Home » , » ချိုမြိန်သောသစ္စာ (အပိုင်း ၂) မေဇူး

ချိုမြိန်သောသစ္စာ (အပိုင်း ၂) မေဇူး

Written By လွင့်မောင်မောင် on Monday, April 14, 2014 | 5:11 AM

 
ဒုတိယသင်္ကြန်အကြတ်နေ့   ၁၅.၄.၁၂

        ဒီနေ့ မနက် ၉နာရီထဲက သူအိမ်ကိုရောက်နေခဲ့ကာ ဖေဖေ့ပန်းချီကားထဲမှ ပြပွဲတွင်ပြရန်အဆင်ပြေသော ပန်းချီ ကားချပ်တွေ ကို ရွေးထုတ်ကာ တစ်နေရာမှာပုံသည်။ အမေကတော့ ဖေဖေ့လို ပန်းချီဝါသနာပါတာတစ်ခုထဲနဲ့ တင် သူ့ အပေါ် ဆက်ဆံရေး က ချောမွေ့ သွားခဲ့သည်။ ဖေဖေ့ရဲ့ ပြီးလုဆဲဆဲ အဆုံးမသတ်ရသေးသော ပန်းချီကားတစ်ချပ်ကို သူ အဆုံးသတ်ကြည့်ချင်ပါသည်ဟု အမေ့ထံခွင့်တောင်းသည်။ အမေ စိတ်ဆိုးသွားမှာ ဒေါသတကြီးတုံ့ ပြန်လိုက်မှာ သူမ စိုးရိမ်ခဲ့ပေမဲ့ အသာတကြည်ပဲ “ဆွဲကြည့်လေသား” ဆိုသောအသံက သူမကို အံ့သြစေသည်။ သူ့ ကို ခင်မင်တွယ်တာ သွားမိတာမှန်ပေ မဲ့ ဖေဖေ့ပန်းချီကိုဆက်ဆွဲသည်အထိ ပိုင်စိုးပိုင်နင်းနိုင်မှုကို သူမ မကြိုက်။ တကယ်လို့  သူသာ အဆွဲ မတော်ခဲ့ပါလျှင် အဖေ့ပန်းချီကားလေးဆုံးရှုံးသွားရမှာကို သူမ မလိုလားခဲ့။

          ထူးဆန်းစွာပင် ဖေဖေ့ရေးလက်စ ပန်းချီကား ညနေခင်းဆည်းဆာအောက်က တောင်သမာန်အင်းရှုခင်းကို သူ စိတ်ပါဝင်စားစွာ ဆက်ဆွဲခဲ့ပါသည်။ သူမရော အမေပါ သူ့ ဘေးနားမှာ စိတ်လှုပ်ရှားစွာ ရပ်ကြည့်နေခဲ့မိသည်။ ထိုပန်းချီ ကားပြီးသွားချိန်မှာ လူနှစ်ယောက်ပေါင်းစပ်ရေးဆွဲခဲ့သောပန်းချီကားဟု မထင်ရလောက်အောင်ပင် ဖေဖေ့လက်ရာအလား ပြီးဆုံးသွားသည်ကို တွေ့ လိုက်ရသည်။ အမေ့ရဲ့ ၀မ်းသာမျက်ရည်ကို သူမ မြင်ရသည်။ အမေသည် အချိန်တိုအတွင်းမှာ ပင် သူ့ ကို သားတစ်ယောက်ကဲ့သို့  ခင်တွယ်သွားခဲ့လေသည်။ ဒါဆို သူမကရော…………… ။

          သူမတို့ သားအမိနှစ်ယောက်ရဲ့ကမ္ဘာထဲကို သူဝင်လာပုံက မြန်ဆန်သပ်ရပ်လွန်းလှသည်။ ထိုနေ့ ကလည်း ဘယ် မှမသွားပဲ တံတားပေါ်က ဇရပ်လေးမှာတင် သူကပန်းချီဆွဲရင်း သူမက အနားမှာစကားထိုင်ပြောရင်းဖြင့် တစ်ရက်ကုန်ဆုံး သွားပြန်သည်။ ညနေခင်းမှောင်လာတော့ အိမ်ပြန်ရမှာကိုပင်စိုးရိမ်လာမိသည်။ သူ့ ကို ခွဲခွာရမှာစိုးသောကြောင့်ဖြစ်သည်။


