Pages

Monday, September 22, 2014

ဆီးချိုသွေးချိုအတွက် အံ့မခန်းဆေးဗောက်ပင်



ဗောက် ပင် အစွမ်း အံ့မခမ်းလမ်းဘေးမှာအလေ့ကျ ပေါက်နေတဲ့
ဗောက်ပင်လေးတွေကို လူတိုင်းလိုလိုသိကြမြင်ကြပေမဲ့ အမှတ်တမဲ့ပဲ နေမိကြမှာပါ။
ဗောက်သီးမှည့်လေးတွေ ကတော့ အလွန်ချိုပါတယ် ကလေးတွေကြိုက်ကြတယ်။

  ထူးခြားတာက ဗောက်ပင်တပင်လုံးကိုပဉ္စငါးပါး(အမြစ်မှအညွန့်)အားလုံးကို
ရေစင်ကြယ်အောင်ဆေးကြောပြီးအိုးသန့်သန့်မှာထည့် ရေမက်ခွက်
၃ခွက်ထည့်ပါ ရေ တစ်ခွက်စာကျန်သည့်တိုင်အောင် မီးအေးအေးနှင့်ကျိုချက်ပြီး
တစ်နေ့ကို၃ ကြိမ်ခန့် သောက်ပေးပါကဆီးချို သွေးချို ရောဂါကို ဒိဌ သက်သာ
ပျောက်ကင်းစေပါတယ်။
အရသာကခါးပေမဲ့ အကုန်ကျ အလွန်နည်းပါးတာကြောင့် ဝေဒနာခံစားရေရသော မိတ်ဆွေများ
အတွက်ဖြန့်ဝေ ပေးလိုက်ပါတယ်။
ဆီးချို သွေးချို ဝေဒနာ သက်သာပျောက်ကင်းကြပါစေ။
 ဦးကြည်သန်း(ထားဝယ်)
U Kyi Than  Facebook စာမျက်နှာမှ- 

Wednesday, July 16, 2014

အကောက်တောင်သို့ တစ်မနက်ခရီး(ရန်နောင်စိုး)

 
ကျွန်တော်တို့ နိုင်ငံရဲ့  ခရီးသွားလို့ ကောင်းတဲ့ ရသီဥတုနဲ့  ခရီးသွားရတာကို ၀ါသနာပါတဲ့ ကျွန်တော်က အလိုက်သင့် သိပ်မဖြစ်ဘဲ ပြောင်းပြန်အချိုးတွေ ကျနေတာများပါတယ် ။ မိုးရာသီဆိုရင်အလုပ်ပါးပြီး အားတဲ့ အချိန်တွေများနေတတ်ပေမယ့် မိုးတွေရွာနေတတ်တာမို့ ခရီးသွားရတာ အဆင်မပြေတတ်ဘူး ။ ပွင်းလင်းရာသီရောက်လို့ ခရီးသွားလို့ ကောင်းတဲ့ ရာသီကို ရောက်ပြန်တော့ အလုပ်တွေက လှိုင်နေတတ်ပြီး အားတဲ့ရက်က တော်တော်ကို ရှားနေပြန်ပါတော့တယ် ။ ဒီတစ်မိုးမှာတော့ The Traveller Journal မှာပါတဲ့ ပြည်တွင်းခရီးသွားလုပ်ငန်းတစ်ခုကနေပြီး ကြေငြာထားတဲ့ ခရီးစဉ်လေးကို့  သဘောကျမိတာနဲ့ ဘယ်လိုပဲ ဖြစ်ဖြင့် မိုးတွင်းထဲမှာတော့ ခရီးတိုလေးတစ်ခုတော့ သွားလိုက်အုံးမှ ဆိုပြီး ဆုံးဖြစ်ချက်ချလိုက်ပါတယ် ။
သူကြေငြာထားတဲ့ ခရီးစဉ်က ၀ါဆိုလပြည့်နေ့မှာ ပြည်မြို့ နဲ့ ဧရာဝတီမြစ်ခြားလို့ တဖက်ကမ်းမှာ ရှိနေတဲ့ အကောက်တောင်ခရီးစဉ်နဲ့ အဲဒီကပြန် နီးစပ်ရာဘုရားတွေကို တစ်နေကုန်အောင်ထိ လိုက်ပို့ အုံးမတဲ့ ။ ခရီးက အဲဒီနေ့ မတိုင်ခင်ည10 နာရီမှာ ရန်ကုန်က စထွက်မယ် ၊ ပြီးရင် ဟိုကို မိုးလင်းရောက် ၊ အကောက်တောင်ကိုတက် ၊ တစ်နေကုန် ဘုရားတွေဖူးပြီး ညနေစောင်းရင် ရန်ကုန်ပြန်မယ်တဲ့ ။ အဲဒါကို စားသောက် စရိပ်ငြိမ်း အပြီးအစီး 30000 ကျပ် ဆိုတော့ တန်တယ်လို့ ယူဆမိပါတယ် ။ ပြည်မြို့ က သရေခေတ္တရာမြို့ ဟောင်းကိုရော မ၀င်ပေးဘူးလားမေးတော့ ပြည်မြို့ ထဲမှာ ရှိတဲ့ ဘုရားကြီးဘုရားကိုပဲ ပို့ပေးမယ်တဲ့ ။ အင်းလေ ရှိစေတော့ပေါ့ ။ မြို့ ဟောင်းထဲကို သူတို့ ပို့ပေးမယ်ဆိုလည်း ကျွန်တော့ အတွက်က အဲဒီ သူတို့ပို့ပေးတဲ့ အချိန်တိုလေးအတွင်း ဘာမှကိုသေသေချာချာ လေ့လာခွင့် ရမှာမဟုတ်တော့ စိတ်ထဲမှာ အကောက်တောင်ခရီးကိုပဲ အဓိကထားပြီး အဲဒီခရီးစဉ်နဲ့ လိုက်ဖို့ ဆုံးဖြတ်ခဲ့တယ် ။
10 . 7 . 2014 အဖိတ်နေ့ ည 9 နာရီလောက်မှာတော့ ခရီးစဉ်မှာ အတူလိုက်ပါမယ့်သူငယ်ချင်းတစ်ယောက်နဲ့အတူ အိမ်ကနေ စုရပ်ဖြစ်တဲ့ မြေနီကုန်း လမ်းဆုံက ဒဂုံစင်တာ 2 အရှေ့ ကို ထွက်လာခဲ့လိုက်တော့တယ် ။ 10 နာရီထိုးတော့ အသင့်စောင့်နေတဲ့ ကားပေါ်ကို တက်ပါတယ် ။ ကျွန်တော်တို့ ခရီးသွားရမယ့်ကားက ထင်ထားတဲ့ အတိုင်း ရန်ကုန် - မန္တလေးကို ပြေးဆွဲနေတဲ့ကားတွေ လိုမျိုး ပထမတန်းစားကားကြီးတွေ မဟုတ်ဘူး ။ လွတ်ပေးထားတဲ့ လေအေးပေးစနစ်ကတော့ကောင်းသား ၊ တော်တော်လေးကို အေးပါတယ် ။ ခက်တာက အဲဒီလို ကားတွေမှာ လွတ်ပေးထားတဲ့ လေအေးနဲ့ အတူ ထွက်လာတဲ့ ခပ်စို့စို့အနံ့က ကျွန်တော့ အတွက်ကတော့ ခရီးစဉ် တစ်ခုလုံးကို တောက်လျှောက်ကို ခေါင်းမူးစေတာပါပဲ ။ 10 နာရီ 15 မီနစ်မှာတော့ ခရီး စထွက်ပါတယ် ။ ကားထဲမှာ ပါလာတဲ့ ကျွန်တော်တို့နဲ့ အတူခရီးသွားမယ့် သူတွေက အသက် 30 နီးပါးအရွယ် စုံတွဲတော်တော် များများနဲ့ အများစုကတော့ အသက် 50 အရွယ်ကနေ 70 ကျော်ရွယ်လောက်ရှိတဲ့ အဒေါ်ကြီးတွေက အများစုပါ ။ ကျတော်နဲ့ အသိမိတ်ဆွေဆိုလို့ အတူခရီးသွားမယ့် သူငယ်ချင်းတစ်ယောက်ကလွဲလို့ ကားထဲမှာ တစ်ယောက်မှကို ပါမလားဘူး ။ ကားက မြေနီကုန်းလမ်းဆုံကနေ ပြည်လမ်းအတိုင်း ထွက်လာပြီး ထောင့်ကြန့် လမ်းဆုံနားအရောက်မှာ ခဏနားပါတယ် ။ ကားနားနေတဲ့ အချိန်မှာ မိုက်နဲ့ ချိတ်ဆက် သုံးပြုမယ့် ဆောင်းဘောက် တွေ သိပ်အလုပ်မလုပ်လို့ ပြင်နေကြတယ်ထင်ပါတယ် ။ အဲဒီလို ပြင်နေပြီး မီနစ် 20 လောက်ကြာတော့ မိုက်ကို ကိုင်ပြီး ဧည့်လမ်းညွှန်အဖြစ်ပါလာတဲ့ သူက သူ့ကိုယ်သူမိတ်ဆက်တယ် ။ ပြီးတော့ ခရီးစဉ် အကြောင်းပြောတယ်ထင်ရပါတယ် ။ မိုက်ကထွက်လာတဲ့ အသံက ၀ူးဝူး ၀ါးဝါးနဲ့မို့ ဘာကိုမှ သဲသဲကွဲကွဲမကြားရဘူးဆိုတော့ ခရီးသွားများက မိုက်မပါဘဲ ဒီအတိုင်းပဲ ပြောဖို့ တောင်းဆိုပါတယ် ။ မိုက်မပါပဲ ဒီ အတိုင်းပြောပြန်တော့ ဘာမှ မကြားတော့ဘူးဆိုပြီး ကားနောက်ပိုင်းက အော်သံတွေ ထွက်လာပြန်ပါတယ် ။ ကျွန်တော်က သူ့နဲ့ မနီးမဝေးမှာ ထိုင်ရတဲ့ သူဆိုတော့ သူပြောတာ ကြားနေရပါတယ် ။ သူက ဒီခရီးစဉ်ရဲ့  ဧည့်လမ်းညွှန်ဖြစ်ကြောင်း ၊ တကယ်တော့ ဒီခရီးစဉ်မှာ လိုက်ပါရမယ့် မူလဧည့်လမ်းညွှန်က အကြောင်း တစ်ခုခုကြောင့် လိုက်ပါနိုင်ခြင်းမရှိလို့ သူအစားထိုးပြီးလိုက်ပါလာရကြောင်း ၊ အခုခရီးစဉ် အစမှ နေပြီး အကောက်တောင်သို့ တိုက်ရိုက် မောင်းနှင်မှာ ဖြစ်ပြီး မနက်စာကို တောင်ပေါ်မှာ သုံးဆောင်ရမှာ ဖြစ်ကြောင်း အခုချိန်ကနေစပြီး ကားပေါ်မှာ အိပ်စက်နားယူရင်း လိုက်ပါနိုင်ပြီ ဖြစ်ကြာင်း ပြောပြီး သူ့စကားကို ဆုံးသတ်ပါတယ် ။ ကျွန်တော် ရွေးချယ်ပြီး လိုက်ပါလာတဲ့ ပြည်တွင်းခရီးသွားလုပ်ငန်းအဖွဲ့စည်းက ကားပေါ်မှာ ပါလာတဲ့ ခရီးသွား 30 ကျော်ကို ဒီ အသက်နှစ်ဆယ်ကျော်အရွယ် ဧည့်လမ်းညွှန်လေးတစ်ယောက်နဲ့ ထည့်ပေးလိုက်တာပါပဲ ။
ဧည့်လမ်းညွှန်က သူ့စကားအဆုံးသတ်ပြီးတာနဲ့ မြေနီကုန်းလမ်းဆုံမှ စထွက်ကတည်းကနေ အဆက်မပြတ် ဖွင့်လာတဲ့ အန္တရာယ်ကင်းတရားတော်တွေကို အခု ထောက်ကြန့်လမ်းဆုံမှာ ခဏနားပြီး ခရီးဆက်ထွက်တော့မယ်ဆိုပြန်တော့ တစ်ခါကြယ်လောင်စွာနဲ့ ဆက်ပြီးဖွင့်ပြန်တယ် ။ အဲဒီအချိန်မှာပဲ ကျွန်တော့်နဘေးနားက ကောင်လေးတစ်ယောက်က တစ်ရှူးစကို လုံးချေပြီး သူ့နားနှစ်ဖက်မှာ ဆိုလိုက်တာကို ကျွန်တော်မြင်လိုက်ရတာနဲ့ ဒုက္ခသည် အချင်ချင်း အဖော်ရပြီ ဆိုတဲ့ အတွေးနဲ့ ကားဒရိုင်ဘာကို ကက်ဆက်အသံတိုးခိုင်းရပါတယ် ။ ဒါတောင်မှ သူတို့ လျှော့ချလိုက်တဲ့ ကက်ဆက်အသံက လိုအပ်တဲ့ အတိုင်းတာထက်ကျယ်လောင်နေပါသေးတယ် ။ ညဘက်မှာ တစ်နာရီထိုးလောက်မှ အိပ်လေ့ရှိတဲ့ ကျွန်တော်ကတော့ ရန်ကုန်ကနေ ခရီးတစ်ဝက်ကျိုးနေပြီဖြစ်တဲ့ လက်ပတန်းမြို့ ရောက်တဲ့အထိ သုံးနာရီကျော်ကျော်လောက် အန္တရာယ်ကင်းရားတော်တွေနဲ့ ၀ိပါတ်ဿနာ တရားတော်တွေကို နာကြားရင်း လိုက်ပါလာခဲ့ရတယ်ဆိုပါတော့ ။ လက်ပတန်း ရာက်လို့ ခရီးသွားများ အပေါ့ပါး သွားဖို့ အတွက်ကားကို ဈေးဆိုင်တန်းရှိတဲ့ နေရာမှာရပ်ပေးတော့ ထောင့်ကြန့်လမ်းဆုံမှာ တုန်းက ဧည့်လမ်းညွှန်လေးပြောတဲ့ စကားကို သတိရလာပါတယ် ။ သူ့စကားမှာ ရန်ကုန်ကနေထွက်လာပြီး မနက် 6 နာရီမှ ရောက်မယ့် အကောက်တောင်ပေါ်ကျမှ မနက်စာ စားရတော့မှာဆိုတော့ ဒီအကြားမှာ သူတို့ စီစဉ်ပေးမယ့် ညည့်လယ်စာတို့ ဘာတို့ မရှိဘူးဆိုတဲ့ သဘောပေါ့ပဲ ။ ဒီလိုဆိုရင်တော့ မဖြစ်ချေဘူး ၊ အိမ်ကနေထွက်လာတုန်းက စားခဲ့တဲ့ ညစာက ဒီလောက်ခရီးသွားနေတော့ ဘယ်ကြာကြာခံနိုင်ပါ့မလဲ ။ ဒီတော့ ကိုယ့်အစီစဉ်နဲ့ ကိုယ်ဗိုက်ဖြည့်ထားအုံးမှလို့ တွေးရင်း အပေါ့ပါးသွာပြီးနောက်မှာ ခပ်သုတ်သုတ်လေး ကော်ဖီတစ်ခွက်ဆိုင်မှာ မှာပြီး မြိုချလိုက်ရတယ် ။
ကျွန်တော်က ပြည်မြို့ ကိုရောက်ဖူးပြီးသားဖြစ်ပေမယ့် ဧရာဝတီမြစ် အနောက်ဖက်ကမ်းကိုကူးတဲ့ န၀ဒေး တံတားကြီးကို မဖြတ်ဖူးသေးတာမို့ တံတားကို ဖြတ်နေတဲ့ အချိန်မှာ အိပ်ပြီးမနေဖို့ သတိထားပြီးလိုက်ခဲ့ပေမယ့် ဘယ်အချိန်မှာ အိပ်ပျော်သွားလဲမသိတော့ဘူး ။ ပြည်မြို့ ကိုရောက်မှန်းလဲ မသိလိုက်သလို နဝေဒေးတံတားကြီးကိုဖြတ်နေတဲ့ အချိန်ကိုလည်း သတိမပြုလိုက်ရတော့ဘူး ။ ပြည်မြို့ နဲ့ 27 မိုင်ကျော်ကျော်လောက်ဝေးတယ်လို့ သိရတဲ့ ထုံးဘိုကို ရောက်တော့မှ ရုတ်တရက်နိုးလာပါတော့တယ် ။ အဲဒီ အချိန်မှာ မနက် ဝေလီဝေလင်းအချိန်ကိုရောက်ပါပြီ ။ ထုံးဘို ရပ်ကွက်ကို ဖြတ်လာတဲ့အချိန် တစ်နေရာ အရောက်မှာတော့ လူပုဂ္ဂိုလ်တစ်ယောက်ရဲ့ မတ်ရပ်ကြေးရုပ်ကြီးတစ်ခုကို မြင်လိုက်ရပါတယ် ။ နောက်ပြီး သိပ်မကြာခင်မှာပဲ အကောက်တောင်ကို လှေစီးပြီး သွားရမယ့် ဧရာဝတီမြစ်ကမ်းနားကို ရောက်လာခဲ့တော့တယ် ။ မနက် 6 နာရီလောက် ရှိပါပြီ ။ ကားပေါ်ကဆင်းတော့ ပတ်ဝန်းကျင်တစ်ခုလုံး အုပ်မှိုင်းနေပြီး မိုးတွေကလည်း တစ်ဖွဲဖွဲနဲ့ ရွာလို့ပါပဲ ။ မြစ်ကမ်းနဘေးမှာ “အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီး သခင်မြရဲ့  မွေးရပ်မြေ ထုံးဘိုမြို့ ” ဆိုတဲ့ ဆိုင်းဘုတ်ကြီးတစ်ခု စိုက်ထူထားတာတွေ့တော့မှ ..သြော် ထုံးဘို ဆိုတာ အာဇာနည်ခေါင်းဆောင်ကြီး သခင်မြရဲ့ မွေးရပ်မြေကိုးလို့ မှတ်သားရင်းက အရင်က မသိခဲ့တဲ့ ကိုယ့်အဖြစ်ကိုလည်း ရှက်သလိုလိုဖြစ်နေမိပါတယ် ။ နောက်ပြီး စောစောက မြင်လိုက်ရတဲ့ ကြေးရုပ်ကြီးဟာ ခေါင်းဆောင်ကြီးသခင်မြရဲ့ ရုပ်ထုကြီးပါလားလို့ သိလိုက်ရပါတယ် ။

 


               ဧရာဝတီမြစ်ကမ်းမှာ ကားပေါ်ကဆင်းပြီး ရုတ်တရက်ပတ်ဝန်းကျင် အခြေနေကို မြင်လိုက်တဲ့ အခါမှာတော့ အတော်လေးကို စိတ်ညစ်သွားပြီး ဒီလိုရာသီမျိုးမှာ ခရီးထွက်လာမိတဲ့ ကိုယ့်ကိုယ် ကိုလည်း စိတ်ပျက်နေမိတယ် ။ ကြည့်ပါအုံး …  လှေစီးပြီး အကောက်တောင် ဆက်သွားရမယ့် အချိန်မှာ ပတ်ဝန်းကျင်ရာသီဥတုအခြေနေတွေက အချိန်မရွေးထဖောက်ပြန်လာနိုင်တဲ့ မိုးသားတိမ်လိပ်တွေနဲ့ အုပ်မှိုင်းလို့နေပြီး ဘယ်လိုမှ ရေလမ်းခရီးကို ဆက်သွားဖို့ ကောင်းတဲ့ အခြေအနေမျိုးမဟုတ်ဘူး ။ ဒါပေမယ့်လည်း ဘယ်လိုမှ မတတ်နိုင် ၊ လာပြီးတော့မှလည်း ခရီးဆက်ဖို့ပဲ ရှိပါတယ် ။ အဲဒီ အချိန်မှာပဲ ဧည့်လမ်းညွှန်လေးက အကောက်တောင်သွားဖို့ လှေပေါ်တက်ကြရအောင် ဆိုပြီး ဆော်အောလိုက်ပါတယ် ။ ကမ်းနားမှာ ဆိုက်ထားတဲ့ လှေတွေကို ကြည့်လိုက်ပြန်တော့ သန်ဗ္ဗန်လေးတွေပဲ မြင်ရပါတယ် ။ အတူပါလာတဲ့ သူငယ်ချင်းက တို့သွားရမှာ ဒီလှေလေးတွေနဲ့ လားမသိဘူး ဆိုပြီးပြောတော့  ကျွန်တော်က  အိုး …. အဲလို လှေသေးသေးလေးတွေနဲ့ သာ သွားရမယ်ဆိုရင်တော့ လုံးဝကို မသွားဘူး ၊ ဘယ်နှယ် ဒီလောက် မိုးတွေအုပ်နေတဲ့ ပတ်ဝန်းကျင်အနေထားနဲ့ ဒီလို လှေလေးတွေနဲ့ သွားရမှာတဲ့လား ….ဆိုပြီး စိတ်ရှုပ်ထွေးစွာနဲ့ ပြန်ပြောလိုက်ပါတယ်  ။ ကျွန်တော်က ရေတော့ ကူးတတ်ပေမယ့် ရေလမ်းခရီးကိုတော့ ကြောက်သား ။ တကယ်တမ်း ကျွန်တော်တို့ စီးသွားရမယ်လှေက ဟိုးအရှေ့ မှာ ရပ်ထားတဲ့ နည်းနည် ကြီးတဲ့ မော်တော်အိုကြီးတွေ ဖြစ်နေပါတယ် ။ တော်သေးတာပေါ့ .. အိုပေမယ့် လှေက ကြီးနေလို့ ။

အကောက်တောင်သို့ သွားခါနီးလေး ဖြစ်ပေါ်နေတဲ့ ရာသီဥတု အခြေနေအကောက်တောင်သို့ သွားခါနီးလေး ဖြစ်ပေါ်နေတဲ့ ရာသီဥတု အခြေနေ

ကမ်းနဖူးကနေ လှေထဲဆင်းရတော့ မယ်ဆိုတော့ တစ်သတ်မှတ်တည်း သတ်မှတ်ထားတဲ့ ကူးတို့ဆိပ် မျိုး ( ယုတ်စွဆုံး သေးသေးလေးတောင်မှ ) မရှိဘဲ အနီးနားပတ်ဝန်းကျင်အိမ်တွေက စုပုံပြီး ပစ်ထားကြတဲ့ အမှိုက်ပုံကြီု အမှိုက်ပုံကြားကနေ မော်တော်ရပ်ထားတဲ့ နေရာကို ကုန်းဆင်းလေး အတိုင်း ဆင်းရပါတယ် ။ ဒီအကြားထဲ မိုးကလည်း တစ်ဖွဲဖွဲ ရွာနေသေးတယ်ဆိုတော့ ဗွက်တွေထပြီး မြို့ ကြီးသူ မမတွေနဲ့ အဒေါ်ကြီးတွေခမြာ ခြေလှမ်း တစ်လှမ်း လှမ့်းရဖို့ အရေး တော်တော်လေးကို ဒုက္ခတွေ့ နေကြလေရဲ့  ။ အဲဒီအချိန်မှာ အသံတွေကလည်း စုံလို့ ။ သမီးရေ ..လက်တွဲပါအုံး ၊ အမေ… သေချာ သတိထားပြီးလျှောက်နော် ..၊ အဲဒီဘက်မလာနဲ့  ဗွက်တွေနဲ့ ချော်လဲမယ် ၊ ဟဲ့ .. ကေင်လေး ငါ့ကို တွဲစမ်းပါအုံး …. စသဖြင့်ပေါ့ ။ ကျွန်တော့် စိတ်ထဲမှာတော့ ဒီအကောက်တောင် ကိုလာရောက် လည်ပတ်ကြတဲ့ ခရီးသွားတွေ တော်တော်များများလာနေကြတာကိုများ ဘာဖြစ်လို့များ များလှေတက် လှေဆင်းလောက်ကိုမျှ အဆင်ပြေအောင် စီစဉ် မပေးထားကြပါလိမ့်လို့ လည်း စိတ်ထမှာ ဘ၀င်မကျ ဖြစ်နေမိပါတယ် ။ ဘယ်လောက် အထိ သွားလာများလိုက်သလဲဆိုရင် ကျွန်တော်တို့ အဖွဲ့  အကောက်တောင်က အပြန် ထုံးဘို အထွက်ဝမှာ ဆိုင်ကယ်တွေနဲ့ ကားဝင်ကားထွက် များလွန်းတော့ ( လမ်းကျဉ်းတော့ ကားအချင်းချင်း မလွှဲသာလို့ လည်းပါ ပါတယ် )  ကားတွေ ပိတ်မိနေပြီး 2 နာရီ ကျော်ကျော်လောက်ပိတ်မိနေတဲ့ အထိပါပဲ ။ ပြောမယ့်သာပြောရတယ်  ဒီကိစ္စက ဘယ်သူ့ကို အပြစ်ပြောလို့ ပြောရမယ်မှန်း ကျွန်တော်မသိဘူး ။

လှေထဲသို့ ဆင်းကြရာဝယ် ...လှေထဲသို့ ဆင်းကြရာဝယ် ...

                                           မော်တော်ပေါ်တက်တော့လည်း ဗွက်တွေနဲ့ချောနေတဲ့ ကုန်းဘောင်ပေါ်ကို တော်တော်လေးကို ဂရုစိုက်ပြီး တက်နေရသေးတာ ။ မော်တော် ၀မ်းဗိုက်ထဲမှာကျတော့ လှေနံတစ်ဖက်တစ်ချက်မှာ ကပ်ပြီး လုပ်ထားတဲ့ သစ်သားခုံတမ်းရှည်နှစ်ခုပဲ ရှိပါတယ် ။ အဲဒီ ခုံတမ်းရှည်မှာလည်း မိုးရေနဲ့ ဗွက်တွေ ပေနေတာဆိုတော့ ပါလာတဲ့ စက္ကူတို့ စနိုးတာဝါယ်တို့  ကြွတ်ကြွတ်အိပ်တို့နဲ့ပါမကျန် သုတ်သင် သန့်ရှင်းပြီးတော့ မှ ထိုင်ကြရပါတယ် ။ ဒါပေမယ့် မချောတစ်သိုက်နဲ့ အကဲပိုတဲ့ အန်တီကြီးတစ်ယောက် နှစ်ယောက်ကတော့ လှေဝမ်းဗိုက်ထဲဆင်းမထိုင်ဘဲ ဗွက်တွေနဲ့ ချောနေတဲ့ လှေဦးထိပ်မှာ ကိုးယိုးကားယားကြီးနဲ့ ရပ်လျှက်သား စီးပြီး လိုက်ကြမလို့ တဲ့ ။ ပြီးတော့ တစ်ချိန်လုံး လက်ကိုင်ဖုန်းတွေကို မြှောက်ကာ မြှောက်ကာနဲ့ စတိုင် အမျိုးမျိုး ထုတ်လို့ ကိုယ့်ကို ကိုယ်ပြန်ရိုက်လိုက် ၊ သူ့ကိုငါရိုက်လိုက် ၊ ငါ့ကို သူပြန်ရိုက်လိုက်နဲ့ အလုပ်ရှုပ်နေကြပုံများ မတော်လို့ စက်လှေ တစ်ချက် ယိမ်းလိုက်တာနဲ့ တစ်ပြုံလုံး ရေထဲကို ဒိုင်ဗင်ထိုးကျမယ့်ကိန်း ။ ကံကောင်းတာက အဲဒီ အချိန်မှာ မိုးကလည်းတိတ်နေပြီး ရာသီဥတုက သူတို့ ဖက် ပါနေသလိုလိုပါ ။

မော်တော် ထဲမှာ .... 
မော်တော် ထဲမှာ ....

