲ့ ကြက်ဥကြော် ၊ ထမင်းကျော်လိုမျိုးကို မှန်းထားခဲ့ပါတယ် ။ ဒါပေမယ့်လည်း ကျွတ်တော် ကြည့်လိုက်တဲ့ နေရာတွေမှာ နံ့နက်စာအတွက် တည်ခင်းထားတဲ့ အရိပ်ရောင်ကို မတွေ့ ရသေးတာမို့ ဆရာတော်ကြီးနဲ့ ရေစက်ချဖို့ စောင့်နေတယ်လို့ သိရတဲ့ ကျွန်တော်တို့လို ခရီးသွားတစ်ချို့ ရှိနေတဲ့ ဓမ္မာရုံထဲသွားဦးချပြီး အလှူငွေလေးတွေ လှူလို့ မသိမသာလေး ပြန်ထွက်လာခဲ့ပါတယ် ။ ဒါမှလည်း အချိန်တိုတို အတွင်း တောင်ပေါ်အနှံ့မှာ လေ့လာစရာတွေကို လေ့လာရမှာကိုး ။ ပြီးတော့ ရေစက်ချတာက ဘယ်အချိန်မှ ချမယ်မှန်းမသိတာ ။
ဓမ္မာရုံကထွက်လာပြီး ပေါ့ပါးတွေသွားပြီးနောက်မှာ စားပွဲတွေ ဘာတွေနဲ့ နံနက်စာ ခင်းကျင်းနေတယ်လို့ ထင်ရတဲ့ နေရာလေးကို သံယေဇဉ်မပြတ်သေးဘဲ သွားပြီးချောင်းကြည့်နေမိပြန်သေးတယ် ။ အဲဒီအချိန်မှာ ကျွန်တော်တို့ နဲ့ အုပ်စုအတူ တခြားကားမှာ ပါလာတဲ့ ဧည့်လမ်းညွှန်ကောင်မလေးက အစ်ကိုတို့ ဆရာတော်ရေစက်ချဖို့ စောင့်နေပြီ ဓမ္မာရုံထဲဝင်တော့လို့ လာပြီးခေါ်ပါတယ် ။ ဒီတော့ ကျွန်တော်က မ၀င်တော့ဘူး ညီမလေး ဟိုနား ဒီနားလျှောက်ကြည့်လိုက်အုံးမယ် .. ဒါနဲ့ နံနက်စာက ဘယ်တော့ ကျွေးမှာလဲ ..ဆိုပြီး မရှက်သုံးပါးထဲက တစ်ပါးကို ထုတ်သုံးလို့ မေးလိုက်တော့ ရေစက်ချပြီးမှပါတဲ့ … ။ ဒီတော့လည်း ဆာလောင်နေတာကို အောက်အီးပြီး ဘုရားရင်ပြင်နဲ့ စိတ်ဝင်စားဖို့ ကောင်းမယ့်နေရာလေးတွေကို လိုက်ကြည့်ဖို့ ထွက်လာခဲ့ပါတယ် ။ ရင်ပြင်မှာတော့ ဘာမှတော့ တွေတွေထူးထူး မရှိပါဘူး ။ အဓိက စေတိတစ်ဆူနဲ့ နောက်ပိုင်း လူတွေ သွားလာများလာတဲ့ အချိန်ကျတော့မှ ပြုလုပ်တည်ဆောက်ထားတဲ့ ဘုရားတွေနဲ့ ရုပ်ထုတွေကိုပဲ တွေ့ ရပါတယ် ။ ကျွန်တော့ အတွက်တော့ ဒီအကောက်တောင်မှာ ကျောက်နံရံမှာ ထွင်းထုထားတဲ့ ဘုရားရုပ်ထုတွေကလွဲလို့ တခြား ဘာကို မှ စိတ်မ၀င်စားမိပါဘူး ။ တစ်ခုတော့ ရှိပါတယ် စေတီလေးရှိတဲ့ ဘုရားရင်ပြင် မြောက်ဘက်ခြမ်းကနေ ဧရာဝတီမြစ်ကြီးဆီကို ငုံ့ကြည့်လိုက်တဲ့ အခါမှာ မှိုင်းညို့ ညို့ မိုးကောင်းကင်ကြီးအောက်က မြစ်ပြင်ကျယ်ကြီးကို