Pages

Saturday, February 7, 2015

ရင်ကွဲမြို့လေးရဲ့ အိပ်မက်တံတား - ဖိုးဇော်(ထားဝယ်)

ရေဖြူ  တံတား  ၊ဓာတ်ပုံ- ဖိုးဇော်(ထားဝယ်)

ရင်နှစ်ခြမ်းအခွဲခံထားရတဲ့ မြို့လေးက ဆောင်းနှောင်းရာသီ၏ မနက်ခင်းမှာ ခပ်တိတ်တိတ်ဆိတ်ဆိတ်ပဲဖြစ်သည်။ခပ်လျှောလျှောကွန်ကရစ်လမ်းလေးအတိုင်းရေစပ်ကိုဆင်း
ပြီး ကွေ့ကွေ့လေးစီးဆင်းနေသည့် မြစ်ကြောင်းကိုဓာတ်ပုံရိုက်ရန်ပြင်တော့ ရေစပ်မှာရှိနေသည့်
 လှေသမားတစ်ဦးက ` ဟိုဘက်ကမ်းကူးမှာလား´ဟုမေးသည်။
ကျွန်တော်ခေါင်းခါပြလိုက်သည်။ကျောင်းပိတ်ရက် ၊ရုံးပိတ်ရက်မို့ လှေဆိပ်သည်လည်း လူသူကျဲပါးကာ ခြောက်ကပ်လို့နေပါသည်။

ခါတိုင်းရက်တွေမှာ ဆိုလျှင်တော့ ဒီကူးတို့ဆိပ်လေးမှာ ဟိုဘက်သည်ကူးသူတို့နှင့်ကူးတို့လှေကလေးသည်ပျားပန်းခတ်မျှ။မိုးထဲလေထဲမှာလည်း
 ကျောင်းသူ၊ကျောင်းသားလေးတွေ၊ရုံးဝန်ထမ်းတွေ ၊ရပ်သူရွာသားတွေဒီလိုပဲ ကူးတို့ကို အားကိုးကာသွားလာခဲ့ရတာဖြစ်သည်။

     ဟိုးနှစ်ပေါင်းများစွာကတည်းက အစိုးရရုံးစိုက်ခဲ့သည့် အနောက်ဘက်ကမ်းမှာ ရုံးတွေ၊ဆေးရုံ၊ရဲစခန်း၊ကျောင်း…စတာတွေ ရှိနေသည်မို့ အရှေ့ဘက်ကမ်းကလူတွေက သည်လိုပဲကူးသန်းခဲ့ရတာဖြစ်သည်။တစ်သက်တာလုံး ဒီလိုမြင်ကွင်းတွေကြုံခဲ့ရသူဒေသခံတွေ၏ အိပ်မက်မှာ ရင်နှစ်ခြမ်းအခွဲခံရတဲ့ပြမြို့လေးကို တံတားထိုးခဲ့ကြမှာပဲဖြစ်သည်။

လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်စုလောက်တုန်းကတော့
ဒီအိပ်မက်တွေကို အကောင်းအထည်ဖော်ခဲ့ဖူးတာအမှတ်ရသည်။ သစ်သားတံတား။ပျဉ်ခင်းတံတား။ဒေသခံတွေခဏတော့သွားလာရအဆင်ပြေသွားခဲ့သေးသည်။
ဒီ့နောက်တော့မိုးမကျခင်မှာပဲဒီတံတားကိုခေတ္တဖျက်သိမ်းကာနေမြဲအတိုင်းပြန်ဖြစ်သွားခဲ့ပြန်ပါ
သည်။ရေစီးသန်လှသည့် မြစ်ရေကြောင့် ကြိုတင်ကာကွယ်သည့်အနေဖြင့် ဖျက်လိုက်
သည်ဟုလည်းဆိုကြသည်။