                           ကျွန်တော်တို့မော်တော်ထွက်လာပြီး တစ်ခဏမှာတော့ လှေရဲ့  လက်ယာဘက်ခြမ်း ဧရာဝတီမြစ်ရဲ့   တောင်ကမ်းပါးနံရံပေါ်မှာ စိုက်ထူထားတဲ့ အနံခြောက်ပေ အလျှားရှစ်ပေ လောက်ရှိတဲ့ အင်္ဂကတေ မျက်နှာ ပြင်ကြီးမှာ  ကြိုဆိုပါ၏  ဧရာဝတီတိုင်း ကြံခင်းမြို့ နယ်   ဆိုတဲ့ ဆိုင်း ဘုတ်ကြီးကို မြင်လိုက်ရပါတယ် ။ ပြီးနောက်မှာ ဆက်တိုက် ဆိုသလိုပဲ ကျောက်သားနံရံတွေပေါ်မှာ ထွင်းထုထားတဲ့ ဘုရားရုပ်ပွားတော် ပုံစံမျိုးစုံတို့ကို ရွယ်စုံ ဆိုက်စုံနဲ့ ထုလုပ်ထားကြတာကို အံ့သြကြည်ညိုစွာနဲ့ စတင်ဖူးတွေ့ နေရပါပြီ ။ လျှောင်းတော်မူ ၊ ထိုင်တော်မူ နဲ့  ရပ်တော်မူ ရုပ်ပွားတော်တွေကို ပုံစံ အမျိုးမျိုးနဲ့ ဖူးတွေ့ နေရပါတယ် ။ တချို့ ရုပ်ပွားတော်တွေကျတော့ ခြုံတွေဖုံးလွှမ်းနေပြီး ပြုပြင်သူတွေ လက်မလှမ်းမှီဘဲ ဖြစ်နေပုံရပါတယ် ။ လှေဝမ်းဗိုက် အတွင်းမှာ လိုက်ပါလာတဲ့ ကျွန်တော်က မြင်နေရတဲ့ ရှုခင်းတွေကို ဓာတ်ပုံရိုက်ဖို့ ရာအတွက် ထိုင်တဲ့ နေရာမှအားယူပြီး အထမှာ လှေဝမ်းဗိုက် အောက်ခြေက ၀င်နေတဲ့ ရေနဲ့ လွတ်အောင် ခင်းထားတဲ့ သစ်သား ယာယီကျမ်းခင်းကျွံကျပြီး ခြေတောက် နှစ်ဖက်စလုံးမှာ ရွှ့ံတွေပေကုန်တော့တာပဲ ။ နာလည်း တော်တော်နာသွားပါတယ် ။ ဒါပေမယ့် ဂရုပြုလို့ နေလို့ မအားပါဘူး ။ မြင်နေရတဲ့ ရှုခင်းက ခဏနေ စက်လှေရဲ့ နောက်မှ ကျန်ခဲ့တော့မှာဆိုတော့ အမိအရ ရိုက်ရအုံးမှာမို့ပါ ။ အကောက်တောင်ခရီးမှာ ကျွန်စိတ်ဝင်းစားဆုံးဖြစ်တဲ့ ဒီကျောက်နံရံရှုခင်းတွေကို အမိအရ ဓာတ်ပုံတွေ ရိုက်ယူနေခဲ့ရပေမယ့် အုပ်မှိုင်းနေတဲ့ ရာသီဥတုဖြစ်ပေါ်နေတဲ့ အချိန်နဲ့ ရွှေ့ ရှားနေတဲ့ စက်လှေပေါ်ကနေ ရိုက်ယူနေခဲ့ရတာဆိုတော့ ပုံကောင်းတွေ သိပ်မရရှိပါဘူး ။ ဒါပေမယ့် အဲဒီ အချိန်မှာ မိုးတွေတိတ်နေလို့ ကံကောင်းတယ်လို့ ဆိုရမှာပါ ။

ကျောက်ကမ်းပါးမှာ ထွင်းထုထားတဲ့ ဘုရားရုပ်ထုများ ...ကျောက်ကမ်းပါးမှာ ထွင်းထုထားတဲ့ ဘုရားရုပ်ထုများ ...

                    ကျွန်တော်တို့ စက်လှေစစီးတဲ့ ထုံးဘို ဆိပ်ကမ်းနဲ့ ဘုရားရုပ်ထုတွေ ထွင်းထားတဲ့ကျောက်နံရံ ရှိတဲ့နေရာက ငါးမိုင်ကျော် ခုနှစ်မိုင်နီးပါးလောက်ပဲ ရှိမယ်ထင်ပါတယ် ။ လှေစီးရင်း ရှုခင်းတွေကိုကြည့်ပြီး လာလိုက်တာ ရုပ်ပွားတော်များ ထွင်းထုထားတဲ့ ကျောက်နံရံကမ်းပါးအဆုံး ထိပ်တောင်မှာ စေတီကြီးတစ်ဆူရဲ့  ထီးတော်ကို လှေထဲကနေ လှမ်းဖူးတွေ့ လိုက်ရပါတယ် ။ အဲဒီဘုရားရှိတဲ့ တောင်အောက်ခြေတည့်တည့်မှာ လှေကိုဆိုက်ပြီး တောင်ပေါ်ကို တက်ရအုံးမှာတဲ့ ။ ဒါပေမယ့် ကျွန်တော့်တို့ စီးတဲ့ လှေက ဆိုက်ကပ်မယ့်နေရာ ရောက်ခါနီးလေးမှာ စက်အရှိန်လျှော့လိုက်တာ ပြန်ပြီး နှိးလို့ မရတော့ဘူး ။ အဲဒီတော့ လှေဟာ အောက်ဘက်ကို ရေစီးနဲ့ အတူ မြောပါလို့နေပါတယ် ။ ဒါကို လှေဝမ်းဗိုက် အတွင်းကလူတွေက မရိပ်မိပေမယ့် လှေဦးမှာ ရပ်ပြီးလိုက်လာတဲ့ သူတွေက သိနေကြပြီး စက်ပြန်နှိုးလို့ မရဘဲ ဧရာဝတီ မြစ်ကြီးထဲ မြောပါသွားရင်ဖြင့် ဆိုတဲ့ အတွေးလေးတွေးတွေက ၀င်လာပြီး စိတ်လှုပ်ရှားလျှက်နဲ့ ပေါ့ ။ ပြီးတော့ ရာသီဥတုကလည်း သိပ်မကောင်းဘူးမဟုတ်လား ။ အဲဒီ အချိန်မှာ လှေသီးထိပ်မှာ မျက်မှန်တတ်ပြီး ဘောင်းဘီတစ်ကားကားနဲ့ အန်တီကြီးတစ်ယောက်က  လှေဝမ်းဗိုက်အတွင်းမှာ စီးနင်းလိုက်ပါလာတဲ့ သူ့အဖော် အဒေါ်ကြီးတစ်ယောက်ကို .. သိန်းသိန်းရေ …. အခုလက်ရှိ သိင်္ဂီတို့ ရဲ့ အခြေနေကို သိန်းသိန်းကို ပြောပြလိုက်ရင် အရမ်းအရမ်းကို စိတ်လှုပ်ရှားသွားမှာစိုးလို့ မပြောဘဲနေတာ သိလား ……တကယ်တော့လေ သိင်္ဂီတို့စီးလာတဲ့ လှေကြီးကလေ ..စက်ပျက်ပြီး မြစ်ထဲမှာ မြော…နေပြီ သိန်းသိန်းရဲ့  ….ဆိုပြီး နိုင်ငံခြားရုပ်ရှင်ထဲက “ဂျက်စ်စပါရို” စတိုင်နဲ့ အော်ပြောလိုက်တော့  အထဲက သိန်းသိန်းဆိုတဲ့ အန်တီကြီးကလည်း  ဟင်……. ဟုတ်လား ဆိုပြီး စိတ်လှုပ်ရှားတဲ့ အသံကြီးနဲ့ ပြန်ပြောလိုက်တာကို ကြားရတဲ့ သူတွေ အကုန်လုံး သူတို့ နှစ်ယောက်ရဲ့  ပုံစံတွေကိုကြည့်ပြီး မအောက်နိုင်ကြတော့ဘဲ ၀ါးလုံးကွဲ ရည်ကြတော့တာပဲ ။ အဲဒီတော့မှပဲ စက်လှေမြောနေလို့ စိတ်ညစ်နေရတာတွေလည်း နည်းနည်းတော့ သက်သာရာ ရသွားပါတယ် ။ သိပ်မကြာပါဘူး လှေသမားအချင်းချင်း ဖုန်းဆက်အကြောင်းကြားလိုက်တာ ထင်ပါရဲ့  လှေငယ်တစ်စီးက ကျွန်တော်တို့ စက်ပျက်နေတဲ့ လှေကို ဘော်ဒီချင်းလာကပ်ပြီး ဆိုက်ရမဲ့ ကမ်းနားအထိ အရောက်တွန်းပို့ ပေးခဲ့ပါတယ် ။ အဲဒီတော့မှ သက်ပြင်းကောင်းကောင်းချနိုင်ပါတော့တယ်ဆိုပါတော့ ။ ကျွန်တော်တို့ရဲ့ စီးတော်ယာဉ် မော်တော်ကြီးရဲ့ နာမည်က  “လပ်ကီး” ပါတဲ့ ။ နာမည်ကို ဖတ်ပြီး ခရီးသွားတို့ လှေပေါ်ကဆင်းရင်းရည်ကြပါတယ် ။ တော်သေးတာပေါ့ လှေနာမည်က လပ်ကီး မို့လို့သာ ။ နို့ မို့ရင် ဧရာဝတီမြစ်ကြောတစ်လျောက် စုံဆင်းပြီးကျွန်တော်တို့ကို လေ့လာရေးများ ခေါ်သွားအုံးမလားမသိဘူး ။

အကောက်တောင်ပေါ်သို့ အတက် ...အကောက်တောင်ပေါ်သို့ အတက် ...

               လှေဆိုက်တဲ့တောင်ခြေမှာတော့ အုတ်အင်္ဂကတေ လှေကားလေးတစ်ခု လုပ်ပေးထားပါတယ် ။ ဒါပေမယ့် လှေတွေစုပြုံပြီး ဆိုက်ရောက်လာရင်တော့ အဲဒါလည်း အဆင်ပြေမှာ မဟုတ်ဘူး ။ အခုဆိုရင်တော့ ဒီနေရာမှာ အတော်သင့် ကျယ်တဲ့ ကူးတို့ ဆိပ်ခံသေးသေးလေးတစ်ခုတော့ ရှိနေသင့်ပါပြီ ။ ရေစပ်နားကနေ တောင်တက်စမှပဲ တော်တော် မတ်စောင့်တဲ့ အင်္ဂကတေ လှေကားလေးတွေကနေ တက်ရပါတယ် ။ တချို့ နေရာတွေ မှာဆို 70 ဒီဂရီလောက် မတ်စောက်ပြီး သစ်သား လက်ရန်းလေးတွေကို ကိုင်ပြီးတက်မှ အဆင်ပြေပါတယ် ။ တောင်တက်လမ်းတစ်လျှောက်မှာ အဲလိုမျိုး အမြဲတမ်းမတ်စောင့်နေတာမျိုးတော့ မဟုတ်ပါဘူး ။ ဘုရားရုပ်ထုတွေ ထွင်းထုထားတဲ့ ကျောက်နံရံကြီးတွေအနားကနေ သွားရတဲ့ နေရာတွေမှာတော့ သာမန်မြေပြင် အတိုင်းပါပဲ ။ တစ်ခုပဲရှိပါတယ် ။ တောင်ကမ်းဘေးကို ပတ်ပြီး လူသွားလမ်းလေးဖောက်ထားတာဆိုတော့ တချို့ လမ်းတွေက 3 ပေလောက်ပဲ ကျယ်ပါတယ် ။ တချို့ နေရာတွေမှာဆို အဲလောက်တောင် မကျယ်ပါဘူး ။ လူငယ်လေးတွေသဘ၀ ပြေးလွှားဆော့ကစာရင်း ဒီလမ်းတွေမှာ သွားမယ်ဆိုရင်တော့ လမ်းဘေးချော်ပြီးတောင်အောက်ကို ပြုတ်ကျသွားနိုင်တဲ့ အန္တရယ် ရှိပါတယ် ။
                   တောင်တက်လမ်းတစ်လျောက်အနီးကပ် လေ့လာခွင့်ရတဲ့ ဘုရားရုပ်တွေကို မြင်ရတာ အရမ်းရှေးကျတဲ့ လက်ရာမျိုးကို မတွေ့ မိပါဘူး ။ ရတနာပုံခေတ် နဲ့ အလွန်းဆုံး ကုန်းဘောခေတ်နှောင်းလက်ရာတွေထက် ရှေးမကျနိုင်ဘူးလို့ ထင်ရပါတယ် ။ ရုပ်ထု ထုလုပ်ထားတဲ့ ကျောက်အမျိုးစားကလည်း တုံးကျောက်ပွပွကြီးတွေမှာ ထုလုပ်ထားတာဖြစ်ပါတယ် ။ တကယ်တော့ ကျောက်သားကို အရင်ထွင်းထုထားပြီးတော့မှ အပြင်ကနေ ကွန်ကရစ်နဲ့ အချောကိုင်ထားတာဖြစ်ပါတယ် ။ အဲဒီလို အချောကိုင်ထားတာကလည်း နှောင်းလူတွေလက်ထက်ရောက်မှ လုပ်ထားတဲ့ ပုံစံမျိုးပါ ။ နောက်တချက်က မူရင်းလက်ရာတွေဟာ ရှေးကျနိုင်ပေမယ့် နှောင်းလူတွေ ပြုပြင်ထားကြလို့ ယနေ့ခတ်လက်ရာတွေနဲ့ နီးစပ်နေတာမျိုးလားဆိုပြီးတော့လည်း စဉ်းစားမိပါတယ် ။

တောင်တက်လမ်းတောင်တက်လမ်း

                   တောင်ပေါ်ရောက်ပေါ်ရောက်တော့ နံနက် 7 နာရီ ထိုးပြီးနေပါပြီ ။ တောင်တက်ချိန်မီနစ် 20 ကျော်ကျော်လောက်ကြာပါတယ်  ။ တောင်တက်နေတုန်းမှာ အင်နာဂျီတွေ ထုတ်သုံးလိုက်ရလို့ လားတော့မသိ ကော်ဖီတစ်ခွက်တည်းနဲ့ ဖြည့်တင်းလာရတဲ့ ဗိုက်က မတရားကို ဆာလာတော့တာပါပဲ ။ ဒါကြောင့်မို့ တောင်ပေါ်ရောက်တာနဲ့ ခရီးသွားအဖွဲ့က စီစဉ်ပေးမယ်လို့ ထင်နေခဲ့တဲ့ နံနက်စာတည်ခင်းကျွေးမွေးမယ့် နေရာကို မျက်လုံးလးနဲ့ မသိမသာလေး ဝေ့ကြည့်မိနေပါတယ် ။ ကားပေါ်မှာတုန်းက ကျွန်တော်တို့ ဧည့်လမ်းညွှန်ပြောစကားမှာ မြန်မာဆန်ဆန် န့နက်စာလို့ မပြောဘဲ ဘိုဆန်ဆန် ဘရေ့ ဖတ် ဘရေ့ ဖတ်နဲ့ တစ်ဖက်တည်း ဖတ်လာခဲ့တာဆိုတော့ ဗိုက်ဆာနေတဲ့ သူတို့ ရဲ့ ခရီးသွားတွေကို ရှယ်စီစဉ်ပြီး ကျွေးမွေးတော့မယ်လို့ ထင်ထားပဲ ။ ဆိုတော့ စိတ်ထဲမှာလည်း အနည်းဆုံးကော်ဖီတစ်ခွက်နဲ့ ကြက်ဥကြော် ၊ ထမင်းကျော်လိုမျိုးကို မှန်းထားခဲ့ပါတယ်  ။ ဒါပေမယ့်လည်း ကျွတ်တော် ကြည့်လိုက်တဲ့ နေရာတွေမှာ နံ့နက်စာအတွက် တည်ခင်းထားတဲ့ အရိပ်ရောင်ကို မတွေ့ ရသေးတာမို့ ဆရာတော်ကြီးနဲ့  ရေစက်ချဖို့ စောင့်နေတယ်လို့ သိရတဲ့ ကျွန်တော်တို့လို ခရီးသွားတစ်ချို့ ရှိနေတဲ့ ဓမ္မာရုံထဲသွားဦးချပြီး အလှူငွေလေးတွေ လှူလို့ မသိမသာလေး ပြန်ထွက်လာခဲ့ပါတယ် ။ ဒါမှလည်း အချိန်တိုတို အတွင်း တောင်ပေါ်အနှံ့မှာ လေ့လာစရာတွေကို လေ့လာရမှာကိုး ။ ပြီးတော့ ရေစက်ချတာက ဘယ်အချိန်မှ ချမယ်မှန်းမသိတာ ။

တောင်တက်လမ်း တစ်လျှောက်မှာ အနီးကပ်တွေ့ ရတဲ့ ဘုရား ရုပ်ထုများတောင်တက်လမ်း တစ်လျှောက်မှာ အနီးကပ်တွေ့ ရတဲ့ ဘုရား ရုပ်ထုများ

                   ဓမ္မာရုံကထွက်လာပြီး ပေါ့ပါးတွေသွားပြီးနောက်မှာ  စားပွဲတွေ ဘာတွေနဲ့ နံနက်စာ ခင်းကျင်းနေတယ်လို့ ထင်ရတဲ့ နေရာလေးကို သံယေဇဉ်မပြတ်သေးဘဲ သွားပြီးချောင်းကြည့်နေမိပြန်သေးတယ် ။ အဲဒီအချိန်မှာ ကျွန်တော်တို့ နဲ့ အုပ်စုအတူ တခြားကားမှာ ပါလာတဲ့ ဧည့်လမ်းညွှန်ကောင်မလေးက အစ်ကိုတို့ ဆရာတော်ရေစက်ချဖို့ စောင့်နေပြီ ဓမ္မာရုံထဲဝင်တော့လို့ လာပြီးခေါ်ပါတယ်  ။ ဒီတော့ ကျွန်တော်က မ၀င်တော့ဘူး ညီမလေး ဟိုနား ဒီနားလျှောက်ကြည့်လိုက်အုံးမယ် .. ဒါနဲ့ နံနက်စာက ဘယ်တော့ ကျွေးမှာလဲ ..ဆိုပြီး မရှက်သုံးပါးထဲက တစ်ပါးကို ထုတ်သုံးလို့ မေးလိုက်တော့ ရေစက်ချပြီးမှပါတဲ့ … ။ ဒီတော့လည်း ဆာလောင်နေတာကို အောက်အီးပြီး ဘုရားရင်ပြင်နဲ့ စိတ်ဝင်စားဖို့ ကောင်းမယ့်နေရာလေးတွေကို လိုက်ကြည့်ဖို့ ထွက်လာခဲ့ပါတယ် ။ ရင်ပြင်မှာတော့ ဘာမှတော့ တွေတွေထူးထူး မရှိပါဘူး ။ အဓိက စေတိတစ်ဆူနဲ့ နောက်ပိုင်း လူတွေ သွားလာများလာတဲ့ အချိန်ကျတော့မှ ပြုလုပ်တည်ဆောက်ထားတဲ့ ဘုရားတွေနဲ့ ရုပ်ထုတွေကိုပဲ တွေ့ ရပါတယ် ။ ကျွန်တော့ အတွက်တော့ ဒီအကောက်တောင်မှာ ကျောက်နံရံမှာ ထွင်းထုထားတဲ့ ဘုရားရုပ်ထုတွေကလွဲလို့ တခြား ဘာကို မှ စိတ်မ၀င်စားမိပါဘူး ။ တစ်ခုတော့ ရှိပါတယ် စေတီလေးရှိတဲ့ ဘုရားရင်ပြင် မြောက်ဘက်ခြမ်းကနေ ဧရာဝတီမြစ်ကြီးဆီကို ငုံ့ကြည့်လိုက်တဲ့ အခါမှာ   မှိုင်းညို့ ညို့ မိုးကောင်းကင်ကြီးအောက်က မြစ်ပြင်ကျယ်ကြီးကို  မြင်ရတဲ့ သဘ၀ ရှုခင်းကတော့ဖြင့် တစ်သက် မမေ့နိုင်လောက်စရာပါပဲ ။ ကြည့်ရတာကလည်း အိမ်ဝရံတာကနေ အောက်ကို ငုံ့ကြည့်သလို မျိုး ကြည့်ရတာဆိုတော့ စိတ်လှုံ့ ရှားစရာလည်း ကောင်းလှပါတယ် ။ အဲဒီလို လျောက်ကြည့်နေတဲ့အချိန်တွင်းမှာ ကျွန်တော်တို့ ရဲ့ ဧည်းလမ်းညွှန်လေးက ဖုန်းဆက်ပြီး နံနက်စာ စားလို့ ရပြီလို့ လှမ်းခေါ်ပါတယ် ။ အခုမှပဲ ဆာလောင်နေတဲ့ ကိုယ့်ဗိုက်ကို ဖြည့်ရတော့ မယ်ဆိုပြီး အပြေးကလေးလှမ်းလို့ စောစောက နံနက်စာပြင်ဆင်နေတဲ့ ဆွမ်းစားဆောင်လေးဆီကို ပြေးခဲ့ရပါတယ် ။  နံနက်စာက လူတစ်ယောက်ကို ကော်ဖီတစ်ခွက်နဲ့ အဲဒီဒေသချက် မုန်းဟင်းခါးကို ကျွေးပါတယ် ။ ရုတ်တရက်ကြည့်ရင်တော့ အုန်းနို့ ခေါက်ဆွဲ ဟင်းရည်လို့ ထင်ရတဲ့ ဟင်းရည်မျိုးနဲ့ မုန့်ဖက်တွေကို လိုက်ပွဲနဲ့ ပါ ပြင်ပြေးထားပါတယ်ပါ ။ ကျွန်တော်က မုန့်ဟင်းခါးကြိုက်တတ်သူမို့ ဘယ်လို မုန့်ဟင်းခါးမျိုးဘဲဖြစ်ဖြစ် စားလို့ အဆင်ပြေပေမယ့် အဖော်ပါလာတဲ့ သူငယ်ချင်းက နဂိုကကို မုန့်ဟင်းခါး ကြိုက်သူမဟုတ်တော့ ကော်ဖီတစ်ခွက်ပဲ သောက်ပါတယ် ။

တောင်ပေါ်ကနေမြင်ရတဲ့ ဧရာဝတီမြစ်ပြင်ရှုခင်းတောင်ပေါ်ကနေမြင်ရတဲ့ ဧရာဝတီမြစ်ပြင်ရှုခင်း

                      တယ်တော့ အဲဒီ နံက်စာကို တောင်ပေါ်က ဘုန်းကြီးကျောင်းကနေကျွေးတာဖြစ်တယ်ဆိုတာ တောင်အောက်ကိုရောက်မှ တခြားခရီးသွားဖော် ညီလေးတစ်ယောက်ကပြောမှ သိရပါတယ် ။ ပြီးတာ့ တောင်ပေါ်မှာက သက်သက်လွတ်သာကျွေးတာဖြစ်ပါတယ်တဲ့ ။ အဲဒီတော့မှ … ဘုရား ဘုရား   ကိုယ်ကျိုးတော့ နည်းပါပေါ့လား…. ။ နံနက်စာကို ခရီးသွားစီစဉ်တဲ့ အဖွဲ့ က တာဝန်ယူပြီးကျွေးတယ်ထင်လို့ စောစောက ဟိုဟာလေး စားချင်တယ် ဒီဟာလေးစားရရင်ကောင်းမယ် ဆိုပြီး ဂျီးများနေမိသေးတာ ။ နံနက်စာကို ဘုန်းကြီးကျောင်းက သက်သက်လွှတ်ကျွေးတယ်ဆိုတဲ့ အကြောင်းကို ကျွန်တော်တို့ ဧည့်လမ်းညွှန်ကြီးက လုံးလုံး၀၀ကို ထည့်မပြောပြပါလား ။ ပြီးတော့လည်း ကားလက်မှတ်ဝယ်တုန်းက ခရီးစဉ် တစ်ခုလုံး အစားအသောက်ပါ အပြီးအစီး 30000 ကျပ်ဆိုပြီး ပြောတာကိုး ။ ငါ့နှယ်နော် ....တောင်ပေါ်ကျောင်းဆရာတော်က ဘုရားဖူးလာသူတွေကို သက်သက်လွှတ်နဲ့ ကျွေးနေပါတယ်ဆိုမှ ဘာမှ မေးမြန်းစုံစမ်းခြင်းမရှိဘဲ ကြက်ဥကြော်လေးနဲ့ ထမင်းကြော်ကိုမှ သွားပြီးတောင့်တနေလိုက်သေးတယ် …. မသိနားမလည်လိုက်ပုံများကတော့ ။ ဒါကြောင့် သိသိချင်းပဲ တောင်ပေါ်က ဆရာတော်ဘုရားကိုရော ကျွေးမွေးဧည့်ခံကြတဲ့ လူပုဂ္ဂိုလ်တွေကိုပါ ကဗျာကရာ စိတ်ထဲကနေ ဦးချပြီးတောင်းပန်လိုက်ရတယ် ။ တော်သေးတာပေါ့ အလှူငွေလေးထည့်ခဲ့မိလို့ ။

တောင်ပေါ်က စေတီတောင်ပေါ်က စေတီ

                       တောင်ပေါ်က မနက် 8 နာရီခွဲမှာ ပြန်ဆင်းပါတယ် ။ အဆင်းကျတော့ အတက်တုန်းကလောက် မပင်ပန်းတော့ပါဘူး ။ ဒါပေမယ့် မတ်စောင့်လှတဲ့ လှေကားထစ် တွေကနေ ဆင်းရတဲ့ အချိန်မှာတော့ ပိုပြီး သတိထားရပါတယ် ။ အတူးသဖြင့် အသက်ကြီးတဲ့ အဒေါ်ကြီးတွေပါ ။ သူတို့က ကူပြီးတွယ်ပေးတဲ့ ဒေသခံကောင်းလေးတွေ ကိုမုန့်ဖိုးပေး တွယ်ခိုင်းပြီး ဆင်းတယ်ဆိုပေမယ့် တော်တော်လေးကို သတိထားပြီးဆင်းနေရတယ်ဆိုတော့  နောက်ကလူတွေကလည်း သူတို့ နောက်ကနေ တန်းစီပြီး တရွှေ့ ရွှေ့ နဲ့ လိုက်ခဲ့ရပါတယ် ။ အဲဒီလို မတ်စောက်လှတဲ့ ၊ လူနှစ်ယောက် လွှဲစာလောက်သာ အကျယ်ရှိတဲ့ လှေကားထိပ်က တစ်ယောက်ယောက် ခြေချော်ကျပြီး အရှေကလူတွေကို တွန်းထိုးသလို ဖြစ်သွားမယ်ဆိုရင်တော့ တကယ် မတွေးရဲ စရာဘဲ ။
                   အကောက်တောင်ပေါ် စောစောရောက်တဲ့ ကျွန်တော်တို့ ကံကောင်းတယ် လို့ ဆိုရပါမယ် ။ ၀ါဆိုလပြည့်နေ့ အခါကြီးရက်ကြီးမို့ တောင်ပေါ်ကိုလာကြသူတွေ တော်တော်ကို များပါတယ် ။ အဲဒီတော့ တောင်အောက်ကို ဆင်းတဲ့ လမ်းတစ်လျှောက်မှာ ဆင်းသူရော တက်သူတွေပါ ရှုပ်ရှက်ခတ်လို့ နေပါတယ် ။ ကျွန်တော်တို့ တောင်အောက်ကို ရောက်ပြီး နောက်ပိုင်းမှာတော့ တောင်ပေါ်မှာ လူတွေ ပြည့်ကျပ်နေလောက်ပါပြီ ။ အခုမှ တောင်ပေါ်ကို အားယူပြီးတက်လာတဲ့ သူတွေကို အရင်ဦးစားပေးလို့ ဆင်းတဲ့ သူတွေကလည်း မတ်စောင့်တဲ့ လှေကားထစ်တွေမှာဆို ပိုလို့ သတိထားပြီး ဆင်းနေရပါသေးတယ် ။ ကျွန်တော်တို့ ဧည့်လမ်းညွှန်ကြီးကတော့ သူဦးဆောင်ခေါ်သွားရမယ့် လူတွေ စုံအောင် သေသေချာချာ ဂရုစိုက်လို့ ခေါ်နေတာကို တွေ့ နေရပါတယ် ။ သူဦးဆောင်ရတဲ့ ခရီးသွားများ တစ်ယောက်ချင်းစီကိုလည်း ဂရုစိုက်ရှာပါတယ် ။ တကယ်ဆို သူ့လို လူမျိုး ကားတစ်စီးမှာ နှစ်ယောက်တော့ ပါသင့်ပါတယ် ။ အခုက သူတောင်ပေါ်က လူတွေကို ခေါ်နေတုန်းမှာ တောင်အောက်ရောက်နေတဲ့ သူများက ထုံးဘိုပြန်ဖို့ အတွက် ဘယ်စက်လှေနဲ့ လိုက်လို့ လိုက်ရမှန်းမသိဘဲ ဖြစ်နေကြပါတယ် ။ နောက်ဆုံးမှာတော့ ထုံးဘိုက ထွက်လာမယ်လုပ်တုန်းက လှေသေးသေးလေးမို့ မစီးချင်းဘူး ဆိုပြီး ကျွန်တ်ာဂျီးများခဲ့တဲ့ လှေလေးပေါ်ကို   တက်လိုက်ရပါတယ် ။ လာတုန်းက စီးလာတဲ့ လပ်ကီးကြီးကိုတော့ မတွေ့ ရတော့ပါဘူး ။ လှေပဲ့ကိုတဲ့ သူက လူ အယောက်နှစ်ဆယ်ပဲ တက်ပါလို့ အော်ပြောနေပေမယ့် ကမ်းကခွာတဲ့ အချိန်မှာ လူကြီးရော ကလေးပါ 25 ယောက်လောက် ပါလာခဲ့တယ် ။ လှေကလေးက သေးပေမယ့် စီးရတာ ငြိမ်ပါတယ် ။ ကျွန်တော်တို့ စီးလာတဲ့ လှေလေးဟာ ကမ်းစပ်တောင်ခြေကို နောက်မှ ရောက်လာတဲ့ ဘုရားဖူးခရီးသည်တင်လှေတွေ ကြားကနေ ခရီးသွားအဖွဲကားရပ်ခဲ့တဲ့ ထုံးဘိုမြို့ လေးဆီကို ဦးတည်ပြီး ထွက်ခွာလာခဲ့ပါတယ် ။

အကောက်တောင်ပေါ်က အပြန် လှေငယ်ပေါ်မှာအကောက်တောင်ပေါ်က အပြန် လှေငယ်ပေါ်မှာ

                  တောင်ပေါ်မှာ တုန်းက မိုးတစ်ဖွဲဖွဲရွာနေခဲ့ပေမယ့် ကျွန်တော်တို့ လှေစီးပြီး သွားနေခဲ့တဲ့ အချိန်တွေမှာ ကံကောင်းထောက်မစွာနဲ့ မိုးတိတ်လို့နေပါတယ် ။ ဒီတော့လည်း ကျောက်နံရံကြီးမှာ ထွင်းထုထားတဲ့ ဘုရားရုပ်ထုကြီးတွေကို သေသေချာချာနဲ့ ငေးမောပြီး လှေပေါ်ကနေ အားရပါးရ ကြည့်ရှုခွင့်ရနေခဲ့ပါတယ် ။ သမိုင်းနဲ့ ရှေးဟောင်းသုတေသန ဘာသာရပ်မှာ စိတ်ဝင်စားတဲ့ ကျွန်တ်ာက ဒီအကောက်တောင် နဲ့ ပက်သက်ပြီး သက်ဆိုင်ရာအချက်လက်တွေကို အခု ဒီခရီးစဉ်မှာ လိုက်ပါလာတဲ့ အချိန်ထိ သေသေချာချာနဲ့ ပြည့်ပြည့်စုံစုံ မလေ့လာခဲ့ရသေးပါဘူး ။ အကြောင်းတိုက်ဆိုင်လို့ သာဒီခရီးကို အရင်ထွက်လာခဲ့ခြင်းဖြစ်ပါတယ် ။ နောက်ပိုင်းကျရင်တော့ သေသေချာချာ လေ့လာပြီး သူငယ်ချင်းမိတ်ဆွေများကို တင်ပြပေးဖို့ စိတ်ကူးထားပါတယ် ။ ကျွန်တော်တို့ ရဲ့ ဧည်လမ်းညွှန်လေးပြောပြချက်ကို အခြေခံပြီး ဒီအကောက်တောင်နဲ့ ပက်သ်တဲ့ အကြောင်းရာတွေကို ပြောရမယ်ဆိုရင် ….  ဘုရားရှင်ကျေးမင်းဘ၀က ကောက်ပဲသီးနှံပေါတဲ့ ဒီတောင်ပေါ်မှာ အဲဒီ အသီးနှံတွေကို လာရောက်ကောက်စားလို့ အကောက်တောင်လို့ ခေါ်ပါသတဲ့ ။ နောက်တစ်ချက်က ကုန်းဘောင်ခေတ် နှောင်းပိုင်းလောက်မှာ ဧရာဝတီမြစ်ကြီးကို အမှီပြုနေရတဲ့ ကုန်သည်လှေတွေကို အခွန်အခ ကောက်ခံရာ စခန်းရှိတဲ့ ဒီတောင်ကို အကောက်တောင်လို့ ခေါ်ပြန်ပါတယ်တဲ့ ။ နောက်ဆုံးအချက်က ဒီဒေသတစ်ဝိုက်မှာ ဖြတ်သန်း စီးဆင်းနေတဲ့ ဧရာဝတီမြစ်ကြီးရဲ့ ကောက်ကွေ့ နေတဲ့ သုံးဆင့်ချိုးအကွေ့ ရှိတဲ့ နေရာမို့ အကောက်တောင်လို့ ခေါ်တာဖြစ်ကြောင်း သိရပါတယ် ။ ကျွန်တော့်တစ်ဦးတည်းရဲ့ သဘောအရ ဆိုရင်တော့ ပထမဆုံး အချက်ဖြစ်တဲ့ ကျေးမင်းနဲ့ သက်ဆိုင်တဲ့ အချက်က ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ ရဲ့ ကိုးကွယ်ယုံကြည်သက်ဝင်မှုကို အခြေခံပြီးပြောတာ ပေါ်လွင်လှတာမို့ အဲဒီ အချက်ကို ပယ်ပါတယ် ။ နောက် နှစ်ချက်မှာ ဖြစ်နိုင်ဆုံး အချက်ကို ရွေးချယ်ရရင် အကောက်တောင် အနီးနားပတ်ဝန်းကျင်မှာ အရင်ခေတ်ကတည်းကတိုင်  လူတွေ ၀င်ထွက် သွားလာနေထိုင်တဲ့သက်သေ လက်စလက်နဖြစ်တဲ့ ဘုရားရုပ်ထုတွေထုလုပ်ထားတာတွေကို တွေ့  ရှိနေတာကြောင့် ကုန်သည်လှေတွေကို အခွန်အခ ကောက်ခံရာ စခန်းရှိလို့  အကောက်တောင်လို့ ခေါ်ဆိုတာကို လက်ခံချင်ပါတယ်  ဆိုတာကို တင်ပြရင်း အကောက်တောင်သွား ခရီးစဉ် အကြောင်း ဆုံးသတ်လိုက်ရပါတယ် ခင်ဗျား ။

 ( ရန်နောင်စိုး )July 17, 2014


လိုင်းကောင်းကောင်းနဲ့ သုံးရတဲ့ သူများ အကောက်တောင် က ကျောက်နံရံမှာ ထွင်းထားတဲ့ ဘုရားရုပ်ပွားတော်တွေ နဲ့ ရှုခင်းတွေကို ကြည့်ရင်ရင်တော့ ဒီလင့်လေးမှာ ထောက်ပြီး ကြည့်ရှုနိုင်ပါတယ် ခင်ဗျာ ။ 
                                       https://www.facebook.com/photo.php?v=763633993659975&set=vb.100000401452593&type=2&theater

