ထားဝယ်
ရေနက် ဆိပ်ကမ်း စီမံကိန်း ကြောင့် မြန်မာသိ၊ ကမ္ဘာသိ ဖြစ်လာတဲ့ နဘုလယ်
ဒေသဟာ ထားဝယ် ခရိုင် အတွင်းမှာ ထူးခြားတဲ့ ကျေးရွာ အုပ်စုကြီး (တိုက်နယ်)
တစ်ခု ဖြစ်ပါတယ်။ ဒေသိယ စကားပြောတဲ့ ထားဝယ် ဒေသအတွင်း မှာတင် ထားဝယ် ဒေသိယ
စကားရဲ့ မျိုးကွဲ ဒေသိယ စကားလို့တောင် ပြောရလောက်တဲ့အထိ လေယူလေသိမ်း၊
ဝေါဟာရ အသုံးအနှုန်း ကအစ ကွဲပြားပါတယ်။ နဘုလယ် ဒေသိယ စကားဟာ ထားဝယ်
အချင်းချင်းတောင် နားလည်ဖို့ ခက်တဲ့ ဒေသတွင်း မျိုးကွဲ ဒေသိယ စကားတစ်ခုပါ။
ထားဝယ်သူ၊ ထားဝယ်သား ၀န်းကျင်မှာ မိတ်ဆွေ သူငယ်ချင်း နဘုလယ် သားတွေနဲ့
တွေ့ရင် ‘ကျွဲနှင့်ကြွက် လဲပုံပြင်’ ကိုပြောပြီး နဘုလယ် သားတွေကို
ချစ်စနိုးနဲ့ ကျီစယ် ပြောဆို တတ်ကြပါတယ်။ နဘုလယ် သားတွေကို
‘ကျွဲနှင့်ကြွက်’ အလဲခံ တဲ့အထိ ရိုးအလွန်း သူတွေလို့ ကျီစားလိုက် တာပါ။
ပုံပြင်လေးဟာ ဒီလိုပါ …….
ဟိုး …… ရှေးတုန်းက ထားဝယ် မြို့ဟောင်း တစ်ခု ဖြစ်တဲ့ သာဂရ ဘုရင်
တစ်ပါးမှာ ဆင်တစ်စီး ရှိပါတယ်။ အဲဒီဆင်ကို အစာရေစာ ရှာဖွေဖို့ လွှတ်ထားတော့
နယ်ကျော်ပြီး နဘုလယ် ရွာဘက် ရောက်သွားပါတယ်။ ဒီအချိန်မှာ စပါး ကလည်း
ပေါ်စဆိုတော့ ၀ါဝင်းနေပြီ ဖြစ်တဲ့ စပါးတွေကို စားသောက် ဖျက်ဆီး ပစ်လိုက်
ပါတယ်။ နဘုလယ် ရွာသား တွေကလည်း မင်းရဲ့ဆင်မှန်း မသိဘဲ သာမန် ဆင်ဆိုး
တစ်ကောင်လို့ ယူဆပြီး ထိုးခုတ် သတ်ဖြတ် မြှုပ်နှံလိုက် ကြပါတယ်။ မင်းချင်း
တို့က ဆင်ကို လိုက်ရှာတော့ ဆင်ရဲ့ခြေရာဟာ နဘုလယ်ရွာ အနားက လယ်တောမှာ
ပျောက်သွား တာကြောင့် အနီးအပါးမှ ရွာသား များကို စုံစမ်း မေးမြန်း ပါတယ်။
ဒီတော့မှ သူတို့ သတ်လိုက်တဲ့ ဆင်ဟာ ဘုရင့်ဆင်မှန်း သိပြီး ချက်ချင်းပဲ
ရွာထဲကို ပြေးလွှား သတင်း ပို့ပါတယ်။ ဘုရင့်ဆင်ကို သတ်လိုက်မိပြီ ဖြစ်တဲ့
အတွက် မင်းပြစ်မင်းဒဏ် သင့်မှာစိုးပြီး ရွာခေါင်းဆောင်က အကြံထုတ်ရပါတယ်။
ဒါကြောင့်မို့ ဆန်ဖွတ်တဲ့ ဆုံတစ်လုံးကို ယာပျက်သစ်ငုတ်မှာ ကြိုးနဲ့ချည်ပြီး
ထားထား လိုက်ပါတယ်။ မင်းချင်းတွေက ရောက်လာပြီး စုံစမ်းတော့ ရွာသားတွေက
ဆင်ဆိုတာတော့ မသိ၊ ဒီဆုံကတော့ ယာခင်းကို ဖျက်ဆီးနေလို့ ကြိုးနဲ့ခုလို
တုပ်ချည် ထားရကြောင်း ပြောပြ ကြပါတယ်။ မင်းချင်း များကလည်း ယုံရခက်၊
မယုံရခက်နဲ့ ဆုံကလည်း ဆင်ခြေရာနဲ့ တစ်ရွယ်တည်းမို့ ဝေခွဲမရ ဖြစ်ကြရ ပါတယ်။
ဘယ်လိုမှ မေးမရတဲ့ အဆုံး မင်းချင်းများ ပြန်သွားကြ ပါတယ်။
သာဂရ မင်းကြီး ကတော့ မင်းချင်းတွေရဲ့ လျှောက်တင်ချက်ကို နားထောင်ပြီး
‘ဆင်မှန်း၊ ဆုံမှန်း’ မသိလောက်အောင် ထုံထိုင်း သူတွေပဲလို့
မှတ်ချက်ပြုပြီး၊ တကယ်ထုံထိုင်း၊ မထုံထိုင်း သိရအောင် ကြွက်များကို