သင်္ကြန်အတက်နေ့  ၁၆.၄.၁၂

          “ဒီနေ့  မွေးနေ့ မှာ ညီမလေးဆီက တောင်းဆိုစရာရှိတယ်”

          “ဘာလဲပြောလေ။ လုပ်နိုင်တာဆို လုပ်ပေးပါ့မယ်” လို့ ဆိုတော့

         “ဒီနေ့  ညီမလေးနဲ့ အတူ စက်ဘီးစီးချင်တယ်။ ဦးပိန်တံတားကိုဆုံးအောင်လျှောက်ချင်တယ်” ဟု ကလေးဆန်စွာ ဂျီကျသည်။

           ဒါကြောင့်ပဲ ဒီနေ့ ဆိုင်သွားချိန်မှာတော့ သူနင်းသော စက်ဘီးအနောက်တွင်ကာ သူမထိုင်ကာ လိုက်ပါလာရင်းမှပင် အချိန်တိုအတွင်းမှာ လူတစ်ယောက်ကို သူမဘ၀အတွင်းသို့  ဇွတ်အတင်း ပစ်သွင်းလိုက်သလိုများဖြစ်သွားပြီလား ဟု တွေးနေ မိပြန်သည်။  သူ့ ရဲ့ ဒုတိယဆန္ဒတစ်ခုဖြစ်သော ဦးပိန်တံတားဆုံးအောင် လမ်းလျှောက်ကြချိန်မှာတော့ မျက်ဝန်းညိုညိုအကြည့် စိုစိုတို့ ဖြင့် သူမကိုရင်ခုန်စေသောစကားများ သူပြောကြားခဲ့လေသည်။

          “ညီမလေးကို ကိုယ်ချစ်တယ်”  မသွယ်ဝိုက်သော သူ့ ရဲ့ချစ်စကား။

          “မနက်ဖြန် နှစ်ဆန်းတစ်ရက်နေ့ ကျရင် ကိုယ့်ကို အဖြေပေးနော်” တဲ့

          “တစ်ရွာသားကို ရည်းစားလုပ်ဖို့  ညီမလေး မစဉ်းစားရဲပါဘူး။ ကိုကို မန္တလေးကပြန်သွားတာနဲ့  ညီမလေးတို့  အဆက်အသွယ်ပြတ်သွားကြတော့မှာလေ။ ”

          “အခုခေတ်ကဘာခေတ်မို့ လဲ ညီမလေးရယ်။ ညီမလေးက သာမန်ကျေးတောသူလေးတစ်ယောက်မှမဟုတ်တာ။ တက္ကသိုလ်ကျောင်းသူတစ်ယောက်ပဲ။ ကိုယ်တို့ မှာ ဆက်သွယ်စရာ ဖုန်းတွေအင်တာနက်တွေ ဒီလောက်ပေါနေတဲ့ခေတ် မှာ ရန်ကုန်နဲ့ အမရပူရဆိုတာ နီးနီးလေးပါ။ ညီမလေးစဉ်းစားရမှာက ကိုယ့်ကိုပြန်ချစ်မချစ် မနက်ဖြန်မှာအဖြေပေးဖို့ ပါပဲ။”

          “မြန်လိုက်တာ။ မနက်ဖြန်ဆိုတော့”

         “မမြန်ပါဘူး ညီမလေးရယ်။ အချိန်ဆိုတာထက် ကိုယ်တို့ နှစ်ယောက် တစ်ကယ်ချစ်ဖို့ ပဲလိုတာပါ။ တကယ်လို့  ကိုယ်တို့ နှစ်ယောက် ချစ်သူဖြစ်သွားပြီးရင် စိတ်ချ။ ကိုယ်ရန်ကုန်ပြန်ရောက်တာနဲ့  မေမေ့ကို ပြန်ပြောပြပြီး ညီမလေးကို လာတောင်းခိုင်းမယ်”

          “အယ် ညီမလေးက ကျောင်းတောင်မပြီးသေးတာ။ ပြီးတော့ အမေနဲ့  မောင်လေးတွေကို ကြည့်ရှုစောင့်ရှောက်ရ မယ့်ဝတ္တရား ညီမလေးမှာ ရှိသေးတယ်လေ။”