မြင်ရတဲ့ သဘ၀ ရှုခင်းကတော့ဖြင့် တစ်သက် မမေ့နိုင်လောက်စရာပါပဲ ။ ကြည့်ရတာကလည်း အိမ်ဝရံတာကနေ အောက်ကို ငုံ့ကြည့်သလို မျိုး ကြည့်ရတာဆိုတော့ စိတ်လှုံ့ ရှားစရာလည်း ကောင်းလှပါတယ် ။ အဲဒီလို လျောက်ကြည့်နေတဲ့အချိန်တွင်းမှာ ကျွန်တော်တို့ ရဲ့ ဧည်းလမ်းညွှန်လေးက ဖုန်းဆက်ပြီး နံနက်စာ စားလို့ ရပြီလို့ လှမ်းခေါ်ပါတယ် ။ အခုမှပဲ ဆာလောင်နေတဲ့ ကိုယ့်ဗိုက်ကို ဖြည့်ရတော့ မယ်ဆိုပြီး အပြေးကလေးလှမ်းလို့ စောစောက နံနက်စာပြင်ဆင်နေတဲ့ ဆွမ်းစားဆောင်လေးဆီကို ပြေးခဲ့ရပါတယ် ။ နံနက်စာက လူတစ်ယောက်ကို ကော်ဖီတစ်ခွက်နဲ့ အဲဒီဒေသချက် မုန်းဟင်းခါးကို ကျွေးပါတယ် ။ ရုတ်တရက်ကြည့်ရင်တော့ အုန်းနို့ ခေါက်ဆွဲ ဟင်းရည်လို့ ထင်ရတဲ့ ဟင်းရည်မျိုးနဲ့ မုန့်ဖက်တွေကို လိုက်ပွဲနဲ့ ပါ ပြင်ပြေးထားပါတယ်ပါ ။ ကျွန်တော်က မုန့်ဟင်းခါးကြိုက်တတ်သူမို့ ဘယ်လို မုန့်ဟင်းခါးမျိုးဘဲဖြစ်ဖြစ် စားလို့ အဆင်ပြေပေမယ့် အဖော်ပါလာတဲ့ သူငယ်ချင်းက နဂိုကကို မုန့်ဟင်းခါး ကြိုက်သူမဟုတ်တော့ ကော်ဖီတစ်ခွက်ပဲ သောက်ပါတယ် ။
တယ်တော့ အဲဒီ နံက်စာကို တောင်ပေါ်က ဘုန်းကြီးကျောင်းကနေကျွေးတာဖြစ်တယ်ဆိုတာ တောင်အောက်ကိုရောက်မှ တခြားခရီးသွားဖော် ညီလေးတစ်ယောက်ကပြောမှ သိရပါတယ် ။ ပြီးတာ့ တောင်ပေါ်မှာက သက်သက်လွတ်သာကျွေးတာဖြစ်ပါတယ်တဲ့ ။ အဲဒီတော့မှ … ဘုရား ဘုရား ကိုယ်ကျိုးတော့ နည်းပါပေါ့လား…. ။ နံနက်စာကို ခရီးသွားစီစဉ်တဲ့ အဖွဲ့ က တာဝန်ယူပြီးကျွေးတယ်ထင်လို့ စောစောက ဟိုဟာလေး စားချင်တယ် ဒီဟာလေးစားရရင်ကောင်းမယ် ဆိုပြီး ဂျီးများနေမိသေးတာ ။ နံနက်စာကို ဘုန်းကြီးကျောင်းက သက်သက်လွှတ်ကျွေးတယ်ဆိုတဲ့ အကြောင်းကို ကျွန်တော်တို့ ဧည့်လမ်းညွှန်ကြီးက လုံးလုံး၀၀ကို ထည့်မပြောပြပါလား ။ ပြီးတော့လည်း ကားလက်မှတ်ဝယ်တုန်းက ခရီးစဉ် တစ်ခုလုံး အစားအသောက်ပါ အပြီးအစီး 30000 ကျပ်ဆိုပြီး ပြောတာကိုး ။ ငါ့နှယ်နော် ....