               အဆင်ပြေမယ်ဆိုရင်ကြော်ငြာတစ်ခုစီကိုကလစ်တစ်ချက်စီနှိပ်ခဲ့ပါ

Monday, May 26, 2014

ငါသေသွားသော်



သာတစ်ခေါက် ကျောင်းဆယ်ခေါက်တဲ့။ ကျုပ်ဖြင့် တစ်ရက်ထဲနဲ့  တင် လူတွေအကြောင်း အတော်သိလိုက်ရတယ်။ သွား လေသူက ကျုပ်ရဲ့ သူငယ်ချင်းအရင်းခေါက်ခေါက် ငယ်ပေါင်းတစ်ယောက်။ နောက်ပြီး သီဟက သိပ်ကိုအေးဆေးတဲ့သူ၊ အရက်မ သောက်၊ ကွမ်းမစား၊ ဆေးလိပ်တောင် မသောက်တတ်တဲ့သူ။ ဒါပေမဲ့ ဒီလိုလူစားမျိုးအတွက် မရဏပြည်ကို ၀င်ဖို့  ၀င်ခွင့်ကျလာတဲ့ ပါမစ်လက်မှတ်ကတော့ အသည်းကင်ဆာတဲ့။ ဘယ်လောက်များ မတရားလိုက်ပါသလဲ။ ကျုပ်တို့ အပေါင်းအသင်းတွေ ထဲမှာ အရက် နဲ့  မျက်နှာသစ်ပြီး အရက်နဲ့ အိပ်ရာဝင်နေတဲ့သူတွေ အများကြီး။ ဒီလိုလူစားမျိုးတွေကြတော့ အသည်းကင်ဆာမပြောနဲ့ ။ အသည်း ရောင် အသားဝါတောင် မဖြစ်ကြဘူး။
လောကကြီးက မမျှမတ ရယ်ချင်စရာလည်းကောင်းပါရဲ့။ သီဟ အသက်က ခုမှ (၃၉)နှစ်ပဲ ရှိသေးတယ်။ သူ့ ရောဂါကို ကင်ဆာလို့  သိရချိန် မှာ ကျန်ရစ်ခဲ့ရှာမယ့် လူလားမမြောက်သေးတဲ့ သမီးလေး၃ယောက် နဲ့ သူ့ ဇနီးကို စိတ်မချတာကလွဲလို့ သူ့ ရဲ့ နောက် ဆုံးနေ့ ရက်တွေ ကို သွေးအေးအေးနဲ့ အပြုံးမပျက် ရင်ဆိုင်ဖြတ်ကျော်ခဲ့သူ။ သူ ဖြစ်ချင် တာကတစ်ခုထဲ။ သူသေရင် သူ့ အသုဘကို စည်စည်ကားကားလေး ဖြစ်စေ ချင်တယ်တဲ့။
သီဟ မဆုံးခင်မှာ သူငယ်ချင်းတွေကို တွေ့ သွားချင်တယ် ဆိုတာကြောင့် သီဟနဲ့ ရော ကျုပ်နဲ့ ပါခင်တဲ့ သူငယ်ချင်းတွေကို အကြောင်း ကြားပေးခဲ့တယ်။ ကျုပ်ရော သီဟပါ ပရဟိတအလုပ်တွေကို အချိန်အတော် ကြာ တွဲလုပ်ခဲ့ကြတာဆိုတော့ သူ မဆုံးခင်မှာ ညနေတိုင်း သူအနား မှာနေပေးရင်း အရင်ကအတူလုပ်ခဲ့ကြတဲ့ ကုသိုလ်ကောင်း မှုလေးတွေပြန်ပြောပြရင်း သူ့ နာကျင်ချိန်တွေ ကို မေ့ လျော့နိုင်အောင်၊ နောက်ဆုံးအချိန်မှာ သူ ကုသိုလ်ပြုလုပ်ခဲ့ တာလေးတွေ စိတ်ထဲမှာ အာရုံပြုသွားနိုင်အောင် ကျုပ်တို့ ကြိုးစားခဲ့တယ်။
စိတ်ကောင်းစေတနာကောင်းတွေရဲ့ အကျိုးဆက်လို့ ပဲ ပြောရမယ် ထင်ပါရဲ့။ သူ့ ကိုယ်ထဲက အဆုတ်တို့  အသည်းတို့ ပျက်စီးနေပြီ။ နောက်ဆုံး အချိန်အတွက် ကြိုတင်ပြင်ဆင်ထားပါလို့  ဆရာဝန်တွေကလက်လျှော့တော့ မယ့်စကားပြောတဲ့အချိန်အထိ သူဟာ တခြား ကင်ဆာရောဂါ သည်တွေလောက် လူးလိမ့်နေအောင် အော်ဟစ် မခံစားခဲ့ရ ဘူး။ သူ့ ရဲ့ နောက်ဆုံးထွက်သက်ကို ညင်သာစွာနဲ့ ပဲ အဆုံးသတ် ထွက်ခွာသွားခဲ့ပါတယ်။
ပြသနာက သူ ကွယ်လွန်ချိန်မှ စတယ်ဆိုရမှာပါပဲ။ တကယ်တော့ သီဟတို့ မိသားစုဟာ စီးပွားရေး သိပ်မပြေလည်ကြရှာ ဘူး။ ရရစားစား မရှိမရှားထဲကပဲ။ ကျန်းမာရေးမကောင်းလို့  သူဆေးရုံတက်ရချိန် မှာတော့ ပြေလည်တဲ့ သီဟမောင်နှမတွေက ဆေးရုံ စရိတ်တွေကို အကုန်အကျခံပေးခဲ့တယ်။ သူမဆုံးခင် ၃ပတ်လောက် အထူးကုဆေးရုံကြီးတစ်ခုမှာ တက်ရောက် ကုသခဲ့ရတယ်ဆို တော့ သူ သေဆုံးချိန်မှာ ဆေးရုံကုသစရိတ်က ၁၅သိန်း သိန်း၂၀နီးပါးလောက် ဖြစ်နေပြီ။ ဒါပေမဲ့ ဒီလောက်ပမာဏက သီဟတို့  အတွက်ခဲယဉ်းပေမဲ့ သူ့ မောင်နှမတွေအတွက်တော့ ပြောပလောက်အောင် မခဲယဉ်းပါဘူး။
မိုးဦးကာလရဲ့ မနက်ခင်းလေးတစ်ခုမှာ သူ လောကကြီး ကို ကျောခိုင်းထွက်ခွာသွားခဲ့ပြီ။ သူဆုံးပြီဆိုပြီး သူတို့ လှမ်းဖုန်းဆက် ချိန်ထဲက ကျုပ်က သီဟရဲ့အမျိုးသမီးနဲ့ အတူရှိနေခဲ့တာ။ ဆုံးပြီဆိုတာနဲ့ သူ့ အလောင်းကို ဆေးရုံရဲ့ ရေခဲတိုက်ထဲထည့် ကုန်ကျစရိတ် အကုန်ရှင်းပေးပြီး ကျုပ်တို့ တွေ အိမ်ပြန်လာကြတော့ မနက်၇နာရီခွဲ ရုံပဲရှိသေးတာ။
အိမ်ရောက်တော့ ဘယ်နှစ်ရက်ထားမလဲဆိုတာ သူတို့ မိသားစုတွေ တိုင်ပင်ကြပါတယ်။ သူ့ အိမ်က ဒီနေ့ ပဲ သင်္ဂြိုလ်မယ်။ သေမယ်မှန်း ကြိုသိထားပြီးသား ရောဂါပဲဟာ။ မထူးပါဘူးတဲ့။ ဒီစကားကိုစကြားရထဲက ကျုပ်ရင်ထဲကို ဘာမှန်းမသိတဲ့ အစိုင်အခဲတစ် ခု စတင်ဝင်ရောက်လာခဲ့တာ။
သီဟဇနီးကိုကြည့်လိုက်တော့လည်း ပူဆွေးနေတဲ့ကြားကနေ မျက်လုံးအ၀ိုင်းသားနဲ့ ငေးကြည့်နေတယ်။ မတတ်နိုင်ဘူးလေ။ သူတို့ က အသုဘရှင်တွေပဲ။ သူတို့  စီစဉ်တဲ့အတိုင်းပေါ့။ ခုမှ မနက် ၈နာရီပဲရှိသေး တာမို့  နေ့ ချင်းချဖို့ စီစဉ်မယ်ဆိုရင်တောင် အချိန်aတွ အများကြီး ရပါသေးတယ်။ ချက်ချင်းချမယ်ဆိုတာ သေချာသွားတော့ ရပ်ကွက် ရ၀တရုံးမှာ သေစာရင်း Dead Certificate သွား လုပ်ရပါတယ်။ ဒီစာရွက် ရတော့မှ ဆေးရုံမှာအလောင်း Dead Body သွားထုတ်ရမှာပါ။ အလောင်း ကို ဆေးရုံကနေ ရေဝေးကို သယ်ဖို့  နာရေးကူညီမှုအသင်း နဲ့ လှမ်းချိတ်ပြီးပြီ။ ၁နာရီထိုးရင် သူတို့  နာရေးကူညီမှု ကားနဲ့ အလောင်းသယ်လာမှာလေ။
နာရေးမှာသုံးဖို့ ဆိုပြီး ဓာတ်ပုံလိုက်ရှာတော့ သူ့ အိမ်မှာ သီဟငယ်ငယ်ကပုံလေးတွေပဲရှိတယ်။ ခုနောက်ပိုင်းရိုက်ထားတဲ့ သီဟဓာတ်ပုံတွေက ကျုပ်ဆီမှာရှိနေတာမို့  အသုဘချချိန်မှာသုံးဖို့  ဓာတ်ပုံအကြီးထုတ်ဖို့  ကျုပ်မြို့ ထဲကိုပြန်လာခဲ့တယ်။ မနက်ဆယ် နာရီမှာတော့ အိမ်မှာဘုန်းကြီးပင့်ပြီး သက်ပျောက်ဆွမ်းကပ်ဖို့  သူ့ မိသားစုတွေ စီစဉ်လုပ်ကိုင်နေကြတယ်။
နောက်ပြီး သီဟဆုံးတယ်ဆိုတာသိသိချင်းမှာ Facebook မှာ Status တင်ပြီး ပြောထားတာမို့ သူငယ်ချင်းအတော်များများ လည်းသိကုန်ကြပြီး ဘယ်နေ့ သဂြိ င်္ုလ်မှာလည်း လှမ်းမေးကြ တယ်။ နေ့ ချင်းသဂြိ င်္ုလ်မယ် ဆိုတဲ့အကြောင်းကိုလည်း ပို့ စ်ထပ်တင်ပြီး အသိပေးလိုက်တယ်။ အသုဘကားတွေ နေအိမ်ကနေ နေ့ လည် (၂)နာရီမှာ စတင်ထွက် ခွာပြီး ရေဝေးသုသာန်မှာ နေ့ လည် (၃)နာရီ မှာ မီးသဂြိ င်္ုလ် မယ်ပေါ့။ (စကားမစပ် Facebook က အဲလိုဆိုတော့လည်း အဆင်ပြေသား။ အချိန်တိုတိုအတွင်းမှာ အတော်များများ ကို အသိပေးပြီးသားဖြစ်သွားတယ်) တစ်ချို့ အွန်လိုင်းနဲ့ မနီးစပ်တဲ့သူငယ်ချင်းတွေကိုတော့ ဖုန်းဆက် အကြောင်းကြားပေးကြတယ်။
နောက်ပြီး သူ့ အတွက် ၀ိုင်းဝန်းရေးသားထားကြတဲ့ ၀မ်းနည်းကြေ ကွဲခြင်း စာစုတွေကိုစုပြီး လက်ကမ်းစာစောင်လုပ်ဖို့  အပြေး အလွှား သွားစီစဉ်ကြတယ်။ နေ့ လည်၁နာရီလောက်မှာ နာရေးမှာဝေမဲ့ လက်ကမ်း စာစောင်တွေရယ်၊ သီဟရဲ့ဓာတ်ပုံရယ်၊ အသုဘကား မှာ ကပ်မဲ့စာတွေရယ် သယ်ဆောင်ပြီး ကျုပ်တို့ ပြန်ရောက်လာ တယ်။ ကျောင်းတုံးက အခြားသူ ငယ်ချင်းတစ်ချို့ လည်း အိမ်ကိုရောက် နေကြပြီ။ ဆွေမျိုး နီးစပ် မိသားစုဝင် အချို့ က သူ့ ရဲ့ Dead Body ကိုလည်း သွားထုတ်နေကြပြီ။ အသုဘပို့ လာတဲ့ သူငယ်ချင်းတွေနဲ့  သွားလေသူရဲ့ နောက် ဆုံးနေ့ ရက်တွေအကြောင်း၊ သူနဲ့ ပတ်သက်ပြီး အမှတ်ရစရာ၊ ရှေးဟောင်းနှောင်းဖြစ်တွေ ထိုင်ပြောနေဖြစ် တယ်။ သူက ခပ်အေးအေးနဲ့  ဘယ်သူ့ ကိုမဆို ကူညီတတ်သူဖြစ်တာကြောင့် လူချစ်လူခင်ပေါတယ်လေ။
သူ လုပ်ကိုင်ကူညီနေတဲ့ ပရဟိတအဖွဲ့ တွေက မိတ်ဆွေတွေ လည်း ရောက်လာကြတယ်။ ၁နာရီခွဲလောက်လည်းရောက်ရော ကိုယ့်အချင်းချင်း စကားပြောနေတာကိုရပ်ပြီး သူတို့ ရဲ့ အစီအစဉ်ကိုမေး မယ်ဆိုပြီး သူ့ အကိုနဲ့  ကျုပ်စကားသွားပြောဖြစ်တယ်။ ပြဿ နာက အဲဒီကစတော့တာပဲဗျို့ ။
“ခန်းမ ငှားထားပြီးပြီလားအကို”
“မငှားတော့ဘူးလေ။ ချက်ချင်းတန်းချမှာပဲ။ မလိုပါဘူး။”
“မဟုတ်ဘူးလေ အကို။ ချက်ချင်းချတာတော့ မှန်တာပေါ့။ ဒါပေမဲ့ ဆေးရုံကသယ်လာတဲ့အလောင်းကို ပြန်ပြီးပြင်ဆင်ရအုံး မယ်။ သရဏဂုံတင်ရအုံးမယ်။ အသုဘလာပို့ တဲ့ ပရိသတ်အသုဘရှုရင်း ထိုင်ဖို့ ခုံတွေလိုတယ်။ အနည်းဆုံးတော့ ဘုန်းကြီးပင့်ပြီး သရဏဂုံတင်ဖို့  အခန်းတော့ မဖြစ်မနေလိုလိမ့်မယ်”
“မလိုလောက်ပါဘူး။ မနက်တုံးက သက်ပျောက်ဆွမ်းကျွေးရင်း တစ်ခါထဲ သရဏဂုံတင်ပြီးသား။သင်္ချိုင်းမှာ ဘာမှထပ်လုပ်စ ရာ မလိုတော့ဘူး”
“မဟုတ်ဘူးနော် အကို။ မနက်က ဘုန်းကြီးပင့်တာက သက်ပျောက် ဆွမ်းသွတ်တာလေ။ သရဏဂုံတင်တာ မဟုတ်သေးဘူး။ နောက်ပြီး များသောအားဖြင့် သရဏဂုံကို သင်္ချိုင်းကျမှ တင်ကြတာပဲ။ ဒီအတွက် ဘုန်းကြီးတစ်ခါထဲ ပင့်သွားရမယ်။ သရဏဂုံတင်ဖို့  လုပ်ရမယ်။ ဒီအတွက် အခန်းတော့ မဖြစ်မနေ ငှားမှဖြစ်မယ်။ နောက်ပြီးလာကြမဲ့ သူ့ သူငယ်ချင်း အသိုင်းအ၀ိုင်းတွေ အကိုတို့ မိတ် ဆွေတွေလည်း ရှိအုံး မှာလေ”
သီဟအကိုနဲ့  ကျုပ် စကားပြောနေရင်းနဲ့  သီဟမိန်းမမျက်နှာကို လှမ်းကြည့်လိုက်တော့လည်း ဘာတွေစီစဉ်ထားမှန်း သိပုံ မရဘူး။ သူ့ ခမျာမ လည်း ယောက်ျားတစ်ယောက်လုံးဆုံးရှုံးရတဲ့အပူမီးနဲ့ တင် လောင်မြှိုက်နေတာ။ ကျန်တာတွေ ဘယ်ခေါင်းထဲထည့် ထားနိုင်ပါ့မလဲ။
သီဟအကိုကတော့ ကျုပ်ကို ပြောချင်တာစွတ်ပြောနေတာပဲဆိုတဲ့ ရုပ်နဲ့  ဘုကြည့်ကြည့်တယ်။ ကျုပ်လည်းဆက်မပြောတော့ ဘူး။ ကိုယ့် ဘာသာပဲ အရင်သွားနှင့်ပြီး ကြိုစီစဉ်လိုက်တော့မယ်။ ကျုပ်နဲ့  သီဟအကို အတင်အချစကားပြောနေတာကို ၀ိုင်းကြည့် နေကြတဲ့ သူငယ်ချင်းတွေကို မျက်ရိပ်ပြလိုက်တယ်။ သူတို့ အရင်ထထွက်သွားတယ်။
“ဒါဆို ကျွန်တော်တို့ အရင်သွားပြီး စီစဉ်ထားလိုက်မယ်။ အကို တို့ နောက်က အချိန်ကြမှ လိုက်ခဲ့လိုက်တော့”
ပြောပြောဆိုဆို ထထွက်လာခဲ့တယ်။ ကျုပ်နောက်ကို သီဟအမျိုးသမီး အပြေးအလွှားလိုက်လာတယ်။
“ကိုလွင်ရယ် အဆင်ပြေအောင် ကြည့်စီစဉ်ပေးပါနော်။ အကိုက သိပ်ပြီး သပ်သပ်ရပ်ရပ်ကြိုက်တာ။ သူ့ နောက်ဆုံးအချိန် လေးမှာ သပ်သပ်ရပ်ရပ်နဲ့ စည်စည်ကားကားလေး ဖြစ်သွားစေချင်တယ်”
“မပူနဲ့ မမျိုး။ စိတ်အေးအေးနေ။ ကျွန်တော် ကြည့်စီစဉ်လိုက်မယ်”
ဘယ်နဲ့ ဗျာ။ လူတစ်ယောက်ကို သေသွားပြီဆိုပြီး တန်ဖိုး မထားတာ မျိုး ကျုပ်လုံးဝ လက်မခံနိုင်ဘူး။ နောက်ပြီး ဒါဟာ ပကာ ဿန အနေနဲ့  ချဲ့ ထွင်ပြီး အလွန်အကျွံလုပ်နေတာလည်း မဟုတ်ဘူး။ လူသေရင် အသုဘ ချခါနီး သရဏဂုံတင်တာ၊ အသုဘပို့ လာတဲ့ သူတွေထိုင်ဖို့  ခန်းမငှားတာ၊ ဒါတွေဟာ မဖြစ်မနေလုပ်ရတဲ့ကိစ္စထက် ဘာမှမပိုခဲ့ဘူး။ သူတို့ အခြေအနေ ကလည်း ဒီလောက်လေးကို မတတ်နိုင်တော့လောက်အောင် ဆိုးဆိုးဝါးဝါး ဆင်းရဲမွဲတေ မနေပါဘူး။ ဆွေမျိုးအသိုင်းအ၀ိုင်းတွေ တောင့်တင်းပြီးသားပါ။
ကျုပ်နဲ့ အခြားသူငယ်ချင်း၃ယောက် ကားတစ်စီးနဲ့  ရေဝေးကို အရင်ထွက်ခဲ့ကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သီဟဆန္ဒကို ကျုပ် ဖြည့် ဆည်းပေးချင်မိတယ်။ ဒါကြောင့် သူငယ်ချင်းတစ်ယောက်ကို ဘုန်းကြီး တစ်ခါထဲဝင်ပင့်လာပြီး ရေဝေးကို လိုက်လာခိုင်းလိုက် တယ်။ မိန်းကလေး သူငယ်ချင်းတွေကိုတော့ ကျန်ရစ်တဲ့ သီဟဇနီး ကိုဖေးမပြီး ခေါ်လာခဲ့ဖို့  မှာခဲ့တယ်။
လမ်းမှာ ကိုယ်သိတဲ့ဖုန်းနံပါတ်တွေနဲ့  ရေဝေးမှာ ခန်းမငှားဖို့  လှမ်းမေးတော့ နာ/ကူ (နာရေးကူညီမှုအသင်း)က ဖုန်းနံပါတ် တစ်ခုပေး တယ်။ အဲဒီလူကတစ်ဆင့် ခန်းမလှမ်းငှားတယ်။ ခန်းမတွေက ကြိုယူ ထားကြတာမို့  ခုချိန်မရနိုင်တော့ဘူး။ ညနေ၅နာရီ နောက်ပိုင်းမှ ရမယ်တဲ့။ ဒါတော့မဖြစ်သေးဘူး။ Dead Body ကလည်း သယ်လာနေပြီ။ နေအိမ်က ကားတွေကလည်း ထွက်လာဖို့  ပြင် နေပြီ။ ဘယ်လိုလုပ်ရင်ကောင်းမလဲ ဆိုတော့ သူတို့ ကလာခဲ့လိုက်ပါ အဆင်ပြေအောင် တစ်ခုခု ကြည့်စီစဉ်ပေးပါ မယ်တဲ့။ ဒီတော့ လည်း ရေဝေးကိုသာ အမြန်မောင်းပေါ့။
အဲ… လာရင်းနဲ့ မှ သတိရတယ်။ အခေါင်း…… အခေါင်း....... အခေါင်း။ အခေါင်းဝယ်ပြီးပြီ ထင်ပါရဲ့။ သေချာအောင် လှမ်းမေး အုံးမှပါ။ မပြောချင်ပေမဲ့ သီဟအကိုဆီ ဖုန်းထပ်ဆက်ရပြန်တယ်။
“အကိုရေ။ ကျွန်တော်တို့ ရေဝေးကို ရောက်ခါနီးပြီ။ ခန်းမကိစ္စကတော့ အဆင်ပြေအောင် ကြည့်လုပ်ထားလိုက်မယ်။ ဒါနဲ့  အကို အခေါင်းဝယ်ပြီးပြီ လား။ အခေါင်းကိစ္စကို ဘယ်လိုစီစဉ်ထားလဲ။”
“အခေါင်းမလိုဘူးလေ”
“ခင်မျာ… ဘယ်လို ….. ဘယ်လို …… အခေါင်းမလိုဘူး ဟုတ်လား အကို။ အခေါင်းမပါပဲ ဘယ်လိုလုပ် အသုဘချမှာလဲ။”
“အလောင်းကို နာ/ကူအသင်းက ကားနဲ့ သယ်လာမှာလေ။ ရောက်ရင် ကားပေါ်ကချပြီးတာနဲ့  မီးသင်္ဂြိုလ်စက်ထဲ တန်းသွင်း လိုက်ရုံပဲ။ ဘာမှ မလိုဘူး။ အခေါင်းမပါလည်းရတယ်။ သူတို့ ကိုမေးတော့လည်း မ၀ယ်ချင် ရင်လည်း ရပါတယ်တဲ့။”
ဘုရားရေ။ ရက်စက်လိုက်ကြတာ။ သူငယ်ချင်းရေ မင်းသိရင် ဘယ်လို များနေလိမ့်မလဲ။ လူတစ်ယောက်ရဲ့ နောက်ဆုံးခရီးမှာ ဆွေမရှိ မျိုးမရှိလို့  အရပ်ကကူချသလို၊ တာဝန်ယူမဲ့သူမရှိလို့  စည်ပင်က အမြင်မတော်လို့  ချပေးရသလိုမျိုး စောင်ပတ် ဖျာလိပ်ပတ် ပြီးတော့များ ချမလို့ လား။ မင်းအစား ရင်နာလိုက်တာကွာ။
သူတို့ နဲ့  ဆက်မပြောချင်တော့ လို့ ဖုန်းချလိုက်တယ်။ သူငယ် ချင်းတွေကို လှည့်ကြည့်လိုက်တော့ စိတ်မကောင်း နာကျင်ခြင်း မျက်ဝန်းများနဲ့ ။
မထူးပါဘူး။ ကျုပ်ပဲ အသုဘရှင်လုပ်ပြီး အကုန်လိုက်စီစဉ်လိုက်တော့ မယ်။ သူတို့ မကျေနပ်လည်း မတတ်နိုင်ဘူး။ ကိုယ့်သူငယ်ချင်း မျက်နှာ ပဲကြည့်တော့မယ်။ ကျုပ်တို့ တွေ ရေဝေးမီးသင်္ဂြိုလ်စက်ကို မရောက်ခင် မလှမ်းမကမ်းမှာရှိတဲ့ နာ/ကူရုံးခန်းကိုအရင် ၀င်ဖြစ်ခဲ့တယ်။
နာ/ကူရုံးခန်းရှေ့ မှာ အခေါင်းရောင်းတဲ့ဆိုင်ကလေး။ ဆိုင်အတွင်းမှာ အခေါင်းတွေကိုသေတ္တာတွေလို အမျိုးအစားတူရာ စုပြုံ ထပ်ထားတယ်။ ကျုပ်ရဲ့သက်တမ်းတစ်လျှောက်မှာ တစ်ခါမှ အခေါင်းဆိုင်မရောက်ဖူးသလို အခေါင်းလည်း မ၀ယ်ဖူးဘူး။ ဒါကြောင့် ဘယ်လို ၀ယ်ရမှန်းလဲ မသိဘူး။ ကျန်တဲ့သူငယ်ချင်းတွေလည်း ဒီအတိုင်းပဲ။
“အခေါင်းဘယ်လိုရောင်းသလဲ အကို”
ကျုပ်အသံနဲ့ ကျုပ်မေးခွန်းကို စိတ်ညစ်နေတဲ့ကြားကတောင် ရယ်ချင်မိတယ်။
“ဘယ်လောက်တန် လိုချင်လို့ လဲ အကို။”
“ဘယ်လောက်တန်တွေ ရှိလဲဗျ”
“ဒီအခေါင်းဆိုရင် မီးသင်္ဂြိုလ်ခအပါအ၀င် လေးသောင်းပါ။ သူက နည်းနည်းပိုတောင့်တယ်။ ဒီအခေါင်းကတော့ မီးသင်္ဂြိုလ်ခ အပါ နှစ်သောင်း ခွဲပါ။ သူကတော့ အသက်သာဆုံးပဲ။ ကျန်တာတွေကတော့ ဒါထက် ပိုဈေးကြီးတယ်။ အကိုတို့ ဘယ်လောက်တန် လောက်မှန်းသလဲ။”
“အခေါင်းဝယ်ရင် ဘာတွေလုပ်ပေးသေးလဲအကို။ မသိလို့ မေးတာပါ”
“ဟုတ်ကဲ့။ ရပါတယ်။ ဒါမျိုးဆိုတာ လူတိုင်းမသိနိုင်ဘူး။ အခေါင်းဝယ် ရင် အခေါင်းဘေးမှာ သေသူနဲ့ နာမည်နဲ့ အသက်ကို စာလုံးရေးပေးတယ်။ အလောင်းအတွက် မီးသင်္ဂြိုလ်ခကို စည်ပင်ကို ကျွန်တော်တို့ ကသွင်းပေး တယ်။ ပုံမှန် နာ/ကူက ချပေးတဲ့ အလောင်းဆိုရင်တော့ မီးသင်္ဂြိုလ်ခကို သူတို့ သွင်းပေးတယ်။ ကျွန်တော်တို့ အခေါင်းဆိုင်က ၀ယ်တဲ့အခေါင်းမျိုးဆို ရင်တော့ သူတို့  မသွင်းပေးတော့ဘူး။ ကျွန်တော်တို့ အခေါင်းဆိုင်က သွင်းပေးရတယ်”
“မီးသင်္ဂြိုလ်ခက ဘယ်လောက်ပေးရလဲဗျ။ ဗဟုသုတအနေနဲ့  သိချင်လို့ မေးကြည့်တာပါ”
“မီးသင်္ဂြိုလ်ခက နှစ်ထောင်ပါ”
“အော် သိပ်တော့မများပါဘူး။ ဟုတ်ပြီ။ ဒါဆို နှစ်သောင်းခွဲတန်ပဲ ယူမယ်။ စာရေးပေးပါ။ နောက်ပြီး ကျွန်တော်တို့ ကို ခန်းမ ငှားဖို့ ကိစ္စ လည်းစီစဉ်ပေးပါအုံး”
“ခန်းမက အခန်းတော့မရဘူး။ ဒါပေမဲ့ အကိုတို့ လိုချင်ရင် အပြင်ဘက် မှာ ခုံချပြီး ပြင်ဆင်ပေးမယ်။ စင်္ကြန်လမ်းတစ်လျှောက် မှာခုံခင်းပေးမယ်။ အဲဒါက ရှစ်ထောင်ကျမယ်။ အကိုတို့ လုပ်မယ်ဆိုရင် ရုံးခန်းကိုလိုက်ပြောပေး မယ်။ ကျွန်တော့်နောက်ကလိုက်ခဲ့ပါ။”
ဘာပဲဖြစ်ဖြစ် လုံးဝမရတာထက်စာရင် တော်ပါသေးရဲ့ဆိုပြီး အပြင်မှာပဲ ခုံခင်းပေးဖို့ ငွေသွင်းလိုက်ပါတယ်။ လိုက်ပို့ ပေးတဲ့ အခေါင်းဆိုင်ပိုင်ရှင်က
“အကိုတို့  သရဏဂုံတင်ဖို့ ဘုန်းကြီးရော အဆင်သင့်ပါရဲ့လား။ လိုအပ်ရင် ပင့်ပေးလို့ ရပါတယ်။ နောက်ပြီး သရဏဂုံတင်ချိန် ဘုန်းကြီးတရားနာချိန်မှာ ဘုန်းကြီးထိုင်ဖို့ မိသားစုထိုင်ဖို့ ကော်ဇောလည်း ငှားလို့ ရပါတယ်။”
“အော် …. ဘုန်းကြီးလည်း ပင့်ပေးလို့ ရတာပဲလား။ ဘုန်းကြီးကတော့ မလိုတော့ပါဘူး။ ကျွန်တော်တို့ လူတွေပင့်လာနေပြီ။ ကော်ဇောငှားမယ်။ ဘယ်လောက်လဲ။”
“ကော်ဇောက လေးထောင်ပါအကို။ နောက်ပြီး လွမ်းသူ့ ပန်းခြင်းရော ငှားအုံးမလား။”
“ဟေ ပန်းခြင်းလည်း ငှားလို့ ရတာပဲလား။ ကောင်းကွာ။ အသုဘအခမ်းအနားကတော့ သီဟဖြစ်စေချင်သလို စည်စည်ကား ကားလေး တကယ်ဖြစ်ပြီပဲ။ ငှားမယ်ကွာ။ ပန်းခြင်းတစ်ခြင်းပေးကွာ။ တတ်နိုင်သလောက် အလှဆုံးတော့ ဖြစ်ပါစေ”
“ပန်းခြင်းက သုံးထောင်ကျတယ် အကို။ စိတ်ချပါ။ အလှဆုံးပန်းခြင်း ကျွန်တော်စီစဉ်ပေးမယ်”
ကျုပ်တို့ အဲဒါတွေ လိုက်စီစဉ်နေတုံးမှာပဲ စာတမ်းရေးပြီးသားအခေါင်း ကလည်း စက်ဘီးနဲ့ လာပို့ ပေးသွားပြီ။ ကျုပ်တို့ ပိုက် ဆံချေပြီးတာနဲ့  ခုံတွေ ကော်ဇောတွေတန်းပြီး ခင်းပေးတော့တာပဲ။ မီးသင်္ဂြိုလ်စက်ရဲ့ အ၀င်ဝ ဘေးဘက်မလှမ်းမကမ်းမှာ ဘေးတိုက်ခုံတွေစီပြီး ချပေးထား တယ်။ ကော်ဇောခင်းပေးတယ်။ ဘုန်းကြီးထိုင်ဖို့  ခုံခင်းပေးတယ်။ နောက်ပြီး ပန်းခြင်းလာချပေးတယ်။ ပန်းခြင်း ကလည်း ခန့် ခန့် ထည်ထည် အကြီးကြီး။ သုံးထောင်ကတော့ အတော်တန်သွားပြီ။ ဒါပေမဲ့ စာတန်းကတော့ တစ်ကြောင်းထဲ။
“လွမ်းသူ့ ပန်းခွေ”တဲ့။
" တစ်ခြားဘာစာမှ မပါဘူးလား”
“မပါဘူးလေ အကိုရဲ့။ ဒါမှ ဘုံသုံးလို့ ရမှာပေါ့” တဲ့။ သူပြောတာလည်း ဟုတ်သား။
“အကို့ သူငယ်ချင်းနာမည်လေးရေးပေးကွာ။ လက်ရေးနဲ့  ပဲဖြစ်ဖြစ်ပေါ့။ ဘယ်လောက်ထပ်ပေးရမလဲ”
ကောင်လေးက လက်နှစ်ချောင်းထောင်ပြတယ်။
“အိုကေ။ အမြန်လေးလုပ်ကွာ”
၂မိနစ်အတွင်းမှာပဲ ကောင်လေးပြန်ရောက်လာတယ်။ အိုကေ။ ကျုပ်တို့ ဘက်ကတော့ အားလုံးအဆင်ပြေ ချောမွေ့ စွာ ပြီး သွားခဲ့ပြီ။ Dead Body သယ်ဆောင်လာတဲ့ နာ/ကူအသင်းရဲ့ကားလည်း ရောက်လာပြီ။ ဒီတော့အလောင်းကို ကျုပ်တို့  အဆင်သင့် ၀ယ်ထားတဲ့ အခေါင်းထဲထည့် အပေါ်က ပန်းတွေဘာတွေ ချွေချနဲ့  အလောင်းပြင်ဆင်ပြီးစီးချိန်မှာပဲ အိမ်ကနေ ထွက်လာတဲ့ကားတွေ ရောက်လာသလို သရဏဂုံတင်ပေးမဲ့ ဆရာတော်ပါ ကြွလာခဲ့ပြီ။ သီဟဇနီးက သူ့ ယောကျာ်းရဲ့ အလောင်း ကိုကြည့်ပြီး တမ်းတစွာ ငို ကြွေးလိုက်သံက အားလုံးရဲ့ နှလုံးသား ကိုနာကျင်စေပါတယ်။ သူ့ ကို နှစ်သိမ့်ဖေးမကြရင်း သရဏဂုံတင် ဖို့  ပြင် ဆင်ပါ တယ်။ စောစော က စီစဉ်တဲ့အထဲမှာ ကန်တော့ပွဲ ပါမလာခဲ့ဘူး။ ဒါကိုလည်း ဒီမှာဝယ်လို့ ရတယ်ဆိုတာနဲ့  ပိုက်ဆံလည်းပေးလိုက်ရော ၃မိနစ်အတွင်း ရောက်လာပါတယ်။
ပိုက်ဆံပေးရင်ရတယ်ဆိုပေမဲ့ ဘာပဲဖြစ်ဖြစ် လိုချင်တာကို ချက်ချင်း ရစေတဲ့အတွက် သူတို့ ကို ကျေးဇူးတင်ရပါတယ်။ ကျုပ် တို့  ချည်းသာဆို ဒီလောက်အချိန်တိုအတွင်းမှာ ဒီလိုစည်စည်ကားကားဖြစ်နိုင်ဖို့  မလွယ်လှဘူးလေ။ အိမ်မှာကျန်နေခဲ့တဲ့ သူငယ်ချင်း မက ခုမှ လိုက်လာရတာမို့  ရောက်ရောက်ချင်း ကျုပ်ကို လက်ကုတ်ပြီး လူရှင်းရာ ဆွဲခေါ်လာတယ်။
“နင်ဘယ်လို စီစဉ်လိုက်တာလဲ။ ဒီလောက်အချိန်တိုအတွင်းမှာ ဒီလောက်မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်အောင် စီစဉ်နိုင်တာ တော် လိုက်တာဟယ်။ ပန်းခြင်းကြီးကလည်း အကြီးကြီးပဲ။ ဒီခြင်းမျိုးဆို အနည်းလေး ၆သောင်း ၇သောင်းလောက်ပေးရမှာ ငါသိတယ်။ ပန်း တွေကလည်း သစ်ခွပန်းတွေနဲ့ အကောင်းစားတွေချည်းပဲ။ ဘာပဲပြောပြော သူ့ အသုဘလေးကိုစည်ကားအောင် ဒီလောက်အချိန်တို နဲ့  ရအောင် စီစဉ်ပေးတဲ့ နင့်ကို ကျေးဇူးတင်လိုက်တာဟာ”
ကျုပ်သူငယ်ချင်းရဲ့ အထင်ကြီးမျက်လုံးတွေကို မြင်လိုက်ရတယ်။ သီဟရဲ့ဇနီးကလည်း ၀မ်းနည်းစွာငိုကြွေးနေတဲ့ကြားကနေ ကိုလွင် ရယ် ကျေးဇူးတင်လိုက်တာလို့ လာပြောသေးတယ်။ နောက်တော့ သူ့ မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေစုပြီး သရဏဂုံတင်၊ သူ့ အတွက် တရားနာ အမျှဝေပြီး သူ့ ကို နောက်ဆုံးနှုတ်ဆက်လိုက်ကြပါတယ်။ သွားတော့ သူငယ်ချင်းရေ သွားတော့။ မာယာများ တဲ့ လောကအလယ်မှာ မင်းမိန်းမနဲ့ မင်းရဲ့သမီးလေးတွေကို စိတ်မချပေမဲ့ စိတ်ချလက်ချထားပြီး သွားပါတော့။
“မင်းရဲ့နောက်ဆုံးခရီးမှာ မင်းနဲ့ ဇနီးသည်နဲ့ အပြိုင် ၀မ်းနည်းစွာ ငိုကြွေးနေတာ မင်းရဲ့မိသားစုဝင်တွေမဟုတ်ပဲ မင်းနဲ့ ငါ့ရဲ့ အချစ်ဆုံး သူငယ်ချင်း မေတစ်ယောက်ပဲရှိတယ်ဆိုတာ မင်း သိမသွားပါနဲ့ တော့။ မင်းရဲ့အသုဘကို လိုက်မပို့ တဲ့ မင်းရဲ့အဖေအမေနဲ့  မင်းညီမ လေးကိုလည်း စိတ်မဆိုးပါနဲ့ တော့။ မင်းသေဆုံးသွားချိန်မှာ သေတယ်ဆိုတာ ဘာမှန်းမသိရှာပဲ ကလေးသဘာဝ ပျော်ရွှင်မြူးတူးစွာ ဆော့ကစားနေတဲ့ မင်းရဲ့ သမီးလေးနှစ်ယောက်ကိုလည်း နားလည်ပေးလိုက်ပါ။ အသည်းရောဂါ စီပိုး၊ အသည်းကင်ဆာဆိုတာ ကူးစက် တတ်တယ်ဆိုပြီး ဆေးရုံကို တစ်ရက်မှ လာမကြည့်ခဲ့တဲ့၊ အသုဘချတဲ့နေ့ မှာ မဖြစ်မနေမို့  လိုက်လာရပေမဲ့ ယောင်လို့ တောင် မင်းရဲ့ အလောင်းနားမကပ်တဲ့ မင်းအကိုနဲ့ အမကိုလည်း မနာကြည်းလိုက်ပါနဲ့ ။
ဘယ်သူတွေ ဘယ်လိုအခြေအနေမှာရှိရှိ မင်းဟာသူတော်ကောင်းပါ။ သမိုင်းတွေ ရာဇ၀င်တွေကို နောင်လာနောင်သားတွေ သိအောင် ချပြပေး ခဲ့တဲ့ သမိုင်းဆရာတစ်ယောက်ပါ။ နောက်ပြီး လိုအပ်တဲ့နေရာတွေမှာ အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ ပရဟိတ အလုပ်တွေလုပ်ပြီး လိုအပ်နေ တဲ့ နေရာတွေက ကွက်လပ်တွေကို ဖြည့်ဆည်းပေးခဲ့သူတစ်ယောက်ပါ။ အခုဘ၀မှာ သက်ဆိုးမရှည်ခဲ့ပေမဲ့ ကိုယ်ပြုခဲ့တဲ့ ကောင်းမှု ကုသိုလ် စေတနာ အကျိုးတွေကြောင့် မင်းရှေ့ ဆက်ရမဲ့ သံသရာခရီး အေးချမ်းမယ် လို့  မျှော်လင့်ပါတယ်။”
ခေါင်းတိုင်ဖြူဖြူပေါ်ကထွက်လာတဲ့ မီးခိုးမည်းမည်းတွေကြားမှာ မင်းကို ကျုပ်တို့ ထားခဲ့ရပြီ။ သွားနှင့်တော့ သူငယ်ချင်းရေ။ သွားနှင့်တော့ … ဘယ်တော့မှန်းမသိတဲ့ နေ့ စွဲတစ်ခုမှာတော့ မင်းဆီကို ကျုပ်တို့  လိုက်လာကြအုံးမယ်။ ဘယ်သူတားတားပေါ့ …..
ကျုပ်သူငယ်ချင်းရဲ့ အသုဘမှာ လူတွေအကြောင်းကို ကျုပ် အတော်လေးလည်း နားလည်လာမိသွားသလို တရားလည်းကျ မိပါတယ်။ လူဆိုတာ အသက်ရှင်စဉ်က ဖြစ်တည်ခဲ့တဲ့ တန်ဖိုးတွေဟာ သေဆုံးပြီး နာရီပိုင်း မိနစ်ပိုင်းအတွင်းမှာ တစ်စစီပြိုကွဲသွား တော့တာပါလား။ ငါဆိုတာ ဘာကောင်ကြီးဖြစ်နေနေ ငါ့ကိုတော့ ဘယ်လိုလုပ် ဘယ်ဝါလုပ်၊ ဘာခေါင်းနဲ့ ထည့် ဘာကားနဲ့ ပို့ ဆိုတဲ့ ကိစ္စတွေကို ဘာမှ မလုပ်ဆောင်နိုင်တော့ ပါဘူး။ ဘယ်လောက်ချမ်းသာတဲ့သူပဲဖြစ်ဖြစ်၊ ဘယ်လောက်ဆင်းရဲတဲ့သူပဲဖြစ်ဖြစ် နောက် ဆုံးမှာတော့ မလွဲမသွေ အသုဘကားကိုပဲ စီးရတာပါ။
ကိုယ်ဘာပဲဖြစ်ချင်ဖြစ်ချင် ကျန်ရစ်သူတွေရဲ့ဆန္ဒနဲ့  လုပ်ကိုင်ခြင်း အပေါ်မှာသာ ကျေနပ်သည်ဖြစ်စေ၊ မကျေနပ်သည်ဖြစ်စေ ခံယူရတာပါလား။ သူများစီစဉ်ပေးသလိုသာ ကိုယ့်ရဲ့နောက်ဆုံးခရီးကို သွားချင်ချင် မသွားချင်ချင် သွားရတာပါလားလို့ လည်း သံဝေဂ အကြီးကြီး ရမိပါတယ်။
ရှေးလူကြီးတွေစကားသိပ်မှန်တာပဲ။
“မသာတစ်ခေါက် ကျောင်းဆယ်ခေါက်” တဲ့။ ကျုပ်ကတော့ လူတစ်ယောက်ကို သက်ရှိ ထင်ရှားရှိချိန်မှာသာ အလေးထားပြီး သေဆုံး ချိန်မှာ ရက်ရက်စက်စက် တန်ဖိုးမဲ့ပြုမူတတ်တဲ့ သွားလေသူရဲ့ မိသားစုကြောင့် ဒီနေ့ မှာ အတွေ့ အကြုံ တွေရော ဗဟုသုတတွေပါ ရလိုက်ပါတယ်။ သီဟအသုဘကိုကြည့်ရင်း အပြန်လမ်းမှာ ကျုပ် တစ်ခုစဉ်းစားမိပါတယ်။ ကျုပ်သေရင်ရော ကျုပ်ကို ဘယ်သူတွေက ဘယ်လိုနည်းနဲ့ များ ပို့ ကြအုံးမှာလဲလို့ ။
  မေဇူး (2014 ခုနှစ် ဧပြီလ မဟေသီမဂ္ဂဇင်း)

Monday, April 14, 2014

ချိုမြိန်သောသစ္စာ (အပိုင်း ၂) မေဇူး

 
ဒုတိယသင်္ကြန်အကြတ်နေ့   ၁၅.၄.၁၂

        ဒီနေ့ မနက် ၉နာရီထဲက သူအိမ်ကိုရောက်နေခဲ့ကာ ဖေဖေ့ပန်းချီကားထဲမှ ပြပွဲတွင်ပြရန်အဆင်ပြေသော ပန်းချီ ကားချပ်တွေ ကို ရွေးထုတ်ကာ တစ်နေရာမှာပုံသည်။ အမေကတော့ ဖေဖေ့လို ပန်းချီဝါသနာပါတာတစ်ခုထဲနဲ့ တင် သူ့ အပေါ် ဆက်ဆံရေး က ချောမွေ့ သွားခဲ့သည်။ ဖေဖေ့ရဲ့ ပြီးလုဆဲဆဲ အဆုံးမသတ်ရသေးသော ပန်းချီကားတစ်ချပ်ကို သူ အဆုံးသတ်ကြည့်ချင်ပါသည်ဟု အမေ့ထံခွင့်တောင်းသည်။ အမေ စိတ်ဆိုးသွားမှာ ဒေါသတကြီးတုံ့ ပြန်လိုက်မှာ သူမ စိုးရိမ်ခဲ့ပေမဲ့ အသာတကြည်ပဲ “ဆွဲကြည့်လေသား” ဆိုသောအသံက သူမကို အံ့သြစေသည်။ သူ့ ကို ခင်မင်တွယ်တာ သွားမိတာမှန်ပေ မဲ့ ဖေဖေ့ပန်းချီကိုဆက်ဆွဲသည်အထိ ပိုင်စိုးပိုင်နင်းနိုင်မှုကို သူမ မကြိုက်။ တကယ်လို့  သူသာ အဆွဲ မတော်ခဲ့ပါလျှင် အဖေ့ပန်းချီကားလေးဆုံးရှုံးသွားရမှာကို သူမ မလိုလားခဲ့။

          ထူးဆန်းစွာပင် ဖေဖေ့ရေးလက်စ ပန်းချီကား ညနေခင်းဆည်းဆာအောက်က တောင်သမာန်အင်းရှုခင်းကို သူ စိတ်ပါဝင်စားစွာ ဆက်ဆွဲခဲ့ပါသည်။ သူမရော အမေပါ သူ့ ဘေးနားမှာ စိတ်လှုပ်ရှားစွာ ရပ်ကြည့်နေခဲ့မိသည်။ ထိုပန်းချီ ကားပြီးသွားချိန်မှာ လူနှစ်ယောက်ပေါင်းစပ်ရေးဆွဲခဲ့သောပန်းချီကားဟု မထင်ရလောက်အောင်ပင် ဖေဖေ့လက်ရာအလား ပြီးဆုံးသွားသည်ကို တွေ့ လိုက်ရသည်။ အမေ့ရဲ့ ၀မ်းသာမျက်ရည်ကို သူမ မြင်ရသည်။ အမေသည် အချိန်တိုအတွင်းမှာ ပင် သူ့ ကို သားတစ်ယောက်ကဲ့သို့  ခင်တွယ်သွားခဲ့လေသည်။ ဒါဆို သူမကရော…………… ။