          “ညီမလေးစိတ်ချအောင် မေမေ့ကို ညီမလေးမေမေဆီခေါ်လာပြီး ကိုကိုတို့ စေ့စပ်ထားမယ်လေ။ ဒါဆိုရင် ကျေနပ်ပြီ လား။ လောလောဆယ် ကိုကို့ ကို ချစ် မချစ် အဖြေပေးဖို့ သာ စဉ်းစားထား။ မင်္ဂလာရှိတဲ့နှစ်သစ်မှာ ညီမလေးရဲ့ ချစ်တယ်ဆိုတဲ့ အဖြေကိုပဲကြားချင်တယ် ဟုတ်ပြီလား။ နောက်ပြီး ဒီညအိမ်ပြန်ရင် ညီမလေးရဲ့ ပန်းချီကားလေးကို ကိုယ်ယူသွားအုံးမယ်။ ပန်းချီ ကားက ပြီးတော့ပြီးနေပြီ။ ဒါပေမဲ့ ပန်းချီကားထဲကညီမလေးရဲ့မျက်လုံးထဲမှာ တစ်ခုခုလိုနေသေးသလို ခံစားရလို့  ညကျရင် ညီမလေးရဲ့မျက်နှာကို စိတ်ကူးထဲပုံဖော်ပြီး ထပ်ဖြည့်ဆွဲလိုက်အုံးမယ်။ မနက်ဖြန်ကျမှ ပြန်ယူလာခဲ့ မယ်နော်။”

          ဒီလိုနဲ့  သူနဲ့ အတူရှိနေခဲ့သော နေ့ ရက်တစ်ရက် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြန်သည်။


နှစ်ဆန်းတစ်ရက်နေ့  ၁၇.၄.၁၂

          ဒီနေ့ နှစ်ဆန်းတစ်ရက်နေ့ ဆိုတော့ အမေက အကြော်ဆိုင်ပိတ်ကာ ဘုန်းကြီးကျောင်းသွားသည်။  သူလာရင်စား ဖို့ ဆိုပြီး မနက်စာစီစဉ်ပေးခဲ့သေးတာမို့  အမေ့ကို အကဲပိုရန်ကောဟု သူမ စမိသေးသည်။

          သူလာမည့်လမ်းကို မျှော်ရင်း သူမ ထိုင်လိုက် ထလိုက်။ ဒီနေ့  သူမလည်းဆိုင်မထွက်။ သူလာလျှင် မန္တလေးကို အတူသွားကာ သူမ မရောက်တာကြာပြီဖြစ်သော ဘုရားကြီးနှင့်မန္တလေးတောင်လိုက်ပို့ ပေးမည်ဟု မေမေ့ထံမှ မနေ့ ထဲ ကခွင့်တောင်းထားသည်။ ဒါကြောင့်ပဲ သူမ ပို၍စိတ်လှုပ်ရှားနေမိသည်။

          နေပူမှာစိုးလို့  မနက် ၈နာရီထဲမှလာခေါ်မည်ဆိုသောသူ နေ့ လည်၁၁နာရီအထိရောက်မလာတော့ သူမ ဘာလုပ် ရမယ်မှန်း မသိ။ လမ်းမှာ ဆိုင်ကယ်များပျက်လို့ လား။  .....လား။  ......လား။  လားပေါင်းများစွာဖြင့် သူမတစ်ယောက်ထဲ ယောက်ယက်ခတ် ပူလောင်နေမိသည်။ သူ့ ကိုရန်ကုန်မှာနေတယ်ဆိုတာနှင့် သူ့ နာမည်ကလွဲရင် သူမ သိတာ ဘာမှမရှိ။ ယုတ်စွအဆုံး သူကိုင်နေသော ဖုန်းနံပါတ်ကိုတောင် သူမ မသိ။
          သင်္ကြန်မှာဖြစ်သောဇာတ်မို့  သင်္ကြန်ပြီးချိန်မှာ ပြီးဆုံးပျောက်ပျက်သွားခဲ့ပြီလား။ ဟင့်အင်း မဖြစ်နိုင်ပါ။ သူ ဒီလို လူစားမျိုး မဟုတ်လောက်ပါ။ ဖေဖေ့အတွက်ပန်းချီပြပွဲကိုလည်း သူ မပြန်ခင် စီစဉ်ပေးခဲ့အုံးမည်လို့ ပြောခဲ့သေးသည်။ သူမထံမှလည်း သူ အဖြေတောင်းရအုံးမည်။ သူနဲ့  သူမမှာ ရှေ့ ဆက်စရာအကြောင်းအရာများစွာရှိပါသေးသည်။ အတွေး များနှင့်ယောက်ယာက်ခတ် ကာ ၀င်လိုက်ထွက်လိုက်နှင့် ဘယ်နှစ်နာရီထိုးမှန်း သူမ မသိ။ ညနေစောင်းလို့ အမေတောင် ဘုန်းကြီးကျောင်းက ပြန်လာခဲ့ပြီ။