တောင်ပေါ်ကျောင်းဆရာတော်က ဘုရားဖူးလာသူတွေကို သက်သက်လွှတ်နဲ့ ကျွေးနေပါတယ်ဆိုမှ ဘာမှ မေးမြန်းစုံစမ်းခြင်းမရှိဘဲ ကြက်ဥကြော်လေးနဲ့ ထမင်းကြော်ကိုမှ သွားပြီးတောင့်တနေလိုက်သေးတယ် …. မသိနားမလည်လိုက်ပုံများကတော့ ။ ဒါကြောင့် သိသိချင်းပဲ တောင်ပေါ်က ဆရာတော်ဘုရားကိုရော ကျွေးမွေးဧည့်ခံကြတဲ့ လူပုဂ္ဂိုလ်တွေကိုပါ ကဗျာကရာ စိတ်ထဲကနေ ဦးချပြီးတောင်းပန်လိုက်ရတယ် ။ တော်သေးတာပေါ့ အလှူငွေလေးထည့်ခဲ့မိလို့ ။
တောင်ပေါ်က မနက် 8 နာရီခွဲမှာ ပြန်ဆင်းပါတယ် ။ အဆင်းကျတော့ အတက်တုန်းကလောက် မပင်ပန်းတော့ပါဘူး ။ ဒါပေမယ့် မတ်စောင့်လှတဲ့ လှေကားထစ် တွေကနေ ဆင်းရတဲ့ အချိန်မှာတော့ ပိုပြီး သတိထားရပါတယ် ။ အတူးသဖြင့် အသက်ကြီးတဲ့ အဒေါ်ကြီးတွေပါ ။ သူတို့က ကူပြီးတွယ်ပေးတဲ့ ဒေသခံကောင်းလေးတွေ ကိုမုန့်ဖိုးပေး တွယ်ခိုင်းပြီး ဆင်းတယ်ဆိုပေမယ့် တော်တော်လေးကို သတိထားပြီးဆင်းနေရတယ်ဆိုတော့ နောက်ကလူတွေကလည်း သူတို့ နောက်ကနေ တန်းစီပြီး တရွှေ့ ရွှေ့ နဲ့ လိုက်ခဲ့ရပါတယ် ။ အဲဒီလို မတ်စောက်လှတဲ့ ၊ လူနှစ်ယောက် လွှဲစာလောက်သာ အကျယ်ရှိတဲ့ လှေကားထိပ်က တစ်ယောက်ယောက် ခြေချော်ကျပြီး အရှေကလူတွေကို တွန်းထိုးသလို ဖြစ်သွားမယ်ဆိုရင်တော့ တကယ် မတွေးရဲ စရာဘဲ ။
အကောက်တောင်ပေါ် စောစောရောက်တဲ့ ကျွန်တော်တို့ ကံကောင်းတယ် လို့ ဆိုရပါမယ် ။ ၀ါဆိုလပြည့်နေ့ အခါကြီးရက်ကြီးမို့ တောင်ပေါ်ကိုလာကြသူတွေ တော်တော်ကို များပါတယ် ။ အဲဒီတော့ တောင်အောက်ကို ဆင်းတဲ့ လမ်းတစ်လျှောက်မှာ ဆင်းသူရော တက်သူတွေပါ ရှုပ်ရှက်ခတ်လို့ နေပါတယ် ။ ကျွန်တော်တို့ တောင်အောက်ကို ရောက်ပြီး နောက်ပိုင်းမှာတော့ တောင်ပေါ်မှာ လူတွေ ပြည့်ကျပ်နေလောက်ပါပြီ ။ အခုမှ တောင်ပေါ်ကို အားယူပြီးတက်လာတဲ့ သူတွေကို အရင်ဦးစားပေးလို့ ဆင်းတဲ့ သူတွေကလည်း မတ်စောင့်တဲ့ လှေကားထစ်တွေမှာဆို ပိုလို့ သတိထားပြီး ဆင်းနေရပါသေးတယ် ။ ကျွန်တော်တို့ ဧည့်လမ်းညွှန်ကြီးကတော့ သူဦးဆောင်ခေါ်သွားရမယ့် လူတွေ စုံအောင် သေသေချာချာ ဂရုစိုက်လို့ ခေါ်နေတာကို တွေ့ နေရပါတယ် ။ သူဦးဆောင်ရတဲ့ ခရီးသွားများ တစ်ယောက်ချင်းစီကိုလည်း ဂရုစိုက်ရှာပါတယ် ။ တကယ်ဆို သူ့လို လူမျိုး ကားတစ်စီးမှာ နှစ်ယောက်တော့ ပါသင့်ပါတယ် ။ အခုက သူတောင်ပေါ်က လူတွေကို ခေါ်နေတုန်းမှာ တောင်အောက်ရောက်နေတဲ့ သူများက ထုံးဘိုပြန်ဖို့ အတွက် ဘယ်စက်လှေနဲ့ လိုက်လို့ လိုက်ရမှန်းမသိဘဲ ဖြစ်နေကြပါတယ် ။ နောက်ဆုံးမှာတော့ ထုံးဘိုက ထွက်လာမယ်လုပ်တုန်းက လှေသေးသေးလေးမို့ မစီးချင်းဘူး ဆိုပြီး ကျွန်တ်ာဂျီးများခဲ့တဲ့ လှေလေးပေါ်ကို တက်လိုက်ရပါတယ် ။ လာတုန်းက စီးလာတဲ့ လပ်ကီးကြီးကိုတော့ မတွေ့ ရတော့ပါဘူး ။ လှေပဲ့ကိုတဲ့ သူက လူ အယောက်နှစ်ဆယ်ပဲ တက်ပါလို့ အော်ပြောနေပေမယ့် ကမ်းကခွာတဲ့ အချိန်မှာ လူကြီးရော ကလေးပါ 25 ယောက်လောက် ပါလာခဲ့တယ် ။ လှေကလေးက သေးပေမယ့် စီးရတာ ငြိမ်ပါတယ် ။ ကျွန်တော်တို့ စီးလာတဲ့ လှေလေးဟာ ကမ်းစပ်တောင်ခြေကို နောက်မှ ရောက်လာတဲ့ ဘုရားဖူးခရီးသည်တင်လှေတွေ ကြားကနေ ခရီးသွားအဖွဲကားရပ်ခဲ့တဲ့ ထုံးဘိုမြို့ လေးဆီကို ဦးတည်ပြီး ထွက်ခွာလာခဲ့ပါတယ် ။
တောင်ပေါ်မှာ တုန်းက မိုးတစ်ဖွဲဖွဲရွာနေခဲ့ပေမယ့် ကျွန်တော်တို့ လှေစီးပြီး သွားနေခဲ့တဲ့ အချိန်တွေမှာ ကံကောင်းထောက်မစွာနဲ့ မိုးတိတ်လို့နေပါတယ် ။ ဒီတော့လည်း ကျောက်နံရံကြီးမှာ ထွင်းထုထားတဲ့ ဘုရားရုပ်ထုကြီးတွေကို သေသေချာချာနဲ့ ငေးမောပြီး လှေပေါ်ကနေ အားရပါးရ ကြည့်ရှုခွင့်ရနေခဲ့ပါတယ် ။ သမိုင်းနဲ့ ရှေးဟောင်းသုတေသန ဘာသာရပ်မှာ စိတ်ဝင်စားတဲ့ ကျွန်တ်ာက ဒီအကောက်တောင် နဲ့ ပက်သက်ပြီး သက်ဆိုင်ရာအချက်လက်တွေကို အခု ဒီခရီးစဉ်မှာ လိုက်ပါလာတဲ့ အချိန်ထိ သေသေချာချာနဲ့ ပြည့်ပြည့်စုံစုံ မလေ့လာခဲ့ရသေးပါဘူး ။ အကြောင်းတိုက်ဆိုင်လို့ သာဒီခရီးကို အရင်ထွက်လာခဲ့ခြင်းဖြစ်ပါတယ် ။ နောက်ပိုင်းကျရင်တော့ သေသေချာချာ လေ့လာပြီး သူငယ်ချင်းမိတ်ဆွေများကို တင်ပြပေးဖို့ စိတ်ကူးထားပါတယ် ။ ကျွန်တော်တို့ ရဲ့ ဧည်လမ်းညွှန်လေးပြောပြချက်ကို အခြေခံပြီး ဒီအကောက်တောင်နဲ့ ပက်သ်တဲ့ အကြောင်းရာတွေကို ပြောရမယ်ဆိုရင် …. ဘုရားရှင်ကျေးမင်းဘ၀က ကောက်ပဲသီးနှံပေါတဲ့ ဒီတောင်ပေါ်မှာ အဲဒီ အသီးနှံတွေကို လာရောက်ကောက်စားလို့ အကောက်တောင်လို့ ခေါ်ပါသတဲ့ ။ နောက်တစ်ချက်က ကုန်းဘောင်ခေတ် နှောင်းပိုင်းလောက်မှာ ဧရာဝတီမြစ်ကြီးကို အမှီပြုနေရတဲ့ ကုန်သည်လှေတွေကို အခွန်အခ ကောက်ခံရာ စခန်းရှိတဲ့ ဒီတောင်ကို အကောက်တောင်လို့ ခေါ်ပြန်ပါတယ်တဲ့ ။ နောက်ဆုံးအချက်က ဒီဒေသတစ်ဝိုက်မှာ ဖြတ်သန်း စီးဆင်းနေတဲ့ ဧရာဝတီမြစ်ကြီးရဲ့ ကောက်ကွေ့ နေတဲ့ သုံးဆင့်ချိုးအကွေ့ ရှိတဲ့ နေရာမို့ အကောက်တောင်လို့ ခေါ်တာဖြစ်ကြောင်း သိရပါတယ် ။ ကျွန်တော့်တစ်ဦးတည်းရဲ့ သဘောအရ ဆိုရင်တော့ ပထမဆုံး အချက်ဖြစ်တဲ့ ကျေးမင်းနဲ့ သက်ဆိုင်တဲ့ အချက်က ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ ရဲ့ ကိုးကွယ်ယုံကြည်သက်ဝင်မှုကို အခြေခံပြီးပြောတာ ပေါ်လွင်လှတာမို့ အဲဒီ အချက်ကို ပယ်ပါတယ် ။ နောက် နှစ်ချက်မှာ ဖြစ်နိုင်ဆုံး အချက်ကို ရွေးချယ်ရရင် အကောက်တောင် အနီးနားပတ်ဝန်းကျင်မှာ အရင်ခေတ်ကတည်းကတိုင် လူတွေ ၀င်ထွက် သွားလာနေထိုင်တဲ့သက်သေ လက်စလက်နဖြစ်တဲ့ ဘုရားရုပ်ထုတွေထုလုပ်ထားတာတွေကို တွေ့  ရှိနေတာကြောင့် ကုန်သည်လှေတွေကို အခွန်အခ ကောက်ခံရာ စခန်းရှိလို့ အကောက်တောင်လို့ ခေါ်ဆိုတာကို လက်ခံချင်ပါတယ် ဆိုတာကို တင်ပြရင်း အကောက်တောင်သွား ခရီးစဉ် အကြောင်း ဆုံးသတ်လိုက်ရပါတယ် ခင်ဗျား ။
( ရန်နောင်စိုး )July 17, 2014
လိုင်းကောင်းကောင်းနဲ့ သုံးရတဲ့ သူများ အကောက်တောင် က ကျောက်နံရံမှာ ထွင်းထားတဲ့ ဘုရားရုပ်ပွားတော်တွေ နဲ့ ရှုခင်းတွေကို ကြည့်ရင်ရင်တော့ ဒီလင့်လေးမှာ ထောက်ပြီး ကြည့်ရှုနိုင်ပါတယ် ခင်ဗျာ ။
https://www.facebook.com/photo.php?v=763633993659975&set=vb.100000401452593&type=2&theater
အဆင်ပြေမယ်ဆိုရင်ကြော်ငြာတစ်ခုစီကိုကလစ်တစ်ချက်စီနှိပ်ခဲ့ပါ
အကောက်တောင်သို့ တစ်မနက်ခရီး(ရန်နောင်စိုး)
Written By လွင့်မောင်မောင် on Wednesday, July 16, 2014 | 7:25 PM

Labels:
ခရီးသွား,
ရန်နောင်စိုး
တစ်ပတ်အတွင်းဒိုင်ယာရီ
-
►
2022
(1)
- ► 12/04 - 12/11 (1)