မင်းချင်းများအား ဖမ်းစေတယ်။ ပြီးတော့ နဘုလယ် ရွာမှာ ကျွဲများနှင့်
လဲလှယ်စေဖို့ အမိန့် ပေးပါတယ်။ အလဲမခံရင် ဆင်ပျောက်တဲ့ ကိစ္စမှာ
လိမ်လည်ခြင်း ဖြစ်ပြီး၊ အလဲခံရင်တော့ အမှန်တကယ် ထုံထိုင်းတယ်လို့
မှတ်ယူနိုင်အောင် စမ်းသပ် လိုက်ခြင်း ဖြစ်ပါတယ်။ မင်းချင်း များလည်း
နဘုလယ်ကို ဒုတိယ အကြိမ် ပြန်လာတော့ ရွာဓလေ့ အတိုင်း မုန့်ဆန်
ထောင်းသူထောင်း၊ မုန့်ဆန်း (မုသန်း) လှော်သူ လှော်နေ ကြပါတယ်။
ရွာခေါင်းဆောင်က သွန်သင် ထားတဲ့အတိုင်း တစ်ယောက်က မင်းချင်းတွေရဲ့
ရှေ့မှာတင် လှော်ပြီးသား မုန့်ဆန်း (မုသန်း)ကို တောင်းယူစေပါတယ်။
မုန့်ဆန်း (မုသန်း) တောင်းသူက အိမ်တိုင်တစ်လုံးကို ရင်ဘတ်နှင့် မှီကာ
လက်နှစ်ဖက်ကို လက်ဝါးချင်းယှက်ပြီး တောင်းပါတယ်။ မုန့်ဆန်း (မုသန်း) တွေကို
အပြည့်ထည့်ထား လိုက်တော့ မုန့်ဆန်း (မုသန်း)တွေကို ယူသွားဖို့ရန် တိုင်ခံ
နေလို့ အခက် အခဲ ဖြစ်နေပါတယ်။ ဒီအဖြစ်အပျက်ကို ထုံထိုင်းသူလို့
မှတ်ယူစေဖို့ အလယ်မှာ ခံနေတဲ့ တိုင်ကို သောကစိတ်နဲ့ အကြီးအကျယ်
ရေးကြီးခွင်ကျယ် ဖြစ်ကာ လက်ယှက် ထားတဲ့ ကြားက တိုင်ကို ဖြတ်ပြီး ထုတ်ယူ
လိုက်ပါတယ်။ မင်းချင်း များကလည်း ဒီရွာသားတွေဟာ တကယ့်ကို
ထုံထိုင်းသူတွေလို့ ယုံကြည် သွားကြ ပါတယ်။ နောက် သာဂရမင်း ခိုင်းစေလိုက်တဲ့
အတိုင်း ကြွက်နဲ့ကျွဲကို လဲပြန်တော့လည်း မင်းပြစ် မင်းဒဏ်မှ ကင်းလွတ်အောင်
အထုံအထိုင်း ခံပြီး လဲလိုက် ကြပါတယ်။ မင်းချင်းများရဲ့ လျှောက်တင် ချက်အရ
မင်းကြီးလည်း နဘုလယ် ရွာသား တွေကို ဆင်ပျောက်တဲ့ ကိစ္စ ကနေ အပြစ် လွှတ်ပေး
လိုက်ပါတယ် … ။
အဲလို ‘ကျွဲနဲ့ကြွက်လဲ’ ပုံပြင်အစွဲပြုပြီး ထားဝယ်သူ၊ ထားဝယ်သား တွေ
ကြားမှာ ‘ကျွဲနဲ့ကြွက်လဲ’၊ ‘ဘုလယ်သား မုသန်းခံ’ ဆိုတဲ့စကားတွေ ပေါ်ပေါက်လာ
ခဲ့တာပါ။ ဒီပုံပြင်မှာ နဘုလယ် သားတွေရဲ့ အမိန့် နာခံတတ်မှု၊ စည်းလုံး
ညီညွတ်မှု၊ တင်္ခဏုပတ္တိဉာဏ် ထက်သန်မှုတွေကို တွေ့မြင် ရမှာပါ။ ရှေ့ကို
အကွက်ကျော် မြင်တတ်တဲ့ နဘုလယ် သားတွေဟာ ဘယ်လောက် လိမ္မာ ပါးနပ်မှု ရှိတယ်
ဆိုတာ ဒီပုံပြင် လေးဟာ သက်သေ ပြနေတာပါ။ ဒါကြောင့်လည်း ဒီပုံပြင်ကို နဘုလယ်
ဒေသနဲ့ ဆက်နွယ်ပြီး ချစ်စရာ ပုံပြင်လေး တစ်ပုဒ်အဖြစ် နှစ်ပေါင်း များစွာ
နှုတ်ဆင့်ကမ်း သယ်ဆောင် ခဲ့ကြတာပါ။
ဘာပဲပြောပြော… ထားဝယ် ဒေသိယ စကားမျိုးကွဲ တစ်ခုကို ပြောတဲ့ နဘုလယ်သား
တွေဟာ ပြသာနာ တစ်ရပ်ကို သွေးအေးအေးနဲ့ အကွက်ချ စီမံ ဖြေရှင်းတတ်ကြ
သူတွေဆိုတာ ဒီ ပုံပြင်က သက်သေပါ။ ဒေသရဲ့ အစဉ်အလာ ကောင်းတွေကို နဘုလယ်
သားတွေ ဆက်ထိန်းထား နိုင်မယ်လို့ ယုံကြည် ပါတယ်။
ဖိုးဇော် (ထားဝယ်)
No comments:
Post a Comment