          “သမီး မန္တလေးက ပြန်ရောက်လာပြီလား ” မေးပြီးပြီးချင်းမှာပဲ သူမမျက်နှာကအရိပ်အကဲကို အမေ ဖတ်နိုင်သွားခဲ့သည်။

          “ဖိုးသင်္ကြန်မအားတာလည်း ဖြစ်နိုင်တာပဲလေ။ သူ့ မှာ တခြားကိစ္စတွေလည်း ရှိနေနိုင်တာပဲ။”

          ဟင့်အင်း။ မဖြစ်နိုင်ပါ။ သူမဆီက အဖြေတောင်းထားပြီး ဒီနေ့ ပန်းချီကားလေး ပြန်လာပေးမယ်ပြောသွားသော သူ့ မှာ ဒီထက် (တိတိကျကျပြောရလျှင်) သူမထက် ပိုအရေးကြီးသော အခြားအကြောင်းအရာ မရှိနိုင်ပါ။ သူမကို ညာတာ မဟုတ်ဘူးဆို ရင်ပေါ့။ သူ မညာဘူးဟု မသိစိတ်က တင်းခံယုံကြည်သည်။

          “သင်္ကြန်မှာမန္တလေးကိုလာလည်တယ်။ လာလည်တုံးမှာ သူမလို လမ်းဘေးဈေးသည်ကောင်မလေးနဲ့  တွေ့  တယ်။ ချောချောလေး မို့ တွေ့ တော့ ကြိုက်သွားတယ်။ ဒါပေမဲ့အချိန်တန်လို့  အိမ်ပြန်သွားတော့လည်း ဒါဟာသယ်သွားလို့  ရတာ မှမဟုတ်ပဲ။ သင်္ကြန်ဇာတ်လမ်းကို သင်္ကြန်မှာပဲထားခဲ့ပြီး ရန်ကုန်ပြန်သွားတာလည်းဖြစ်နိုင်တာပဲလေ။ ရန်ကုန်လိပ်စာ မပြော နဲ့ ။ မန္တလေးဘယ်နားမှာတည်းလဲဆိုတာတောင် မေးမထားမိခဲ့ဘူး။ မေးရလောက်လည်း သံသယတွေမရှိခဲ့ပါဘူး ကိုကို ရယ်။ ခုတော့………. ”  အတွေးများဖြင့် သူမယောက်ယတ်ခတ်နေဆဲ။

          ဒီလိုနဲ့  မှောင်ရီပျိုးခဲ့ပြီ။ ထုတ်မပြောပေမဲ့ သူမနဲ့ ထပ်တူမကျရင်တောင် သူမလိုပဲ ကိုကို့ ကိုမျှော်နေတဲ့ အမေ လည်း စိတ်ပုတီးလေးဆွဲပြီး အသံတိတ် ဘုရားခန်းထဲဝင်နေခဲ့ပြီ။ သူမမှာသာ ဆိုင်ကယ်သံကြားတိုင်း ထထကြည့်နေမိ သည်။

          ည၇နာရီကျော် ........... သူမစိတ်လျှော့လိုက်ပါပြီ။ ကိုယ့်ကိုကိုယ် အညာခံလိုက်ရပြီဟုလည်း ယူဆလိုက်ပြီ။ စိတ်လျှော့ချလိုက်တာနှင့် မျက်ရည်တို့ က ပိုးပိုးပေါက်ပေါက်ကျလာခဲ့သည်။