-
►
2021
(6)
- ► 08/15 - 08/22 (1)
- ► 08/08 - 08/15 (1)
- ► 07/25 - 08/01 (1)
- ► 07/11 - 07/18 (3)
-
►
2016
(8)
- ► 05/08 - 05/15 (1)
- ► 03/27 - 04/03 (1)
- ► 03/13 - 03/20 (2)
- ► 02/21 - 02/28 (2)
- ► 02/07 - 02/14 (1)
- ► 01/31 - 02/07 (1)
-
►
2015
(32)
- ► 12/27 - 01/03 (1)
- ► 12/13 - 12/20 (4)
- ► 11/22 - 11/29 (2)
- ► 07/19 - 07/26 (1)
- ► 04/19 - 04/26 (3)
- ► 04/12 - 04/19 (2)
- ► 04/05 - 04/12 (2)
- ► 03/08 - 03/15 (3)
- ► 03/01 - 03/08 (1)
- ► 02/22 - 03/01 (3)
- ► 02/15 - 02/22 (3)
- ► 02/01 - 02/08 (4)
- ► 01/25 - 02/01 (3)
-
▼
2014
(10)
- ► 09/21 - 09/28 (1)
- ► 05/25 - 06/01 (1)
- ► 04/13 - 04/20 (2)
- ► 03/30 - 04/06 (1)
- ► 02/16 - 02/23 (2)
- ► 02/09 - 02/16 (2)
-
►
2013
(70)
- ► 12/29 - 01/05 (1)
- ► 11/17 - 11/24 (1)
- ► 11/03 - 11/10 (3)
- ► 10/27 - 11/03 (5)
- ► 10/20 - 10/27 (5)
- ► 10/13 - 10/20 (12)
- ► 10/06 - 10/13 (9)
- ► 09/29 - 10/06 (10)
- ► 09/22 - 09/29 (5)
- ► 09/15 - 09/22 (5)
- ► 09/08 - 09/15 (1)
- ► 09/01 - 09/08 (1)
- ► 07/28 - 08/04 (3)
- ► 07/21 - 07/28 (1)
- ► 06/16 - 06/23 (1)
- ► 06/02 - 06/09 (4)
- ► 05/26 - 06/02 (1)
- ► 04/07 - 04/14 (1)
- ► 03/10 - 03/17 (1)
-
►
2012
(43)
- ► 12/23 - 12/30 (1)
- ► 11/04 - 11/11 (5)
- ► 10/28 - 11/04 (1)
- ► 10/21 - 10/28 (3)
- ► 10/07 - 10/14 (2)
- ► 09/30 - 10/07 (11)
- ► 09/09 - 09/16 (1)
- ► 07/29 - 08/05 (2)
- ► 07/22 - 07/29 (2)
- ► 07/15 - 07/22 (4)
- ► 07/08 - 07/15 (3)
- ► 07/01 - 07/08 (2)
- ► 06/24 - 07/01 (1)
- ► 06/17 - 06/24 (1)
- ► 06/03 - 06/10 (1)
- ► 05/27 - 06/03 (1)
- ► 04/15 - 04/22 (2)
-
►
2011
(3)
- ► 10/02 - 10/09 (3)
-
►
2010
(1)
- ► 06/20 - 06/27 (1)