 နောက်တစ်ကြိမ်ပြန်ဆောက်သေးသည်။ ဖွင့်ပွဲလုပ်တော့မည့်ဆဲဆဲမှာ ရေစီးကြောင့်မျောပါသွားခဲ့တာအမှတ်ရသည်။နောက်တော့ ရင်ကွဲမြို့လေးက တံတားအိပ်မက်နှင့် ဝေးကွာသွားခဲ့ပြန်ပါသည်။ဒီတံတားနှင့်ပတ်သက်၍ ဒေသခံတွေ၏စိတ်ထဲမှာတော့ အားမလိုအားမရဖြစ်တာတွေအစိုင်အခဲတွေရှိပေလိမ့်မည်။ငါတို့အရပ်ကိုပစ်ပယ်ထားတာ၊ငါတို့အ
ခက်အခဲကို အမုန်းခံပြီးဖြေရှင်းပေးမယ့်သူမရှိဘူး ဆိုသော အတွေးတွေတွေးနေမိမည်ထင်
သည်။တကယ်လည်း ကျွန်တော်တို့ဒေသမှာ တံတားထိုးတာနှင့်ပတ်သက်ပြီး ကြားဖူးတာတွေတော့ရှိသည်ပေါ့။နိုင်ငံအတွက်အကျိုးမရှိလို့မလုပ်ပေး၊မဆောက်ပေးတာ။
ထားဝယ်သားဝန်ကြီးချုပ်ဦးစိန်ဝင်းတောင်ကြည့်ပါလား။ထားဝယ်အတွက် အဆင်ပြေအောင် ကမျောကင်းတံတားဆောက်ပေးလိုက်လို့ ဦးနေ၀င်း အမျက်ရှသွားတာ…စသဖြင့် သမိုင်း
စကားတွေကို ကြားခဲ့ဖူးသည်ပဲ။ဘာပဲဖြစ်ဖြစ်…ခုတော့လည်း ထားဝယ်ခရိုင်တစ်ခုလုံးမှာ အကျယ်ပြန့်ဆုံးသောမြို့နယ်၊နိုင်ငံ၏နိုင်ငံခြားငွေ အများဆုံးဖြည့်ဆည်းပေးခဲ့သော၊ပေးနေသော မြို့နယ်၊သယံဇာတသိုက်ကြီးကိုဖင်ခုထိုင်ထားသောမြို့နယ်က ရုတ်တရက်ကြည့်လိုက်လျှင်တော့ အရောင်မှိန်မှိန်နှင့်နွမ်းလျဟန်ပေါက်နေသဖြင့် သူဌေးက ဆင်းရဲသားဟန်ဆောင်နေရသော မြို့နယ်တစ်ခုလည်းဖြစ်ချေသည်။

ခုတော့ အခင်းအကျင်းသစ်မှာ စေတနာပဲဆိုရမည်လား။
နည်းဗျူဟာပဲဆိုရမည်လား။အိပ်မက်ထဲက တံတားတစ်စင်းကတော့ ရင်ကွဲမြို့ကလေးကို ဆက်စပ်လုဖြစ်စေခြဲ့ပီလည်းဖြစ်ချေသည်။ထိုအိပ်မက်တံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊တံတားဆောက်လုပ်ရေးစီမံကိန်းအထူးအဖွဲ့ ၁၃ က တာဝန်ယူတည်ဆောက်နေခြင်းပဲဖြစ်သည်။နှစ်ကာလများစွာကတည်းကဒေသခံတို့ မက်ခဲ့ရသော အိပ်မက်တံတား။ရင်ကွဲမြို့လေးဟု ကျွန်တော်တင်စားခေါ်သည့် ရေဖြူမြို့  လေးကား
အိပ်မက်တွေ ပြည့်ဝခဲ့ခြင်းအတွက် ၀မ်းသာနေမည်ထင်ပါသည်။ကားလမ်းအတွက် ပုဂေါဇွန်း၊သစ်တိုထောင့်၊ရလိုင်မြို့ဟောင်း ဘက်ကိုသာ အားထားနေရသည်မှ အိပ်မက်တံတားတစ်စင်းပြီးခဲ့လျှင်တော့ ရေဖြူမှသည် ထားဝယ် -ရေးလမ်းပိုင်းနှင့်ဆက်စပ်ကာ ပြည်ထောင်စုလမ်းမကြီးအထိ ဆက်စပ်သွားလာနိုင်ပြီလည်းဖြစ်သည်။ထို့အတွက် ဒေသခံ
တွေအဖို့ အိပ်မက်တွေ ဆက်မက်ခွင့်ရကြပါလိမ့်မည်။အေးငြိမ့်စွာစီးဆင်းနေသော မြစ်ကြောင်းထဲမှာတော့ တစ်ချိန်တုန်းက ရင်ကွဲမြို့လေး၏ မျှော်လင့်ခြင်းတံတားအိပ်မက်
တွေကို အပြီးတိုင်မြှုပ်နှံထားလိုက်ကြမည်ထင်သည်လေ…။
ဖိုးဇော်(ထားဝယ်)
ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)
၇ ဖေဖော်ဝါရီ ၂၀၁၅

No comments:

Post a Comment