          ည၈နာရီ .............. သူမ ခြင်ထောင်ထဲရောက်နေခဲ့ပြီ။ မောင်ငယ်နှစ်ယောက်ရဲ့ ဆူညံစွာငြင်းခုန်သံတွေကို နား ထောင်ရင်း နားထဲမှာဆိုင်ကယ်သံညက်ညက်လေးတစ်ခုကို ကြားလိုက်ရသည်။ မဖြစ်နိုင်မှန်းသိရက်နှင့်တမ်းတမိပြန်ပြီဟု ကိုယ့်ဘာသာ ငြိုငြင် မိသည်။

          “ဒီအိမ်က အေးမတို့ အိမ်ပါလားခင်ဗျာ”

          မမှားနိုင်။ ဒါတော့ မမှားနိုင်တော့။ “ဟုတ်ပါတယ်” ဆိုသောမောင်အငယ်ရဲ့အသံအဆုံး ၀ုန်းကနဲအိမ်ရှေ့ ကို သူမ ရောက်သွား ခဲ့သည်။ အိမ်ရှေ့ မှာမြင်လိုက်ရသောတစ်ယောက်က သူမတို့ ပြသနာဖြစ်တဲ့နေ့ က အတူပါလာသောသူ။ နောက်နေ့ တွေမှာလည်း ကားပေါ်မှာပါလာသော ကိုညီခဆိုသော ကိုကို့ ရဲ့အကိုတစ်ဦး။ သူ့ ကို အတွေ့ မှာ ဘယ်လိုမှ ဟန်မဆောင်နိုင်စွာဖြင့်

          “ကိုကိုရောဟင် အကို ကိုကိုရော” သူမရဲ့ အလုအယက် မေးခွန်းအဆုံးမှာ သူ့ မျက်နှာ ပို၍ မှိုင်းညို့သွားပါသည်။

          “အေးမကို ဖိုးသင်္ကြန်ပေးခိုင်းလိုက်တာ” သူ့ လက်ထဲက ပန်းချီကားကိုလှမ်းအယူ ပန်းချီကားပေါ်မှာ ပေနေသော သွေးစ အချို့ ကို မြင်ရသည်။ ဘုရားရေ ကိုကို ဘာဖြစ်ပြီလဲ။

          “မနေ့ ညနေက ဖိုးသင်္ကြန် တောင်သမာန်ကအပြန်မှာ အေးမပုံ ဒီပန်းချီကားလေးကိုကိုင်င်္ပြီး ကျွန်တော်တို့ ဆီ ရောက် လာခဲ့တယ်။ အဲဒီမှာအေးမကို ဟိုတနေ့ က ဆွဲလားရမ်းလားလုပ်ခဲ့တဲ့ အာကာလည်း ရှိနေခဲ့တယ်။ အာကာက ပန်းချီကား အကြောင်းမေးတော့ ဖိုးသင်္ကြန်က အေးမနဲ့ သူ့ အကြောင်းကို အမှန်အတိုင်းပြောပြလိုက်တယ်။ အာကာက ကျွန်တော့်သူငယ်ချင်း ဆိုတော့ သူ့ အကြောင်းကို ကျွန်တော် ကောင်းကောင်းသိတယ်။ သူက နာမည်ကျော်လူမိုက်။ လက်ရဲဇက်ရဲသမား။  မနက်ဖြန် မနက်ပိုင်း အေးမနဲ့ ချိန်းထားတဲ့အကြောင်းပြောနေတဲ့ ဖိုးသင်္ကြန်ကိုကြည့်ပြီး အာကာမျက်နှာပေါ် ကဖြစ်ပျက်နေတဲ့ အပြောင်းအလဲ ကို ကျွန်တော်မကြိုက်ဘူး။ ဒါကြောင့် မနက်ဖြန်အေးမဆီသွားရင် ကျွန်တော် ပါလိုက်မယ်လို့  ပြောထားခဲ့တယ်။ အာကာ့အကြောင်းကိုတော့ သူ့ ကို မပြောပြလိုက်မိဘူး။ ကျွန်တော်နိုးလာတော့ သူက မရှိတော့ဘူး။ နေပူမှာစိုးလို့ ဆိုပြီး အိမ်ကအစောကြီးထွက်သွားခဲ့ပြီ။