          သူမတို့ သားအမိနှစ်ယောက်ရဲ့ကမ္ဘာထဲကို သူဝင်လာပုံက မြန်ဆန်သပ်ရပ်လွန်းလှသည်။ ထိုနေ့ ကလည်း ဘယ် မှမသွားပဲ တံတားပေါ်က ဇရပ်လေးမှာတင် သူကပန်းချီဆွဲရင်း သူမက အနားမှာစကားထိုင်ပြောရင်းဖြင့် တစ်ရက်ကုန်ဆုံး သွားပြန်သည်။ ညနေခင်းမှောင်လာတော့ အိမ်ပြန်ရမှာကိုပင်စိုးရိမ်လာမိသည်။ သူ့ ကို ခွဲခွာရမှာစိုးသောကြောင့်ဖြစ်သည်။


သင်္ကြန်အတက်နေ့  ၁၆.၄.၁၂

          “ဒီနေ့  မွေးနေ့ မှာ ညီမလေးဆီက တောင်းဆိုစရာရှိတယ်”

          “ဘာလဲပြောလေ။ လုပ်နိုင်တာဆို လုပ်ပေးပါ့မယ်” လို့ ဆိုတော့

         “ဒီနေ့  ညီမလေးနဲ့ အတူ စက်ဘီးစီးချင်တယ်။ ဦးပိန်တံတားကိုဆုံးအောင်လျှောက်ချင်တယ်” ဟု ကလေးဆန်စွာ ဂျီကျသည်။

           ဒါကြောင့်ပဲ ဒီနေ့ ဆိုင်သွားချိန်မှာတော့ သူနင်းသော စက်ဘီးအနောက်တွင်ကာ သူမထိုင်ကာ လိုက်ပါလာရင်းမှပင် အချိန်တိုအတွင်းမှာ လူတစ်ယောက်ကို သူမဘ၀အတွင်းသို့  ဇွတ်အတင်း ပစ်သွင်းလိုက်သလိုများဖြစ်သွားပြီလား ဟု တွေးနေ မိပြန်သည်။  သူ့ ရဲ့ ဒုတိယဆန္ဒတစ်ခုဖြစ်သော ဦးပိန်တံတားဆုံးအောင် လမ်းလျှောက်ကြချိန်မှာတော့ မျက်ဝန်းညိုညိုအကြည့် စိုစိုတို့ ဖြင့် သူမကိုရင်ခုန်စေသောစကားများ သူပြောကြားခဲ့လေသည်။

          “ညီမလေးကို ကိုယ်ချစ်တယ်”  မသွယ်ဝိုက်သော သူ့ ရဲ့ချစ်စကား။

          “မနက်ဖြန် နှစ်ဆန်းတစ်ရက်နေ့ ကျရင် ကိုယ့်ကို အဖြေပေးနော်” တဲ့

          “တစ်ရွာသားကို ရည်းစားလုပ်ဖို့  ညီမလေး မစဉ်းစားရဲပါဘူး။ ကိုကို မန္တလေးကပြန်သွားတာနဲ့  ညီမလေးတို့  အဆက်အသွယ်ပြတ်သွားကြတော့မှာလေ။ ”

          “အခုခေတ်ကဘာခေတ်မို့ လဲ ညီမလေးရယ်။ ညီမလေးက သာမန်ကျေးတောသူလေးတစ်ယောက်မှမဟုတ်တာ။ တက္ကသိုလ်ကျောင်းသူတစ်ယောက်ပဲ။ ကိုယ်တို့ မှာ ဆက်သွယ်စရာ ဖုန်းတွေအင်တာနက်တွေ ဒီလောက်ပေါနေတဲ့ခေတ် မှာ ရန်ကုန်နဲ့ အမရပူရဆိုတာ နီးနီးလေးပါ။ ညီမလေးစဉ်းစားရမှာက ကိုယ့်ကိုပြန်ချစ်မချစ် မနက်ဖြန်မှာအဖြေပေးဖို့ ပါပဲ။”

          “မြန်လိုက်တာ။ မနက်ဖြန်ဆိုတော့”

         “မမြန်ပါဘူး ညီမလေးရယ်။ အချိန်ဆိုတာထက် ကိုယ်တို့ နှစ်ယောက် တစ်ကယ်ချစ်ဖို့ ပဲလိုတာပါ။ တကယ်လို့  ကိုယ်တို့ နှစ်ယောက် ချစ်သူဖြစ်သွားပြီးရင် စိတ်ချ။ ကိုယ်ရန်ကုန်ပြန်ရောက်တာနဲ့  မေမေ့ကို ပြန်ပြောပြပြီး ညီမလေးကို လာတောင်းခိုင်းမယ်”

          “အယ် ညီမလေးက ကျောင်းတောင်မပြီးသေးတာ။ ပြီးတော့ အမေနဲ့  မောင်လေးတွေကို ကြည့်ရှုစောင့်ရှောက်ရ မယ့်ဝတ္တရား ညီမလေးမှာ ရှိသေးတယ်လေ။”

          “ညီမလေးစိတ်ချအောင် မေမေ့ကို ညီမလေးမေမေဆီခေါ်လာပြီး ကိုကိုတို့ စေ့စပ်ထားမယ်လေ။ ဒါဆိုရင် ကျေနပ်ပြီ လား။ လောလောဆယ် ကိုကို့ ကို ချစ် မချစ် အဖြေပေးဖို့ သာ စဉ်းစားထား။ မင်္ဂလာရှိတဲ့နှစ်သစ်မှာ ညီမလေးရဲ့ ချစ်တယ်ဆိုတဲ့ အဖြေကိုပဲကြားချင်တယ် ဟုတ်ပြီလား။ နောက်ပြီး ဒီညအိမ်ပြန်ရင် ညီမလေးရဲ့ ပန်းချီကားလေးကို ကိုယ်ယူသွားအုံးမယ်။ ပန်းချီ ကားက ပြီးတော့ပြီးနေပြီ။ ဒါပေမဲ့ ပန်းချီကားထဲကညီမလေးရဲ့မျက်လုံးထဲမှာ တစ်ခုခုလိုနေသေးသလို ခံစားရလို့  ညကျရင် ညီမလေးရဲ့မျက်နှာကို စိတ်ကူးထဲပုံဖော်ပြီး ထပ်ဖြည့်ဆွဲလိုက်အုံးမယ်။ မနက်ဖြန်ကျမှ ပြန်ယူလာခဲ့ မယ်နော်။”

          ဒီလိုနဲ့  သူနဲ့ အတူရှိနေခဲ့သော နေ့ ရက်တစ်ရက် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြန်သည်။


နှစ်ဆန်းတစ်ရက်နေ့  ၁၇.၄.၁၂

          ဒီနေ့ နှစ်ဆန်းတစ်ရက်နေ့ ဆိုတော့ အမေက အကြော်ဆိုင်ပိတ်ကာ ဘုန်းကြီးကျောင်းသွားသည်။  သူလာရင်စား ဖို့ ဆိုပြီး မနက်စာစီစဉ်ပေးခဲ့သေးတာမို့  အမေ့ကို အကဲပိုရန်ကောဟု သူမ စမိသေးသည်။

          သူလာမည့်လမ်းကို မျှော်ရင်း သူမ ထိုင်လိုက် ထလိုက်။ ဒီနေ့  သူမလည်းဆိုင်မထွက်။ သူလာလျှင် မန္တလေးကို အတူသွားကာ သူမ မရောက်တာကြာပြီဖြစ်သော ဘုရားကြီးနှင့်မန္တလေးတောင်လိုက်ပို့ ပေးမည်ဟု မေမေ့ထံမှ မနေ့ ထဲ ကခွင့်တောင်းထားသည်။ ဒါကြောင့်ပဲ သူမ ပို၍စိတ်လှုပ်ရှားနေမိသည်။

          နေပူမှာစိုးလို့  မနက် ၈နာရီထဲမှလာခေါ်မည်ဆိုသောသူ နေ့ လည်၁၁နာရီအထိရောက်မလာတော့ သူမ ဘာလုပ် ရမယ်မှန်း မသိ။ လမ်းမှာ ဆိုင်ကယ်များပျက်လို့ လား။  .....လား။  ......လား။  လားပေါင်းများစွာဖြင့် သူမတစ်ယောက်ထဲ ယောက်ယက်ခတ် ပူလောင်နေမိသည်။ သူ့ ကိုရန်ကုန်မှာနေတယ်ဆိုတာနှင့် သူ့ နာမည်ကလွဲရင် သူမ သိတာ ဘာမှမရှိ။ ယုတ်စွအဆုံး သူကိုင်နေသော ဖုန်းနံပါတ်ကိုတောင် သူမ မသိ။
          သင်္ကြန်မှာဖြစ်သောဇာတ်မို့  သင်္ကြန်ပြီးချိန်မှာ ပြီးဆုံးပျောက်ပျက်သွားခဲ့ပြီလား။ ဟင့်အင်း မဖြစ်နိုင်ပါ။ သူ ဒီလို လူစားမျိုး မဟုတ်လောက်ပါ။ ဖေဖေ့အတွက်ပန်းချီပြပွဲကိုလည်း သူ မပြန်ခင် စီစဉ်ပေးခဲ့အုံးမည်လို့ ပြောခဲ့သေးသည်။ သူမထံမှလည်း သူ အဖြေတောင်းရအုံးမည်။ သူနဲ့  သူမမှာ ရှေ့ ဆက်စရာအကြောင်းအရာများစွာရှိပါသေးသည်။ အတွေး များနှင့်ယောက်ယာက်ခတ် ကာ ၀င်လိုက်ထွက်လိုက်နှင့် ဘယ်နှစ်နာရီထိုးမှန်း သူမ မသိ။ ညနေစောင်းလို့ အမေတောင် ဘုန်းကြီးကျောင်းက ပြန်လာခဲ့ပြီ။

          “သမီး မန္တလေးက ပြန်ရောက်လာပြီလား ” မေးပြီးပြီးချင်းမှာပဲ သူမမျက်နှာကအရိပ်အကဲကို အမေ ဖတ်နိုင်သွားခဲ့သည်။

          “ဖိုးသင်္ကြန်မအားတာလည်း ဖြစ်နိုင်တာပဲလေ။ သူ့ မှာ တခြားကိစ္စတွေလည်း ရှိနေနိုင်တာပဲ။”

          ဟင့်အင်း။ မဖြစ်နိုင်ပါ။ သူမဆီက အဖြေတောင်းထားပြီး ဒီနေ့ ပန်းချီကားလေး ပြန်လာပေးမယ်ပြောသွားသော သူ့ မှာ ဒီထက် (တိတိကျကျပြောရလျှင်) သူမထက် ပိုအရေးကြီးသော အခြားအကြောင်းအရာ မရှိနိုင်ပါ။ သူမကို ညာတာ မဟုတ်ဘူးဆို ရင်ပေါ့။ သူ မညာဘူးဟု မသိစိတ်က တင်းခံယုံကြည်သည်။

          “သင်္ကြန်မှာမန္တလေးကိုလာလည်တယ်။ လာလည်တုံးမှာ သူမလို လမ်းဘေးဈေးသည်ကောင်မလေးနဲ့  တွေ့  တယ်။ ချောချောလေး မို့ တွေ့ တော့ ကြိုက်သွားတယ်။ ဒါပေမဲ့အချိန်တန်လို့  အိမ်ပြန်သွားတော့လည်း ဒါဟာသယ်သွားလို့  ရတာ မှမဟုတ်ပဲ။ သင်္ကြန်ဇာတ်လမ်းကို သင်္ကြန်မှာပဲထားခဲ့ပြီး ရန်ကုန်ပြန်သွားတာလည်းဖြစ်နိုင်တာပဲလေ။ ရန်ကုန်လိပ်စာ မပြော နဲ့ ။ မန္တလေးဘယ်နားမှာတည်းလဲဆိုတာတောင် မေးမထားမိခဲ့ဘူး။ မေးရလောက်လည်း သံသယတွေမရှိခဲ့ပါဘူး ကိုကို ရယ်။ ခုတော့………. ”  အတွေးများဖြင့် သူမယောက်ယတ်ခတ်နေဆဲ။

          ဒီလိုနဲ့  မှောင်ရီပျိုးခဲ့ပြီ။ ထုတ်မပြောပေမဲ့ သူမနဲ့ ထပ်တူမကျရင်တောင် သူမလိုပဲ ကိုကို့ ကိုမျှော်နေတဲ့ အမေ လည်း စိတ်ပုတီးလေးဆွဲပြီး အသံတိတ် ဘုရားခန်းထဲဝင်နေခဲ့ပြီ။ သူမမှာသာ ဆိုင်ကယ်သံကြားတိုင်း ထထကြည့်နေမိ သည်။

          ည၇နာရီကျော် ........... သူမစိတ်လျှော့လိုက်ပါပြီ။ ကိုယ့်ကိုကိုယ် အညာခံလိုက်ရပြီဟုလည်း ယူဆလိုက်ပြီ။ စိတ်လျှော့ချလိုက်တာနှင့် မျက်ရည်တို့ က ပိုးပိုးပေါက်ပေါက်ကျလာခဲ့သည်။

          ည၈နာရီ .............. သူမ ခြင်ထောင်ထဲရောက်နေခဲ့ပြီ။ မောင်ငယ်နှစ်ယောက်ရဲ့ ဆူညံစွာငြင်းခုန်သံတွေကို နား ထောင်ရင်း နားထဲမှာဆိုင်ကယ်သံညက်ညက်လေးတစ်ခုကို ကြားလိုက်ရသည်။ မဖြစ်နိုင်မှန်းသိရက်နှင့်တမ်းတမိပြန်ပြီဟု ကိုယ့်ဘာသာ ငြိုငြင် မိသည်။

          “ဒီအိမ်က အေးမတို့ အိမ်ပါလားခင်ဗျာ”

          မမှားနိုင်။ ဒါတော့ မမှားနိုင်တော့။ “ဟုတ်ပါတယ်” ဆိုသောမောင်အငယ်ရဲ့အသံအဆုံး ၀ုန်းကနဲအိမ်ရှေ့ ကို သူမ ရောက်သွား ခဲ့သည်။ အိမ်ရှေ့ မှာမြင်လိုက်ရသောတစ်ယောက်က သူမတို့ ပြသနာဖြစ်တဲ့နေ့ က အတူပါလာသောသူ။ နောက်နေ့ တွေမှာလည်း ကားပေါ်မှာပါလာသော ကိုညီခဆိုသော ကိုကို့ ရဲ့အကိုတစ်ဦး။ သူ့ ကို အတွေ့ မှာ ဘယ်လိုမှ ဟန်မဆောင်နိုင်စွာဖြင့်

          “ကိုကိုရောဟင် အကို ကိုကိုရော” သူမရဲ့ အလုအယက် မေးခွန်းအဆုံးမှာ သူ့ မျက်နှာ ပို၍ မှိုင်းညို့သွားပါသည်။

          “အေးမကို ဖိုးသင်္ကြန်ပေးခိုင်းလိုက်တာ” သူ့ လက်ထဲက ပန်းချီကားကိုလှမ်းအယူ ပန်းချီကားပေါ်မှာ ပေနေသော သွေးစ အချို့ ကို မြင်ရသည်။ ဘုရားရေ ကိုကို ဘာဖြစ်ပြီလဲ။

          “မနေ့ ညနေက ဖိုးသင်္ကြန် တောင်သမာန်ကအပြန်မှာ အေးမပုံ ဒီပန်းချီကားလေးကိုကိုင်င်္ပြီး ကျွန်တော်တို့ ဆီ ရောက် လာခဲ့တယ်။ အဲဒီမှာအေးမကို ဟိုတနေ့ က ဆွဲလားရမ်းလားလုပ်ခဲ့တဲ့ အာကာလည်း ရှိနေခဲ့တယ်။ အာကာက ပန်းချီကား အကြောင်းမေးတော့ ဖိုးသင်္ကြန်က အေးမနဲ့ သူ့ အကြောင်းကို အမှန်အတိုင်းပြောပြလိုက်တယ်။ အာကာက ကျွန်တော့်သူငယ်ချင်း ဆိုတော့ သူ့ အကြောင်းကို ကျွန်တော် ကောင်းကောင်းသိတယ်။ သူက နာမည်ကျော်လူမိုက်။ လက်ရဲဇက်ရဲသမား။  မနက်ဖြန် မနက်ပိုင်း အေးမနဲ့ ချိန်းထားတဲ့အကြောင်းပြောနေတဲ့ ဖိုးသင်္ကြန်ကိုကြည့်ပြီး အာကာမျက်နှာပေါ် ကဖြစ်ပျက်နေတဲ့ အပြောင်းအလဲ ကို ကျွန်တော်မကြိုက်ဘူး။ ဒါကြောင့် မနက်ဖြန်အေးမဆီသွားရင် ကျွန်တော် ပါလိုက်မယ်လို့  ပြောထားခဲ့တယ်။ အာကာ့အကြောင်းကိုတော့ သူ့ ကို မပြောပြလိုက်မိဘူး။ ကျွန်တော်နိုးလာတော့ သူက မရှိတော့ဘူး။ နေပူမှာစိုးလို့ ဆိုပြီး အိမ်ကအစောကြီးထွက်သွားခဲ့ပြီ။

          ဒါကြောင့် သူ့ ကို စိတ်မချတာနဲ့  ကျွန်တော်ချက်ချင်းလိုက်လာတာ။ ထင်တဲ့အတိုင်းပဲ။ အာကာနဲ့ သူ့ သူငယ်ချင်း တွေက မြို့ အထွက်မှာ ဖိုးသင်္ကြန်ကို ပြဿနာရှာပြီး ၀ိုင်းရိုက်ကြတယ်။ အာကာရိုက်လိုက်တဲ့ဒုတ်က ဖိုးသင်္ကြန်ရဲ့နောက်စိ ကို ပြင်းပြင်းထန်ထန် ထိသွားချိန်မှာ ဒီကောင်တွေ ထွက်ပြေးသွားကြတယ်။ ကျွန်တော်ရောက်လာတော့ ထွက်ပြေးသွား တဲ့ အာကာရဲ့ ဆိုင်ကယ်နောက်မြီးကိုပဲမြင်လိုက်ရတယ်။

          ဖိုးသင်္ကြန်ကို ချက်ချင်းဆေးရုံပို့ ဖို့ စီစဉ်ခဲ့တယ်။ သူ့ ဒဏ်ရာက ပြင်းတယ်။ လမ်းမှာလည်း သွေးကအရမ်းထွက်နေ တယ်။ ရောက်တာနဲ့ သွေးတွေသွင်းရတယ်။ ရဲစခန်းမှာလည်း တိုင်ချက်ဖွင့်ထားတယ်။ ခု အာကာနဲ့  သူ့ သူငယ်ချင်းနှစ်ယောက် ကိုဖမ်းလိုက်ပြီ။ ဖိုးသင်္ကြန်ရဲ့အိမ်ကိုလည်း လှမ်းအကြောင်းကြားရ တယ်။ အေးမကိုသတိရပေမဲ့ ဘယ်လိုဆက်သွယ် ရမယ်မှန်း ကျွန်တော် မသိဘူး။

          ဖိုးသင်္ကြန်က သတိရတချက် မရတချက်မို့  အနားကလည်း မခွာရဲဘူး။ သူသတိတစ်ချက်ပြန်အလည်မှာ အေးမရဲ့ အိမ်လိပ်စာပေးပြီး ဒီပန်းချီကားလေးကို သွားပေးဖို့ မှာခဲ့တယ်။ အရိုက်ခံရတုံးကရတဲ့ဒဏ်ရာကသွေးတွေနဲ့  ပန်းချီကား ရဲ့ ထောင့်လေးမှာ အသည်းပုံလေး သူ သတိမလစ်ခင်က ဆွဲထားတယ်တဲ့။ အေးမကိုလည်း သူ အရမ်းချစ်ပါတယ်တဲ့။  ဒါပေမဲ့ .................. ” ပြောရင်းတိမ်ဝင်သွားတဲ့ စကားသံအောက်က ကိုကိုရဲ့ကံကြမ္မာကို သူမ မကြားရဲဘူး။

          “မပြောနဲ့  ................  မပြောပါနဲ့ ”

          သူမရှိတော့ဘူးလို့  သူမကို မပြောလိုက်ပါနဲ့ ။ မပြောကြပါနဲ့ ။ သူရှိနေတယ်။ သူမရင်ထဲမှာ သူအမြဲရှိနေမှာပါ။ ပြီးတော့ သူ ပြန်လာမှာပါ။ တစ်နေ့ နေ့ မှာ သူမဆီကိုရောက်အောင် သူ ပြန်လာမှာပါ။

          သူထပ်ဖြည့်ဖို့ ကျန်သေးတယ်ဆိုပြီးယူသွားတဲ့ပန်းချီကားမှာ သူဖြည့်ခဲ့တာက သူမရဲ့ ဆွေးမြည့်တဲ့မျက်ဝန်းတွေ ဘာကြောင့်ဖြစ်နေခဲ့ရတာလဲ။ သူမသူ့ ကို ကြည့်နေကြချစ်ရည်ရွှန်းလဲ့တဲ့မျက်ဝန်းတောက်တောက်တွေမဟုတ်ပဲ အဆွေး မျက်ဝန်းတွေဘာကြောင့်ဖြစ်နေခဲ့ရတာလဲကိုကိုရယ်။ ကံကြမ္မာကို ကြိုများသိခဲ့လေသလား။

           ပန်းချီကားထောင့်က အသည်းပုံခပ်ရဲရဲလေးကိုကိုင်ကြည့်မိတယ်။ ဘယ်တော့မှ ခြောက်သွေ့ သွားမှာမဟုတ်တဲ့ ကိုကိုရဲ့ နှလုံးသွေးတွေ၊ ကိုကိုရဲ့ မေတ္တာသွေးစက်တွေ ...............

          သူ ပြန်လာမှာပါ။ သူမတို့ ပန်းချီပြပွဲတွေလုပ်ရအုံးမယ်။ သူ့ ကို အဖြေပြန်ပေးရအုံးမယ်။ သူ့ မေမေ့ကို ခေါ်လာပြီး စေ့စပ်ပွဲ လုပ်ရအုံးမယ်။ သူမတို့ နှစ်ယောက်မှာ လုပ်စရာကိစ္စတွေ အများကြီးရှိသေးတာမို့  သူမဆီကို သူ သေချာပေါက် ပြန်လာမှာပါ။
သူပြန်လာမှာပါနော်။

          “အေးမ”

           “သမီး” ကိုညီခနဲ့ မေမေ့ရဲ့အော်သံကို သူမ နောက်ဆုံးကြားလိုက်မိတာများလား။ မသေချာပေ။

                                                xxxxxxxxxxx

နှစ်ဆန်းတစ်ရက်နေ့  ၁၇.၄.၁၃

          အတိတ်ကဒဏ်ရာများကို မမေ့နိုင်လို့  တောင်သမာန်အင်းနှင့် ဦးပိန်တံတားဆိုရင် စကားပင်အစမခံခဲ့သော ညီခ တစ်ယောက် ဒီနေ့ နှစ်ဆန်းတစ်ရက်နေ့ မှာ တိုက်ဆိုင်လွန်းစွာ ဖိုးသင်္ကြန်ကို သတိရစိတ်ဖြင့်ဘယ်လိုမှ မနေနိုင်လွန်းစွာ ဒီကိုရောက်ခဲ့တာဖြစ်သည်။ သူတောင် အတိတ်တစ္ဆေချောက်လှန့် ခံရဆဲဆိုရင် ကာယကံရှင် သူမကရော။ သူမ ဘယ်လို ရှင်သန်နေထိုင်ရပ်တည်နေခဲ့ပါသလဲ။ ပုထုဇဉ်ပီပီ ကိုယ့်ညီကိုမမေ့နိုင်စိတ်ဖြင့် တောင်သမာန်အင်းကိုပါ မေ့ထားခဲ့မိသူက ညီခရယ်သာ။

           ဒီနေ့ မှာတော့ ဒီနေရာမှာ သူမရှိနေမယ်မှန်းသိပါရက်နှင့် ရင်မဆိုင်ရဲစွာ သို့ သော် မတွေ့ ပဲနဲ့ လည်း ပြန်မသွားရက်စွာနှင့် သူလာခဲ့တာဖြစ်သည်။ ခုတော့ တံတားပေါ်မှာ ဘယ်လိုမှပြေးမလွတ်စတမ်း သူမနဲ့ တွေ့ လိုက်ရချိန်မှာ သူ ဘာပြောရမလဲ။ သူမကို နာကျင်စေမည့် အမှန်တရားဆိုသည့် ခါးသက်သက်စကားလုံးများကိုပြောချရမည်လား။ ဒါမှ မဟုတ် သူမကို တဒင်္ဂစိတ်သက်သာစေ မှာဖြစ်ပေမဲ့ တစ်သက်လုံးစာ သူမဘ၀ကိုချုပ်နှောင်ထားသလိုဖြစ်စေမည့် မုသား စကားလုံး ချိုချိုများကို ပြောရမည်လား။

           တကယ်တော့ သူထင်သလို မဟုတ်ခဲ့ပါ။ သူ့ ဆီကို ဦးတည်လာနေသည်ဟုထင်ရသော သူမခြေလှမ်းများကသူ့   ကို ကျော်လွန်ဖြတ်သန်းသွားခဲ့သည်။ သို့ သော် သူမမျက်နှာမှာတော့ အချိုသာဆုံးအပြုံးများနှင့်

          “ကိုကို ဘယ်တွေလျှောက်သွားနေတာလဲဟင်။ ကိုကို့ ကို ညီမလေး စောင့်နေခဲ့တာ။ သူများတွေက ကိုကိုပြန်မလာနိုင်တော့ ဘူးလို့ ပြောပေမဲ့ ညီမလေး မယုံခဲ့ပါဘူး။ တချိန်ချိန်ကျရင် ညီမလေးဆီ ကိုကိုရောက်အောင် ပြန်လာမယ် ဆိုတာ ညီမလေးသိနေ ခဲ့ပါ တယ်ကိုကိုရယ်။ အထူးသဖြင့် ကိုကိုလာမယ်ပြောတဲ့ နှစ်ဆန်းတစ်ရက်နေ့ မှာပေါ့။ ဒီနေ့ မှာ ညီမလေးဆီကို အဖြေတောင်းဖို့  ကိုကိုပြန်လာလိမ့်မယ်လို့  ညီမလေး ယုံကြည်နေခဲ့တယ်။ ညီမလေးလည်း ကိုကို့ ကို အရမ်းချစ်ပါ တယ်နော်။ နောက်ပြီး ဒီတစ်ခါ ကိုကို ပန်းချီဆွဲပေးရင် ညီမလေးကို ပြုံးပြုံး လေးဆွဲပေးနော်။ ဒီပန်းချီကားလေးထဲက လို ဆွေးမြည့်နေတဲ့ အငိုမျက်လုံးနဲ့ ပုံတော့ ညီမလေး မလိုချင်တော့ဘူး။ ရော့  ကိုကို့ ပန်းချီကားကို ကိုကိုပဲပြန်ယူလိုက်တော့”

            တတွတ်တွတ်ကြားနေရသောစကားသံကြောင့် သူ ပတ်ဝန်းကျင်ကို မျက်စိဝေ့ကြည့်မိသည်။ လောလောဆယ် တော့ ဒီဇရပ်ထဲမှာ သူမနှင့်သူ နှစ်ယောက်ထဲသာရှိသည်။ သူမပြောနေသူမှာ သူ မဟုတ်ဘူးဆိုပါလျှင်…………………။ ညီခတစ်ယောက် ကြက်သီးဖြန်းကနဲ ထသွားမိသည်။

            သူမကတော့ တစ်စုံတစ်ယောက်ကို ပန်းချီကားလေးကမ်းပေးကာ စကားတတွတ်တွတ်ပြောနေဆဲ။ ဒါကြောင့်ပဲ ဖြစ်ပျက် ခဲ့သော စိတ်ထိခိုက်စရာအဖြစ်အပျက်များကို လက်မခံချင်သောစိတ်ဖြင့် သူမရဲ့စိတ်တွေဟာ တခါတရံမှာ ပုံမှန် မဟုတ်တော့ဘူး ဆိုသော သူမမေမေနှင့် ပတ်ဝန်းကျင်ကပြောလိုက်သောစကားများကို ညီခလက်မခံချင်ပါပဲ လက်ခံလိုက် ရလေသည်။

          ဒီအဖြစ်အပျက်မှာ အာကာရဲ့ ဘာမဟုတ်တဲ့ တဒင်္ဂမိုက်မဲမှု စိတ်ထွက်ပေါက်အောက်မှာ ပျက်စီးသွားသောဘ၀က ၃ခုတောင်။ အာကာကိုယ်တိုင်လည်း ခုချိန်မှာဥပဒေရဲ့အဆုံးအမကိုခံယူကာ သံတိုင်များကြားတွင် သူ၏နုပျိုသောနေ့ ရက်များကို ပေးဆပ်နေခဲ့ ရပြီ။ ဖိုးသင်္ကြန်ဆိုသော သူ့ ညီလေးကတော့ ဆုံးပါးသွားခဲ့တာ ဒီနေ့ မှာတစ်နှစ်တင်းတင်းပြည့်ခဲ့ပြီ။ ဒီအဖြစ်အပျက်တွေထဲမှာ သနားစရာ အကောင်းဆုံးကတော့ ခုချိန်ထိ ညီငယ်ဖိုးသင်္ကြန်ကို မမေ့နိုင်သေးပဲ မသိစိတ်၏ စွဲလမ်းတမ်းတမှုဖြင့် စိတ်ဝေဒနာရှင်လေးဖြစ်မှန်းမသိ ဖြစ်သွားခဲ့ရရှာသော သူမသာလျှင်ဖြစ်ပါတော့သည်။

မေဇူး

ချိုမြိန်သောသစ္စာ (အပိုင်း ၁)မေဇူး

ချိုမြိန်သောသစ္စာ (အပိုင်း ၁)


       မန္တလေးသားတွေနှင့် တောင်သမာန်အင်း၊ ဦးပိန်တံတားဆိုတာတွေက ခွဲခြား၍မရကောင်းသော အရာတွေသာဖြစ်သည်။ သွားရတာ အလှမ်းမဝေးသလို သာတောင့်သာယာရှိသောနေရာလေးမို့  အားတိုင်းမှာ ဆိုင်ကယ်လေးနှင့် ရွှတ်ဆို ရောက်သွားမြဲ။ ဒီလောက်သွားရလွယ်ပြီး သာသာယာယာ ရှိနေသောနေရာတစ်ခုကို တစ်စုံတစ်ယောက်ကြောင့် သူစွန့် ခွာခဲ့တာ တစ်နှစ်ပင်ရှိခဲ့ပြီ။

          ဒီနေ့ မှာ သူ့ စိတ်တို့ ဘယ်လိုမှနေလို့ ထိုင်လို့ အဆင်မပြေလွန်းတာကြောင့် တောင်သမာန်အင်းသို့  ထွက်လာ ခဲ့မိသည်။ ပတ်ဝန်းကျင်ရှုခင်းများနှင့် တောင်သမာန်အင်းကတော့ ထုံးစံအတိုင်း သာသာယာယာစိုစိုပြေပြေ၊ ညနေခင်း လေပြေနုနုက သူ့ ကို ဆီးကြိုပွေ့ ဖက်နှုတ်ဆက်သည်။

          ဆိုင်ကယ်ကို တံတားအောက်မှာရပ်ခဲ့ပြီး ဖြေးလေးစွာဖြင့် တံတားပေါ်တက်လာခဲ့သည်။ တံတားပေါ်ကသစ်သားချောင်းတွေ ကိုဖြတ်နင်းသွားချိန်မှာ တစ်ချက်တစ်ချက်ထမြည်သောသစ်သားအခင်း၏ ဂျိုးဂျိုးဂျောက်ဂျောက်အသံက တစ်စုံတစ်ယောက်၏ငိုသံ အလား သူ့ နှလုံးသားကို ဆွေးဆွေးမြည့်မြည့် နာကျင်စေသည်။

            တံတားပေါ်ရောက်တော့ တောင်သမာန်ရောက်အမှတ်တရလို့ ပြောနိုင်သော အဝေရာစေ့လေးများနှင့်ပြုလုပ်ထားသော အမှတ်တရပစ္စည်းလေးများ ရောင်းသောဈေးသည်တွေကိုအတွေ့ မှာ ခြေလှမ်းတွေက ဘရိတ်ဆွဲလိုက်သလို တုန့် ကနဲ ဖြစ်သွား သည်။ သူတို့ အနားက ဖြေးလေးစွာလျှောက်သွားရင်း တံတားပေါ်မှာ တွေ့ သမျှ ဈေးသည်များ ဧည့်သည်များ၏ မျက်နှာကို မလွတ် တမ်းလိုက်ကြည့်မိပြန်သည်။ တဖြည်းဖြည်းနှင့် သူ တံတားအလယ်နားကိုရောက်လာခဲ့သည်။ ရှေ့  မှာ ဇရပ်လေးတစ်ခု။ အဲဒီမှာ ခဏထိုင်နားလျှင်ကောင်းမည်။ ခြေလှမ်းတွေက ရှေ့ မဆက်ချင်လောက်အောင် ပင်ပန်းနွမ်းနယ်လွန်းလှသည်။

          ဇရပ်ထဲလှမ်းဝင်မယ်အလုပ်မှာ ပန်းချီဆွဲချင်စရာကောင်းသော မြန်မာဆန်ဆန်မြင်ကွင်းလေးတစ်ခုက သူ့ အာရုံ ထဲကို ၀င်ရောက်လာခဲ့သည်။ ပင်နီရင်ဖုံးလေးနှင့် ယောထမိန်လေးကိုဝတ်ကာ ဆံပင်အရှည်ကြီးကိုကျစ်ဆံမြီးလေး၂ဘက် ခွဲကျစ်ထားပြီး ပါးပြင်မှာ ပါးကွက်ကြားလေးနှင့် ချောမောလှပလွန်းသောမျက်နှာလေးတစ်ခု။ ဟိုးတချိန်ကလည်း ဒီလိုပန်းချီဆွဲချင် စရာကောင်းသောမြင်ကွင်းလေးတစ်ခုကပဲ ဒီဇာတ်လမ်းကို စတင်စေခဲ့တာဖြစ်သည်။ အခုလည်း သူ ကြုံရပြန်ပြီလား။ သူမမျက်နှာ ကို သေချာမြင်တွေ့ မှတ်မိသွားချိန်မှာတော့

          “အာကာရာ မင်းကွာ။ လုပ်ရက်လိုက်တာ” သူ့ နှုတ်မှ မနေနိုင်စွာ အသံထွက် ညည်းညူလိုက်မိသည်။ ထို့ အတူ လှိုက်ကနည်းဖြစ်ပေါ်လာသောဝမ်းနည်းစိတ်တို့ ကို ဘယ်လိုမှမထိန်းနိုင်တာမို့  သူမ မမြင်ခင် သူ ချက်ချင်းနောက်ပြန် ဆုတ်လိုက်သည်။ သို့ သော် သူနောက်ကျသွားခဲ့လေပြီ။ သူမ သူ့ ကို မြင်တွေ့ သွားခဲ့ပြီ။ လင်းလက်တောက်ပသွားသော သူမမျက်ဝန်းများက သူ့ ကိုမှတ်မိတယ်ဆိုတာ ယုံမှားသံသယဖြစ်စရာမရှိ။

          သူမလက်ထဲတွင် သူမရဲ့ပုံတူပန်းချီကားလေးကိုကိုင်ကာ သူ့ အနားကို သူမရောက်ရှိလာခဲ့ပါသည်။ သူမ ဘာတွေ မေးလို့  သူ ဘာပြန်ဖြေရမှာလဲ။ ဖြစ်နိုင်ရင် သူမအရှေ့ မှ အခိုးအငွေ့ အဖြစ်နှင့်သာ သူ ပျောက်ကွယ်သွားချင်မိပါသည်။

                                                xxxxxxxxxxx

သင်္ကြန်အကြိုနေ့  ၁၂.၄.၁၂


          ဦးပိန်တံတားမှာဈေးရောင်းရတာ သင်္ကြန်ရက်တွေမှာ စိတ်ပျက်စရာအကောင်းဆုံးဟု သူမထင်သည်။ သင်္ကြန် ရက်များတွင် လာကြသောသူအများစုမှာ မူးနေတတ်သောကြောင့်ပင်။ ပုံမှန်နေ့ ရက်များတွင် သူမတို့ လို လမ်းဘေးဈေး သည်လေးတွေက ညနေပိုင်းမှသာ ဈေးရောင်းကြပေမဲ့ ဒီလိုသင်္ကြန်ရက်တွေမှာ လူစည်ကားတတ်တာမို့ မနက်ထဲကပင် ဈေးရောင်းထွက်ကြသည်။

           ဆိုင်ခန်းငှားခမတတ်နိုင်သော သူမတို့ တွေက တံတားပေါ်မှာ ကြုံသလိုလေးခင်းကာ ရောင်းရတာပင်။ သူမက အဝေရာစေ့လေးများဖြင့်ပြုလုပ်ထားသော သော့တွဲများ၊ ဆွဲကြိုးများ၊ လက်ကိုင်အိတ်လေးများ၊ဆံထိုးများ စသောအမှတ်တရ ပစ္စည်းလေးများကို ဖောက်သည်ယူကာ တဆင့်ပြန်လည်ရောင်းချသောဈေးသည်လေးသာဖြစ်သည်။

           ဖေဖေရှိစဉ်ကတော့ အမေရော အေးမပါ ဈေးမရောင်းခဲ့ရ။ ဦးပိန်တံတားကြီးရှိနေသော ဒီပတ်ဝန်းကျင်မှာမွေးဖွား ကြီးပြင်း လာသောဖေဖေက ၀ါသနာအခံဖြင့်ရေဆေးပန်းချီကားလေးတွေ ဆွဲရောင်းသည်။ ဒီတံတားကြီးကို ဖြတ်လျှောက်လာလျှင် အလယ် နားလေးတွင် ဇရပ်လေးတွေရှိသည်။ ထိုဇရပ်လေးတွေပေါ်မှာ အဖေပန်းချီဆွဲသည်။ ပုံတူပန်းချီ၊ ရှုခင်းပန်းချီစသဖြင့်..........

          ပန်းချီကျောင်းဆင်းမို့  ရေးဆွဲသောလက်ရာများကသပ်ရပ်ကာ ဈေးသက်သက်သာသာနှင့်ရောင်းချသောဖေဖေ့ ပန်းချီ ကားလေးတွေကို နိုင်ငံခြားသားများသာမက ပြည်တွင်းဧည့်သည်တွေလည်းဝယ်ကြသည်။ သူမတို့  မချမ်းသာခဲ့ပေမဲ့ ဆင်းဆင်းရဲရဲ လည်း မနေခဲ့ရ။ ဒီတော့ ဖေဖေ့ဝင်ငွေက မိသားစု ၅ယောက်ဝမ်းစာကို ပြေလည်အောင်ဖြေရှင်းနိုင်သည်ပဲ ပြောရမည်။ သူမ တို့ မောင်နှမ ၃ယောက် ကျောင်းကို အေးဆေးစွာတက်ခွင့်ရခဲ့သည်။

          သို့ သော် သူမဆယ်တန်းဖြေအပြီးမှာ နှလုံးရောဂါဖြင့် ရုတ်တရက် ဖေဖေကွယ်လွန်သွားခဲ့သည်။ ဒီတော့ကျောင်း မပြီးသေးသော မောင်ငယ်နှစ်ယောက်ကိုဦးစားပေးကာ သူမဈေးထွက်ရောင်းဖို့ ဆုံးဖြတ်လိုက်သည်။ အမေကလည်း သူမ တို့ အိမ်ဝိုင်းလေးအတွင်းမှာပင် အကြော်ဆိုင်လေးဖွင့်နေခဲ့ပြီ။ သူမကို အမေကဈေးမရောင်းပဲ ကျောင်းဆက်တက်စေချင် ပေမဲ့ အဝေးသင်တက္ကသိုလ်ပဲတက်ပါရစေဟု အမေ့ကိုအတန်တန်ခွင့်တောင်းရင်း သားအမိနှစ်ယောက်ဘ၀ကို စတင်ရုန်း ကန်ခဲ့သည်။

          ဒီလိုအချိန်မှာ အနယ်နယ်အရပ်ရပ်မှလာသော ခရီးသွားများသာမက မန္တလေးမှဆင်းလာသော ဆိုင်ကယ်များ၊ ကားများက လည်း နေ့ လည်ပိုင်း တောင်သမာန်အင်းမှာ လာ၍အနားယူကြတာများသည်။ ဒီနေ့ တော့ မျက်နှာစိမ်းဧည့် သည်များ အလာနည်း လို့ ထင်သည်။ မနက်ထဲက သူမ ဈေးဦးမပေါက်သေး။ လူတစ်စု သူမဆိုင်လေးရှေ့ က ဖြတ်လျှောက်သွားသည်။

          “အကိုတို့ အိမ်အပြန်လက်ဆောင် ဆွဲကြိုးလေးတွေ သော့တွဲလေးတွေနော်။ ၀ယ်သွားပါအုံး” မေးမိတာမှားသွား ပြီ ဖြစ်ကြောင်း ချက်ချင်းသိလိုက်သည်။ အနားကအဖြတ်မှာ ထောင်းကနဲထလာသောအရက်နံ့ ကြောင့် သူမ နောက်ဆုတ် လိုက်သည်။ သို့ သော် နောက်ကျသွားခဲ့ပြီ။ အေးစက်ရေစိုနေသော လက်တစ်ဖက်က သူမရဲ့ လက်ကောက်ဝတ်ကို ဆတ်ကနဲ လာရောက်ဆုပ်ကိုင်သည်။

          “အိမ်အပြန်လက်ဆောင်မလိုပါဘူးကွာ။ မင်းဒီပစ္စည်းတွေရောင်းရင် တစ်နေကုန်ဘယ်လောက်မြတ်မှာမို့ လဲ။ ငါ တို့ နဲ့  ဘီယာဆိုင်လိုက်ထိုင်ပြီး ငါတို့ ကို ပြုစုပေး။ မင်းအတွက်ဈေးရောင်းတာထက်များတဲ့ ပိုကိုက်တဲ့ နေ့ တွက် ငါတို့  ရှင်းပေးမယ်။ ဘယ်လိုလဲ။ ကျေနပ်တယ်မို့ လား။လာလိုက်ခဲ့” စော်ကားသောစကားကို ပြောနေသူထံမှ ပြင်းထန်စွာထွက် နေသောအရက် နံ့ နှင့်ယိုင်ထိုးနေသော ခန္ဓာကိုယ်အနေအထားက ထိုသူအမူးလွန်နေပြီဖြစ်ကြောင်း သက်သေပြနေသည်။

          “ရှင် . ကျွန်မလက်ကိုလွှတ်နော်။ ကျွန်မ မိကောင်းဖခင်သားသမီးပါ။ သမ္မာအာဇီဝနဲ့  ကောင်းရောင်းကောင်းဝယ်လုပ် စားနေတာ။ မဟုတ်တာတွေလာမပြောပါနဲ့ ” ရှက်ရွံ့ ခြင်းကြီးစွာဖြင့် သူမအသံကကျယ်လောင်စွာထွက်ပေါ်လာသည်။ ပတ်ဝန်း ကျင်ကိုအကူအညီရလိုရငြား မျက်စိဝေ့ကြည့်မိသည်။

         တံတားပေါ်တွင် နေ့ လည်ခင်းအချိန်မို့  လူရှင်းနေသည်။ သူမအနားမှာ အကြော်စုံတွေဗန်းထဲထည့်ကာ ထိုင်ရောင်းနေတဲ့ အမေအိုကြီးရယ်၊ ဇီးကွက်လိုဒီးဒုတ်လို ငှက်အထူးအဆန်း လေးတွေကို လှောင်အိမ်ထဲမှာထည့်ရောင်းတဲ့ သူမထက်ငယ်တဲ့ငှက် သည်ကောင်မလေးရယ်၊ ခပ်လှမ်းလှမ်းမှာ ၀ယ်သူမရှိလို့ တစ်ယောက်တည်း ငိုက်မြည်းနေတဲ့ ကျောက်စိမ်းရုပ်ထုတွေရောင်းတဲ့ ဦးလေးကြီးရယ် နောက်တော့သူတို့ လူစုရယ်သာရှိ သည်။

          တံတားအောက်မှ လူတွေကလည်း သူတို့ ကိစ္စ သူတို့ အတွေးတွေနဲ့  လွန့် လူးရစ်မူးနေကြသည်။ သူမအတွက် ကူကယ်ရာ မရှိ။ သူမအနားက သူတို့ အုပ်စုကိုကြည့်မိတော့လည်းအားလုံးနီးပါးသည် ထိုသူနည်းတူမူးနေကြသူများသာ။ ဒီအချိန်မှာ အနားမှာ လာရပ်သောတစ်စုံတစ်ယောက်ကြောင့် သူမ အားတက်သွားသည်။ ထိုသူ့ မျက်ဝန်းများက ရီဝေေ၀ မှုန်မှိုင်းမှိုင်းမဟုတ်ပဲ ကြည်ကြည်လင်လင်မို့  သူမ ၀မ်းသာသွားမိသည်။

          “အာကာ မင်းအရမ်းမူးနေပြီ ပြန်ကြစို့ ။ ကိုညီခ အာကာ့ကို အရင်ခေါ်သွားတော့”  သူကပြောပြောဆိုဆိုဖြင့် အာကာ့လက် ထဲမှ သူမလက်ကို အတင်းဆွဲဖြုတ်ပေးခဲ့သည်။ အာကာဆိုသူက သူ့ ကို မကြည်မလင်ပြန်ကြည့်ရင်း ဘာမှတော့မပြောပဲ လှည့်ထွက် သွားတာမို့  ကျေးဇူးတင်စွာဖြင့် သူမ သူ့ ကိုပြုံးပြမိသည်။

          “ဆောရီးနော် ညီမလေး။ သူ့ ကိုယ်စားတောင်းပန်ပါတယ်။ သူ အရမ်းမူးနေလို့ ပါ။ လက်ကနီရဲသွားတာပဲ။ အရမ်း နာသွားလား။ ကိုယ်ဘာလုပ်ပေးရမလဲ”

          “ရပါတယ်။ အကို့ ကိုတောင် ညီမက ကျေးဇူးတင်ရမှာပါ”

          “ကိုယ့်နာမည် ဖိုးသင်္ကြန်ပါ။ ဒါနဲ့  ဒီမှာနေ့ တိုင်းဈေးလာရောင်းတာလား။ ညီမလေးနာမည်ကရော။”

          “ညီမနာမည် အေးမပါ။ အမရပူရမြို့ ထဲကနေ ဒီကိုနေ့ တိုင်း ဈေးလာရောင်းတာပါ”

          ထိုအချိန်မှာပဲ တံတားအောက်ဆီမှ ကားဟွန်းသံကျယ်ကျယ်လောင်လောင်ကြားရကာ သူ့ ကို လှမ်းခေါ်တာမို့ 

          “နောက်နေ့ မှ ထပ်လာခဲ့မယ်နော်။ ဒီမှာပဲရှိမယ်မဟုတ်လား”  ပြောပြောဆိုဆို သူမနားမှအပြေးတပိုင်းနှင့် သူ ထွက်ခွာသွားခဲ့သည်။

          သူမလက်ကိုဆွဲခဲ့သောအာကာက ကားပေါ်မှမကျေမနပ်နှင့် သူမကို ကျောချမ်းစရာကောင်းလောက်အောင် ကြည့်သွား ခဲ့သေးသည်။ သူတို့ ပြန်သွားခဲ့ပေမဲ့ ဒီနေ့  တစ်နေ့ လုံးဈေးရောင်းရတာ နဝေတိမ်တောင်နှင့် အဆင်မပြေလှ။ အသားဖြူဖြူ အရပ်မြင့်မြင့် မျက်ဝန်းညိုညိုနှင့် သူ့ ပုံရိပ်ကသာ သူမကို တနေကုန်စိုးမိုးနေခဲ့သည်။ ဆိုင်သိမ်းပြီးစက်ဘီး လေးနင်းကာ သူမ အိမ်ပြန်လာတော့ ခါတိုင်းလို အမေနှင့်စကားတွေ မကြွယ်မိ။ ခါတိုင်းဆိုဈေးရောင်းသည့်အတွေ့ အကြုံ တွေ အမေ့ကိုပြန်ပြောနေ ကျဖြစ်ပေမဲ့ ဒီနေ့ ပြဿနာဖြစ်တာကိုတော့ အမေစိတ်ပူမှာစိုးလို့  ပြန်မပြောပြချင်တော့ပေ။

          “သင်္ကြန်ရက်မှာအမူးသမားတွေများတယ်။ ဈေးမရောင်းပါနဲ့ သမီးရယ်”လို့  အမေက အစထဲက တားခဲ့သေးသည်။ ခုလိုပြဿနာဖြစ်တာသိသွားရင် အမေနောက်နေ့ တွေမလွှတ်မှာသေချာသည်။


သင်္ကြန်အကျနေ့  ၁၃.၄.၁၂


          “နောက်နေ့ မှထပ်လာခဲ့မယ်” ဆိုသော သူ့ စကားသံကြောင့် သူမ ဒီမနက် ခါတိုင်းထက် ပိုပြီးအလှပြင်နေမိလေသလား။ မနက်ဆိုင်ခင်းပြီးထဲက သူမအကြည့်တွေက တံတားကိုအ၀င်လမ်းမကြီးဆီသို့ ကွက်ကြည့် ကွက်ကြည့်။ ဒီလိုနဲ့  နေ့ ခင်းပိုင်းမှာ လူတွေတစ်စထက်တစ်စ များပြားလာခဲ့သည်။ ကျောင်းက သူငယ်ချင်းတစ်ယောက် ပြောတာကတော့ သင်္ကြန်ဆိုလျှင် ရေပက်ခံ ထွက်သမားများက မနက်ပိုင်း မန္တလေးကျုံးပတ်ပတ်လည်မှာရေကစားကြပြီး  နေ့ လည်ပိုင်း နေပူချိန်မှာ အရိပ်ကောင်းသော တောင်သမာန်အင်းမှာ လာအနားယူတတ်ကြကာ ညနေ  ၃-၄ နာရီလောက်မှ မန္တလေး ဘက်ပြန်ဆင်း ကာ ရေပြန်ကစားတတ်သည်တဲ့။ သူပြောတာလည်း ဖြစ်နိုင်ပါသည်။ ဒီလိုနေ့ လည်ခင်းမျိုးတွင် မယ်ဇယ် ပင်တန်းအောက်က အရိပ်ကောင်းသောဆိုင်ကြီးတွေမှာ ထိုင်စရာမရှိလောက်အောင် လူအပြည့်ခုံအပြည့်နှင့်စည်ကား ဆူညံနေခဲ့သည်။ နေပူချိန် ဆိုတော့ တံတားပေါ်တက်လမ်းလျှောက်သူ နည်းပါး ကျဲပါးလွန်းလှသည်။

          နေ့ ခင်း ၁နာရီလောက်မှာ သူမမှတ်မိနေခဲ့သော အမိုးဖွင့်ဂျစ်ကားလေးပေါ်တွင် သူလိုက်ပါလာလျှက် တံတားအောက် ဘက်ကိုဝင်လာတာ လှမ်းမြင်လိုက်ရသည်။ မနေ့ က သူမနှင့်ပြသနာဖြစ်သောတစ်ယောက်ကို မတွေ့ ရတာမို့  စိတ်အေးသွားမိ သည်။ သူနှင့်အဖော်တစ်စု အပင်တန်းတွေအောက်က ခုံတွေဆီလျှောက်သွားကြတာ သူမမြင်နေရသည်။ ထို့ နောက် ဘီယာ လှမ်းမှာနေသံကြားလိုက်ရတာကြောင့် စိတ်ပျက်စွာ သူမ ကျောခိုင်းလိုက်ပါသည်။ တော်ပါပြီ။ သူမနဲ့  ဘာမှမဆိုင်သောကိစ္စတွေပဲ။

          သူမအကြည့်တွေကို နေပူပူအောက်မှာ ဒေသအခေါ် ငှက်ဆိုသည့် လက်ခတ်လှေလေးပေါ်မှာ ထီးဆောင်းကာ ထိုင်နေသော နိုင်ငံခြားသားနှစ်ယောက်ဆီ ရွှေ့ ပြောင်းလိုက်မိသည်။ ကြည့်ပါအုံး မိန်းမဖြစ်သူက ယောကျာ်းဖြစ်သူ နေမပူအောင် ထီးလေးမိုးပေးရင်း ယောကျာ်းဖြစ်သူကလည်း သဘာဝပတ်ဝန်းကျင်ကိုတဖျတ်ဖျတ်နှင့် ဓာတ်ပုံရိုက်နေရင်း နေပူ တာကိုတောင် သတိမထားမိသလို ပျော်ရွှင်ကြည်နူးနေကြသည်။ သူတို့ ကိုသဘောကျစွာငေးမောနေမိသော သူမကိုယ်ပေါ်သို့  အေးစက်သော အထိအတွေ့ နဲ့ အတူ ရေတို့ ကျလာခဲ့သည်။ မနေ့ ကလို ပြဿနာဖြစ်ပြန်ပြီလားလို့  စိုးရိမ်စွာဖြင့် မော့ကြည့်မိတော့ သူမကိုပြုံးရယ် စွာ ငုံ့ ကြည့်ရင်း ဖလားလေးနှင့်ရေလာလောင်းသောသူက ဖိုးသင်္ကြန်(သို့ မဟုတ်)သူ.... သူမထံမှ စိတ်ဆိုးစကားအစား မျက်စောင်း တစ်စင်းသာ ပျံဝဲလွင့်ခါသွားသည်။

          “သင်္ကြန်တွင်းရေလောင်းတာ စိတ်မဆိုးရဘူးနော်။ အဝေးကနေလှမ်းမြင်ရတဲ့ ညီမလေးရဲ့မြန်မာဆန်ဆန်ပုံစံလေးကိုကြည့် ပြီး ရေလောင်းချင်စိတ်ပေါက်သွားလို့  အောက်ဆိုင်က ရေခွက်ငှားလာပြီး ရေလာလောင်းတာ။ နောက်ပြီး ညီမ လေးပုံစံလေးက တကယ့်ကို ကဗျာဆန်ဆန်လေး လှလိုက်တာ။ ကိုယ်ပန်းချီတောင် ဆွဲချင်သွားတယ်။ ညီမလေးကသာ ခွင့်ပြုမယ်ဆိုရင် ညီမလေးကို ပန်းချီဆွဲခွင့်ရချင်လိုက်တာ။ ဒါပေမဲ့ ကိုယ်ကဧည့်သည်ဆိုတော့ ပန်းချီဆွဲတဲ့ပစ္စည်းတွေ ပါ မလာဘူး။ နောက်ပြီး သင်္ကြန်ရက်ထဲမှာ ဆိုတော့ ပန်းချီပစ္စည်းတွေ ၀ယ်လို့ ရပါ့မလားလည်း မသိဘူး။”

          ပန်းချီအသံကြားတော့ ဖေဖေ့ကို သူမသတိရသွားမိသည်။ အင်း..  အိမ်မှာ ဖေဖေ့ပန်းချီပစ္စည်းလေးတွေရှိသေး သည်။ နောက်ပြီး သူမက ဖေဖေ့ရဲ့ ပန်းချီပညာအမွေကို အနည်းငယ်ရလိုက်တာမို့  မတောက်တခေါက်တော့ ပုံဆွဲတတ် သည်။ စိတ်ကူးပေါက်လျှင် ရောက်တတ်ရာရာလေးတွေကို အားချိန်မှာထိုင်ထိုင်ဆွဲတတ်တာမို့  ခုချိန်ထိ အိမ်မှာ ပန်းချီ ပစ္စည်းတွေ ရှိနေသေးသည်။

