ဘုရားရှင်အား ကျွနု်ပ်တို့ အောင်သပြေ၊ပန်း ၊ရေချမ်း၊ဆီမီးများ ကပ်လှူ ပူဇော်ကြ၏ ။ဒါနပြုကြ၏။ ဘုရားမသုံးသောဝတ္ထုပစ္စည်းများ ကို ကျွနု်ပ် တို့ ကပ်လှူပူဇော်နေခြင်းသည်..ကံ ၊ ကံ၏အကျိုးကို လုံးဝဥဿုံ ယုံကြည်၍ ပဲ မဟုတ်ပါလား။ လောကီ။လောကုတ် နှစ်ဖြာအကျိုးအတွက် ကောင်းခြင်းမင်္ဂလာ အဖြာဖြာကိုရယူပိုင်ဆိုင်၍နောက်ဆုံး ဘဝတွင် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သောအထောက်အပံ့ကောင်းကိုရလိုသောကြောင့်သက်တော်ထင်ရှားဘုရားရှင်ဟုရည်မှတ်လျက် ဒါနအမှုကို ပြုလုပ်ခြင်းဖြစ်သည်မှာ ထင်ရှားလှ၏။ ဤသည်တို့ကို ထောက်ရှုလျှင် ဘုရားရှင်အား လှူဒါန်းဆက်ကပ်သည်ဆိုသည်မှာ...တကယ်တော့ ကျွနု်ပ်တို့ သည် ဗုဒ္ဓဘုရားရှင်ထံတော်အပါးတွင် ကျနု်ပ်တို့ လိုချင်သောအရာကိုတောင်းခံနေခြင်းသာဖြစ်ပေတော့သည်။
ဒါန ဟူသည် အလှူ ၊ ပေးကမ်းစွန့်ကြဲခြင်း စသည့်အဓိပ္ပာယ်ကို ဆောင်သည်ဖြစ်ရာတစ်ခါခါ ကျွန်ုပ်တို့အမှတ်မှားလေ၏ ။ ဒါနသည် အလှူခံပုဂ္ဂိုလ်အပေါ်လိုက်၍ ရရှိသောအကျိုးကျေးဇူးမှာ ကွဲပြားခြားနားလေသည်။ သို့သော် ပါရမီမြောက်ဒါနအတွက်ဆိုလျှင်မူ အလှူခံပုဂ္ဂိုလ် ရွေးချယ်ရန်မလို။ဒါနဖြစ်မြောက်ရန်သာ လိုရင်းအဓိကဖြစ်လေသည်။အမှန်တကယ် မကွယ်ဝှက်တမ်း ဝန်ခံရမည်ဆိုလျှင်အလှူခံပုဂ္ဂိုလ်သည် မိမိထက် သီလ၊သမာဓိ ၊ ပညာ ၊ပိုမြင့်နေလျှင်(သို့မဟုတ်)ရာထူး၊ ဓနဥစ္စာ ပိုကြီးသောသူများ ဖြစ်နေလျှင် မိမိပြုသောဒါနသည် ပေးကမ်းစွန့်ကြဲခြင်းမဟုတ်ဘဲ၊ ၎င်းပုဂ္ဂိုလ်ထံ မှ တစ်ခုခုကိုတောင်းခံခြင်းဖြစ်ကြောင်း မှာ သိသာထင်ရှားလှသည်။
“ပန်း”ပန်း တို့ မည်သည် မြင်ရသူတို့၏ စိတ်ကို ကြည်လင်စေ၏။ လက်တွေ့တွင် ဒီပန်းကလေးတစ်ပွင့်လှ လှချည်ရဲ့ဆိုပြီး ချွေဖဲ့ ဖျက်ဆီး သွားသူများကို ကျနော်မတွေ့ဖူးပါ။(ဗွီဒီယို၊ရုပ်ရှင် ရိုက်ကွက် မှအပ)ပန်းမကြိုက်သူများပင်လျှင် ပန်းကိုမြင်လျှင် စိတ်ကိုလန်းဆန်းစေသဖြင့် မြတ်နိုးစိတ်များဝင်ရောက်၍ ကြပေ၏။သို့အတွက် ပန်းသည် လူတို့အတွက်အသုံးတော်ခံဖြစ်လာရပေသည်။မိမိစိတ်များကြည်လင်လန်းဆန်းစေရန် အိမ်၌ပန်းပင်စိုက်ခြင်း ၊ အလှပန်းအိုးများပြင်ဆင်ခြင်းဖြင့်လည်းကောင်း- ချစ်သူ၏စိတ်ကို ပြောင်းလဲစေရန် ချစ်သူ့လက်ဆောင်ဖြင့်လည်းကောင်း လူမမာများ စိတ်အားငယ်မှုကိုဖြေဖျောက်ရန်ပန်းစည်းလက်ဆောင်အဖြစ်လည်းကောင်းနောက်ဆုံး မိမိနှင့်အလွန်ကျွမ်းဝင်သူ၏ နောက်ဆုံးခရီးတွင် စိတ်လက်ပေါ့ပါးစွာ ခရီးဆက်နိုင်အောင် အသုဘပို့ရာတွင် ပန်းခွေ၊ပန်းခြင်း၊ပန်းစည်းများဖြင့် လိုက်ပါပို့ဆောင် နှုတ်ဆက်ကြလေသည်။တချို့ပန်းသည် ရနံ့မရှိ၊ အချို့ပန်းများသည် ရနံ့ရှိ၏။ ပန်းတို့ရနံ့သည် လေသင့်ရာ မွှေးပျန့်ကြိုင်လှိုင်ပေရာ.....ဘုရားရှင်ထံတော်ပါး ဂါရဝတရားအပြည့်ဖြင့် ပိုးကိုက်ပွင့်ဖတ် နှင့် ညှိုးနွမ်းနေသောပန်း မပါသောလန်းဆန်းသန့်စင်သည့်ပန်းများကိုဆက်ကပ်လှူဒါန်းခြင်းသည်..“မျက်နှာမြင် ချစ်ခင်စေမည့် အကျိုးကို ယခုဘဝတွင်ပင်မုချ ရရှိနိုင်ပေမည်။”“မိမိ၏ဂုဏ်သတင်းကျော်ဇောမှုသည်လည်း လူသတင်းလူချင်းဆောင်လျက်ပန်းရနံ့ ကဲ့သို့ပြန့်နှံ့မည် ” ဖြစ်ပေတော့သည်။
“ရေ ချမ်း” ရေ သည် အေးမြခြင်း၊စီးဆင်းခြင်း၊ကြည်လင်စေခြင်း၊သန့်ရှင်း စင်ကြယ်စေခြင်း၊စုစည်းမှုကိုပေးခြင်း၊စိုပြေလန်းဆန်းစေခြင်း၊ဆာလောင်မွတ်သိပ်မှုကိုပြေပျောက်စေနိုင်ခြင်း စသည့်ဂုဏ်ရည်သတ္တိများရှိ၏။“ရေအသက်တစ်မနက်”ဆိုသကဲ့သို့ ရေသည် လူတို့အသက်ရှင်ရန်အတွက် မရှိမဖြစ်လိုအပ်သောဓာတ်တစ်မျိုးဖြစ်ပေသည်။
သို့အတွက် ဘုရားရှင်အားဆက်ကပ်မည့် “သောက်တော်ရေချမ်း” ကို အမှုံ အမွှား ကင်းစင်အောင်သေချာစွာစစ်၍ ၊သန့်ရှင်းသောခွက်တွင်ထည့်ပြီးရိုသေလေးမြတ်စွာဆက်ကပ်ပါက...အထက်ကပြဆိုခဲ့သော ရေ၏ ဂုဏ်သတ္တိ များ ကို သင် မုချရရှိပေမည်။
အထူးသဖြင့် ..အသက်ရှည်ခြင်း၊အသားအရည်စိုပြေခြင်း၊ စိတ်အေးချမ်းခြင်း၊စိတ်ကြည်လင်ချမ်းမြေ့ခြင်း၊အငတ်ဘေးမကြုံခြင်း၊ဆွေမျိုးမိတ်သင်္ဂဟ ပေါများခြင်း၊ခေါင်းဆောင်နိုင်မှုစွမ်းရည်၊အတွေးအကြံများနှင့်ကျင့်စဉ်များတွင် မောဟကင်းခြင်း ..စသော အကျိုးတို့ကိုယခုလက်ရှိဘဝမှာပင် ခံစားရပေမည်။