          ဒါကြောင့် သူ့ ကို စိတ်မချတာနဲ့  ကျွန်တော်ချက်ချင်းလိုက်လာတာ။ ထင်တဲ့အတိုင်းပဲ။ အာကာနဲ့ သူ့ သူငယ်ချင်း တွေက မြို့ အထွက်မှာ ဖိုးသင်္ကြန်ကို ပြဿနာရှာပြီး ၀ိုင်းရိုက်ကြတယ်။ အာကာရိုက်လိုက်တဲ့ဒုတ်က ဖိုးသင်္ကြန်ရဲ့နောက်စိ ကို ပြင်းပြင်းထန်ထန် ထိသွားချိန်မှာ ဒီကောင်တွေ ထွက်ပြေးသွားကြတယ်။ ကျွန်တော်ရောက်လာတော့ ထွက်ပြေးသွား တဲ့ အာကာရဲ့ ဆိုင်ကယ်နောက်မြီးကိုပဲမြင်လိုက်ရတယ်။

          ဖိုးသင်္ကြန်ကို ချက်ချင်းဆေးရုံပို့ ဖို့ စီစဉ်ခဲ့တယ်။ သူ့ ဒဏ်ရာက ပြင်းတယ်။ လမ်းမှာလည်း သွေးကအရမ်းထွက်နေ တယ်။ ရောက်တာနဲ့ သွေးတွေသွင်းရတယ်။ ရဲစခန်းမှာလည်း တိုင်ချက်ဖွင့်ထားတယ်။ ခု အာကာနဲ့  သူ့ သူငယ်ချင်းနှစ်ယောက် ကိုဖမ်းလိုက်ပြီ။ ဖိုးသင်္ကြန်ရဲ့အိမ်ကိုလည်း လှမ်းအကြောင်းကြားရ တယ်။ အေးမကိုသတိရပေမဲ့ ဘယ်လိုဆက်သွယ် ရမယ်မှန်း ကျွန်တော် မသိဘူး။

          ဖိုးသင်္ကြန်က သတိရတချက် မရတချက်မို့  အနားကလည်း မခွာရဲဘူး။ သူသတိတစ်ချက်ပြန်အလည်မှာ အေးမရဲ့ အိမ်လိပ်စာပေးပြီး ဒီပန်းချီကားလေးကို သွားပေးဖို့ မှာခဲ့တယ်။ အရိုက်ခံရတုံးကရတဲ့ဒဏ်ရာကသွေးတွေနဲ့  ပန်းချီကား ရဲ့ ထောင့်လေးမှာ အသည်းပုံလေး သူ သတိမလစ်ခင်က ဆွဲထားတယ်တဲ့။ အေးမကိုလည်း သူ အရမ်းချစ်ပါတယ်တဲ့။  ဒါပေမဲ့ .................. ” ပြောရင်းတိမ်ဝင်သွားတဲ့ စကားသံအောက်က ကိုကိုရဲ့ကံကြမ္မာကို သူမ မကြားရဲဘူး။

          “မပြောနဲ့  ................  မပြောပါနဲ့ ”

          သူမရှိတော့ဘူးလို့  သူမကို မပြောလိုက်ပါနဲ့ ။ မပြောကြပါနဲ့ ။ သူရှိနေတယ်။ သူမရင်ထဲမှာ သူအမြဲရှိနေမှာပါ။ ပြီးတော့ သူ ပြန်လာမှာပါ။ တစ်နေ့ နေ့ မှာ သူမဆီကိုရောက်အောင် သူ ပြန်လာမှာပါ။

          သူထပ်ဖြည့်ဖို့ ကျန်သေးတယ်ဆိုပြီးယူသွားတဲ့ပန်းချီကားမှာ သူဖြည့်ခဲ့တာက သူမရဲ့ ဆွေးမြည့်တဲ့မျက်ဝန်းတွေ ဘာကြောင့်ဖြစ်နေခဲ့ရတာလဲ။ သူမသူ့ ကို ကြည့်နေကြချစ်ရည်ရွှန်းလဲ့တဲ့မျက်ဝန်းတောက်တောက်တွေမဟုတ်ပဲ အဆွေး မျက်ဝန်းတွေဘာကြောင့်ဖြစ်နေခဲ့ရတာလဲကိုကိုရယ်။ ကံကြမ္မာကို ကြိုများသိခဲ့လေသလား။

           ပန်းချီကားထောင့်က အသည်းပုံခပ်ရဲရဲလေးကိုကိုင်ကြည့်မိတယ်။ ဘယ်တော့မှ ခြောက်သွေ့ သွားမှာမဟုတ်တဲ့ ကိုကိုရဲ့ နှလုံးသွေးတွေ၊ ကိုကိုရဲ့ မေတ္တာသွေးစက်တွေ ...............