          “အိမ်မှာတော့ ဖေဖေရှိတုံးကသုံးတဲ့ပန်းချီပစ္စည်းတွေရှိတယ်။ အိမ်မှာလာကြည့်ပြီး လိုချင်တာယူရင်တော့ရမယ်”   သူပန်းချီဆွဲချင်တယ်ပြောတာကို သူမ မစဉ်းစားပဲလက်ခံလိုက်ရုံသာမကအိမ်ကိုတောင်အလည်ခေါ်လိုက်မိပြီလား။ ဘုရား ဘုရား သူမ ဘာတွေလုပ်မိပါလိမ့်။ အမေသိရင် သူမကို ဘာပြောမလဲ။ အိမ်နီးချင်းတွေနဲ့ ကင်းကင်းရှင်းရှင်းနေရုံသာမက သူငယ်ချင်း အရင်းတွေကိုတောင် တစ်ခါမှအိမ်လည်ခေါ်မလာဖူးသော သမီးဖြစ်သူ၏ပထမဆုံးဧည့်သည်ကို အမေစိတ်ဝင်စားသလို အံ့သြ ပါလိမ့်မည်။ သူမကရော ဘာကြောင့်များ ......... အတွေးတွေနှင့် သူမ ငြိမ်သက်သွားခဲ့သည်။

          “ညီမလေးက ကိုယ့်ကို အိမ်လည်ခေါ်ပြီးမှ စိုးရိမ်သွားတာလား။ စိတ်ချပါ။ ကိုယ်အရက်ရော ဘီယာပါ မသောက် တတ်ပါဘူး။ နောက်ပြီး ကိုယ်က ရန်ကုန်ကွန်ပျူတာတက္ကသိုလ်က တတိယနှစ်ကျောင်းသားပါ။ မန္တလေးကအကိုတွေဆီ ကို သင်္ကြန်အလည်လာတာ။ ညီမလေးကရော ဒီမှာဈေးရောင်းနေတာကြာပြီလား”

          “ညီမနာမည်က အေးမြနန္ဒာပါ။ အမေကတော့ အေးမလို့ ခေါ်တယ်။ ဥပဒေ ဒုတိယနှစ် အဝေးသင်တက်နေပါ တယ်။ ဖေဖေ ကပန်းချီဆရာလေ။ ညီမဆယ်တန်းအောင်ပြီး ဖေဖေဆုံးသွားတော့မှဈေးစရောင်းတာပါ။ အမေက ညီမကို ဈေးမရောင်းစေ ချင်ပေမဲ့ အိမ်စရိတ်ရယ်၊ မောင်လေးတွေရဲ့ကျောင်းစရိတ်ရယ်၊ ညီမရဲ့ အဝေးသင်တက်ရတဲ့ကျောင်းစရိတ် ရယ်ကာမိအောင်လို့  ဒီဦးပိန်တံတားပေါ်မှာညနေပိုင်းတွေဆိုအဝေရာစေ့လေးတွေနဲ့ လုပ်ထားတဲ့အမှတ်တရလက်ဆောင် ပစ္စည်းလေးတွေကို ရောင်းခဲ့ တာ ၂နှစ်ရှိပြီ။ ညီမတို့ အိမ်က အမရပူရမြို့ ထဲကနေ ဦးပိန်တံတားကိုလာတဲ့လမ်းအတိုင်း ၀င်လာရင် ယွန်းပန်းချီဆိုတဲ့ ရက်ကန်း ရုံလေးဘေးက ဒေါ်ညိုအကြော်ဆိုင်ဆို ဘယ်သူ့ ကိုမေးမေးသိတယ်အကို ”

          “ဟုတ်ပြီလေ။ ဒါဆို မနက်ဖြန်ကျရင် အကိုဆိုင်ကယ်နဲ့ ကိုယ့်ဘာသာကိုယ် လာခဲ့မယ်။ သူတို့ နဲ့  သင်္ကြန်မလည် တော့ဘူး။ ညီမလေးတို့ အိမ်ကို အရင်ဝင်လာပြီး ပန်းချီပစ္စည်းလေးတွေ ၀င်ယူမယ်လေ။ ပြီးရင်မနက်ဖြန် ညီမလေးဈေး ရောင်းနေချိန် အကို ပန်းချီလာဆွဲမယ်။ မနက်ဖြန်လည်း ဒီနေ့ လို မြန်မာဆန်ဆန်လေးဝတ်လာနော်"

          “ညီမက ဒီလိုပဲ အမြဲဝတ်တာပါ”

          ရန်ကုန်မှာ သူကျောင်းတက်ရတဲ့အကြောင်းတွေ ပြောပြတော့ သူမကလည်း အမရပူရအကြောင်း၊  မန္တလေး အကြောင်းတွေ ပြောပြဖြစ်သည်။ သူနဲ့ ရောက်တတ်ရာရာစကားများပြောရင်း ခင်မင်မှုတို့  ဖြန့် ကျက်မိခဲ့ပြီ။ ညနေ ၄နာရီ ကျော်လောက်မှာ သူ့ ကိုအောက်ဝိုင်းမှာထိုင်နေသော သူငယ်ချင်းတွေကပြန်ကြဖို့  ဖုန်းဆက်တော့မှ သူထပြန်သွားခဲ့ သည်။ ထိုညက မနက်ဖြန်အတွက် စိတ်လှုပ်ရှားလွန်းစွာ သူမ အိပ်မပျော်ပေ။ ခုမှသိကျွမ်းခွင့်ရသောသူတစ်ယောက်ကို ဒီလောက် မတွယ်တာသင့်ဘူးဟု ဦးနှောက်က တားမြစ်ပေမဲ့ ထိုအသိကို နှလုံးသားက လက်မခံချင်ခဲ့။


သင်္ကြန်အကြတ်နေ့   ၁၄.၄.၁၂

        မနက်နိုးလာတော့ သူမ မြန်မာအကျီလေးတွေထဲက ပင်နီရင်ဖုံးလေးကို ယောထမိန်အညိုလေးနှင့် တွဲဝတ်သည်။ လိမ်းနေကြ အတိုင်း ပါးပြင်မှာသနပ်ခါးပါးကွက်ကြားလေးကို သွားပွတ်တံလေးဆွဲကာ အရှည်လေးကွက်လိုက်သည်။ ရှည်လျားလှတဲ့ သူမရဲ့ ဆံနွယ်အရှည်ကြီးကို ခါတိုင်းလိုကျစ်ဆံမြီးတစ်ချာင်းထဲမကျစ်ပဲ နှစ်ဘက်ခွဲ ကျစ်ချထား သည်။ သူမလာခင် ကိုယ့်ဘာသာ အလှပြင် ရင်း မှန်ထဲမှာမြင်နေရသော ကိုယ့်အရိပ်ကိုကိုယ် ကျေနပ်သွားမိသည်။

          မနက်၁၀နာရီလောက်မှာ အမေ့အကြော်တဲဆီမှ “အေးမရေ  ဧည့်သည်”  ဆိုသောအသံနှင့်အတူ ဆိုင်ကယ်သံ ညက်ညက် တစ်ခုကို ကြားလိုက်ရသည်။ သမီးထံပထမဆုံးလာသောဧည့်သည်ကို အမေကတစ်ချက်မော့ကြည့်ရုံကလွဲပြီး သူမ အနေ ခက်လောက်အောင် အကဲခတ်မနေပါ။ ခေတ်ပညာတတ်သမီးကို အမေက စိတ်ချယုံကြည်ပြီးသားဆိုတာ သူမသိပါသည်။

          သူက အိမ်ထဲမှ ဖေဖေ့လက်ရာပန်းချီကားများကို ရင်သပ်ရှုမော အံ့သြစွာကြည့်နေသည်။ ဖေဖေဆုံးချိန်မှာ ဆွဲလက်စနှင့် ဆွဲပြီး ပန်းချီကားအချပ် ၂၀ကျော်ကျန်ရစ်ခဲ့တာကို သူမရော အမေပါမရောင်းရက်စွာဖြင့် ဒီအတိုင်းထားခဲ့ကြသည်။ သားအမိနှစ်ယောက် ဘယ်လောက်ပဲ ပိုက်ဆံအကျပ်တည်းကြုံကြုံ ထိုပန်းချီကားတွေကိုတော့ဖြင့် ထုတ်မရောင်းခဲ့ပါ။

          သူက ဖေဖေ့လက်ရာများသည် နာမည်ကြီး ပန်းချီပညာရှင်များလို အနုပညာမြောက်တာမို့  ပန်းချီကားတွေကိုစုပြီး မန္တလေး မှာပြပွဲလေးတစ်ခုလုပ်သင့်သည်ဟု အကြံပေးသည်။ သူမကိုယ်တိုင်လည်း ဖေဖေမဆုံးခင်ထဲက ဖြစ်ချင်ခဲ့သော ဆန္ဒမို့  လုပ်ပေးချင် ခဲ့ပါသည်။ သို့ သော် ကိုယ်နှင့်လက်လှမ်းမမှီသော၊ အလှမ်းဝေးသော ဒေသစိမ်းတစ်ခုမို့  မလုပ်ရဲခဲ့ပါ။ အဆက်အသွယ်လည်း မရှိခဲ့ပါ။ သူက သင်္ကြန်ပြီးပြီးချင်း ရန်ကုန်မပြန်သေးပဲ သင်္ကြန်ပိတ်ရက်၁၀ရက်ပြီးမှသာ ပြန်မှာမို့  အချိန်ရသည်။ စုံစမ်းပေးမည်တဲ့။

          နောက်ပြီး သူမ အားချိန်တွေမှာ ရေးဆွဲထားသော ရောက်တတ်ရာရာပန်းချီကားထဲမှအချို့ ကိုလည်း စံမှီသည် ဟုဆို ကာ ပြန်ရွေးထုတ်နေသည်။ ဖေဖေ့ပန်းချီကားတွေနဲ့ အတူတွဲပြမည်တဲ့။ ဖေဖေ့ပန်းချီကားတွေကို မန္တလေးဈေးကွက် မှာရောင်းချလျှင် ပန်းချီကားတစ်ချပ်ကို သိန်းချီရနိုင်တာမို့ ရောင်းရငွေဖြင့် ဖေဖေ့အတွက် ကောင်းမှုကုသိုလ်လုပ်ပေးသင့် သည်တဲ့။ သူပြောတော့လည်းဟုတ်သား။ ဒီပန်းချီကားတွေကို အိမ်ထဲမှာ ဖုန်တက်ခံမည့်အစား ဖေဖေ့နာမည်လည်းလူသိ၊ ပန်းချီချစ်သူများလည်း ပန်းချီကားကောင်းများစုဆောင်းနိုင်ပြီး ဖေဖေ့အတွက်လည်း အလှူလုပ်ပေးနိုင်မည်ဟု သူဆိုတော့ ဘယ်တုံးကမှ ဖေဖေ့ပန်းချီကားတွေကို ရောင်းဖို့ မပြောနှင့် နေရာရွှေ့ ဖို့ ပင် လက်မခံခဲ့သော အမေက ထူးဆန်းစွာခေါင်း ညိတ်သဘောတူတော့ သူ့ ရဲ့ စည်းရုံးနိုင်စွမ်းကို သူမ အံ့သြရပါသည်။

          သူမရဲ့ပုံတူပန်းချီကို သူက အိမ်တွင်ပဲ ခဲကောက်ကြောင်းအကြမ်းခြစ်ယူကာ အသေးစိတ်ကို တံတားပေါ်ရောက်မှ ဆက်ဖြည့်တော့မည်ဆိုကာ ပန်းချီပစ္စည်းတွေယူပြီး သူက ဆိုင်ကယ်နှင့် သူမက စက်ဘီးနှင့် ထွက်လာခဲ့ကြသည်။ ဒီနေ့  တစ်နေ့ လုံး တံတားလေးပေါ်က ဇရပ်လေးထဲမှာ သူ ပန်းချီဆွဲနေခဲ့သည်။ ဧည့်သည်တွေများပေမဲ့ နေ့ လယ်ခင်းမှာ ဈေး ၀ယ်ပါးတာမို့  သူမလည်းဈေးဘန်းလေးကို အကြော်သည်အန်တီကြီးဆီမှာအပ်ရင်း သူ့ အနားမှာ တနေကုန်နီးပါး ရှိနေခဲ့ သည်။ သူက ပန်းချီဆွဲနေရင်း သူမကို လှမ်းစကားပြောတတ်ပြန်သည်။

          “အလုပ်လုပ်နေတာ စကားပြောရင် အာရုံမပျက်ဘူးလား” ဆိုတော့

          “ကိုယ်က သောကြာသားလေ။ စကားများတယ်။ ပြီးတော့ စကားပြောရင်းလည်း အလုပ်လုပ်တတ်တယ်။ ”

          “ဖိုးသင်္ကြန်ဆိုတာ နာမည်အရင်းလား”

          “ကိုယ်ကို့  သင်္ကြန်တွင်းမှာ မွေးတာမို့  ‘သင်္ကြန်ကိုကို’ လို့  နာမည်ပေးခဲ့တာလေ။ မေမေခေါ်တာကတော့ ဖိုးသင်္ကြန်တဲ့”

          “နာမည်ကလည်း သင်္ကြန်ကိုကိုတဲ့လား။ ဘယ်လိုကြီးလည်းမသိဘူး။ ခေါ်ရတာလျှာယားလိုက်တာ။ ဒါနဲ့ မွေးနေ့ က သင်္ကြန် တွင်းဆိုတော့ ဘယ်နေ့ တုံး။”

          “နာမည်က ခေါ်ရခက်ရင် ရှည်နေရင် ကိုကိုလို့ ပဲ ခေါ်လေ ညီမလေးရဲ့။ ကိုယ့်မွေးနေ့ က သင်္ကြန်အတက်နေ့ ။ ဒါပေမဲ့ ၀ါထပ်တော့ ဒီနှစ်က သင်္ကြန်အကြတ်နှစ်ရက်တောင်နော်။ ပျော်စရာချည်း။ တစ်ရက်ပိုလည်ရတယ်”

          “တစ်ရက်ပိုလည်တယ်ပြောရအောင် ကိုကိုက ဘယ်မှလည်း မသွားပဲနဲ့  ”

          “တကယ်တော့ ကိုယ့်အကို ကိုညီခတို့ နဲ့ သင်္ကြန်တတွင်းလုံး လျှောက်လည်မယ်ဆိုပြီး ပြောထားပြီးသား။ ကား လည်းငှားထားပြီး လျှောက်လည်ဖို့ ကားခတွေလည်း ပေးပြီးသား”

           “ဒါဆို ကိုကိုက ဘာလို့ လျှောက်မလည်တာလဲ”

          “ညီမလေးကို တွေ့ သွားလို့ ပေါ့။ ညီမလေးကိုတွေ့ ပြီးနောက်မှာ သင်္ကြန်လျှောက်လည်မဲ့အစား ညီမလေးအနားမှာ ခုလိုလေး လာနေရကို ကိုယ်ပိုသဘောကျသွားလို့ လေ။”

           “အိုး .. ဘာဆိုင်လို့ လဲ ကိုကိုကလဲ” သူမ မျက်နှာတွေ ရှက်ရွံ့ နီမြန်းစွာ။



ဆက်လက်ဖော်ပြပါမည်။(မေဇူး)

Friday, April 4, 2014

ဆီးချိုရောဂါအတွက် ကြက်သံပုရာပေါင်း ဆေးနည်း

ဆီးချိုရောဂါသည်တွေအတွက် ကိုယ်တွေ့ကြုံခဲ့ရသူတွေဆီက ဓာတ်စာ ဆေးနည်းကို တဆင့်ပြန်လည် 
ဖောက်သည်ချ လိုက်ပါရစေ။ 




 ဆီးချိုရောဂါရဲ့ လက္ခဏာများ 

ဆီးချိုရောဂါသည်တွေအနေနဲ့ ဆီးချိုတိုင်းတာပြီး ဆီးချိုအမှတ် အရမ်းတက်နေတယ်ဆိုရင် လုပ်ရမယ့် အစားအသောက် ဆေးနည်းတမျိုးပါ။ 

လုပ်နည်းလုပ်ဟန်

ကြက်သား ၁၀ ကျပ်သားကို ဆားနဲ့ နနွင်း နယ်ပြီး ( ကျန်တာ ဘာဆို ဘာမျှ မထည့်ရ) သံပုရာ သီး စစ်စစ် တလုံး( မခွဲမစိပ်ပဲ သဘာဝ အလုံးအတိုင်း ) နဲ့အတူ ရောပြီး ပေါင်းရပါမယ်။ အကယ်၍ ကြက်သား ကို ၂၀ ကျပ် သားဆိုရင် သံပုရာသီးက ၂ လုံး ဖြစ်ပါမယ်။ 

ပေါင်းပြီးသား ကြက်သားနဲ့ ပေါင်းရည်ကို သောက်ခြင်းဖြင့် ဆီးချိုအမှတ် တက်မှုဟာ သိသိသာသာ ကျလာမှာဖြစ်ပါတယ်။ အရသာကတော့ နည်းနည်း ခါးသက်သက်နေပါလိမ့်မယ်။ 

ဒီနေရာမှာ အထူး သတိပြုစရာတခုကတော့ ကြက်သံပုရာပေါင်းရည်ကို သောက်လို့ ဆီးချိုအမှတ်ကျ လာ မှာဖြစ်ပေမယ့် ဆီးချို တိုင်းတာတဲ့ ကိရိယာနဲ့ တိုင်းတာခြင်း သို့မဟုတ် ဆရာဝန်နဲ့ တိုင်ပင်ပြသပြီး ဆီးချို အမှတ် ကျနေပြီဆိုရင် ကြက် သံပုရာ ပေါင်းရည်သောက်တာကို ရပ်ဆိုင်းထားရပါလိမ့်မယ်။ 

အကယ်၍ ဆီးချိုအမှတ်ကျနေပါလျှက် ပုံမှန်ဆီးအနေအထား ရောက်နေပြီး ဆက်သောက်မယ်ဆိုရင် လူ့ ခန္ဓာကိုယ်မှာ သကြားဓာတ်အလွန်ကျဆင်းသွားပြီး အခက်တွေ့ပါလိမ့်မယ်။ ဒါကို အထူးသတိထားဖို့တော့ လိုပါတယ်။ 

ဆီးချိုရောဂါ ၂ မျိုး ရှိပါတယ်။ တမျိုးက ခန္ဓာကိုယ်ထဲက အင်ဆူလင်ဓာတ် ထုတ်လုပ်မှု မလုပ်နိုင်တော့တာ မျိုး ဖြစ် ပါ တယ်။ ဒါကို အင်္ဂလိပ်လို "insulin-dependent diabetes mellitus" (IDDM) or "juvenile diabetes" လို့ လည်း ခေါ်ဆိုပါတယ်။ 

နောက်တမျိုးကတော့ ခန္ဓကိုယ်ထဲက အင်ဆူလင်ဓာတ်ကို သုံးစွဲမယ့် ဆဲလ် ပျက်စီးတာမျိုးပါ။ သူ့ကိုတော့ non insulin-dependent diabetes mellitus (NIDDM) or "adult-onset diabetes" ခေါ်ပါတယ်။

ဆီးချိုရောဂါ ဆိုတာ တကယ်တော့ သွေးထဲမှာ သကြားဓာတ်လွန်ကဲမှုဖြစ်နေတာကို ခေါ်ဆိုတာပါဘဲ။ ဆီးချိုရောဂါ ခံစားရပြီ ဆိုရင် သွေးထဲမှာ သကြားဓာတ်လွန်ကဲမှုကြောင့် ခကြာခဏဆီးသွားတာ မျိုး
တွေ ဖြစ်ပြီး ရေငတ်ခြင်း၊ မကြာခဏ ဆာ လောင် မွတ်သိပ် တာမျိုးတွေ ဖြစ်တတ်ပါတယ်။ 

ဆီးချိုရောဂါရဲ့ ဆိုးကျိုးတွေကြောင့် နောက်ဆက်တွဲ အနေနဲ့ နှလုံးရောဂါ ဖြစ်နိုင်သလို ကျောက်ကပ်လည်း ပျက်ဆီးနိုင်ပါတယ်။ ဒီအပြင် မျက်လုံးလည်း အမြင်အာရုံပျက်စီးစေတတ်ပါတယ်။ ဒီအပြင် အနာတခု ခန္ဓာ ကိုယ်မှာ ဖြစ်ခဲ့ရင် သွေးထဲမှာ သကြားဓာတ်လွန်ကဲမှုကြောင့် သွေးဖြူဥ အားနည်းပြီး အနာကို အမြန်ကျက်
ပြီး ပျောက်ကင်းစေမှုအားနည်းကာ တော်တော်နဲ့ အနာမကျက်ပဲဖြစ်တတ်ပါသေးတယ်။

ဒါကြောင့် ဆီးချိုရောဂါသည်တွေအတွက် အခု ကြက်သံပုရာပေါင်း ဆေးနည်းကို သုံးဆောင်ခြင်းဖြင့် 
သွေး ထဲက သကြား ဓာတ်လွန်ကဲမှုကို လျော့ကျစေနိုင်မှာဖြစ်ပါတယ်။ 

ကြက်သားနဲ့ သံပုရာသီးကို ပေါင်းလိုက်လို့ ထွက်လာတဲ့ ဓာတ်တမျိုးဟာ သွေးထဲက သကြား ဓာတ် လွန်ကဲနေတာတွေကို လျှော့ချနိုင်စွမ်းရှိပါတယ်။ 

ဆီးချိုရောဂါသည်များ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး သက်သာ ပျောက်ကင်းနိုင်ကြပါစေ။ 

အိမ့်သံစဉ် ~ 

Wednesday, February 19, 2014

ယောမြို့ ကပြန်ခဲ့တယ် ၊ ဆေးဝါးလည်း ကျွန်တော်နားမလည် ..... ( ၃ )



 လက်ပန်းရွာ အတွဲဘက် ( အ ထ က ) ကျောင်းကြီး

ဒီလိုနေရာမှာ ဒီလိုခန့် ခန့် ညားညား အထက်တန်းကျောင်းကြီးတစ်ဆောင် ရှိနေတာဟာ အနီးနားရှိ ရွာတွေအတွက်တော်တော် ကံကောင်းတာပါပဲ ။

မိုးတွင်းလို အခါမျိုးမှာ ရေကြီး ရေလျှံ လွယ်တဲ့ ချောင်းတွေ မြောင်းတွေ ကိုကျော်ဖြတ်ပြီး ကျောင်းလာတက်ကြတဲ့ နီးနားပတ်ဝန်းကျင်ရွာက ကျောင်းသားလေးတွေ ဟာလည်း ချီးကျူးဖို့ အရမ်းကောင်းတယ် ။ ဒီဒေသက ကလေးလေးတွေ ကျောင်းတက်နေရတဲ့ မြင်ကွင်းကို ရန်ကုန်မြို့ မှာ အလုပ်မရှိအလုပ်ရှာ စာသင်ကျောင်းအထိ လိုက်ပြီး ထမင်းခွံ့ ကျွေးနေတဲ့ မိဘတွေကို ဒီအထိ ခေါ်ပြီး ပြချင်လှတယ်။
 ပြီးတော့ ရေစီးသန်လှတဲ့ ချောင်းတွေ ကိုလှေနဲ့ ဖြတ်ကူနေရတဲ့ ကျောင်းသားကျောင်းသူ ကလေးလေးတွေအတွက် အုပ်ချုပ်သူ လူကြီးမင်းတွေက အမှန်တစ်ကယ်လိုအပ်နေတဲ့ နေရာတွေမှာ ချောင်းကူးတံတားတွေ ဆောက်ပေးနိုင်စေဖို့ ကျတော့် အနေနဲ့ ဆုတောင်းမိပါတယ် ။ ဘယ်လိုဘဲ ဖြစ်ဖြစ် ဒီဒေသမှာ မိဘ ၊ ဆရာ ၊ ကျောင်းသား တို့ရဲ့ လုံ့လ၀ိရိယ ကောင်းစွာနဲ့ ပညာရေးကို ကျိုပမ်း အားထုတ်မှုတွေကြောင့် အခုဆိုရင် လက်ပန်း တစ်ရွာထည်းမှာ လက်ရှိ ဆယ်တန်း အောင် ၊ ဘွဲရ လူငယ်တို့ အယေက် 50 လောက်ရှိနေကြပါပြီ ။ ဒါပေမယ့် သူတို့ လေးတွေက တတ်ထားတဲ့ ပညာနဲ့ ကိုက်ညီတဲ့ အလုပ်ကိုင်အခွင့်လမ်းတွေ မရရှိကြသေးဘဲ ဖြစ်နေကြပါတယ် ။

အလုပ်တစ်ခုခေါ်တယ်ဆိုရင် ရွာကနေလမ်းစရိတ် ၊ စားစရိတ် နဲ့ အထွေတွစရိတ်တွေ ကုန်ကျခံပြီး အလုပ်လျှောက်ကြပေမယ့် လို့  အလုပ်လစ်လပ်နေရာနဲ့ လျှောက်တဲ့ လူဦးရေ မမျှကြလို့ လားတော့ မသိဘူး အလုပ်ရရှိတဲ့သူတော်တော်ရှားတယ်လို့ သိရပါတယ် ။ ဟိုတလောက မြန်မာ တစ်ပြည်လုံး အုံးအုံးကျက်ကျက် ဆရာ ဆရာမတွေ အဖြစ်လုပ်တွေ ရရှိသွားကြပေမယ့်လို့ ဒီလက်ပန်းရွာက တစ်ယောက်တစ်လေမှ ကို မရှိကြပါဘူးတဲ့ ။ မိဘတွေခမြာ သူတို့သားသမီးတွေရဲ့ ဘ၀ ထွက်ပေါက်ရရှိဖို့ အတွက် စီးပွားရေး အဆင်မပြေကြတဲ့ အထဲက ကြိုးစားပြီး ပညာသင်ပေးကြရှာပေမယ့် ထိုက်တန်တဲ့ အလုပ်လေးတွ မရရှိကြတော့ အခုချိန်မှာတော့ စိတ်ဓာတ်တွေကျနေကြရရှာတယ် ။ အဲတာတွေကိုကြားသိရပြီးနောက်မှာ ကျွန်တော့ ကိုယ်ကျွန်တော် ဒီနယ် တစ်ဝိုက်က လူငယ်လေးတွေကို အလုပ်ကိုင် အခွင့်လမ်းတွေချပေးနိုင်ပြီး အရာရာ ဖန်တီးနိုင်တဲ့ လူတစ်ယောက်ဖြစ်ရင် ဘယ်လောက် ကောင်းလေ့မလဲ လို့ လေကြီးမိုးကြီး အတွေးတွေ ၀င်နေမိပါတယ် ။


 ရွာမှာ အစိုရက အခမဲ့လွှင့်ပေးတဲ့ ရုပ်သံလိုင်းတွေ မမိပါ ။ ဒီတော့ Sky Net လို ဆလောင်းကနေဖမ်းယူရတဲ့ လိုင်းကို ဘဲ စုပြုံကြည့်နေရတယ်လို့သိရပါတယ်  ။ အဲဒီလိုလိုင်းတွေ တတ်ဆင်နိုင်တဲ့ အိမ်က ဘယ်နှစ်အိမ်မှ မရှိတော့ လူတိုင်းစေ့ အပြင်ပလောကနဲ့ အပြည့်ဝ ထိတွေ့ မှု မရသေးဘူးလို့ ပြောရင် လွန်မယ်မထင်ဘူး ။ ဒီလို ချောင်ကျကျ နေရာတွေ မှာ သက်ရှင်ပြီး လူလုပ်နေရတဲ့ သူတွေအတွက် အခမဲ့ ရုပ်သံလိုင်းတွေတောင်မှ မဖြန့် ကျက်နိုင်သေးတာတော့ တော်တော်ကို ဆိုးပါတယ် ။ စိတ်ထဲမှာတော့ တာဝန်ရှိသူတို့ ကို အားမလိုအားမရတွေ ဖြစ်နေမိတယ် ။ ရွာက အစ်ကိုကြီးတစ်ယောက် ပြောစကားမရ ပြောရမယ်ဆိုရင် …. ပခုက္ကူမြို့  ကနေတဆင့် ဖြန့်ဖြူးနေတဲ့ ပဲမျိုးစုံနဲ့ ဒေသထွက်ကုန်တွေဟာ ကျတော်တို့ ယောဒေသက အများဆုံးကျားကန်ပေးထားတာပါဗျာ… တဲ့ ။ ဒါတင်ဘယ်ကမလဲ ကျွန်းသစ်လို ကမ္ဘာ့ဈေးကွက်အထိ တင်ပို့ နိုင်တဲ့ သစ်တွေကလည်း ဒီဒေသကနေထွက်နေတာဘဘဲ မဟုတ်လား ။ ဒါဆိုရင် သူ့ အထိုက်လျှောက်ဒေသထွက်ကုန်တွေ ထုတ်လုပ်ပေးနေတဲ့ ဒီဒေသ ဖွံ့ ဖြိုးမှု အတွက် အခြေခံ လိုအပ်ချက်လေးတွေကို တော့ ဖြည့်ဆည်းပေးသင့် တယ်လို့ ထင်တာပါပဲ ။ ရွာမှာ ကျောင်နေဖူးပြီး စာ  အုပ် စာပေတွေကို ဖတ်ရကောင်းမှန်း သိနေတဲ့ လူငယ် ၊ လူလတ်ပိုင်း အရွယ်တွေကလည်း စာကို အငမ်းမရ ဖတ်ချင်နေကြပေမယ့်လို့ ဘယ်လို စာပေမျိုးက မှ လွယ်လွယ်ကူကူနဲ့ မရနိုင်သေးပါဘူး ။ တချို့ စေတနာရှင်လေးတွေက ပခုက္ကူမြို့ ကနေ သတင်းစာနဲ့ ဂျာနယ်အဟောင်းလေးတွေ စုပြီး ပေးပို့ ကြတာလောက်ဘဲ ဖတ်နေကြရရှာပါတယ် ။ ရွာထဲမှာတော့ စာအုပ်မရှိပဲ ဟောင်းလောင်းပေါက်ဖြစ်နေတဲ့ စာကြည့်တိုက်လေးတခုတော့ တွေ့ ရပါတယ် ။ အခုအဲ ဒီစာကြည့်တိုက်လေး ပြန်လည် အသက်ရှင်လာဖို့ အတွက် ရွာကလူငယ်လေးတွေ လှုပ်ရှားမှုလေးတွေ လုပ်နေတယ် အသံကြားလို့ ကျတော်လည်း ရန်ကုန်ကနေ ရတတ်သမျှ စာအုပ်စာစောင် တွေ ပို့ပေးဖို့ စီစဉ်ထားပါတယ် ။


ညဘက် ကျောင်းမှာ စာလာကျက်နေကြတဲ့ ကျောင်းသားလေးများ ......

  တကယ်တော့ သူတို့ လေးတွေ ဟာ လူသာ ချောင်ကျတဲ့ နေရာမှာ အကြောင်းကြောင်းကြောင့် ခြေချ နေထိုင်ကြရပေမယ့် အသိမြင် ဗဟုသုတ အားဖြင့် တော့ ပိတ်ဆိုပြီး မနေသင့် ဘူးမဟုတ်လား ။ တချို့ လူတွေက ကမ္ဘာကြီးဟာ ရွာကြီးဖြစ်နေပြီလို့ ကျယ်ကျယ်လောင်လောင်နဲ့ ပြောဆိုနေကြပေမယ့်လည်း  ကျတော်တို့ ဆီမှာတော့  ရွာဟာ ရွာ မြို့ ဟာမြို့ အဖြစ် ကွာဟမှုတွေ ရှိနေပါသေးလားလို့ တွေးနေမိပါတယ် ။ အခုချိန်မှာ ဆက်သွယ် ပြောဆိုစရာ တယ်လီဖုန်းတွေ ရွာမှာ ( လိုင်းမိအောင် အထူးတလည် တပ်ဆင်ပြီး ) သုံးပြုနိုင်ကြလို့ သာတော်တော့တယ် ။ ရွာမှာ ကျမ်းမာရေး စောက်ရှောက်မှု အနေနဲ့ အစိုးရ သားဖွားဆရာမတစ်ယောက်ရှိတယ်လို့ သိရပါတယ် ။ သာမန် အဖြားရောဂါနဲ့ ဆေးရုံ မတက်ရတဲ့ ရောဂါ တွေ ဆိုရင်တော့ ရွာကလက်ခံထားတဲ့ ဆေးဆရာ အမည်ခံတွေ ဆီမှာပဲ ဆေးထိုး ဆေးသောက် နဲ့ ကုသခံကြ ပုံရတယ် ။ ရွာထဲက စီးပွားရေး ပြေလည်ပြီး အသိဥာဏ် ဗဟု သုတရှိတဲ့ အဒေါ်ကြီးတစ်ယောက်က .. တို့ ဆီမှာ ဆရာဝန်တစ်ယောက် တော့ လိုတာပါ့….အခုလက်ရှိမှာတော့ မသေသင့်ဘဲ သေတဲ့ သူနဲ့ ရေတိမ်နစ်တဲ့ သူတွေ တော်တော်များနေပြီ… တဲ့ ။ အဲ လို အပြောမျိုး ကျန်တဲ့ ရွာသားတွေ ပြောသံ သိမ်မကြားရပါဘူး ။ စောစောက အဒေါ်ကြီးပြောသလို မသေသင့် ဘဲ သေသွးကြရတဲ့ လူတွေအတွက် ဗုဒ္ဓဘာသာဝင်တွေ ပီပီ သေနေ့ စေ့လို့ သေတယ် ဆိုတာ နဲ့ လူတွေဟာ သူ့ ကံပါလာသလောက်ပဲ လူ့ ပြည်မှာ နေကြရတယ်လို့ ယူဆ ထားကြတာလားတော့ မသိဘူး ။



                    ဒီနေ့ တစ်နေကုန် ရွာထဲ လျှောက်လည်ပြီးတာနဲ့ မနေ့ က ညဘက်ကြီးယောချောင်းမှာ ကျတော့် ကို ရေသွားချိုးခိုင်းရတာ အားနာလို့ လားတော့ မသိ ညနေ 4 နာရီလောက်မှာ ကျတော့်ကို ယောချောင်းဆီ ခေါ်သွားပြီး ရေချိုးစေပါတယ် ။ အဲလိုမျိုးလင်းလင်းကျင်းကျင်း အချိန်မှာဆိုရင်တော့ ရေချိုးရုံ ဘယ်ကမလဲ အားရအောင် ရေတွေ ဘာတွေတောင် ကူးလိုက်သေးတယ် ။ ဒီလို ချောင်းထဲ ရေမကူးရတာကြာပေါ့ ..။ ကျတော့် အထင် ဒီလက်ပန်းရွာ ရှုခင်းကို ဒီအချိန်မှာ ကြည့်ရတာ အကောင်းဆုံးလို့ ထင်တယ် ။ အနောက်ဘက်က ၀င်ခါနီး နေလုံးကြီးက လက်ပန်းရွာရှိတဲ့ တောင်ကုန်းလေးရယ်  ရွာအ၀င် လက်ပံပင် ကြီးရယ် ပြီးတော့ အဲဒီနားမှာ တောင်နဲ့ မြောက် စီးဆင်းနေတဲ့ ယောချာင်းကြီးကို မီးမောင်ထိုးပေးထားသလိုကို ဖြစ်နေပါတော့ တယ် ။ အဲ ဒီ အချိန်မှာ ဆိုရင် ချောင်းတန်း တစ်လျောက်ရှိ ရွာတွေက ရေချိုးနေသူ ၊ ချိုးဖို့ လာနေသူနဲ့ ရေချိုးပြီး ပြန်သွားသူတွေဟာ စည်ကားလို့ နေတယ် ။ ဒါအပြင် အဲ ဒီ အချိန်ဟာ ချောင်းတစ်လျှောက် ကြက်သွန်ခင်း ၊ ပဲခင်း စိုက်ပျိုးထားတဲ့ သူတွေက စိုက်ခင်းထဲကို ရေတွေ ပက်ကြတဲ့ အချိန်ဖြစ်ပါတယ်  ။


ညနေစောင်း ယောချောင်းကို ရေချိုးဆင်းချိန် .....

    ညစာထမင်းကိုတော့ သူငယ်ချင်းရဲ့ အဘိုးနဲ့ အဖွား အိမ်မှာ အဒေါ်တွေက ချက်ကြွေးတဲ့ ထမင်းကို စားရမယ်တဲ့ ။ စားပွဲ အ၀ိုင်း တစ်ခုထဲ မှာ ဟင်းခွက်တွေ အပြည်ခင်းထားပြီး အိမ်ဦးခန်းမှာ ပြင်ထားပေးတယ် ။ အဲ ဒီအချိန်ကျတော့် သူငယ်ချင်းက ရွာထဲ ခဏ ၀င်သွားတာမို့ ကျတော့် တစ်ယောက်တည်း စားဖို့ အတွက် ပြင်ပေးထားတာ လို့ ပြောပါတယ် ။ ကျတော့် က ..အဲ လိုတော့ မဖြစ်ဘူး ဆိုပြီး အဖိုးနဲ့ အဖွားကိုပါ ကျတော်နဲ့ အတူတူ ၀င်စားဖို့ အတော်လေးကိုတောင်းပန်ရတယ် ။ ဟင်းတွေကတော့ စုံနေတာပါဘဲ ။ လက်ပံခြောက် အချဉ်ရည်ဟင်းက သောက်လို့ ကောင်းပြီး အနံ့ လေးက တစ်မျိုး ဖြစ်နေလို့ သေချာ ကြည့်လိုက်တော့ ဇီးသီးခြောက်လေးတွေ ထည့်ချက်ထားတာကို တွေ့ ရတယ် ။ .ဇီးသီခြောက်လည်း ဟာင်းချက်လို့ ရတာပဲကိုး …။ ကြက်သား ဟင်းကတော့ ငရုပ်သီးစပ်စပ်လေးနဲ့ ချက်ထားတော့ မအီဘဲနဲ့ စားလို့ ကောင်းလှတယ် ။ ကျတော်တို့ ဆီက စီပီ ကြက် အရသာနဲ့ တော့ ကွာပါ့ ။ နောက် ပြီး ဟင်းတစ်မယ်က ချမ်းချဉ်သီးနဲ့ ပျားသားပေါက်လေးတွေကို ရောပြီးချက်ထားတာတဲ့ ။ အဆန်းပါလား … တစ်ခါမှကို မစားဖူးသေးတဲ့ ဟင်းတစ်မျိုးပါပဲ ။ နောက်ပြီး ကျွန်တော်တို့ ရေချိုးသွားတုန်း သူငယ်ချင်းက ငါးဖမ်းတဲ့ သူဆီမှာ လပ်လပ်ဆပ်ဆပ် ၀ယ်လာပြီး အသုပ်လုပ်ထားတဲ့ ငါးသုပ် လည်းပါသေးတယ် ။ အဲဒီညက စားရတဲ့ ညစာကိုတော့ စားနေကျထက် နဲနဲ ပိုပြည့်အောင်ကို စားလိုက်မိပါတယ် ။ မနက်ရောက်တော့  ကျတော့ သူငယ်ချင်းက .. အစ်ကိုကြီးကို ကျတော့် အဘိုးက တော်တော်ကို ခင်မင်ပုံဘဲ ဗျ .. ကျတော်တို့ ကာလသားတွေ ဟင်းချက်စားဖို့ သူမွေးထား တဲ့ ကြက်ကိုတောင်းရင် တစ်ခါမှ မရဘူး ..အခု အစ်ကိုကြီးကို ချက်ကျွေးဖို့ သူမွေးထားတဲ့ ကြက်ကို တစ်ခြားတစ်ယောက်အကူညီနဲ့  သူကိုယ်တိုင်စီမံလိုက်တာဗျ …တဲ့  ..ကဲ ။ ကျတော့်မှာတော့ ကြားရတာ အားနာသလိုလို ၊ စိတ်ညစ်သလိုလို ၊ ရည်ချင်သလိုလိုနဲ့ စိတ်ထဲမှာ ခံစားရတာ ဘယ်လိုကြီးမှန်းကိုသိဘူး ။ အဘ ကိုတော့ စိတ်ထဲ ကနေပြီး အမြန်ဦးချကန်တော့လိုက်ရပါတယ် ။


ညနေစောင်းရေချိုးဆင်းချိန် ယောချောင်းမြင်ကွင်း .....

   ထမင်းစားပြီးလို့ ခဏ အကြာမှာ သူတို့ ရွာဓလေ့ ထမဲနဲ ထိုးပါတယ် ။ ညဘက် ကျတော်ကို အကြောင်းပြုပြီး အိမ်ကို လာလည်တဲ့ ဧည်သည်တွေ နဲ့ ကျတော့် ကိုကျွေးရအောင်တဲ့ ။ ထမဲနဲ ထိုးတာ ကျတော်တို့ ဘက် မှာလို မိုးဗြဲဒယ် အိုးကြီးထဲ မှာ မီး အပူပေးပြီး ထိုးတာမျိုမဟုတ်ဘူး ။ ကောက်ညှင်းကို အရင်တည်ပြီး ဒန်အိုးအငယ်ကို မီးပူ မပေးဘဲ ယောင်းမငယ် နှစ်လက်နဲ့ ထိုးရင်း ပဲဆီထည့် ၊ မြေပဲထည့် ၊ နှမ်းထည့် .နဲ့ ကောက်ညှင်းတွေ စေထန်းသွားတဲ့ အထိ ထိုးကြတာပါ ။ ထမဲနဲ နဲ့ ရေနွေးကျမ်း ၀ိုင်းဖွဲ့ ပြီးနောက်မှာ ညအိပ်တဲ့ သူငယ်ချင်းရဲ့ အိမ်အသစ်လေးကိုသွားကြပါတယ် ။

                              အိမ်ရောက်မှာတော့ ကျတော်သူငယ်ချင်းရဲ့ ဆွေမျိုးတွေ အကုန်လုံးနဲ့ အနီးနားက လူတွေလည်း အိမ်ကိုလာပြီး စကားတွေ လာပြောကြပါတယ် ။ တချို့ ကလည်း မနက်ဖြန်ပြန်တော့ မယ့် ကျတော့် ကို ယာခင်းထဲ သွားတဲ့ အချိန်နဲ့ လွဲ နေမှာမို့ ကြိုပြီး လာနုတ်ဆက်တာတဲ့ ။ သူငယ်ချင်းနဲ့ ပက်သက်တဲ့ ဆွေမျိုးတွေက တော့ သူတို့ ဆွေမျိုးတွေ နဲ့ တွေ အကြောင်း ၊ သူ့ဒေသ ကိုယ့် ဒေသ ကွဲပြားမှုလေးတွေ ၊ ထူးဆန်းစွာ ထားဝယ်စကားနဲ့ အသံထွက်ရော ပြောဆိုပုံ လေသံ ပါတူနေတာတွေ ပြောဆို ဖလှယ်ကြပါတယ် ။ ရွာခံဖြစ်တဲ့ ကျတော့် သူငယ်ချင်းက သူ့ အဖွား စကားပြောတာ ယောဝဲလို့ တော်ရုံလူ နားမလည်ဘူးတဲ့ .။ အခု ဟိုးအဝေးကြီးဖြစ်တဲ့ ထားဝယ်က လာတဲ့ ကျတော်က အဖွားပြောတာ ကောင်းကောင်းကြီးကိုနားလည်နေတယ် ။ ဘာလို့ လဲ ဆိုတော့ စကားလုံးတော်တော် များများက ထားဝယ် စကားနဲ့ တူနေတာကိုး ။   ဥပမာ … နင် ဆိုရင်  နန် ၊ စာသင်တယ် ဆိုရင် စာသန်တယ် ၊ နင်း တယ် ဆိုရင် နမ်းတယ် ၊ ရည်းစား ဆိုရင် ရဲစား ၊ ရေတွင်း ဆိုရင် ရေဒွမ်း ၊ ထမင်းနဲ့ ဟင်း ဆိုရင် ထမှန်း န ဟမ်း …..စသဖြင့် အဲလိုဟာမျိုးလေးတွေပါ ။  အဘွားက ဒီရွာမှာမွေး ဒီရွာမှာကြီးပြီး ရွာကနေ ကနေ အပြင်ဘက်ဒေသ ကို သိပ်မရောက်ဖူးတော့ ယောစကား ယော သံတွေက မပျောက်ဘူးတဲ့ ။ အခုခေတ် နောက်လူတွေ က တခြားဒေသတွေနဲ့ ကူးလူးဆက်နွယ်သွာလာဖူးကြတဲ့အခါ ယောစကား အသံဟာပျောက်သလောက်ဖြစ်လာပြီး ဗမာပြောဟန်တွေပါလာတယ်လို့ သိရပါတယ် ။ အခုယောသား ကျတော့် သူငယ်ချင်းစကားပြောရာမှာလည်း ယောဟန်နဲ့ ပြောမိသွာတဲ့ စကားလုံးလေးတွေ ကို မသိမသာချက်ချင်းပြန်ပြင်ပြီး ပြောနေတာကို သတိထားမိပါတယ် ။ လူတွေကလည်း အခက်သားမို့လား .။  အဲလို မူလဒေသ လေသံတွေ နဲ့ စကားပြောကြတဲ့ သူတွေ ကို တောသံပါတယ် .. အညာလေသံကြီး ..စသဖြစ်ပြောဆိုတတ်ကြတော့  အဲလို မျိုးအပြောမခံရလေအောင် ကိုရွေနယ်သားတွေက သူတို့ ပင်ကိုယ် စကားသံတွေ ကို ပြင်ပြောရင်းပြောရင်း နဲ့ မူရင်းစကားသံဟာပျောက်ကုန် တော့တာပဲ ။ ကျန်တော် တို့ ထားဝယ်စကားတွေ လည်း အဲလို ပုံစံမျိုးနဲ့ တော်တော် များများပျောက်ကုန်ပါပြီ ။

သူတို့ ဆီက ထမနဲ့ ထိုးနည်း ......

  ကျတော့် ကိုလာတွေ့ ပြီး စကားလာပြောတဲ့ အသက် 25 နှစ်ကနေ 50 အကြား အစ်ကိုကြီး အစ်မကြီး ၊ အဒေါ်ကြီး တို့ကို ရန်ကုန်မြို့ ကိုရောက်ဖူးလားလို့ မေးတော့ တစ်ယောက်မှ ရောက်ဖူးတယ်လို့ မဖြေဘူး ။ ကျောက်ထုမြို့ နဲ့ တိုက်ရိုက်က်ကားလမ်းပေါက်နေတဲ့ ပခုက္ကူနဲ့ မန္တလေး မြို့ တွေ ကိုတောင်မှ ရောက်ဖူးတဲ့ သူခပ်ရှားရှားပါ ။ အသက် 38 နှစ်အရွယ် အစ်ကို တစ်ယောက်က   ဒီတစ်သက်တော့ ရန်ကုန်မြို့ ကြီးကို ရောက်ဖူးတော့ မှာမဟုတ်တော့ ပါဘူးဗျာ… ဆိုပြီးအားလျှော့တဲ့ လေသံနဲ့ ပြောတာကိုတော့ တော်တော်ကို စိတ်မကောင်းဖြစ်မိပါတယ် ။ ဆိုလိုတာက ရန်ကုန်မြို့ ကြီးကို ရောက်ဖူးမှ လူရာဝင်မယ်လို့ ပြောတာမဟုတ်ပါဘူး ။ သူတို့ သက်တမ်း တစ်လျှောက်မှာ ဒီရွာနဲ့ ဒီပတ်ဝန်းကျင် နေရာတွေ မှာသာ အချိန်ကုန်သွားတာ မျိုးမဟုတ်ဘဲ အပြင်ဘက်လောက ကြီးကိုလည်း တစ်ခါတစ်လေလောက် ထွက်ပြီး လေ့လာ ကြည့်ရှု စေချင်လို့ပါ ။ အသက် ခြောက်ဆယ်နား နီးကပ်နေတဲ့ အဘကြီး အဒေါ်ကြီး အနေနဲ့ လည်း ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြတဲ့ အလျှောက် ကိုယ့်နိုင်ငံမှာ ထင်ရှားကျော်ကြားတဲ့ ရွှေတိဂုံ စေတီကြီးလို အထင်ကရဘုရားတွေကို ဖူးခွင့် ရစေချင်တာပါပဲ ။ ရွာမှာက ရှမ်းစတားဂျစ် လို ကားလေး သုံးစီးရှိပြီး ပခုက္ကူနဲ့ အလှည့်ကျ ကုန်ပစ္စည်းနဲ့ လူတွေကို ပို့ ဆောင်ပေးနေတယ်လို့ သိရပါတယ် ။ အသက်ကြီးပိုင်းက လူတွေ ပြောလေ့ရှိတာက     ကားကြားကြာမစီးနိုင်ဘူး .. အဲလိုစီးလို့ ရှိရင် မူးဝေ အော့အန်တော့ တာ ..တဲ့  ။ အဲဒါက motion sickness ဖြစ်တာကိုပြောတယ်လို့ ထင်ရပါတယ်  ။ ဒါကလည်း ခရီးသွားလေ့မရှိတဲ့ သူတွေ ပဲဖြစ်တတ်ကြတာပါ ။ အလေ့အကျင့်ဖြစ်ဖြစ်သွားရင် အဲ ဒါတွေက မဖြစ်တော့ပါဘူး ။  နောက် လူငယ်လေးတွေကို ကမ္ဘာ့နိုင်ငံ အသီးသီးကနေပြီးမှ လာရောက်လည်ပတ်ကြရတဲ့   သူတို့ အရပ်ဒေသနဲ့ သိပ်မဝေးလှတဲ့   ပုဂံရှေးဟောင်းနယ်မြေကို ရောက်ဖူးကြလားလို့ မေးတော့ လည်း ရောက်ဖူးတယ်လို့ပြောတဲ့ သူတော်တော်ရှားပါတယ် ။ ရုပ်စွဆုံး သူတို့ အနားမှာ ကပ်နေတဲ့ ပုံတောင် ပုံညာဒေသအကြောင်းကိုလည်း သူတို့ ရေရေရာရာ မသိကြ ။ ဒါကတော့ တန်းပညာ သင်ဖူးတာအပြင် တခြားအပြင်ပ ဗဟုသုတ ဖြစ်ဖွယ် စာပေတွေကိုပါလေ့လာမှ သိနိုင်တဲ့ အကြောင်းတရားတွေ ဖြစ်တော့ သိပ်ပြီး အပြစ်တင်လို့ တော့ မဖြစ်ဘူး ။



ညဘက် ကျတော့် ဆီကို စကားလာပြောရင် နုတ်ဆက်ကြသူတွေ .....
                      ဒီဒေသက ဒီရွာတွေနဲ့ ပက်သက်ပြီး အကြောင်းတွေ ပြောနေရရင်တော့ စာတော်တော် ရှည်သွားမှာမို့ ဒီမှာပဲ အဆုံးသပ် လိုက်ပါရစေတော့ ။ အဓိကကတော့ ကျေးရွာနေ လူထုကြီးတစ်ခုလုံး ဘ၀မြှင့်တင်နိုင်ဖို့ ဆိုတာ စီးပွားရေး လူမှုရေး နဲ့ အလုပ်ကိုင်အခွင့်လမ်းတွေပေါ်ပေါက်အောင် သက်ဆိုင်ရာ အစိုးရအဖွဲ့ စည်းတွေက လုပ်ဆောင်ပေးကြရမှာ ဖြစ်သလို ဒေသခံ ပြည်သူလူထုဖက်မှလည်း ရလာတဲ့ အခွင်းရေးကိုလက်မလွပ်စေဘဲ သူတို့ ကိုယ်နှိက်က လက်ရှိဘ၀ကနေ ရုန်းထွက်လိုစိတ်နဲ့ ကြိုးစားရမှာ ဖြစ်တယ်လို့ ကျတော့် အနေနဲ့ မြင်မိပါတယ် ။ ဒါက ကျတော်မြင်တတ်သလောက်မြင်မိတာပါ ။ တကယ်တော့  ဒီလို တစ်ရက် နှစ်ရက် အတွင်း ကျတော်မြင်တွေ့ ကြားသိခဲ့ရတာတွေ ကိုအခြေခံပြီး လည်း မှန်ကန်ဆုံးကောက်ချက်ချမှုကို မရရှိနိုင်ဘူးလို့ ကျတော် ကောင်းကောင်းကြီး သဘောပေါက်ပါတယ် ။

                        မနက်မိုးလင်းတော့ ရွာကနေ ပြန်ရတော့ မှာမို့ ကျောက်ထုကို မနက် 10 နာရီထိုးသွားဖို့ ပြင်ဆင်ရပါတယ် ။ ကျတော်တို့ စုရပ်ဖြစ်တဲ့ သူငယ်ချင်းရဲ့  အဖိုးဖွားအိမ် ကိုကျတော်ရောက်လာတဲ့ အချိန်မှာ ရွာထဲက လူတွေ အလျှိုလျှိုထွက်လာကြပြီး ကျတော့် ကိုလာနုတ်ဆက်ကြပါတယ် ။ အဖွားတို့ မိသားစုကလည်း လာနုတ်ဆက်တဲ့ သူတွေကို ညက ထိုးထားတဲ့ ထမဲနဲ နဲ့ ရေနွေးကျမ်းချကျွေးရတာလဲအမောပါပဲ ။ တချို့ ကလည်း ဒီနှစ်ရက်ထဲ ရွာကိုလာလည်လို့ ဧည့်ဝတ်တောင် ကောင်းကောင်းမပြုလိုက်ရဘူးဆိုပြီး မကြေမနပ်နဲ့ ဆိုပြန်တယ် ။ သူတို့ အလိုရ တစ်ပါတ်လောက်ကိုနေစေချင်ပြီးတော့ ကျွေးမွေးပြုစုပြီးတော့ မှ ရွာအနေနဲ့ ဧည့်ဝတ်ကျေတယ်လို့ ယူဆထားပုံရပါတယ် ။ ကျတော့် ဘက်ကလည်း ဒီလို ပြုစုပုံမျိုးနဲ့ တော့ အားနာလွန်းလို့ နောက်ထပ် တစ်ရက်လောက်တောင်ထပ်ပြီး နေလို့ မကျတော့ပါဘူး ။

ကျွန်တေည်ပြန်ခါနီး လာနုတ်ဆက်ကြသူ တစ်ချို့  .....



                      ဒီလိုနဲ့ ဘဲ မနက် 9 နာရီလောက်မှာ ကျတော့်ကိုလိုက်ပို့ မယ့် ဆိုင်ကယ် နှစ်စီး ရောက်လာတော့ လာရောက်နုတ်ဆက်ကြတဲ့ အစ်မကြီး အဒေါ်ကြီး တွေကို လေးလေးနက်နက် နုတ်ဆက်ပြီး ရွာကနေထွက်ခွာလာခဲ့ ပါတယ် ။
 ရွာအပြင် ကိုရောက်တဲ့ အခါမှာဆိုင်ကယ်ကို ခဏ နားစေပြီး နေရောင်အောက်မှာ ငြိမ်သက်စွာ စီဆင်းနေတဲ့ ယောချောင်းကြီးနဲ့ ကုန်းမြင့် လေးအပေါ်က လက်ပန်းရွာလေးကို ရွာအ၀င်လက်ပံပင်ကြီးနဲ့ အတူ နောက်ဆုံးနှတ်ဆက်တဲ့ အနေနဲ့ မျက်နှာမူပြီး ကြည့်လိုက်ပါသေးတယ်……… ။  



ရွာအပြင် ယောချောင်းနဘေးကနေ လက်ပန်းရွာကို ရွာ အ၀င် လက်ပံပင်ကြီးနဲ့ အတူ နုတ်ဆက်ခဲ့တယ် ။
- နောက်ထပ် ဘယ်တော့ များမှ ရောက်လာအုံးမယ်မှန်းမသိတဲ့ …….. ဒါမှ မဟုတ်
- နောက်ထပ် ရောက်ဖြစ်ချင်မှလည်း ရောက်ဖြစ်တော့ မှာဖြစ်တဲ့ လက်ပန်း ရွာလေးရေ …….နှတ်ဆက်ပါတယ် ခင်ဗျာ …. ။


                          ( ယောနယ်က ပြန်ခဲ့ တဲ့ ရန်နောင်စိုး )