ရေလှူအကျိုး(၁၀)ပါးရှိသည်ကို အရွယ်ရောက်ပြီး ဗုဒ္ဓဘာသာဝင်တိုင်းသိ၏ ။ ဤအကျိုး(၁၀)ပါးသည် အလှူခံပုဂ္ဂိုလ်က ရသောအကျိုးများသာဖြစ်၏။ဒါနပြုသူအနေနှင့်မူ ဤရေဒါနကြောင့် အလှူခံပုဂ္ဂိုလ်သည် ဤအကျိုးကျေးဇူးများကိုခံစားရပေသည်။ရရှိပါပေသည်ဟု နှလုံးသွင်းလျက် ဖြစ်ပေါ်လာသော ပီတိကိုပွားများရာ၏။
ကျနု်ပ်၏ လက်တွေ့လုပ်ဆောင်ချက်များအရ ၊ဘုရားသောက်တော်ရေခွက် သည် ဖန်ခွက် အစား ကြေး(ကြီး)ခွက်ကို အသုံးပြုလျှင် ပိုမိုအကျိုးပေးမြန်ကြောင်း သိရှိရပါသည်။
ပန်း၊ရေချမ်း၊ဆီမီး ၊အလင်းတိုင်များဖြင်ဘုရားရှင်အားဆက်ကပ်လှူဒါန်း ရသောဤဒါနသည် ငွေကုန်ကြေးကျအနည်းဆုံးဖြင့် ၍ နေ့စဉ်နေ့တိုင်း အိုးမကွာ အိမ်မကွာ ကရိကထမများဘဲ ပြုလုပ်နိုင်သော ဒါနမျိုးဖြစ်ပေရာ.အာစိဏ္ဏကံမြောက်ဒါနလည်းဖြစ်ပေ၏။ညောင်သီးလောက်လှူ၍ ညောင်ပင်ကြီးလောက်ရနိုင်သည့်အလှူမျိုးဖြစ်ပေသည်။အထူးအကြံပေးလိုသည်မှာ.....ဗုဒ္ဓဘာသာဝင်မိဘများအနေဖြင့် မိမိနေအိမ်ရှိဘုရားကို ပန်း၊ရေချမ်း၊ဆီမီး ကပ်လှူရသောအလုပ်ကိုတစ်ဦးတစ်ယောက်တည်း ပုံမှန်မလုပ်ဆောင်ဘဲ မိသားစုဝင်အားလုံးပုံမှန် အာစိဏ္ဏကံ ကုသိုလ်ရကြလေအောင် ဆောင်ရွက်ကြပါဟု အကြံပြုပါသည်။မိမိပြုသည့်“ကံ” မိမိထံ အမှန် ပဲ့တင်ပြန် လိမ့် မည် ”ဟုသင်ယုံကြည်လျှင်........ဘုရားရှင်ထံချဉ်းကပ်စဉ် မှ ဒါနပြုပူဇော်ပြီး ပြန်ထွက်လာ သည်အထိ “ကံ”သုံးပါးစလုံး သည် ဂါရဝတရားအပြည့်ဖြင့်ရိုသေလေးမြတ် ကျိုးနွံ စွာ ကျင့်ဆောင် ဒါနပြုကြပါစို့။
ပန်း၊ရေချမ်း၊ဆီမီး ၊အလင်းတိုင်များဖြင်ဘုရားရှင်အားဆက်ကပ်လှူဒါန်းပူဇော်၍”အရဟံ” ဂုဏ်တော်ပုတီး ၉ ပတ် ရွတ်ဆိုပွားများမည်ဆိုလျှင်.....ရန်သူပင် ချစ်ခင်စိတ်ဝင်လာမည်ဖြစ် ၍ အထက်ပြဆိုခဲ့သော ပန်း၊ရေချမ်း၊ဆီမီးတို့၏အကျိုးများကို မုချ ရကြမည်ဖြစ်ပေတော့သည်။အကျိုးကျေးဇူးမခံစား ရပါက သင်၏ လုပ်ဆောင်ချက်“ကံ” သုံးပါးတွင်တစ်ခုခုလွဲချော်နေ၍ ဖြစ်ပေမည်။
တောင်းသည့်ဆုများပြည့်ကြပါစေ။ ဆုတောင်းတိုင်းလည်းပြည့်ကြပါစေ။အရိုးကိုဖြတ်လျှင်အခက်အလက်ဝေဆာ၊အညွန့်ကိုချိုးလျှင် ရွက်သစ်ဝေစည် တတ်သော၊ သံယောဇဉ် မေတ္တာဖြင့်.... လွင့်မောင်မောင်(ထားဝယ်)
Post a Comment