          သူ ပြန်လာမှာပါ။ သူမတို့ ပန်းချီပြပွဲတွေလုပ်ရအုံးမယ်။ သူ့ ကို အဖြေပြန်ပေးရအုံးမယ်။ သူ့ မေမေ့ကို ခေါ်လာပြီး စေ့စပ်ပွဲ လုပ်ရအုံးမယ်။ သူမတို့ နှစ်ယောက်မှာ လုပ်စရာကိစ္စတွေ အများကြီးရှိသေးတာမို့  သူမဆီကို သူ သေချာပေါက် ပြန်လာမှာပါ။
သူပြန်လာမှာပါနော်။

          “အေးမ”

           “သမီး” ကိုညီခနဲ့ မေမေ့ရဲ့အော်သံကို သူမ နောက်ဆုံးကြားလိုက်မိတာများလား။ မသေချာပေ။

                                                xxxxxxxxxxx

နှစ်ဆန်းတစ်ရက်နေ့  ၁၇.၄.၁၃

          အတိတ်ကဒဏ်ရာများကို မမေ့နိုင်လို့  တောင်သမာန်အင်းနှင့် ဦးပိန်တံတားဆိုရင် စကားပင်အစမခံခဲ့သော ညီခ တစ်ယောက် ဒီနေ့ နှစ်ဆန်းတစ်ရက်နေ့ မှာ တိုက်ဆိုင်လွန်းစွာ ဖိုးသင်္ကြန်ကို သတိရစိတ်ဖြင့်ဘယ်လိုမှ မနေနိုင်လွန်းစွာ ဒီကိုရောက်ခဲ့တာဖြစ်သည်။ သူတောင် အတိတ်တစ္ဆေချောက်လှန့် ခံရဆဲဆိုရင် ကာယကံရှင် သူမကရော။ သူမ ဘယ်လို ရှင်သန်နေထိုင်ရပ်တည်နေခဲ့ပါသလဲ။ ပုထုဇဉ်ပီပီ ကိုယ့်ညီကိုမမေ့နိုင်စိတ်ဖြင့် တောင်သမာန်အင်းကိုပါ မေ့ထားခဲ့မိသူက ညီခရယ်သာ။

           ဒီနေ့ မှာတော့ ဒီနေရာမှာ သူမရှိနေမယ်မှန်းသိပါရက်နှင့် ရင်မဆိုင်ရဲစွာ သို့ သော် မတွေ့ ပဲနဲ့ လည်း ပြန်မသွားရက်စွာနှင့် သူလာခဲ့တာဖြစ်သည်။ ခုတော့ တံတားပေါ်မှာ ဘယ်လိုမှပြေးမလွတ်စတမ်း သူမနဲ့ တွေ့ လိုက်ရချိန်မှာ သူ ဘာပြောရမလဲ။ သူမကို နာကျင်စေမည့် အမှန်တရားဆိုသည့် ခါးသက်သက်စကားလုံးများကိုပြောချရမည်လား။ ဒါမှ မဟုတ် သူမကို တဒင်္ဂစိတ်သက်သာစေ မှာဖြစ်ပေမဲ့ တစ်သက်လုံးစာ သူမဘ၀ကိုချုပ်နှောင်ထားသလိုဖြစ်စေမည့် မုသား စကားလုံး ချိုချိုများကို ပြောရမည်လား။

           တကယ်တော့ သူထင်သလို မဟုတ်ခဲ့ပါ။ သူ့ ဆီကို ဦးတည်လာနေသည်ဟုထင်ရသော သူမခြေလှမ်းများကသူ့   ကို ကျော်လွန်ဖြတ်သန်းသွားခဲ့သည်။ သို့ သော် သူမမျက်နှာမှာတော့ အချိုသာဆုံးအပြုံးများနှင့်

          “ကိုကို ဘယ်တွေလျှောက်သွားနေတာလဲဟင်။ ကိုကို့ ကို ညီမလေး စောင့်နေခဲ့တာ။ သူများတွေက ကိုကိုပြန်မလာနိုင်တော့ ဘူးလို့ ပြောပေမဲ့ ညီမလေး မယုံခဲ့ပါဘူး။ တချိန်ချိန်ကျရင် ညီမလေးဆီ ကိုကိုရောက်အောင် ပြန်လာမယ် ဆိုတာ ညီမလေးသိနေ ခဲ့ပါ တယ်ကိုကိုရယ်။ အထူးသဖြင့် ကိုကိုလာမယ်ပြောတဲ့ နှစ်ဆန်းတစ်ရက်နေ့ မှာပေါ့။ ဒီနေ့ မှာ ညီမလေးဆီကို အဖြေတောင်းဖို့  ကိုကိုပြန်လာလိမ့်မယ်လို့  ညီမလေး ယုံကြည်နေခဲ့တယ်။ ညီမလေးလည်း ကိုကို့ ကို အရမ်းချစ်ပါ တယ်နော်။ နောက်ပြီး ဒီတစ်ခါ ကိုကို ပန်းချီဆွဲပေးရင် ညီမလေးကို ပြုံးပြုံး လေးဆွဲပေးနော်။ ဒီပန်းချီကားလေးထဲက လို ဆွေးမြည့်နေတဲ့ အငိုမျက်လုံးနဲ့ ပုံတော့ ညီမလေး မလိုချင်တော့ဘူး။ ရော့  ကိုကို့ ပန်းချီကားကို ကိုကိုပဲပြန်ယူလိုက်တော့”

            တတွတ်တွတ်ကြားနေရသောစကားသံကြောင့် သူ ပတ်ဝန်းကျင်ကို မျက်စိဝေ့ကြည့်မိသည်။ လောလောဆယ် တော့ ဒီဇရပ်ထဲမှာ သူမနှင့်သူ နှစ်ယောက်ထဲသာရှိသည်။ သူမပြောနေသူမှာ သူ မဟုတ်ဘူးဆိုပါလျှင်…………………။ ညီခတစ်ယောက် ကြက်သီးဖြန်းကနဲ ထသွားမိသည်။

            သူမကတော့ တစ်စုံတစ်ယောက်ကို ပန်းချီကားလေးကမ်းပေးကာ စကားတတွတ်တွတ်ပြောနေဆဲ။ ဒါကြောင့်ပဲ ဖြစ်ပျက် ခဲ့သော စိတ်ထိခိုက်စရာအဖြစ်အပျက်များကို လက်မခံချင်သောစိတ်ဖြင့် သူမရဲ့စိတ်တွေဟာ တခါတရံမှာ ပုံမှန် မဟုတ်တော့ဘူး ဆိုသော သူမမေမေနှင့် ပတ်ဝန်းကျင်ကပြောလိုက်သောစကားများကို ညီခလက်မခံချင်ပါပဲ လက်ခံလိုက် ရလေသည်။

          ဒီအဖြစ်အပျက်မှာ အာကာရဲ့ ဘာမဟုတ်တဲ့ တဒင်္ဂမိုက်မဲမှု စိတ်ထွက်ပေါက်အောက်မှာ ပျက်စီးသွားသောဘ၀က ၃ခုတောင်။ အာကာကိုယ်တိုင်လည်း ခုချိန်မှာဥပဒေရဲ့အဆုံးအမကိုခံယူကာ သံတိုင်များကြားတွင် သူ၏နုပျိုသောနေ့ ရက်များကို ပေးဆပ်နေခဲ့ ရပြီ။ ဖိုးသင်္ကြန်ဆိုသော သူ့ ညီလေးကတော့ ဆုံးပါးသွားခဲ့တာ ဒီနေ့ မှာတစ်နှစ်တင်းတင်းပြည့်ခဲ့ပြီ။ ဒီအဖြစ်အပျက်တွေထဲမှာ သနားစရာ အကောင်းဆုံးကတော့ ခုချိန်ထိ ညီငယ်ဖိုးသင်္ကြန်ကို မမေ့နိုင်သေးပဲ မသိစိတ်၏ စွဲလမ်းတမ်းတမှုဖြင့် စိတ်ဝေဒနာရှင်လေးဖြစ်မှန်းမသိ ဖြစ်သွားခဲ့ရရှာသော သူမသာလျှင်ဖြစ်ပါတော့သည်။

မေဇူး
Share this article :

Post a Comment

 
Support : Copyright © 2011. လွင့်မောင်မောင်(ထားဝယ်) - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger